← Chapters

အခန်း (၅၆၆)

Vol. 38 Ch. 566

အခန်း (၅၆၆)

Vol. 38 Ch. 566

ထိုသံပြားသည် လက်ဝါးတစ်ခုအရွယ်အစားလောက်သာ ရှိ၏။ သို့ပေမဲ့ ထိုအပေါ်တွင် များပြားလှသော သင်္ကေတများ ရေးထိုးထားခဲ့သည်။ ရှုပ်ထွေးလှသော မျဉ်းကြောင်းများရှိနေ၏။ မြေပြင်ပေါ်တွင် ရှိနေသော အစီအရင်၏ မျဉ်းကြောင်းများနှင့် တစ်ပုံစံထဲ တူညီနေ၏။ ထိုသံပြားသည် အလွန်တရာရှေးကျပြီး ထက်မြလှ သောအော်ရာများ ထွက်ပေါ်လျက်ရှိသည်။ ဤအရာသည် အလွန်တရာ ရှည်လျားလှသော သမိုင်းကြောင်းနှင့် တည်ရှိခဲ့ခြင်းဖြစ်ကြောင်း သိသာလှ၏။

ပတ်ဝန်းကျင်တစ်ခုလုံးနှင့် တူညီသောအော်ရာများ ရှိနေသောကြောင့် စိတ်ဝိညာဉ်စွမ်းအင် အာရုံခံဖြန့်ကျက်မှုကို မပြုလုပ်နိုင်ဘဲ ကျွင်းချောင်ရှောင်းသည် မိုရှန်တည်ရှိနေခြင်းကို မသိရှိခဲ့ခြင်းသာ ဖြစ်၏။ သာမန်တည်နေရာထဲ မှာဆိုလျှင် ဤကဲ့သို့ စိတ်ဝိညာဉ်အာရုံဖြန့်ကျက်ခြင်းကို ရှောင်ရှားနိုင်ရန် မလွယ်ကူလှချေ။ သို့ပေမဲ့ နတ်ဆိုး တောင်ရိုးထဲမှာတော့ ကောင်းကောင်းဖုံးကွယ်ထားနိုင်၏။

“သွေးအမြူတေကို အသုံးပြုပြီး အစီအရင်ကို ဖျက်ဆီးချင်တာလား”

ကျွင်းချောင်ရှောင်းက မေးလိုက်သည်။

မိုရှန်က ပြောလိုက်၏။ “ဒါက ကျုပ်ရဲ့ ခန့်မှန်းချက်တစ်ခု သက်သက်ပါ၊ အလုပ်ဖြစ်မလား၊ မဖြစ်ဘူးလားဆိုတာ မသေချာဘူး”

သံပြားကိုရရှိပြီးနောက်မှာတော့ ထိုအပေါ်တွင်ရှိသော စကားလုံးများ၏ ဝှက်စာကို ဖော်ခဲ့၏။ နတ်ဆိုးတောင်ရိုးထဲတွင် အကြိမ်ပေါင်းများစွာ လာကြည့်ပြီး အကြိမ်ပေါင်းများစွာ စမ်းသပ်ခဲ့၏။ သို့ပေမဲ့ တစ်ခုမှ မအောင်မြင်ခဲ့သေးချေ။ သို့ပေမဲ့ သေသေချာချာ စဉ်းစားပြီးသည့်နောက်မှာတော့ နတ်ဆိုး တောင်ရိုးသခင်နှင့် သူ၏တပည့်များသည် တည်နေရာကို ဖွင့်လှစ်ရန် သွေးအမြူတေကို အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း တွေးလိုက်မိ၏။ ထို့ကြောင့် သူသည် သွေးအမြူတေကို အသုံးပြုရန် စဉ်းစားလိုက်ခြင်းပင် ဖြစ်တော့သည်။

စဉ်းစားလေ ထိုသို့ဖြစ်ရန် ပို၍ ရာခိုင်နှုန်းများလေဖြစ်၏။ ဤတစ်ကြိမ်မှာတော့ သူသည် သူ၏သွေးအမြူတေကို အသုံးပြုကာ စမ်းသပ်ကြည့်ရန် စီစဉ်ခဲ့၏။

