← Chapters

အခန်း (၅၅၈)

Vol. 38 Ch. 558

အခန်း (၅၅၈)

Vol. 38 Ch. 558

သံမဏိအရိုးဂိုဏ်းတပည့်များသည် ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်သော နည်းစနစ်ကို ဖယ်ရှားလိုက်ချိန် မှာတော့ သူတို့၏ ကျင့်ကြံမှုအဆင့်များသည် ပေါ်ထွက်လာခဲ့၏။

အကြီးအကဲကျိုးနှင့် အကြီးကဲကျန်း နှစ်ယောက် သားသည် မျက်လုံးပြူးသွားကြ၏။ ၎င်းသံမဏိအရိုးဂိုဏ်းသား တို့ဆီမှ ထွက်ပေါ်နေသော အော်ရာများသည် ကျိန်းသေပေါက် သိုင်းဆရာ အဆင့်ကျင့်ကြံသူများ ဖြစ်ကြသည်။ ပို၍ ဆိုးသည်မှာ သိုင်းဆရာအဆင့်နိမ့်များမဟုတ်ဘဲ သိုင်းဆရာအဆင့်ငါး၊အဆင့်ခြောက်ထက် မနိမ့်ကျသော တပည့်များပင် ဖြစ်နေတော့၏။ အထူးပင် အံ့အားသင့်စရာ ကောင်းလွန်းနေသည်။

“ဂိုဏ်းချုပ်ကျွင်း”

အကြီးအကဲကျိုးသည် သူ၏လှုပ်ရှားနေသောစိတ်ကို ဖိနှိပ်ကာ ပြောလိုက်၏။ “ခင်ဗျားရဲ့တပည့်တွေက အရမ်းအားကောင်းလွန်းတယ်၊ ဂိုဏ်းအသိအမှတ်ပြုဟောခန်းက အလားအလာနဲ့ ပတ်သက်ရင် ထိပ်ဆုံးသုံးခုအဖြစ် သတ်မှတ်ထားတယ်ဆိုတာ နည်းတောင် နည်းနေသေးတယ်၊ ဒီထက်မကတဲ့ အဆင့်တွေကို ပေးလို့ရရင် ဒီအဘိုးကြီးက ပေးလိုက်ချင်တယ်”

အကြီးအကဲကျန်းသည် လေးလေးနက်နက်နှင့် သဘောတူညီလိုက်မိ၏။ အဆင့်ခြောက်ဂိုဏ်းတစ်ခုသည် သိုင်းဆရာအဆင့်ကျင့်ကြံသူတစ်သောင်းတိတိ ရှိနေသည်ဆိုခြင်းမှာ ကြယ်ကြွေကုန်းမြေတိုက်ကြီး မပြောနှင့် ရှေးတုန်းကတည်းကပင် တစ်ခါမှ မရှိခဲ့သေးချေ။

ကျွင်းချောင်ရှောင်းမှာတော့ ရှက်ရွံ့သလို ပြောလိုက်မိ၏။ “မြှောက်ပေးနေပြန်ပြီ”

“မဟုတ်ဘူး”

အကြီးအကဲကျိုးက ပြောလိုက်၏။ “ဂိုဏ်းချုပ်ရဲ့ သံမဏိအရိုးဂိုဏ်းက သမိုင်းမှတ်တမ်းတွေထဲမှာ ထာဝရမှတ်တမ်းတင်ရမယ့် အရာမျိုးဖြစ်လာ လိမ့်မယ်”

ဤချီးကျူးမှုသည် အလွန်တရာပင် မြင့်မားလွန်းလှ၏။

ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်၏။ “အကြီးအကဲတို့… အသိအမှတ်ပြုဖို့အတွက် ဘယ်အချိန်စကြမှာလဲ”

အချက်အလက်များအရဆိုလျှင် သူသည် တခြားသူများအားလုံးထက်ပင် ဂုဏ်ယူမိနေသည်။ ထ၍ပင် ကချင်နေမိ၏။

“အခုပဲ”

အကြီးအကဲကျိုးနှင့် အကြီးအကဲကျန်းတို့သည် စိတ်ကို တည်ငြိမ်အောင် ထိန်းသိမ်းပြီးသည့်နောက်မှာတော့ အသိအမှတ်ပြုလုပ်ငန်းစဉ်များကို စတင်ကာ ပြုလုပ်တော့သည်။

