← Chapters

အခန်း (၅၆၀)

Vol. 38 Ch. 560

အခန်း (၅၆၀)

Vol. 38 Ch. 560

ဂိုဏ်းတစ်ခုအဖြစ်သို့ တရားဝင် အဆင့်မြှင့်တက်ပြီးသည့်နောက်မှာတော့ ပျော်စရာ ပျော်ပွဲရွှင်ပွဲ ပြုလုပ်သည် ဆိုသည်မှာ သဘာဝပင်ဖြစ်တော့သည်။ ကျွင်းချောင်ရှောင်းသည် ရက်အနည်းငယ်ကတည်းက အလွန်တရာ ကြီးမားလှသော စားပွဲကြီးတစ်ခု ပြုလုပ်ရန် ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။ ယခု မာယွင်တန်နှင့်တခြားသူများ သူ့အား လာရောက်ဂုဏ်ပြုသည်ဆိုမှတော့ သူသည် ယနေ့တွင် ပြုလုပ်ရန် ဆုံးဖြတ်လိုက်ခြင်းပင်ဖြစ်၏။

ပြိုင်စံရှားဂိုဏ်းမှ တပည့်များအားလုံးသည် အချိန်တိုင်းလို ကျင့်ကြံလျက်ရှိကြသည်။ ထို့ကြောင့် လက်ရှိအချိန်မှာ တော့ သူတို့သည် စိတ်လိုလက်ရဖြင့် သောက်လိုက်စားလိုက် လုပ်နေကြသည်။ အချိန်အနည်းကြာအောင် သောက်ပြီးသည့်နောက်မှာတော့ စုရှောင်မိုနှင့် လီဖေးတို့သည် ထုံးစံအတိုင်း ပြိုင်ပွဲပြုလုပ်ကာ အရက်ကို သောက်လျက်ရှိသည်။

လီထျန်းထျန်းမှာတော့ တကယ့်ကို သောက်တက် စားတက်သူဟု ဆိုရမည်။ မည်သူနှင့်မဆို လိုက်လံ၍ ခွက်တိုက်ကာ သောက်လျက်ရှိနေတော့၏။

အချိန်အတော်ကြာပြီးသည့်နောက်မှာတော့ တပည့်များသည် မိဘကျေးဇူးအကြောင်းကိုပါ ထုတ်ဖော် ပြောဆိုကြသည် အထိ မူးရူးလျက်ရှိနေတော့သည်။

လီချင်းယန်နှင့် ရှောင်ကျီတို့မှာတော့ ပို၍ ဆိုးရွားနေသေးသည်။ သူတို့သည် ဂျူနီယာများမှလာ၍ ဝိုင်ခွက်ကို ပေးသည့်အခါတိုင်း မငြင်းဆိုကြပေ။ ပေးသမျှခွက်များအားလုံးကို သောက်သုံးလျက်ရှိနေ၏။ ဤအတောအတွင်း ပြိုင်စံရှားဂိုဏ်းမှ တပည့်များအားလုံးသည် ကျင့်ကြံခြင်းအရမ်းကိုသာ အာရုံစိုက်ခဲ့ရသည်။ သူတို့အနေနှင့် စိတ်လက်အပန်းဖြေဖို့ အခွင့်အရေးဆိုသည်မှာ ရှားပါးလွန်းလှသည်။

လက်ရှိအခြေအနေမှာတော့ သူတို့သည် ယမကာ၏ မူးယစ်ခြင်းအား စိတ်ဝိညာဉ်စွမ်းရည်များနှင့် မဖြေဖျောက်ပဲနှင့် သဘာဝအတိုင်း မူးနေခြင်းကိုသာ လက်ခံထားခဲ့ကြတော့သည်။ ပျော်ပွဲရွှင်ပွဲအတွက် သောက်စားမည်ဆိုမှတော့ အရက်မမူးအောင် ပြုလုပ်မည်ဆိုလျှင် မည်သည့်အဓိပ္ပာယ်ရှိတော့မည်နည်း။

“ဂိုဏ်းချုပ်ကျွင်း”