သို့ပေမဲ့ အစီအရင်ကို ဖန်တီးရေးဆွဲပြီးပြီးခြင်းမှာပဲ တစ်စုံ တစ်ယောက်သည် ပေါ်လာခဲ့၏။ ထို့ကြောင့် သူသည် ခဏတာ ရပ်တန့်ခဲ့ရသည်။ ထိုသူမှာ ကျွင်းချောင်ရှောင်းပင် ဖြစ်တော့သည်။

“ဘာကိုစောင့်နေတာလဲ”

ကျွင်းချောင်ရှောင်းသည် ဆော်ဩလိုက်၏။ “မြန်မြန် … သွေးအမြူတေကိုသုံးပြီး စည်းကိုဖွင့်တော့”

“သခင်... ကျုပ်က ဘယ်သွေးကို သုံးရမှာလဲ”

“ဘယ်သွေးကို သုံးရမှာလဲ၊ ခင်ဗျားရဲ့သွေးကို သုံးရမှာပေါ့၊ မေးနေစရာ လိုသေးလို့လား”

“...” မိုရှန်၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။

သွေးအမြူတေဆိုသည်မှာ သိုင်းကျင့်ကြံသူများ၏ သက်တမ်းဟုပင် ဆိုနိုင်၏၊ ထို့ကြောင့် အလွယ်တကူဖြင့် ကုန်ခမ်းသွားအောင်လုပ်၍ မဖြစ်နိုင်ချေ။

ကျွင်းချောင်ရှောင်းသည် တိုက်ရိုက်ဆိုသလိုပဲ ထိုသူအား အစီအရင်နားဆီသို့ ခေါ်ဆောင်လာကာ ပြောလိုက်၏။ “မြန်မြန် သွေးအမြူတေကို မြန်မြန်ထုတ်ပြီး ထည့်လိုက်တော့”

မိုရှန်သည် သူ့သခင်၏ အမိန့်ကို မငြင်းဆန်ချေ၊ ဓားမြှောင်တစ်လက်ကို ထုတ်ယူ၍ လက်ချောင်းများအား အသာ လှီးလိုက်၏။ ပြီးနောက် သွေးအမြူတေများ ထွက်ပေါ်လာတော့သည်။ ထိုသွေးအမြူတေများသည် သာမန် သွေးအမြူတေများထက်ပို၍ အရောင်ရင့်နေ၏။ အသက်ဓာတ်များ ပါဝင်နေသည့် အော်ရာကိုလည်း ရရှိနေသည်။ ထိုသွေး၏ အစက်တစ်စက်သည် ကျင့်ကြံသူများ၏ နှစ်ပေါင်းများစွာသော သက်တမ်းကို ကိုယ်စားပြုသည်။ မိုရှန် သည် ရင်နာလျက်ရှိနေ၏။

သွေးအဆီအနှစ်တစ်စက်သည် အစီအရင်ထဲကို ကျဆင်းသွားတော့သည်။

ဒွီ

သွေးအဆီအနှစ်တစ်စက်သည် အစီအရင်နှင့် ချိတ်ဆက်ပြီးသည့်နောက်မှာတော့ အလင်းတန်းတစ်ခု ဖြစ်ပေါ်လာတော့သည်။ ပြီးနောက် တိုက်ပွဲတစ်ခု တိုက်ခိုက်ရန် အချက်ပြလိုက်သည့် အသံတစ်ခု ထွက်ပေါ်လာတော့သည်။

“ထင်မှတ်ထားတဲ့အတိုင်းပဲ”

မိုရှန်သည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ “သွေးအဆီအနှစ်က အစီအရင်ကို ဖောက်ဖျက်ဖို့ လိုအပ်တဲ့အရာ ဖြစ်နေတာကိုး”

ဝေါင်း ဝေါင်း

ထိုအချိန်မှာတော့ အလွန်တရာ ဒေါသထွက်နေသော သားရဲရိုင်းများ၏ အော်သံသည် အဆောက်အဦ အပြိုအပျက် များ၏ အပြင်ဘက်မှ ထွက်ပေါ်လာတော့သည်။ သွေးစုပ်ဖုတ်ကောင်ကဲ့သို့ သားရဲများသည် တောထဲတွင် လှည့်လည်လျှောက်သွားနေကြပြီဖြစ်သည်။ ၎င်းတို့အားလုံးသည် ဘာမှန်းမသိသော အားအင်တစ်ခု၏ ထိန်းချုပ်မှုကို ခံရပြီး အနီရောင် အလင်းတန်းရှိရာနေရာဆီသို့ အလုအယက် ပြေးလာကြတော့သည်။

