← Chapters

အခန်း (၅၅၉)

Vol. 38 Ch. 559

အခန်း (၅၅၉)

Vol. 38 Ch. 559

သုံးရက်ကြာပြီးသည့်နောက်မှာတော့ အရှေ့တောင်ရန်ကျူးတစ်ခုလုံးသည် အုတ်အော်သောင်းနင်းနဲ့ ဆူညံ ပွက်လောရိုက်သွားတော့သည်။ အဘယ်ကြောင့်ဆိုသော် မနက်ခင်းတွင် ဂိုဏ်းအသိအမှတ်ပြုဗဟိုမှ သံမဏိအရိုး ဂိုဏ်းသည် အဆင့်ငါးဂိုဏ်းတစ်ခုသို့ တိုးမြှင့်ရောက်ရှိသွားခဲ့ပြီး ပြိုင်စံရှားဂိုဏ်းဟု နာမည်ပြောင်းလဲလိုက်ပြီ ဖြစ်ကြောင်း တရားဝင်ကြေညာခဲ့တော့သည်။

“မဖြစ်နိုင်တာ၊ သံမဏိအရိုးဂိုဏ်းက အဆင့်ခြောက်ကို အဆင့်တက်ခဲ့တာတောင် မကြာသေးဘူးမဟုတ်လား၊ ဘယ်လိုလုပ်ပြီးတော့ ထပ်ပြီးအဆင့်တက်သွားပြန်တာတုန်း”

“တစ်စုံတစ်ယောက်က ကောလဟလတွေ ဖြန့်ဝေနေတာများလား”

သိုင်းကျင့်ကြံသူအများစုသည် သံသယဖြစ်လျက် ရှိနေကြ၏။ သို့ပေမဲ့ ဂိုဏ်းအသိအမှတ်ပြုဗဟိုမှာတော့ အလား အလာနှင့်ပတ်သက်ရင် အားအကောင်းဆုံးသောဂိုဏ်း၏နေရာတွင် ပြိုင်စံရှားဂိုဏ်းအား နံပါတ်တစ်အဖြစ် သတ်မှတ်လိုက်ပြီဖြစ်သည်။ ဤအရာသည် ရှင်းရှင်းလင်းလင်း ရေးသားထားခဲ့ပြီဖြစ်သောကြောင့် သူတို့အနေနှင့် မယုံကြည်၍ မရတော့ချေ။ ဘာမှန်းပင်မသိသော ဂိုဏ်းတစ်ခုအနေနှင့် အဆင့်ငါးဂိုဏ်းတစ်ခုဆီသို့ ရောက်ရှိ ခဲ့သည်။ ထိုတင်သာမကသေးပေ။ အလွန်တရာမြန်ဆန်သော အချိန်တိုအတွင်း ရောက်ရှိခဲ့ခြင်းဖြစ်၏။

“နေပါအုံး ….. ပြိုင်စံရှားဂိုဏ်းဆိုပြီး နာမည်ပေးတာက မမောက်မာလွန်းဘူးလား”

အားလုံး၏ တုန့်ပြန်မှုများသည် ထိုကဲ့သို့ပင် ဖြစ်နေကြသည်။ သူတို့သည် ပြိုင်စံရှားဂိုဏ်းဟူသော နာမည်နှင့် ပတ်သက်၍ အနည်းငယ် စနိုးစနှောက်ဖြစ်မိနေကြသည်။

ရီထျန်းချန်မှာတော့ ကျွင်းချောင်ရှောင်းပေးခဲ့သော နာမည်ကို ကြားလိုက်ချိန်မှာတော့ ထိုင်ခုံပေါ်မှ ပြုတ်ကျလုမတတ်ပင် ဖြစ်သွားခဲ့၏။ “ပြိုင်စံရှားဂိုဏ်း ဟုတ်လား”