ပြိုင်စံရှားဂိုဏ်းမှ တပည့်များ ပျော်ရွှင်နေသည်ကို ကြည့်ရှုပြီးသည့်နောက်မှာတော့ မာယွင်တန်သည် သူ၏ ဝိုင်ခွက်ကိုမြှောက်ကာ ပြုံး၍ ပြောလိုက်၏။ “ခင်ဗျားရဲ့ တပည့်တွေကတော့ အရမ်းကို ပျော်နေပုံပဲ”

ကျွင်းချောင်ရှောင်းသည် သူ၏ ဝိုင်ခွက်ကို မြှောက်ကာ ပြောလိုက်သည်။ “ကျုပ်လည်း အရမ်းပျော်နေတယ်လေ”

သူသည် အလွန်တရာ နွေးထွေးလှသည့် မိသားစုကြီးတစ်ခုကို ဖန်တီးရန်အတွက် အလုပ်ကို ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ရသည်။ တပည့်များအနေနှင့် သေသေချာချာ ကြိုးစားမည်ဆိုလျှင် ကျိန်းသေပေါက် အောင်မြင်မှုကို ရရှိမှာဖြစ်သည်။

“ဂျူနီယာညီမလေး”

လျှိုဝမ်ရှစ်သည် ဝိုင်ခွက်ကိုယူကာ ပြောလိုက်၏။ “နင်သောက်လို့မရဘူး”

“စီနီယာအစ်မ”

ရောင်မုန့်ယဉ်က တောင်းပန်လိုက်၏။ “တစ်ငုံတည်းသောက်မှာပါ၊ အဆင်ပြေတယ်မဟုတ်လား”

ဤမိန်းကလေးသည် သန္ဓေနတ်ဆိုးခန္ဓာကိုယ်ကို နိုးထခဲ့သူတစ်ယောက်ဖြစ်သည်။ ထိုစဉ်ကတည်းက စီနီယာ အစ်ကိုနှင့် အစ်မများအားလုံးသည် သူမအား အလွန်အမင်း ဂရုစိုက်ကြသည်။ သူမသည် ပြိုင်စံရှားဂိုဏ်း တစ်ခုလုံး၏ ပုလဲလုံးလေးတစ်ခုလိုပင် ချစ်မြတ်နိုးခံရသူလည်းဖြစ်၏။ အားလုံးပျော်ရွှင်နေသည့်အချိန်တွင် သူမ သည်လည်း ပူးပေါင်းပါဝင်၍ သောက်စားမည်ဟူသည့်အကြံသည် ခေါင်းထဲသို့ ရောက်ရှိလာ၏။

“မဖြစ်ဘူး”

လျှိုဝမ်ရှစ်က ပြောလိုက်သည်။ “နင်က အရမ်းငယ်သေးတယ်”

ပြောပြီးပြီးချင်းမှာပဲ သူမသည် ဝိုင်ခွက်ကို ကောက်ကိုင်လိုက်၏။ သို့ပေမဲ့ ဤဝိုင်ခွက်သည် ပါးစပ်နားဆီသို့ မရောက်လိုက်ချေ။ အဘယ်ကြောင့်ဆိုသော် လီလိုရှုသည် အနားသို့ရောက်ရှိလာပြီး ဝိုင်ခွက်ကို ကောက်ယူသွား၏။ “နင်လည်း အသက်မကြီးသေးဘူး၊ သောက်လို့ မရသေးဘူး”

ထို့ကြောင့် လျှိုဝမ်ရှစ်နှင့် ရောင်မုန့်ယဉ်တို့သည် စားပွဲပေါ်တွင် မေးထောက်၍ သောက်စားနေကြသော သူတို့၏ စီနီယာအစ်ကို၊ အစ်မများကို ကြည့်ကာ မနာလိုသော မျက်လုံးများနှင့် ကြည့်လျက်ရှိနေတော့သည်။

.........