မည်မျှများသနည်း။

အလွန်တရာများပြားသည်ဟုဆိုရမည်။ အဆင့်နိမ့်သားရဲများပါသလို အဆင့်မြင့်သားရဲများ လည်း ပါလို့နေသည်။ ၎င်းတို့အားလုံးသည် စုစုပေါင်း ငါးထောင်မှ ခြောက်ထောင်နီးပါးခန့်ပင်ရှိသည်။ ထို့အပြင် အဝေးဆီမှ ထပ်မံရောက်ရှိလာကြသည့် သားရဲများကလည်း ရှိနေသေးသောကြောင့် အရေအတွက်မှာလည်း ပို၍ တိုးလာနိုင်သည်။

ဘုန်း ဘုန်း

မြေပြင်တစ်ခုလုံးသည် တုန်ခါနေပြီး အလွန်တရာ ကြမ်းတမ်းလှသည့် အရှိန်အဝါများ ဖြစ်တည်လာတော့သည်။

“ဒါက”

မိုရှန်သည် မျက်နှာတစ်ခုလုံး ပျက်ယွင်းသွားသည်အထိ ကြောက်လန့်သွားမိ၏။ သူ့အနေနှင့် ဤနတ်ဆိုး တောင်ရိုးထဲသို့ ဝင်ရောက်နိုင်ခဲ့သည်ဆိုခြင်းမှာ သံပြား၏ အစွမ်းကြောင့် သူ၏ တည်ရှိမှုကို ဖုံးကွယ်ထားနိုင်၍ ဖြစ်သည်။ ထို့ကြောင့် သူသည် မည်သည့်သားရဲနှင့်မှ ထိပ်တိုက်မတွေ့ခဲ့ရပေ။

သို့ပေမဲ့ လက်ရှိအချိန်တွင် များပြားလှပြီး အသိဉာဏ်မဲ့နေသော သားရဲများအားလုံးသည် သူ၏ဆီသို့ တိုးဝင်လာကြပြီး သူသည် ကျိန်းသေပေါက် အန္တရာယ်သက်ရောက်နေပြီဖြစ်၏။ ပို၍ ဆိုးရွားသည်မှာ သူ၏ သွေးအဆီအနှစ်သည် အစီအရင်နှင့် ပေါင်းစပ်ပြီး သည့်နောက်မှာတော့ သူ၏ ခန္ဓာကိုယ်သည် စွမ်းအင်အချို့၏ ထိန်းချုပ်ခြင်းကို ခံခဲ့ရပုံပေါ်သည်။ သူ့အနေနှင့် လှုပ်ရှား၍ မရနိုင်ချေ။ ဤကဲ့သို့ အခြေအနေမှ အတင်းရုန်းထွက် သွားမည်ဆိုလျှင်လည်း စည်းတည်နေရာကို ဖောက်ဖျက်နိုင်လိမ့်မည် မဟုတ်ချေ။

သူသည် စိတ်ဓာတ်ကျစွာဖြင့် ပြောလိုက်၏။ “သခင်... ကျုပ်က ခန္ဓာကိုယ်က စည်းတည်နေရာနဲ့ ကြားခံလိုမျိုး ဖြစ်နေတာ၊ ဒီတော့ အခြားပြင်ပ အရာတစ်ခုခုရဲ့ နှောက်ယှက်ခြင်းကို ခံလို့မရဘူး၊ မဟုတ်ရင် ကြိုးစားခဲ့သမျှအားလုံး သဲထဲရေသွန်သလို ဖြစ်ကုန် လိမ့်မယ်”

“ခင်ဗျားဘက်က ကိုယ်လုပ်စရာရှိတာကို လုပ်ပါ”