ဤစကားလုံးက အလွန်တရာ အားကောင်းလှသော သေလမ်းရှာခြင်းအော်ရာများနှင့် ပြည့်နှက်နေ၏။ ဤဂိုဏ်း၏ နာမည်ကိုသာ ထုတ်ဖော်ပြောကြားလိုက်မည်ဆိုပါက ကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် များပြားလှသောရန်သူများ ဖြစ်တည်လာတော့မှာ သေချာ၏။ ဂိုဏ်းအသိအမှတ်ပြုဗဟို၏ အဓိကသခင်ဖြစ်သောကြောင့် ရီထျန်းချန်သည် ဤနာမည်မှာ အလွန်တရာ ကြမ်းတမ်းလှသော နာမည်ဖြစ်မှန်း သိရှိပြီးဖြစ်သည်။ ကောင်းမွန်သည့်အရာဖြင့် ပြီးဆုံးသွားမည့်အရာမဟုတ်မှန်း သူကောင်းကောင်းခန့်မှန်းမိ၏။

ဟိုးလွန်ခဲ့သည့်နှစ်ပေါင်းရာကျော်ခန့်ကလည်း လူငယ်တစ်စု တည်ထောင်ဖန်တီးခဲ့သော ကောင်းကင် ကိုပုန်ကန်မည့်ဂိုဏ်းတစ်ခု ပေါ်ထွက်လာခဲ့သေး၏။။ သို့ပေမဲ့ အဆုံးသတ်မှာတော့ ၎င်းတို့အားလုံးသည် ကောင်းကင်ကိုပင် မပုန်ကန်လိုက်ရသေးချေ။ အကုန်လုံး သေဆုံးကုန်ကြသည်။

“ပြိုင်စံရှားဂိုဏ်း” ဤအရာသည် နာမည်ကြားလိုက်သည်နှင့် တခြားသောဂိုဏ်းများအား ရန်စသည်နှင့်ပင် ဆင်တူ နေသော ဂိုဏ်းတစ်ခု ဖြစ်နေတော့၏။

သေချာစဉ်းစားကြည့်ပြီးသည့်နောက်မှာတော့ ရီထျန်းချန်သည် မည်သို့မှ မတတ်နိုင်ဘဲ သက်ပြင်းကိုသာ ကျိတ်၍ ချလိုက်မိကြသည်။

ကောင်းကင်ဘုံကျောင်း၏ အဆောက်အဦထဲမှာတော့ စစ်တုဟောင်ယွင်သည် သူ၏ စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ရာကနေ ပြန်လည်ရုတ်သိမ်းလိုက်၏။ သူသည် ပြုံးကာ ပြောလိုက်၏။ “ဒီကောင်လေးက ပြိုင်စံရှားဂိုဏ်းတစ်ခုကို တကယ်ကို တည်ထောင်ချင်ခဲ့တာပဲ”

“အင်း”

ဒုကျောင်းအုပ်သည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “မောက်မာလွန်းတယ်”

နတ်ဆိုးမိစ္ဆာဂိုဏ်းနှင့် သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းမှ လူများသည် ဤသတင်းကို ရရှိခဲ့ကြသည်။ ပြိုင်စံရှား ဂိုဏ်းဆိုသည့်အရာနှင့်ပတ်သက်၍ စိတ်ထဲတွင် မကျေမလည် ခံစားနေရ၏။ ဂိုဏ်း၏အလားအလာနှင့် ပတ်သက်လျှင် ထိပ်ဆုံးသုံးခုထဲသို့ဝင်သော ဂိုဏ်းတစ်ခုဖြစ်သည်ဆိုသော်လည်း ဂိုဏ်းတစ်ခု ရေရှည်တည်တံ့ ခိုင်မြဲသွားဖို့ ဆိုသည်မှာ တိုးတက်ဖို့၊ ရှင်သန်နိုင်ဖို့နှင့် အကျိုးအမြတ်များကို ရယူနိုင်ဖို့ကလည်း အရေးကြီးလို့ နေသည်။ ထိုအရာများကသာလျှင် ဂိုဏ်းတစ်ခုဖြစ်တည်နိုင်ခြင်း၏ အစစ်အမှန်စွမ်းရည်ပင် ဖြစ်တော့သည်။

နတ်ဆိုးမိစ္ဆာဂိုဏ်း၏ ဂိုဏ်းခွဲမှူးက ပြောလိုက်၏။ “ကျွင်းချောင်ရှောင်းက ပြဿနာကောင်ပဲ၊ တစ်နေ့မှာ ပထမအဆင့် ဂိုဏ်းတစ်ခုကို ပြဿနာရှာမိပြီးတော့ သူ့ရဲ့ ဂိုဏ်းတစ်ခုလုံး ဖျက်ဆီးခံရနိုင်တယ်”

............