ဘန်း …. ဘန်း။

သံမဏိအရိုးဂိုဏ်းတပည့်များသည် အရင်ဦးဆုံး လာရောက်၍ အစစ်ဆေးခံကြသည်။ အဆုံးသတ်မှာတော့ ၎င်းတို့၏ အားအင်နှင့် အရှိန်အဝါများအားလုံးသည် လိုအပ်ချက်နှင့် ကိုက်ညီလျက်ရှိနေတော့သည်။ သိုင်းစစ်သူကြီး အဆင့် ဆယ်ယောက်အတွက်ကတော့ ကျိန်းသေပေါက် သတ်မှတ်ထားသည်ထက်ပင် ပို၍ များလွန်းနေ၏။ စံသတ်မှတ်ချက်ဖြစ်သော သိုင်းဘုရင်အဆင့် ဆိုသည်မှာတော့ တကူးတကပင် စစ်ဆေးနေစရာမလိုချေ။

အဘယ်ကြောင့်ဆိုသော် ဂိုဏ်းချုပ်ကျွင်းသည် သိုင်းဘုရင်အဆင့်သာမဟုတ် ဓားဘုရင်အဆင့်တစ်ယောက် ဖြစ်နေသည်ကို အားလုံးသောသူများ သိရှိပြီးဖြစ်နေ၏။ ထိုသို့ဆိုလျှင် သူတို့အနေနှင့် စဉ်းစားရသည်မှာ တပည့် တစ်သောင်းပြည့်ရဲ့လား ဆိုသည်သာ ဖြစ်တော့၏။

“ဂိုဏ်းချုပ်ကျွင်း”

အကြီးအကဲကျိုးသည် တပည့်များကို ထပ်မံရေတွက်ကာ ပြောလိုက်၏။ “ခင်ဗျားအပါအဝင်ဆိုရင် အားလုံးက ကိုးထောင့်ကိုးရာကိုးဆယ်ကိုးယောက်ပဲရှိတယ်”

“ဒါက”

ကျွင်းချောင်ရှောင်းပြောလိုက်သည်။ “ကျုပ်ရဲ့အကြီးဆုံးတပည့်ကြီးက အပြင်ကိုထွက်ပြီးတော့ လေ့ကျင့်နေတယ်လေ၊ အချိန်အတိုင်းအတာတစ်ခုအထိ ပြန်လာနိုင်အုံးမှာမဟုတ်ဘူး”

“ကျုပ်သိပြီ”

သာမန်အခြေအနေအရဆိုလျှင် ဂိုဏ်းအသိအမှတ်ပြုဟောခန်းမှ လူမစုံသောဂိုဏ်းတစ်ခုအား အသိအမှတ်ပြုမှုကို ထုတ်ပေးလိမ့်မည်မဟုတ်ချေ။ သို့ပေမဲ့ အကြီးအကဲကျိုးနှင့် အကြီးအကဲကျန်းတို့သည် သူတို့၏ ခေါင်းကိုကုတ်ကာ တီးတိုးပြောဆိုပြီးသည့်နောက်မှာတော့ အသိပေးလိုက်ကြတော့သည်။ “ဂိုဏ်းချုပ်ကျွင်း၊ ခင်ဗျားရဲ့ဂိုဏ်းက လိုအပ်ချက်တွေနဲ့ ကိုက်ညီတယ်၊ ဒီတော့ အဆင့်ခြောက်ဂိုဏ်းတစ်ခုအဖြစ် တိုးမြှင့်ပေးလိုက်မယ်”

စည်းမျဉ်းစည်းကမ်းဆိုသည်မှာ အသေသာဖြစ်သည်။ သို့ပေမဲ့ လူတွေမှာတော့ ရှင်သန်လျက်ရှိနေ၏။ ထို့ကြောင့် အစဉ်အမြဲ အခြေအနေနှင့် အချိန်အခါကို လိုက်ကာ ပြောင်းလဲနိုင်ပါမှာ အဆင်ပြေနိုင်ပေလိမ့်မည်။ ဤကဲ့သို့ အလားအလာရှိသော ဂိုဏ်းတစ်ခုအား တပည့်တစ်ယောက် လိုအပ်နေသည့်အတွက် ဂိုဏ်းအသိအမှတ်ပြုမှု ငြင်းပယ်လိုက်မည်ဆိုလျှင် မည်ကဲ့သို့ ဖြစ်ပျက်သွားမည်နည်း။