ကျွင်းချောင်ရှောင်းသည် လက်ကိုယမ်းခါလိုက်သည့်နောက်မှာတော့ လေထုထဲတွင် နဂါးစိမ်းလခြမ်းဓားမော့ကြီး ပေါ်လာခဲ့သည်။ သူသည် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ပြောလိုက်၏။ “ကျန်တဲ့ကိစ္စတွေ ကျုပ်လက်ထဲသာ အပ်ထားလိုက်”

ဟူး ဟူး

နဂါးလေးသည် သူ၏ပါးစပ်ထဲမှ မီးတောက်များကို မှုတ်ထုတ်လိုက်ပြီး သူ၏မျက်လုံးထဲတွင်တော့ တိုက်ခိုက်လို သည့် စိတ်ဆန္ဒများနှင့် ပြည့်နှက်လျက်ရှိသည်။ ထိုအချိန်မှာတော့ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်မည်ဆိုလျှင် လူနှစ်ယောက်နှင့် သားရဲတစ်ကောင်တို့သည် အဆောက်အဦ တည်နေရာပျက်ကြီးထဲတွင် တည်ရှိနေကြပြီး ၎င်းတို့ဆီသို့ ရူးသွပ်ကာ အသိစိတ်လွတ်နေကြသော ဇွန်ဘီများကဲ့သို့ သားရဲများသည် ရေလှိုင်းများကဲ့သို့ အလုံးအရင်းဖြင့် တိုးဝင်လာကြတော့သည်။

“ဒင်... ဂိုဏ်းတာဝန်အသက်ဝင်”

စနစ်အားဖွင့်၍ ကြည့်လိုက်ချိန်မှာတော့ မိုရှန်ကို ကာကွယ်ရန်နှင့် လွတ်လပ်သောတည်နေရာတွင် နှစ်ပေါင်း တစ်သောင်းထဲက စည်းခတ်ခံခဲ့ရသော တည်နေရာတစ်ခုအား အောင်မြင်စွာဖွင့်လှစ်နိုင်ရန် ဟူသော စာသားအား တွေ့လိုက်ရ၏။

“အထူးတာဝန်”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွား၏။

စနစ်သည် တီးတိုးရေရွတ်လိုက်၏။

“ဒီတာဝန်က မဟုတ်သေးပါဘူး၊ အထဲမှာ ရှိတာတွေက အရေးကြီးတာတွေ ဖြစ်ကြောင်း သိအာင် ထုတ်ဖော်ပြောပြနေတာနဲ့တောင် တူနေပြီ”

ရွှီး ရွှီး ……

ထိုအခိုက်မှာတော့ အလောင်းကောင်ကဲ့သို့ ဝံပုလွေသားရဲများသည် ရှေ့ဆုံးမှ ဝင်ရောက်တိုက်ခိုက်လာ တော့သည်။ ၎င်းတို့၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်နေသော အနံ့များသည် မူးနောက်နောက်ပင် ဖြစ်သွားစေ၏။

“စိတ်ဝိညာဉ်ချပ်ဝတ်”

ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်တစ်ခုလုံးအား အလွန်တရာ ထူထဲလှသည့် ချပ်ဝတ်ကြီးတစ်ခုက ဖုံးလွှမ်းသွား တော့သည်။ သူသည် အစစ်အမှန် စစ်သည်တော်တစ်ပါးနှင့်ပင် ဆင်တူနေသည်။ အကာအကွယ်နည်းစနစ်ကို အသက်သွင်းလိုက်ခြင်းမှာ သူသည် ဇွန်ဘီသားရဲများ၏ တိုက်ခိုက်မှုကို ခံရမည်ကို စိုးရိမ်သော ကြောင့် မဟုတ်ပေ။ သားရဲရိုင်း များ၏ ခန္ဓာကိုယ်ဆီမှ အညစ်အကြေးများ သူ့အား လာ၍ပေမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

ရွှီး

နဂါးစိမ်းလခြမ်းဓားမော့သည် လေဟာနယ်ကြီးတစ်ခုလုံးကို ရုတ်တရက်ပိုင်းဖြတ်လိုက်တော့သည်။ ပြီးနောက် အလွန်တရာ တောက်ပလှသော မီးတောက်များက ဝင်ရောက်တိုက်ခိုက်လာသော ဝံပုလွေသားရဲများအား နှစ်ပိုင်းပြတ်သွားစေသည်။ အမဲရောင်သွေးများသည် တည်နေရာတစ်ခုလုံးကို ကျဆင်းလာပြီး ထိုသွေးများသည် အငွေ့များပင် ထွက်ပေါ်လာ၏။