ပြိုင်စံရှားဂိုဏ်း

ဂိုဏ်းထဲမှာရှိနေသော ကျွင်းချောင်ရှောင်းသည် သူ၏ ဂိုဏ်းရဲ့ အလားအလာအဆင့်မှာ နံပါတ်တစ်သို့ ရောက်ရှိ သွားခြင်းကို သိရှိပြီးသည့်နောက်မှာတော့ သက်ပြင်းချလိုက်မိသည်။ ပြီးနောက် သူသည် သိုလှောင်လက်စွပ်ထဲသို့ ကြည့်ရှုလိုက်ပြီး လက်ထဲတွင်ရှိသော အတွေ့အကြုံအဆောင်အား လှမ်း၍ ယူလိုက်တော့သည်။

“ဒါက အကြီးမားဆုံး အကျိုးကျေးဇူးပဲ”

ဖျောက်

သူသည် ငြင်ငြင်သာသာပဲ ချိုးချေလိုက်၏။

ဟူး ဟူး

ချက်ချင်းဆိုသလိုပဲ ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ထဲတွင်ရှိသော စိတ်ဝိညာဉ်စွမ်းအင်များအားလုံးသည် ရူးရူး မူးမူးနှင့် စုဝေးလာလျက်ရှိသည်။ သူ၏အားအင်အဆင့်များသည်လည်း ဆက်တိုက်ဆိုသလို တိုးတက်လာခဲ့၏။ အဆင့်သုံး သိုင်းဘုရင်တစ်ယောက်ဖြစ်၍ လာခဲ့တော့သည်။ ဤခံစားချက်သည် အလွန်တရာ ကောင်းမွန်လွန်းလှ၏။ အဆင့်မြင့်တက်ပြီးသည့်နောက်တွင် သူသည် အားအင်အဆင့်ကို မစမ်းသပ်ခဲ့ချေ။ ထိုအစား ဓားတာအိုစိတ်ဝိညာဉ်ဆေးကို ယူကာ တီးတိုးရေရွတ်လိုက်၏။

“ငါက တစ်ပုလင်းကို သောက်ပြီးသွားပြီ၊ ဒါကို ဘယ်သူ့ကိုပေးရင်ကောင်းမလဲ၊ လီချင်းယန်၊ ရှောင်ကျီ၊ ရီချင်းရှန် ဘယ်သူ့ကို ပေးရမလဲ၊ မဟုတ်သေးဘူး၊ ဒီလူတွေအားလုံးက ဓားလမ်းစဉ်နဲ့ပတ်သက်ပြီး ပင်ကိုယ်စွမ်းရည် ရှိကြတာမဟုတ်ဘူး၊ ဒီဆေးရည်ကို ပေးလိုက်မယ်ဆိုရင် ဖြုန်းတီးရာရောက်တယ်”

စနစ်က ပြောလိုက်၏။ “ကျိုးဟုန်ကို ပေးလို့ရတယ်လေ၊ သူ့ရဲ့ ဓားလမ်းစဉ်က လက်ခံသူရဲ့ လိုအပ်ချက်နဲ့ နှိုင်းယှဉ်ရင် ကွက်တိကျနေတယ် မဟုတ်လား”

“ဒါဆိုလည်း သူ့ကို ပေးလိုက်တာပေါ့”