“ဂိုဏ်းချုပ်ကျွင်း”

တောင်၏ ဂိတ်တံခါးအပြင်ဘက်မှာတော့ မာယွင်ထန်၊ မြို့တော်ဝန်ရှဲ့နှင့် တခြားသူများအားလုံးသည် အရက် သောက်စားသောကြောင့် မျက်နှာတပြင်လုံး နီမြန်းလျက်ရှိနေကြတော့သည်။ သူတို့သည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “နှုတ်ဆက်ပါတယ်”

“ဘေးကင်းတဲ့ခရီးဖြစ်ပါစေ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

အားလုံးသည် လှေကားထစ်များအတိုင်း ဆင်းသက်သွားတော့သည်။ အစမှအဆုံးထိ သူတို့အားလုံးသည် ပြိုင်စံရှားဂိုဏ်းဟူသည့် နာမည်၏ ဆိုးရွားပုံအကြောင်းကို ထည့်၍ မပြောတော့ချေ။ သူတို့သည် မပြောချင်၍ မဟုတ်ပေ။ အရက်သောက်နေတုန်းမှာ သူတို့သည် ဤအရာနှင့် ပတ်သက်၍ သေသေချာချာ စဉ်းစားခဲ့ကြ၏။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်း၏ အားအင်နဲ့ စီမံခန့်ခွဲတတ်မှုများကို သေသေချာချာ သုံးသပ်စဉ်းစားမည်ဆိုလျှင် ပြိုင်စံရှားဂိုဏ်းဟု နာမည်ပေးခဲ့သည်မှာ သာမန်သာဖြစ်ကြောင်း သူတို့ နားလည်လိုက်မိသည်။

“သံမဏိအရိုးဂိုဏ်းကလုပ်တဲ့ အစားအစာတွေ အကုန်လုံးက အရမ်းအရသာရှိတာပဲ”

“ဒါတင်ပဲလား၊ ဂိုဏ်းချုပ်ကျွင်းရဲ့တပည့်က စားဖိုမှူးပြိုင်ပွဲမှာတောင် ပထမရခဲ့တယ်လေ”

“ဟုတ်သားပဲ၊ ငါက ဒါကို မေ့နေတာကို၊ ပြီးတော့ အကြီးအကဲကျန်းကို ကြည့်ရတာ နဲနဲရင်းနှီးနေသလိုပဲ”

“ငါလည်း တူတူပဲ ဘယ်နေရာမှာ မြင်ဖူးတာလဲ မသိဘူး”

“ကျုပ်မှတ်မိပြီ၊ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်တုန်းက အရှေ့တောင်ရန်ကျူးက အစီအရင်ပြိုင်ပွဲတစ်ခုကို ဦးစီး ပြီးတော့ ပြုလုပ်သေးတယ်လေ၊ အဲတုန်းက ကောင်းကင်ဘုံမြို့ရဲ့ မြို့တော်ဝန်ကိုယ်တိုင် အထူးဧည့်သည်အဖြစ် ဖိတ်ကြားခံရတဲ့လူက ဒီလူပဲ”

“ဟုတ်တယ် ဒီလူက ကျန်းတယ်ကျွင်း၊ သူက ကျန်းတယ်ကျွင်းပဲ”

“ကောင်းကင်ဘုံ ….. သူက အစီအရင်ဘုရင်လေ၊ ဘယ်လိုဖြစ်ပြီး ပြိုင်စံရှားဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက် ဖြစ်နေရ တာလဲ”

မြို့တော်ဝန်များနှင့် မိသားစုခေါင်းဆောင်များအားလုံးသည် တောင်အောက်သို့ ဆင်းသက်ရင်းမှာပဲ တစ်ယောက် နှင့်တစ်ယောက် အခြေအတင် ငြင်းခုံလျက်ရှိနေကြတော့၏။

စားပွဲအဆုံးသတ်ပြီးသည့်နောက်မှာတော့ ပြိုင်စံရှား ဂိုဏ်းတပည့်များသည် ဆက်လက်၍ မကျင့်ကြံကြချေ။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းချုပ်ကျွင်းသည် သူတို့ အားလုံးအား တစ်ရက်တာ အနားယူရန် ခွင့်ပြုပေးခဲ့သည်။

အားလုံးသည် ရုတ်တရက်ကြီး မကျင့်ကြံရသည့် အခြေအနေတစ်ခုကို အသားမကျသလို ဖြစ်နေကြသည်။ ထို့ကြောင့် အာ့ဟိုင်နှင့် ရိဟိုင်တို့ကို ကူညီကာ စားပွဲခုံများကို သန့်ရှင်းပေးခြင်း၊ ကုလားထိုင်များကို ဆေးကြော ပေးခြင်းများကို ပြုလုပ်လျက်ရှိနေကြသည်။