အာဝူး ….. အာဝူး

ထိုစဉ်မှာတော့ များပြားလှသော ဝံပုလွေသားရဲများသည် အခြားတစ်ဖက်ဆီမှ တိုးဝင်လာ၏။ ၎င်းတို့သည် အနည်းဆုံး ရာဂဏန်းခန့်ပင်ရှိ၏။ တချို့သည် မြေပြင်ပေါ်မှ ပြေးလွှားလာကြပြီး တချို့ကတော့ နံရံများဆီသို့ ခုန်လွှားတက်ကာ ပြေးလွှားလာကြသည်။

“မီးမိုး”

နဂါးလေးသည် သူ၏သခင်ဆီမှ ရရှိလာသော စိတ်ဝိညာဉ်နည်းစနစ်တစ်ခုကို စတင်၍ အသုံးပြုလိုက်တော့သည်။ သူ၏ ခန္ဓာကိုယ်မှာရှိသော အမွှေးများသည် ဖြူကောင်တစ်ကောင်ကဲ့သို့ ဖြစ်တည်လာပြီး ချက်ချင်းဆိုသလိုပဲ အလင်းလုံးတစ်ခုသို့ အသွင်ပြောင်းကာ ဝံပုလွေသားရဲများထဲသို့ တိုးဝင်သွားတော့သည်။

ဝုန်း ဝုန်း ဝုန်း

ကောင်းကင်ယံမှာတော့ မီးလုံးများဖြစ်တည်လာပြီး အပူလှိုင်းများသည်လည်း ပို၍ တိုးပွားလာသည်။ ဇွန်ဘီကဲ့သို့ သားရဲတစ်ရာကျော်တို့သည် သွေးအလိမ်းလိမ်းနှင့် သေဆုံးကုန်ကြတော့သည်။

“သောက်ကျိုးနည်း”

စည်းကို ချိုးဖြတ်လျက်ရှိသော မိုရှန်သည် မျက်လုံးပြူးသွား၏။ ဤကင်းလိပ်ရှောကဲ့သို့သော သတ္တဝါသည် အဘယ့်ကြောင့် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ခိုက်ရေးနည်းစနစ်ကို ပိုင်ဆိုင်နေရသနည်း။ ထို့အပြင် စကားလည်း ပြောဆိုနိုင်စွမ်းရှိ၏။ ဤအရာသည် သိုင်းဘုရင်အဆင့်နှင့် နှိုင်းယှဉ်၍ ရနိုင်သော စိတ်ဝိညာဉ်သားရဲတစ်ကောင်ပင်ဖြစ်ရမည်။

ဝှစ် ….။

ထိုအခိုက်မှာတော့ မီးတောက်ဓားမော့သည် လေထုထဲတွင် ထပ်မံဖြစ်တည်လာပြီးသည့်နောက်မှာတော့ ဇွန်ဘီ ကဲ့သို့သော သားရဲသတ္တဝါတစ်ထောင်ကျော်ခန့်အား တစ်ခါတည်း သတ်ဖြတ်လိုက်၏။ ထိုသားရဲများသည် မိုရှန် အား နောက်မှလာရောက်တိုက်ခိုက်ရန် ပြင်ဆင်နေကြခြင်းဖြစ်သည်။ ကျွင်းချောင်ရှောင်းသည် တစ်ချက်ကလေးမှ အလွတ်မပေးခဲ့ချေ။

ရွှီး

နဂါးလေးသည် အမြင့်တစ်နေရာဆီသို့ ခုန်တက်ပြီးသည့်နောက်မှာတော့ ဇွန်ဘီကဲ့သို့သော သားရဲတော်တော် များများကို သတ်ဖြတ်ခဲ့ပြီးဖြစ်သည်။ သူ၏ ခန္ဓာကိုယ်မှ အမွေးများသည် ထောင်ထလျက်ရှိပြီး စဦးအဆင့် မီးမိုး နည်းစနစ်ကို ထုတ်ဖော်အသုံးပြုလျက်ရှိသည်။ ၎င်းသည် သားရဲနည်းစနစ်ကို ထုတ်ဖော်အသုံးပြုပြီးသည့် နောက်မှာတော့ သုံးကြိမ်တိုင်တိုင် အသုံးပြုပြီး မောပန်းနေခဲ့ရပြီဖြစ်သည်။

