← Chapters

ပိုစွမ်းသူ

Vol. 014 Ch. 1309

ပိုစွမ်းသူ

Vol. 014 Ch. 1309

ရှင်းခိုင်သည် ရှုပ်ထွေးနေသည့် တိုက်ပွဲကွင်းပြင် အလယ်တွင် သူ၏ စစ်နတ်ဘုရား သဏ္ဌာန်ကို ပြောင်းလဲလိုက်သည်။ သူ၏ မျက်လုံးများက အေးစက်နေပြီး အနည်းငယ်မျှပင် တွေဝေနေခြင်းမရှိဘဲ ဆုံးဖြတ်ချက် ခိုင်မာနေသည့် အသွင် ရှိသည်။ သူ့လက်ထဲမှ လှံသည် ကြေမွကာ အလုံးစုံ ပျက်စီးသွားသည်။

သူသည် ထိုအဖြစ်အပျက်မှနေ၍ ကြောက်မက်ဖွယ် ဖျက်ဆီးခြင်း စွမ်းအားကို ခံစားမိလိုက်သည်။ ယင်းတွင် ကြယ်တာရာ စွမ်းအားများနှင့်အတူ အချို့သော ကြောက်မက်ဖွယ် လေဟာနယ်ဖြိုခွဲ စွမ်းအားများလည်း အပြည့်အဝ ပါဝင်နေသည်။ ထိုသို့သော စွမ်းအားမျိုးသည် စကြဝဠာဖြိုခွင်းခြင်း နည်းလမ်းပင် ဖြစ်တော့၏။

ထိုဖျက်ဆီးခြင်း စွမ်းအားများသည် သူ ယခင်က ရီဖူရှင်းနှင့် တိုက်ခိုက်စဉ်၌ မြင်ဖူးခဲ့သော စွမ်းအားမျိုး မဟုတ်ပေ။

ကြယ်တာရာများသည် ရီဖူရှင်း အနီးတွင် ရစ်ပတ်နေပြီး အရာအားလုံးကို အရူးအမူး ချေမွဖျက်ဆီးနေသည်။ သူ့လက်ထဲမှ လှံသည် တောက်ပနေသော အစွမ်းထက် အလင်းတန်းများနှင့် ထိုးဖောက်ခံရကာ မည်သည့်အရာမှ မကျန်သည်ထိ တိုက်စားခံလိုက်ရသည်။

သို့သော်လည်း သူသည် လက်နက်မရှိလျှင်ပင် ကောင်းကောင်း တိုက်ခိုက်နိုင်သေး၏။ သူက သူ၏ စစ်နတ်ဘုရား သဏ္ဌာန်ဆီ ဦးတည်လာနေသည့် လှံရှည်၏ ဖျက်ဆီးခြင်း စွမ်းအားများကြောင့် ထိတ်လန့်သွားသော်လည်း ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ကာ သူ့ဝန်းကျင်ရှိ လေဟာနယ်ကို ဖိနှိပ်ထားလိုက်သည်။

သူက လက်ကို မ လိုက်ကာ ချိပ်တံဆိပ်များကို နေရာအနှံ့တွင် ပေါ်ပေါက်လာစေသည်။  ချိပ်တံဆိပ်တိုင်းတွင် ကြောက်မက်ဖွယ် ကောင်းကင်ဒဏ်ခတ် တိုက်ခိုက်ရေး စွမ်းအားများ အပြည့်အဝ ပါဝင်နေသည်။ ယင်းတို့သည် တိုက်ပွဲအတွက် အထူးကိုက်ညီသည့် နတ်ဘုရား ချိပ်တံဆိပ်များ အဖြစ်သို့ ပြောင်းလဲသွားသည်။