၎င်းတို့၏ ဆက်ဆံရေးသည် လုံလောက်အောင် အားကောင်းပြီးသားဖြစ်သည်။ ထို့ကြောင့် တခြားသော ဂိုဏ်းများသာဆိုလျှင် လူတစ်ယောက်သာ လိုအပ်နေမည် ဆိုပါက သူတို့အနေနှင့် မည်သို့မှ ထုတ်ပေးလိမ့်မည်။ သို့ပေမဲ့ သံမဏိအရိုးဂိုဏ်းအတွက်တော့ ပြုလုပ်ပေးရပေလိမ့်မည်။

“ဂိုဏ်းချုပ်ကျွင်း”

အကြီးအကဲကျိုးက မေးလိုက်၏။ “ဂိုဏ်းကို နာမည်ပြောင်းချင်သေးလား”

“ပြောင်းတာပေါ့”

ကျွင်းချောင်ရှောင်းပြောလိုက်သည်။ ဂိုဏ်း၏နာမည်နဲ့ပတ်သက်၍ အစောကြီးကတည်းက စဉ်းစားထားပြီးသား ဖြစ်၏။ ပထမတုန်းက သူသည် သံမဏိအရိုးဂိုဏ်းဆိုသော နာမည်ကို မနှစ်သက်ချေ။ သေသေချာချာ စဉ်းစားပြီး သည့်နောက်မှာတော့ သူသည် အစစ်အမှန် မနှစ်သက်ခြင်းဖြစ်ကြောင်း နားလည်လိုက်မိကြ၏။

ဤဂိုဏ်းသည် ပထမဂိုဏ်းခေါင်းဆောင်ဝမ် တည်ထောင်ဖန်တီးခဲ့သော ဂိုဏ်းဖြစ်၏။ ကျွင်းချောင်ရှောင်းသည်မှာတော့ ဆက်ခံသူ တစ်ယောက်ဖြစ်နေသည်။ သူသည် ဂိုဏ်းကို ပိုမိုတိုးတက်အောင် ပြင်းပြင်းထန်ထန် ကြိုးစားပြီးသည့် နောက်မှာတော့ ဂိုဏ်း၏ နာမည်အသစ်ကို ပြောင်းလဲဖို့အတွက် သူ့အနေနှင့် ထိုက်တန်သူတစ်ယောက်ဖြစ်သည်ဟု သတ်မှတ်လို့ရနေပြီဖြစ်သည်။

အကြီးအကဲကျိုးက ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်း… ကျေးဇူးပြုပြီး ခင်ဗျားရဲ့ ဂိုဏ်းနာမည်ကို ပြောပါအုံး”

“အကြီးအကဲကျိုး ပြောခဲ့သလိုပေါ့၊ ဒီကျွင်းရဲ့ဂိုဏ်းက သမိုင်းမှာ ကျိန်းသေပေါက် မှတ်တမ်းတင်ရေးထိုးရမယ့် ဂိုဏ်းတစ်ခုဖြစ်လာမှာ၊ မျိုးရိုးစဉ်ဆက်အရ လက်ဆင့်ကမ်း သိရှိသွားရမယ့် ဂိုဏ်းကြီးတစ်ခုပဲလေ၊ ဒီတော့ ကျုပ်တို့ ဂိုဏ်းကို ပြိုင်စံရှားဂိုဏ်းလို့ ခေါ်လိုက်ကြရအောင်” ကျွင်းချောင်ရှောင်းက ပြောလိုက်၏။

“ပြိုင်စံရှားဂိုဏ်း ဟုတ်လား”

အကြီးအကဲကျိုးနှင့် အကြီးအကဲကျန်းတို့နှစ်ယောက်စလုံးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွားကြသည်။

ကျင့်ကြံခြင်းလောကဆိုသည်မှာ အလွန်တရာ ကျယ်လွန်းလှပြီး အလုံးစုံအားကောင်းလှသောသူဟူ၍ မရှိလှချေ။ ထို့ကြောင့် ပြိုင်စံရှားဂိုဏ်းဟု ခေါ်တွင်မည် ဆိုခြင်းမှာ ကျိန်းသေပေါက် လူတွင်ကျယ်လုပ်လိုခြင်းပင် ဖြစ်ပေလိမ့်မည်။

“ဂိုဏ်းချုပ်ကျွင်း”