မီးတောက်ဓားမော့၏ အော်ရာသည် အလွန်တရာ ကြီးမားလွန်းလှပြီး တည်နေရာပျက်ကြီးတစ်ခုလုံးကိုပင် လွှမ်းခြုံ ထားလိုက်၏။ ဇွန်ဘီကဲ့သို့ ဖြစ်တည်နေသော သားရဲများအားလုံးသည် ပိုးဖလံများ မီးပုံထဲသို့ တိုးသကဲ့သို့ သေတွင်းထဲသို့ပင် အပြင်းအထန် တိုးဝင်လာကြတော့သည်။ သို့ပေမဲ့ အနီရောင်အလင်း အတားအဆီးသည် ရှိနေတုန်းပင်ဖြစ်သည်။ ထိုအရာကြောင့် ဇွန်ဘီကဲ့သို့သော သားရဲများသည် ပြေးလွှားနေကြခြင်းဖြစ်၏။

ဆယ်မိနစ်ကျော်ကြာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းနှင့် နဂါးလေးတို့အားလုံးသည် ဇွန်ဘီကဲ့သို့ သားရဲ ငါးထောင်မှ ခြောက်ထောင်နီးပါးအထိ သတ်ဖြတ်ခဲ့ပြီးဖြစ်သည်။ သို့ပေမဲ့ ဇွန်ဘီသားရဲများအားလုံးသည် ဒီရေ လှိုင်းများထိုးတက်သကဲ့သို့ နေရာအနှံ့မှ တိုးဝင်လာလျက်ရှိနေတုန်းပင်ဖြစ်သည်။

“သခင်... ကျုပ်နည်းနည်း ပင်ပန်းနေပြီ”

နဂါးလေးသည် အားအင်ပြတ်လပ်သည့် အရိပ်လက္ခဏာများကို ပြသလျက်ရှိသည်။ ကျွင်းချောင်ရှောင်းသည် သူ၏ ဓားမော့ကို ဝှေ့ယမ်းပြီးသည့်နောက်မှာတော့ ရေတွက်မရအောင် များပြားသော ဇွန်ဘီသားရဲများကို သတ်ဖြတ်ပစ် လိုက်သည်။ သူသည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “အခုထိ စည်းက မပွင့်သေးဘူးလား”

“မကြာခင် ပွင့်တော့မှာပါ”

မိုရှန်၏ မျက်နှာသည် ပျက်ယွင်းလျက်ရှိ၏။ ထိုအချိန်မှာတော့ သူ၏ဝိညာဉ်တစ်ခုလုံးသည် လေဟာနယ်နှင့် ချိတ်ဆက်ပြီး မမြင်ရသည့်တံခါးတစ်ခုသည် ကြမ်းကြမ်းတမ်းတမ်း တွန်းဖွင့်လိုက်သလို ခံစား မိလိုက်၏။ သူသည် အလွန်အမင်း မောပန်းနေပြီဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း ချွေးများတစ်ပေါက်ပေါက် နှင့် ကျဆင်းနေသည်။

ဝေါင်း … ဝေါင်း

ဇွန်ဘီကဲ့သို့သော သားရဲများသည် အလွန်တရာများပြားစွာဖြင့် ရှေ့သို့ပြေးဝင် တိုက်ခိုက်လျက်ရှိနေသည်။ အဆောက်အဦ အပြိုအပျက်များထဲမှာတော့ ထိုသားရဲ အလောင်းတို့သည် တောင်လေးတစ်ခုကဲ့သို့ပင် ပုံလျက် ရှိနေတော့သည်။ ကျွင်းချောင်ရှောင်းသည် နဂါးစိမ်းလခြမ်းဓားမော့ကို အသာပြန်သိမ်းပြီး AK-47 နှစ်လက်ကို ထုတ်ယူကာ ပြောလိုက်၏။ “မင်းတို့အားလုံးကို မသတ်နိုင်ဘူးဆိုတာ ငါမယုံဘူး”