သူက လက်ကို ရှေ့သို့ တွန်းလွှတ်လိုက်သည်တွင် အလွန်ကြီးမားသည့် လက်ဝါးရိပ်ကြီးက သူတို့အနီးရှိ လေဟာနယ်ကို ချိပ်ပိတ်ထားလိုက်ကာ ကောင်းကင်ကို ပိတ်ဆို့ကာဆီးလိုက်ပြီး ရီဖူရှင်း၏ ခန္ဓာကို အတွင်းသို့ ဆွဲယူဝါးမျိုရန် ကြိုးစားနေသည်။ တစ်ချိန်တည်းမှာပင် ထိုလက်ဝါးရိပ်ကြီးသည် အော်မြည်နေပြီး ယင်း၏ အနီးတွင် ချိပ်တံဆိပ်များက အရှိန်ပြင်းပြင်း လှည့်ပတ်နေသည်။ ၎င်းတို့သည် ကောင်းကင်ကိုပင် ဖျက်ဆီးနိုင်တော့မတတ် အလွန်အစွမ်း ထက်ပေသည်။

ရှင်းခိုင်၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသည့် အရိပ်အငွေ့များဖြင့် ပြည့်နှက်နေသည်။ သူသည် မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့် ဖြစ်သည့်အတွက် သူ၏ မဟာလမ်းစဉ် စွမ်းအားများမှာ ရီဖူရှင်းထက် ပို၍သာလွန်သည်ဟု ဆိုလိုပေသည်။ သူသည် ကောင်းကင်ဒဏ်ခတ် တိုက်ခိုက်ရေး စွမ်းအားနှင့် စစ်နတ်ဘုရား၏ မုဒြာကိုလည်း ပိုင်ဆိုင်ထားသေးသည်။ အနီးကပ်တိုက်ပွဲ စွမ်းရည်အနေနှင့် ဆိုလျှင် ရီဖူရှင်းက သူ၏ တိုက်ကွက်ကို ခံနိုင်ရည် ရှိလိမ့်မည်မဟုတ်ဟု ယူဆလေသည်။

သွေးနဂါးမြစ်ကမ်းပါးရှိ မရေတွက်နိုင်သော လူများနှင့် ဒေသနန်းတော်မှ လူများလည်း ထိုမြင်ကွင်းကို မျက်မြင်တွေ့ကြမည် ဖြစ်သည်။ သူတို့သည် ရှင်းခိုင်က သူ၏ ခန္ဓာကို သက်စောင့်ဝိညာဉ်နှင့် ပေါင်းစပ်လိုက်ပြီး တစ်ကိုယ်လုံး တောက်ပသော အလင်းများ ထုတ်လွှတ်နေသည်ကို မြင်ကြရသည်။

သူသည် ကောင်းကင်ဒဏ်ခတ် တိုက်ခိုက်ရေး စွမ်းအားများဖြင့် လွှမ်းခြုံထားသကဲ့သို့ ထင်မှတ်ရပြီး သူမတူသည့် စစ်နတ်ဘုရား၏ စွမ်းအားအသိများကို ထုတ်လွှတ်ထားသည်။ သူ ထုတ်ဖော်ထားသည့် အလွန် ထည်ဝါသော သဏ္ဌာန်မှ စွမ်းအားများကို အဝေးမှ လူအများသည်ပင် ခံစားနိုင်စွမ်း ရှိပေသည်။

ထိုမျှ ကြီးမားသည့် စွမ်းအားကို ရီဖူရှင်း မည်ကဲ့သို့ ရင်ဆိုင်မည်နည်း။

ဤတိုက်ပွဲသည် လက်ရည်စမ်းခြင်း သက်သက် မဟုတ်ဘဲ သေသည်အထိ တိုက်ရမည့် ပွဲဖြစ်သည်။ ရှင်းခိုင်သည် ရီဖူရှင်းနှင့် လက်ရည်စမ်းရန် စိတ်ကူးမရှိပေ။ သူသည် တုံ့ဆိုင်းခြင်းမရှိဘဲ အစွမ်းထက်ဆုံး တိုက်ခိုက်ရေး နည်းစနစ်ကို ဖော်ထုတ်၍ ရီဖူရှင်းကို သတ်ဖြတ်ရန် ရည်ရွယ်လိုက်သည်။