ကျွင်းချောင်ရှောင်းသည် စိတ်ဆုံးဖြတ်ချက် ချလိုက်တော့သည်။ ကြီးကျယ်ခမ်းနားလှသော ဂိုဏ်းတစ်ခုကို အဆင့် မြှင့်တင်ရရှိပြီးသည့်နောက်မှာတော့ သူသည် သူတော်စင်အဆင့် ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်းဆေးရည် ပုလင်းကိုလည်း ရရှိခဲ့၏။

“ချင်းယန်က သောက်ပြီးပြီဆိုတော့ ရှောင်ကျီနဲ့ ရှင်းချန်တို့ကို အရင်ဆုံးပေးရမယ်”

ကျွင်းချောင်ရှောင်း ပြောလိုက်၏။ အတွင်းစည်းတပည့်များထဲမှာတော့ ရှောင်ကျီနှင့် ရီချင်းရှန်တို့သည် သံသယ ဖြစ်စရာပင်မလိုပဲ ဂိုဏ်းအတွက် အဓိကတိုက်ခိုက်သူများ ဖြစ်၍လာခဲ့သည်။ ၎င်းတို့အား သူတော်စင်အဆင့် စိတ်ဝိညာဉ်ပြောင်းလဲခြင်းဆေးရည်ပေးသည်ဆိုသည်မှာ မှန်ကန်လွန်းသည့် ဆုံးဖြတ်ချက်ပင် ဖြစ်ပေလိမ့်မည်။

အားလုံး ဆုံးဖြတ်ပြီးသည့်နောက်မှာတော့ သူ၏လက်ထဲတွင် အဆင့်မြင့် သားကောင်ဖမ်းဘောလုံးသာ ကျန်ရှိတော့ ၏။ ဂိုဏ်းချုပ်ကျွင်းသည် သူ၏သိုလှောင်လက်စွပ်ထဲတွင် အလယ်အလတ်အဆင့် သားကောင်ဖမ်းဘောလုံးမှာ ရှိနှင့်သေး၏။ ထို့ကြောင့် တီးတိုးရေရွတ်လိုက်၏။ “ငါ အန္တရာယ်များတဲ့ တည်နေရာတွေကို သွားပြီးတော့ အရမ်းကို အားကောင်းတဲ့ စိတ်ဝိညာဉ်သားရဲနှစ်ကောင်ကို ဖမ်းပြီး အိမ်ခေါ်လာရမယ်၊ ပြီးရင် ဒီကောင်တွေကို ဂိုဏ်းရှေ့မှာထားပြီးတော့ ဂိုဏ်းစောင့်လုပ်ခိုင်းရမယ်”

............

“ဂိုဏ်းချုပ်”

အဓိကဟောခန်းထဲကို ဝင်လာပြီးသည့်နောက်မှာတော့ ရှောင်ကျီသည် ခေါ်လိုက်၏။ “ရှင်းချန် ဘယ်မှာလဲ”

“ဂျူနီယာညီလေးရီက စမ်းသပ်မှုမျှော်စင်ထဲမှာ လေ့ကျင့်နေတယ်၊ သူမကြာခင် လာပါလိမ့်မယ်”

“အင်း”

ကျွင်းချောင်ရှောင်းသည် အမှတ်မထင်ဆိုသလိုပဲ လက်ကိုဝှေ့ယမ်းကာ ပြောလိုက်၏။ “ဒါက ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်းဆေးရည်ပဲ၊ ယူပြီးသောက်လိုက်တော့”

ရှောင်ကျီသည် မြန်မြန်ဆန်ဆန်ပဲ ဖမ်းလိုက်၏။ သူ၏ မျက်လုံးထဲမှာတော့ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်လျက် ရှိသည်။ ထိုဆေးရည်ကို သူ အကြိမ်ပေါင်းများစွာ သောက်ခဲ့ဖူး၏။ ထိုအရာကို သောက်ပြီးသည့်နောက်တွင် သူ၏ ပင်ကိုယ်စွမ်းရည် စိတ်ဝိညာဉ်အမြစ်သည် အထူးအဆင့်မှသည် သူတော်စင်အဆင့်သို့ ပြောင်းလဲသွားမည် ဖြစ်ကြောင်း သိရှိပြီးဖြစ်၏။