ဒက် ဒက် ဒက် ဒက်

ကျည်ဆံများသည် ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ သေနတ်၏ ပြောင်းဝဆီမှ မီးညွှန့်များပင် ထွက်ပေါ်လာ သည်။ ဇွန်ဘီကဲ့သို့ သားရဲတို့သည် ခေါင်း၊ ရင်ဘတ်တို့မှာ ကျည်ဆံထွင်းဖောက်ခြင်းကို ခံလိုက်ရပြီး မြေပေါ်သို့ တစ်ကောင်ပြီး တစ်ကောင် ကျဆင်းလာတော့သည်။ သူတို့သည် အစီအရင်ရှိရာ မြေပြင်နားသို့ ကပ်၍ပင် မလာနိုင်တော့ချေ။

ဒက် ဒက် ဒက်

ကျည်ဆံများသည် ကုန်ခမ်းပြီးသည့်နောက်မှာတော့ မြန်မြန်ဆန်ဆန်ပဲ ပြန်လည် ဖြည့်ဆည်းလိုက်သည်။

ဒက် ဒက် ဒက်

ထိုအချိန်မှာတော့ ထူးဆန်းသည့် စွမ်းအင်လှိုင်းများသည် သူ၏နောက်ဘက်ဆီမှ ဖြစ်တည်လာသည်။ မူရှန်၏ စိတ်လှုပ်ရှားစွာ ပြောလိုက်သောစကားသံကို ကြားလိုက်ရ၏။ “စည်းကပွင့်သွားပြီ”

ကျွင်းချောင်ရှောင်းသည် သူ၏ စိတ်ဝိညာဉ်စွမ်းအင်များကို ဖြန့်ကျက်ကာ အာရုံခံကြည့်လိုက်၏။ အစီအရင်၏ တည်နေရာထဲမှာတော့ ရုတ်တရက်ဆိုသလိုပဲ ကြီးမားလှသော အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာပြီး တဖြည်းဖြည်းနှင့် ကျယ်ပြန့်လာ၏။

အနီရောင်အလင်းအတားအဆီးသည် ကောင်းကင်ပေါ်တွင် ပျောက်ကွယ်သွား ပြီဖြစ်ပြီး ရူးသွပ်သကဲ့သို့ ဖြစ်တည်နေသော ဇွန်ဘီသားရဲများသည် တည်ငြိမ်သွားကြ၏။ တည်နေရာပျက်ထဲသို့ ဆက်လက်၍ တိုးဝင်မလာတော့ချေ။

ဘုတ်

နဂါးလေးသည် မြေပေါ်သို့ လဲကျသွား၏။ “နောက်ဆုံးတော့ အဆင်ပြေသွားပြီ”

ကျွင်းချောင်ရှောင်းသည် Ak-47 များကို သိမ်းဆည်းပြီးနောက်မှာတော့ စိတ်ဝိညာဉ်စွမ်းအင်များကို အာရုံဖြန့်ကျက်ကြည့်ရှုလိုက်၏။ ပြီးနောက် သူ၏ စိတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြုကာ အမဲရောင်သလင်းအမြူတေများကို သိမ်းဆည်း၍ သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းလိုက်သည်။

“သွားကြစို့၊ အထဲကို ဝင်ကြရအောင်”

မိုရှန်သည် ပြောလိုက်၏။ “သခင်... ဒီနေရာက နတ်ဆိုးတောင်ရိုးထဲက ဟောခန်းသခင်ဖွင့်လှစ်ခဲ့တဲ့အရာပဲ၊ အထဲမှာ အန္တရာယ်တွေ ရှိနိုင်တယ်”

“အထဲမှာ ဓားတောင်ပဲဖြစ်ဖြစ်၊ မီးပင်လယ်ပဲဖြစ်ဖြစ် ကိစ္စမရှိဘူး၊ သွားကိုသွားရမယ်” ကျွင်းချောင်ရှောင်းသည် နဂါးလေးကို ကောက်ချီပြီး အတွင်းဘက်သို့ လှမ်းဝင်လိုက်တော့သည်။

All Chapters