အကြီးအကဲကျိုးက လေးလေးနက်နက် ပြောလိုက်သည်။ “ဂိုဏ်းရဲ့နာမည်က ကြောက်ဖို့ကောင်းတယ်၊ နည်းနည်းလေး ပြန်ပြီးတော့ စဉ်းစားကြည့်ပါအုံး၊ ကလေးဆန်လို့ မဖြစ်ဘူးလေ”

“ကျုပ်က သေချာတယ်”

ကျွင်းချောင်ရှောင်းသည် ခိုင်မာစွာပြောလိုက်၏။ “ဒီနေ့ကစပြီး သံမဏိအရိုးဂိုဏ်းကို ပြိုင်စံရှားဂိုဏ်းလို့ ပြောင်းလိုက်မယ်”

“ဂိုဏ်းချုပ်ကျွင်း”

အကြီးအကဲကျိုး၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်လျက်ရှိနေတော့သည်။ “ပြိုင်စံရှားဂိုဏ်းဆိုတာကြီးက အဆင်ပြေမနေဘူး”

“ပြေပါတယ်”

“ကောင်းပြီ”

အကြီးအကဲကျိုးသည် အကြီးအကဲကျန်းအား လှည့်ကြည့်ပြီးသည့်နောက်မှာတော့ ဂိုဏ်း၏ အသိအမှတ်ပြု ကျောက်စိမ်းပြားကို ပြိုင်စံရှားဂိုဏ်းဟု ရေးထိုးလိုက်တော့သည်။ ဤအရာမှာ ပထမအဆင့်သာ ရှိနေသေးသည်။ ပြီးနောက်မှာတော့ သူတို့သည် ဂိုဏ်းအသိအမှတ်ပြုဗဟိုဆီသို့ ရောက်ရှိသွားပြီး ဤနာမည်အား မှတ်တမ်းတင် ရေးထိုးထားလိမ့်မည်။ ပြီးနောက် ပြည်သူလူထုအား တရားဝင် ကြေညာရပေလိမ့်မည်။

အလားအလာနှင့် ပတ်သက်၍ ထိပ်ဆုံးသုံးခုထဲသို့ ဝင်ခဲ့သော သံမဏိအရိုးဂိုဏ်းသည် ပြိုင်စံရှားဂိုဏ်းဟူ၍ အမည်တွင်ပေတော့မည်။ ဤဂိုဏ်း၏ နာမည်အသစ်ကို သိရှိပြီဆိုလျှင် ကုန်းမြေတိုက်ကြီးတစ်ခုလုံးသည် မုန်တိုင်းထန်တော့မည်ကို အကြီးအကဲကျိုးနှင့် အကြီးအကဲကျန်းတို့က ခန့်မှန်းသိရှိလျက်ရှိသည်။

ဒင်

“လက်ခံသူသည် ဂိုဏ်းရဲ့အဆင့်အား အဆင့်ငါးဆီသို့ တိုးတက်ရောက်ရှိအောင် ပြုလုပ်နိုင်ခဲ့သည်၊ ဂိုဏ်းစုဆောင်းမှတ် ငါးထောင်၊ ဂိုဏ်းအောင်မြင်မှုမှတ် ငါးထောင်၊ အတွေ့အကြုံအဆောင်တစ်ခု၊ အလယ် အလတ်အဆင့် ဓားတာအိုဆေးရည်တစ်ခု၊ သူတော်စင်အဆင့် ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်းဆေးရည်၊ အဆင့်မြင့် သားကောင်ဖမ်းဘောလုံးတစ်ခုတို့ကို ရရှိသည်”

ဒင်

“စနစ်သည် Version 2.0 ကို အလိုအလျောက် အဆင့်မြှင့်တင်သွားသည်၊ စနစ်၏ အမည်အား ပြိုင်စံရှားဂိုဏ်း စနစ်ဟု ခေါ်တွင်သည်”

ဒင်

“ဂိုဏ်းစုဆောင်းမှတ် - ၁၅၀၀၀ / ၂၀၀၀၀”

ဒင်

“ဂိုဏ်း၏ အောင်မြင်မှုအမှတ် - ၇၂၀၀ / ၂၀၀၀၀”

တစ်ချိန်တည်းမှာပဲ စနစ်၏ ပုံသဏ္ဍာန်သည်လည်း ပြောင်းလဲသွားတော့သည်။ မြင်ကွင်းသည် ပြောင်းလဲသွားခဲ့ပြီး ပိုမို၍ အဆင့်မြင့်ကာ ခမ်းနားလှသည်။ ကျွင်းချောင်ရှောင်းသည် ကျွမ်းကျင်စွာဖြင့် စနစ်အား ဖွင့်ကြည့်လိုက်၏။