စုရှောင်မိုသည် သူ၏ ဂျူနီယာညီလေးများကို ခေါ်ဆောင်၍ လေ့ကျင့်ရေးကွင်းပြင်ဆီသို့သွားကာ ဘောလုံးကန်လျက်ရှိနေ၏။

ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်း၏ အမိုးပေါ်တွင် တစ်ယောက်တည်း ရပ်နေ၏။ အလွန်တရာ အေးစက်သောလေပြေညှင်းများသည် သူ့အား တိုက်ခတ်နေသည့်အတွက်ကြောင့် သူသည် အလွန်တရာ သက်တောင့် သက်သာ ခံစားမှုမျိုးကို ရရှိနေသည်။

တပည့်တစ်သောင်း၊ အဆင့်ငါးဂိုဏ်းတစ်ခု

ဤအရာသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ပြိုင်စံရှားဂိုဏ်းတစ်ခု ဖြစ်လာရန်အတွက် ခြေတစ်လှမ်းနီးလာခြင်း နှင့် တူညီလှ၏။

ဟူး

ကျွင်းချောင်ရှောင်းသည် သက်ပြင်းရှည်ကြီးကို ချကာ ပြောလိုက်၏။ “ဒါက အခုမှ အစပဲရှိသေးတယ်၊ ဆက်ပြီးသွားရမယ့်ခရီးက အရှည်ကြီးပဲ”

………...

ကျွီ

ဝှစ်

စားသောက်ဆိုင်တစ်ခုထဲမှာတော့ တံခါးသည် ငြင်ငြင်သာသာပွင့်လာ၏။ အလွန်တရာ အေးစက်လှသော လေအေး များသည် ဓားတစ်စင်းကဲ့သို့ စားသောက်ဆိုင်အတွင်းသို့ ဝင်ရောက်လာကြသည်။ အထဲတွင် သောက်စား ပျော်ပါးလျက်ရှိနေကြသော သိုင်းကျင့်ကြံသူများသည် အပြင်ဘက်ဆီသို့ လှည့်ကာ ကြည့်လိုက်၏။ ၎င်းတို့ အားလုံးသည် နတ်မိမယ်ကဲ့သို့ လှပလွန်းသော အဖြူရောင်ဝတ်စုံနှင့် မိန်းကလေးတစ်ယောက် လျှောက်ဝင်လာ သည်ကို မြင်လိုက်ကြရသည်။

“အစ်ကိုကြီး... ဒီမိန်းကလေးက အရမ်းကို လှလွန်းတယ်”

သိုင်းကျင့်ကြံသူတစ်ယောက်၏ မျက်လုံးများသည် လင်းလက်သွား၏။ အစ်ကိုကြီးဟု ခေါ်ခံရသော သိုင်းကျင့်ကြံသူ သည် ထိုသူ၏ဦးခေါင်းကို လှမ်းခေါက်ကာ ပြောလိုက်၏။ “မင်းမျက်လုံးကို သတိထား၊ အပြင်ဘက်ကိုသွားရင် ဒီလိုမျိုးတွေ လုပ်လို့မဖြစ်ဘူး”

“ကောင်းပါပြီ၊ ကောင်းပါပြီ”

စောနက ကြည့်ရှုနေသော သိုင်းကျင့်ကြံသူသည် ချက်ချင်းပဲ သူ၏ အကြည့်ကို ရုတ်သိမ်းလိုက်၏။ တခြားသော သူများသည်လည်း သူတို့၏ဦးခေါင်းများကို လှည့်ကာ ဆက်လက်၍ သောက်စားပြောဆိုလျက် ရှိနေကြ၏။ သူတို့သည် တစ်ခါတစ်လေ အမှတ်မထင် ဤမိန်းကလေးအား လှမ်းလှမ်းကြည့်မိကြ၏။ အဘယ်ကြောင့်ဆိုသော် ဤမိန်းကလေးသည် အလွန်တရာ လှပလွန်းသောကြောင့်ပင်ဖြစ်၏။

ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ကြီးမားလှသော မိသားစုကြီးများမှ တိုက်ရိုက်မျိုးဆက်များသည်သာ ဤကဲ့သို့သော ဟိတ်ဟန် အခြေအနေမျိုးကို ပိုင်ဆိုင်ကြ၏။ သာမန်ကျင့်ကြံသူများသည် ရိုးရှင်းစွာ နေထိုင်တတ် ကြ၏။ ထို့ကြောင့် သူတို့အားလုံးသည် ဤမိန်းကလေး အလွန်တရာ လှပသည်ကို မြင်သော်လည်း သွား၍ စနောက်ခြင်းကို မပြုလုပ်ရခြင်းပင်ဖြစ်၏။

တစ်ဖက်လူသည် အလွန်တရာကြီးမားလှသော မိသားစုကြီး၏ တိုက်ရိုက်မျိုးဆက်ဖြစ်နေမည်ဆိုလျှင် သူတို့ အားလုံး၏ ဘဝမှာ အဆုံးသတ်သွားနိုင်၏။ ထိုတင်မဟုတ်သေးချေ။ ဤနေရာသည် ရေခဲကုန်းမြေဖြစ်၏။ မိုင်ရာချီ အတောအတွင်း ဤစားသောက်ဆိုင်တစ်ခုသာရှိ၏။ အမျိုးသမီးတစ်ယောက်အနေနှင့် ဤနေရာသို့ တစ်ယောက်တည်း လာရောက်ဝံ့သည် ဆိုခြင်းမှာ ကျိန်းသေပေါက် သာမန်လူတစ်ယောက် မဟုတ်ကြောင်းကို သိရှိနိုင်သည်။

“မိန်းကလေး”

စားပွဲထိုးသည် ပြုံး၍ နှုတ်ဆက်ကာ ပြောလိုက်၏။ “အစား စားချင်တာလား၊ အနားယူချင်တာလား”

“အစား စားမှာပါ”

အဖြူရောင်ဝတ်စုံနှင့် မိန်းကလေးသည် ပြတင်းပေါက်အနီးအနားရှိ ထိုင်ခုံတွင် အသာထိုင်ချလိုက်၏။ သူမ၏ လေသံသည် အပြင်ဘက်တွင် တိုက်ခတ်လျက်ရှိသော လေအေးများထက်ပင် ပို၍ အေးစက်၏။

“မိန်းကလေး ဘာစားချင်လဲ”

“ဘာမဆိုရတယ်”

စားပွဲထိုးသည် များပြားလှသည့် စားသုံးသူများကို တွေ့ကြုံခဲ့ဖူးဖြစ်၏။ ထို့ကြောင့် သူသည် မြန်မြန်ဆန်ဆန်ပဲ ပြုံးကာ ပြောလိုက်၏။ “ကျေးဇူးပြုပြီး ခဏစောင့်ပါအုံး”

အဖြူရောင်ဝတ်စုံနှင့် မိန်းကလေးသည် ထိုင်ချလိုက်ပြီးသည့်နောက်မှာတော့ သူမ၏ တောက်ပလှသော မျက်လုံး အစုံနှင့် ပြတင်းပေါက်အပြင်ဘက်သို့ စူးစိုက်ကြည့်လျက် ရှိနေသည်။ အပြင်လောကတွင်တော့ ရေခဲလောကကြီး တစ်ခုလိုပင် နှင်းများနှင့် ဆွတ်ဆွတ်ဖြူလျက် ရှိနေတော့သည်။

“အရှေ့တောင်ရန်ကျူးရဲ့ သံမဏိအရိုးဂိုဏ်းအကြောင်းကို ကြားပြီးပြီလား”

တစ်စုံတစ်ယောက်သည် ဝိုင်ခွက်ကို ကောက်မော့ရင်း ပြောလိုက်၏။ “ကြားရုံတင်မကဘူး၊ အဲဒီဂိုဏ်းက အဆင့်ငါးဂိုဏ်းတစ်ခုအဖြစ် အဆင့်တိုးမြှင့် ရောက်ရှိခဲ့တယ်လို့ ကြားတယ်”

အဖြူရောင်ဝတ်စုံနှင့်မိန်းကလေးသည် ထိုအရာကို ကြားသည့်နောက်မှာတော့ မျက်မှောင်ကုတ်သွားမိ၏။