“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်”

ရှောင်ကျီသည် ပုလင်းအားဖွင့်၍ တစ်ခါတည်း မော့သောက်လိုက်တော့သည်။ သူ၏ စိတ်ဝိညာဉ်အမြစ်သည် အထူး အဆင့်မှသည် သူတော်စင်အဆင့်သို့ ပြောင်းလဲသွားသည်သာမက သူ၏ ကျင့်ကြံခြင်းအဆင့်သည်လည်း အဆင့်ရှစ် သိုင်းစစ်သူကြီးအဆင့်မှ အဆင့်ကိုး သိုင်းစစ်သူကြီးအဆင့်သို့ တိုးတက်ရောက်ရှိသွား၏။

“ဂိုဏ်းချုပ်”

ကျိုးဟုန်သည်လည်း လျှောက်ဝင်လာခဲ့သည်။ ကျွင်းချောင်ရှောင်းသည် အလယ်အလတ်အဆင့် ဓားတာအိုပင်ကိုယ် စွမ်းရည် ပုလင်းအား လှမ်းပစ်ပေးကာ ပြောလိုက်၏။ “ဒါကိုသောက်လိုက်၊ မင်းရဲ့ဓားလမ်းစဉ်နဲ့ပတ်သက်တဲ့ ပင်ကိုယ်စွမ်းရည်က တိုးတက်သွားလိမ့်မယ်”

ကျိုးဟုန်သည် ကြောင်သွားမိသည်။ သူသည် အရင်တုန်းကတည်းက ဆေးရည်များနှင့်ပတ်သက်၍ တစ်ခါမှ မသောက်ဖူးချေ။ ထို့ကြောင့် ဂိုဏ်းချုပ်ပေးသောအရာသည် အလွန်တရာ အံ့အားသင့်စရာကောင်းသည့်အရာဖြစ် ကြောင်း သူကောင်းကောင်းမသိချေ။

“ဂိုဏ်းချုပ်”

“အချိန်မဖြုန်းနဲ့ မြန်မြန်သောက်လိုက်တော့”

ကျိုးဟုန်သည် ဇဝေဇဝါဖြင့် ဆေးပုလင်းအားဖွင့်ကာ တစ်ခါတည်း မော့သောက်လိုက်၏။ ငံကျိကျိ အရသာကို ခံစားလိုက်မိ၏။ ချက်ချင်းဆိုသလိုပဲ မျက်နှာတစ်ခုလုံးသည် နီမြန်းလာသည်။ ကြည့်ရသည်မှာ ကျိုးဟုန်သည် ဝိုင်အနည်းကိုပင် သောက်၍မရသည့် လူတစ်ယောက် ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ သူ၏ ပင်ကိုယ်စွမ်းရည် တိုးတက် ပြောင်းလဲလာသည်ကို အာရုံခံမိသည့်နောက်မှာတော့ သူ၏ မျက်လုံးများသည် ထက်ရှလှသော ဓားအလင်းတန်း များ ဖြတ်ပြေးသွား၏။ ပြီးနောက် တည်နေရာမှာတင် တောင့်တောင့်ကြီးရပ်လျက်ရှိသည်။

ထိုအချိန်မှာတော့ ကျိုးဟုန်သည် သူ၏အသိစိတ်ပင်လယ်ထဲသို့ ဓားလမ်းစဉ်နှင့်ပတ်သက်သည့် နားလည်မှုများ တိုးဝင်လာသည်ကို ခံစားမိ၏။ သူ၏အဆင့်သည် အဆင့်ခြောက် ဓားစစ်သူကြီးမှသည် အဆင့်ခုနှစ် ဓားစစ်သူကြီး အဆင့်ဆီသို့ ရောက်ရှိသွားသည်။