“ဂိုဏ်း၏နာမည် - ပြိုင်စံရှားဂိုဏ်း

ဂိုဏ်းချုပ် - ကျွင်းချောင်ရှောင်း

ဂိုဏ်း၏အဆင့် - အဆင့်ငါး

ဂိုဏ်း၏အဆောင် - အဆင့်ခုနှစ်

ကျွင်းချောင်ရှောင်းသည် နာမည်ပြောင်းလဲခြင်းနှင့်ပတ်သက်၍ ဂရုမစိုက်ချေ။ သူဂရုစိုက်သည်မှာ ဂိုဏ်းအား အဆင့်မြှင့်တင်သည့်အကြောင်းပဲဖြစ်တော့သည်။ သူသည် အမှန်တကယ်ပဲ များပြားလှသည့် အရာပစ္စည်းများကို ရရှိခဲ့၏။ သူသည် ချမ်းသာတော့မည် ဖြစ်သည်။

“ဂိုဏ်းချုပ်ကျွင်း”

အကြီးအကဲကျန်းသည် လက်သီးကိုဆုပ်ကာဖြင့် ပြောလိုက်သည်။ “ဒါဆို ကျုပ်တို့အရင်ပြန်လိုက်ပါအုံးမယ်”

ကျွင်းချောင်ရှောင်းသည် ထိုသူတို့အား ဂိုဏ်း၏ အပြင်ဘက်ဆီသို့ ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့သည်။ ပြီးနောက် လက်သီးဆုပ်ကာ ပြောလိုက်သည်။ “အလုပ်ကြိုးစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ထိုနှစ်ယောက်ထွက်ခွာသွားသည်ကို ကြည့်ရှုပြီးနောက် သူသည် အင်္ကျီလက်ကို ယမ်းခါကာ ကျယ်လောင်စွာ ပြောလိုက်၏။

“ချင်းယန်”

ဂိုဏ်းရဲ့အပြင်ဘက်မှာရှိတဲ့ ဆိုင်းဘုတ်ကို ပြောင်းလိုက်တော့”

“ကောင်းပါပြီ ဂိုဏ်းချုပ်”

ယနေ့မှာတော့ ဂိုဏ်း၏ ဂိတ်တံခါး အရှေ့ဘက်တွင်ရှိနေသော ဆိုင်းဘုတ်ကြီးမှာ သံမဏိအရိုးဂိုဏ်းဆိုသော အရာသည် ပျောက်ကွယ်သွားပြီဖြစ်ပြီး ပြိုင်စံရှားဂိုဏ်းဟူသောနာမည်သည် ဖြစ်တည်လာခဲ့သည်။ သို့ပေမဲ့ အဓိက ဟောခန်း၏ အတွင်းဘက်တွင်ရှိသော ဆိုင်းဘုတ်မှာတော့ သံမဏိအရိုးဂိုဏ်းဆိုသော အရာက ရှိနေသေးသည်။ ထိုအရာသည် သံမဏိကဲ့သို့ မာကျောလှသော ဂိုဏ်းသားများ၏ စိတ်ဝိညာဉ်ကို ဖော်ညွှန်းသည့်အရာပင် ဖြစ်တော့၏။

“ပြိုင်စံရှားဂိုဏ်းရဲ့ ပထမဦးဆုံးဆောင်ပုဒ်က ဘာလဲ”

အပြင်ဘက်ဟောခန်းမှာတော့ ကျွင်းချောင်ရှောင်းသည် ဂုဏ်ယူစွာ ပြောလိုက်၏။ တပည့်များသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ဂိုဏ်းချုပ်ကို ကြည့်ရှုလိုက်ကြသည်။ ပြီးနောက် သူတို့သည် အလွန်တရာ အားကောင်းလှသော အော်ရာများကို ထုတ်ဖော်ကာ ပြောလိုက်၏။

“သံမဏိလိုမာကျောတဲ့ စိတ်ဓာတ်နဲ့ အရာအားလုံးကို ပြုလုပ်မယ်၊ ပြိုင်စံရှားဂိုဏ်းသားတစ်ယောက်ဖြစ်ရမယ်”

၎င်းတို့၏ အသံသည် လေထုထဲတွင် ပဲ့တင်လျက်ရှိပြီး အချိန်အတော်ကြာသည်အထိ ပျောက်ကွယ်မသွားချေ။

All Chapters