“အဲတာက မဖြစ်နိုင်ဘူး၊ သံမဏိအရိုးဂိုဏ်းက အရမ်းကြီး ကျော်ကြားခဲ့တာလည်း မဟုတ်ဘူး၊ ဘယ်လိုဖြစ်ပြီး မြန်မြန်ဆန်ဆန်နဲ့ အဆင့်ငါးအထိကို တက်လှမ်းနိုင်ခဲ့တာလဲ”

“ကြားတာတော့ သူတို့က သူတို့ရဲ့ဂိုဏ်းကို ပြိုင်စံရှားဂိုဏ်းဆိုပြီးတောင် နာမည်ပြောင်းလိုက်သေးတယ်လို့ ကြားတယ်”

တစ်စုံတစ်ယောက်က ပြောလိုက်သည်။

“ပြိုင်စံရှားဂိုဏ်း ဟုတ်လား”

အဖြူရောင်ဝတ်စုံနှင့် မိန်းကလေးသည် မျက်မှောင်ကုတ်သွားမိ၏။ “သူ တကယ် ဒီလိုကြီး ပေးခဲ့တာလား”

“အခုမှအဆင့်ငါးဂိုဏ်းတစ်ခုဖြစ်လာတဲ့ ဂိုဏ်းလေးတစ်ခုက ပြိုင်စံရှားဂိုဏ်းဆိုတဲ့ နာမည်ကို သုံးရဲတယ်ဆိုမှတော့ အရမ်းမောက်မာလွန်းတာပဲ ဖြစ်ရမယ်၊ အရှေ့တောင်ရန်ကျူးလို နေရာငယ်လေးတစ်ခုက မလို့ပေါ့၊ ဒီလောက်ကြီး မောက်မာနေတာ ဖြစ်လိမ့်မယ်၊ ငါတို့ရဲ့ အရှေ့မြောက် လုကျိုးကို လာမယ်ဆိုရင် ဖျက်ဆီးခံရတာ ကြာနေလောက်ပြီ”

ထိုလူသည် ပြောရင်းမှာပဲ သူ၏ဝိုင်ခွက်ကို အသာမော့ကာ သောက်လိုက်၏။

ရွှီး

ရုတ်တရက်ဆိုသလိုပဲ ဓားအလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည့်နောက်မှာတော့ ထိုကျင့်ကြံသူ၏ ဝိုင်ခွက် ကိုင်ထားသော လက်သည် အောက်သို့ ပြုတ်ကျသွားတော့သည်။

အား

အလွန်တရာ နာကျင်စွာ အော်ဟစ်လိုက်သော အသံ ထွက်ပေါ်လာတော့သည်။ စားသောက်ဆိုင်ထဲတွင် ရှိနေသော များပြားလှသော ကျင့်ကြံသူများ အားလုံးသည် ပြတင်းပေါက်အနီးတွင် ထိုင်နေသော သူမဆီသို့ ထိတ်လန့် တုန်လှုပ်စွာဖြင့် ကြည့်လိုက်သည်။ အဖြူရောင်ဝတ်စုံနှင့် မိန်းကလေးသည် ဓားအား အသာပြန်ယူပြီးသည့်နောက် ဓားအိမ်ထဲသို့ ပြန်ထည့်ကာ စားပွဲပေါ်သို့ တင်လိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “နောက်ထပ် အဓိပ္ပာယ်မရှိတာတွေ ထပ်ပြောမယ်ဆိုရင် ခေါင်းနဲ့ကိုယ် တွဲရက်ရှိနေတော့မှာ မဟုတ်ဘူး”

ဤစကားသည် ရိုးရှင်းလှသည်ဆိုသော်လည်း အဆုံးမဲ့သော အေးစက်မှုများ ပါဝင်နေ၏။ ထိုစကားကို ကြားလိုက် ချိန်မှာတော့ ရှိရှိသမျှသော လူများအားလုံးတို့၏ ကျောရိုးမကြီးများသည် စိမ့်တက်သွားကြတော့၏။ ဤမိန်းကလေးသည် ကျိန်းသေပေါက် ရိုးရှင်းလှသူတစ်ယောက် မဟုတ်ချေ။

All Chapters