အရင်တုန်းကဆိုလျှင် သူသည် သံမဏိအရိုးဂိုဏ်းတပည့်များထဲတွင် အားအကောင်းဆုံးဖြစ်သည်။ သို့ပေမဲ့သူသည် ဓားလမ်းစဉ်ကို လေ့ကျင့်သောကြောင့် တခြားသောသူများကဲ့သို့ ဂိုဏ်း၏ များပြားလှသော အရင်းအမြစ်များကို မသုံးစွဲနိုင်ချေ။ ထို့ကြောင့် တခြားသူများ၏ ကျော်ဖြတ်ခြင်းကို ခံခဲ့ရ၏။ သို့ပေမဲ့ ကျိုးဟုန်သည် ဂရုမစိုက်ပေ။

သူသည် ဓားလမ်းစဉ်နှင့်ပတ်သက်၍ နားလည်အောင် ကြိုးစားလျက်ရှိပြီး လင်းကျန့်ဓားကျမ်းကိုလည်း ပိုမို၍ နားလည်အောင် အဆက်မပြတ်ကြိုးစားနေ၏။ သူသည်အဆင့်သည် မြန်မြန်ဆန်ဆန် တိုးတက်မလာခဲ့သော်လည်း ဓားလမ်းစဉ်နှင့်ပတ်သက်သော နားလည်မှုများမှာ တစ်နေ့ထက်တစ်နေ့ ပိုမို၍ တိုးတက်လာခဲ့သည်။

“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်”

ကျိုးဟုန်သည် လက်သီးကိုဆုပ်ကာဖြင့် ပြောလိုက်၏။ သူ၏ ပင်ကိုယ်စွမ်းရည်ပြောင်းလဲပြီးသည့်နောက်မှာတော့ သူ၏ စကားလုံးများသည် ဓားကဲ့သို့ ထက်ရှလာခဲ့သည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အချိန်ရှိမယ်ဆိုရင် အရည်အချင်းစစ်တိုက်ပွဲကို သွားပြီးတော့ပြိုင်လိုက်၊ ဒါမှ တခြားပါရမီရှင်တွေကို စိန်ခေါ်ဖို့ အရည်အချင်းပြည့်မီတယ်လို့ သတ်မှတ်လိမ့်မယ်”

သူ့အနေနှင့် အလွန်တရာ ရဲတင်းလှသော အကြံအစည်တစ်ခုရှိနေသည်။ တစ်နေ့တွင် ကောင်းကင်၊ မြေကြီးနှင့် သေမျိုးလောက၏ သူရဲကောင်းစာရင်းအားလုံးထဲတွင် သံမဏိအရိုးဂိုဏ်းတပည့်များနှင့် ပြည့်နှက်နေရမည်ဆိုသည့် အကြောင်းပင်ဖြစ်တော့၏။

ကျိုးဟုန်က ပြောလိုက်သည်။ “တပည့် .. တောင်အောက်ကို အခုပဲဆင်းပါ့မယ်”

“နေအုံး …. နောက်လမှသွားတော့” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

ရှောင်ကျီနှင့် ကျိုးဟုန်တို့ ထွက်ခွာသွားပြီးသည့်နောက်မှာတော့ ရီချင်းရှန် သည် စမ်းသပ်မှု မျှော်စင်ထဲမှ ထွက်လာခဲ့တော့သည်။ သူသည် အဓိကဟောခန်းဆီသို့ လျှောက်ဝင်လာ၏။ ဤလူငယ်သည် အလွန်တရာအေးစက်လွန်းပြီး ထုံးစံအတိုင်း ဆောင့်ကြွားကြွားနှင့်ပင်ဖြစ်သည်။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည် ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်းဆေးပုလင်းအား လှမ်းပစ်ပေးလိုက်ချိန်မှာတော့ သူ၏ မျက်လုံးများသည် လောဘတရားများနှင့် ပြည့်နှက်သွား၏။

ပေးသင့်ပေးထိုက်သည်များကို ဖြန့်ဝေပေးပြီးနောက်မှာတော့ ကျွင်းချောင်ရှောင်းသည် တီးတိုးပြောလိုက်၏။ “သားကောင်ဖမ်းဘောလုံးနှစ်ခုကို ဒီတိုင်းထားလို့ မရဘူး၊ ငါကျော်ကြားလှတဲ့ အန္တရာယ်ကြီးမားတဲ့နေရာတွေကို ရှာပြီးတော့ သွားမှဖြစ်မယ်”

“ဂိုဏ်းချုပ်”

လီချင်းယန်သည် သတင်းလာပို့၏။

“တောင်ပြာဂိုဏ်းရဲ့ အကြီးအကဲမာက ချင်းယန်နိုင်ငံရဲ့ မြို့တော်ဝန်ရှစ်ယောက်နဲ့ တခြားမိသားစုခေါင်းဆောင် တွေနဲ့ လာပြီးဂုဏ်ပြုပါတယ်”

“သူတို့ကို အထဲကိုခေါ်လိုက်”

တောင်၏ ဂိတ်တံခါးထဲမှာတော့ မာယွင်တန်၊ မြို့တော်ဝန်ရှဲ့နှင့် တခြားသောသူများ အားလုံးသည် မျက်လုံး အပြူးသားဖြင့် စူးစိုက်ကြည့်လျက်ရှိ၏။ ၎င်းတို့၏ အကြည့်များသည် ဂိုဏ်း၏ ဆိုင်းဘုတ်ပေါ်တွင်ရှိနေသော ပြိုင်စံရှားဂိုဏ်းဆိုသောအရာဆီသို့ စူးစိုက်ရောက်ရှိနေသည်။

“ဂိုဏ်းချုပ်ကျွင်း”

အားလုံးသည် အထဲသို့ဝင်ရန် ဖိတ်ခေါ်ခြင်းကို ခံလိုက်ရ၏။ ၎င်းတို့သည် ပြိုင်စံရှားဂိုဏ်းဆိုသော နာမည်နှင့် ပတ်သက်၍ ဂိုဏ်းချုပ်ကျွင်းအား တစ်ခုခုပြောရန် ပြင်လိုက်ကြ၏။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည် ပြုံးကာ ပြောလိုက်၏။ “ကျုပ်တို့ဂိုဏ်းက တကယ့်ကို ဂိုဏ်းတစ်ခုအနေနဲ့ ခုမှ အသိအမှတ်ပြုခံရတာပဲ၊ ဒါက ပျော်စရာကိစ္စကြီးပဲ၊ ဒီနေ့မှာ စားပွဲ ကျင်းပမယ်၊ အားလုံးပဲ လာခဲ့ကြပါ၊ ဝိုင်နဲ့ ဟင်းပွဲတွေ တည်ခင်းကြမယ်”

မကြာခင်မှာပဲ သိုင်းလေ့ကျင့်ရေးကွင်းပြင်ကြီးတစ်ခုလုံးတွင် စားပွဲများ ပြည့်နှက်လျက်ရှိပြီး ဝိုင်များ၊ စားသောက် ဖွယ်ရာများကိုလည်း တည်ခင်းထားတော့သည်။ တပည့်များအားလုံးသည် တစ်ယောက်ပြီးတစ်ယောက် လာ၍ ထိုင်ကြတော့သည်။

မာယွင်တန်နှင့် တခြားသူများအားလုံးတို့သည် သူတို့၏ ပါးစပ်ဖျားတွင်ရှိနေသော စကားလုံး များကို မျိုသိပ်ကာ ဝိုင်များကိုသောက်၍ အစားအသောက်များကိုသာ စားသုံးလိုက်ကြတော့သည်။ ပြီးနောက် သူတို့အားလုံးသည် ပြိုင်တူဆိုသလိုပဲ ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း... ပြိုင်စံရှားဂိုဏ်းအနေနဲ့ အဆင့်ငါးအထိ ရောက်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်၊ အနာဂတ်မှာ ဒီထက်ပိုပြီးအားကောင်းပြီး အောင်မြင်မှုတွေ ရရှိနိုင်ဖို့ မျှော်လင့်မိတယ်”

All Chapters