ရီဖူရှင်းသည် အလွန်ထည်ဝါ ခန့်ညားသည့် ပုံရိပ်နှင့် ရှင်းခိုင်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

ရှင်းခိုင်က ပွဲသိမ်းလိုနေသည်လား…

သူ့ကို လွှမ်းခြုံထားသည့် ပညာရှိကျမ်း၏ အလင်းများမှ အခြားသော လှံရှည်တစ်လက် ဖြစ်တည်လာသည်။ သူသည် ချိပ်တံဆိပ်များက သူ့ထံသို့ အဖက်ဖက်မှ ကျဆင်းလာသည်ကို မြင်လိုက်ရသော်လည်း နောက်သို့ ပြန်ဆုတ်ခွာ မသွားခဲ့ပေ။ သူသည် ရှင်းခိုင်ကဲ့သို့ပင် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်၏။

“မင်းက အချိန်ဖြုန်းနေတာပဲ”

ရှင်းခိုင်၏ အသံက အေးစက်နေပြီး သူတို့၏ ဝန်းကျင်ကို ပဲ့ထပ်ရိုက်လာသည်။ သူ့အသံတွင် ပြင်းထန်သည့် တိုက်ခိုက်ရေး စွမ်းအားများ ပေါင်းစပ်ပါဝင်နေပြီး အခြားသော စွမ်းအားများကို လှုပ်ခါနိုင်စွမ်း ရှိပေသည်။

ထိုအခိုက်တွင် ပညာရှိကျမ်း၏ အလင်းရောင် စက်ဝန်းသဏ္ဌာန် ဖြစ်တည်လာပြီး ပိုမို ပြင်းထန်သော အလင်းရောင်စဉ်တန်းများက ပေါ်ပေါက်လာသည်။

တစ်ချိန်တည်းမှာပင် ထောင်ချီသော ရှေးဟောင်း သင်္ကေတများက ရီဖူရှင်း၏ ဝန်းကျင်တွင် ပေါ်ပေါက်လာ၏။ သင်္ကေတ စာလုံးတိုင်းသည် အလွန်ပြင်းထန်သည့် ကြောက်မက်ဖွယ် စွမ်းအားများ ပါဝင်နေပုံရသည်။ ၎င်းတို့၏ ပတ်ဝန်းကျင်သည် တုန်ခါ မြည်ဟည်းနေပြီး ရီဖူရှင်းကို ဝန်းပတ်နေသည့် စာလုံးသင်္ကေတများက ပေါက်ကွဲသွားသည်။ ယင်းသည် ရှင်းခိုင်ထံမှ ထုတ်လွှတ်ထားသော ထူးကဲသာလွန်သည့် သဏ္ဌာန်မဲ့ စွမ်းအားများသည် ဖျက်ဆီးခံလိုက်ရပြီး ရှေးဟောင်းစာလုံး သင်္ကေတများ၏ လမ်းကြောင်းကို ရပ်တန့်ရန်မှာ သူ့အတွက် မဖြစ်နိုင်ခဲ့ပေ။

“စာလုံးထောင်ချီ မှော်စာလိပ်”

သွေးနဂါးမြစ်ကမ်းပါး ရှေ့ဆုံးတွင် ရပ်နေသည့် ချီရှန်းသည် အတော်လေး အံ့သြတုန်လှုပ် သွားလေသည်။ ရီဖူရှင်းသည် စာလုံးထောင်ချီ မှော်စာလိပ်ကို လူတိုင်းထက် နားလည်သဘော ပေါက်ခဲ့လေသည်။ သူသည် ရန်ဟောင်တစ်ပါး ဖန်တီးခဲ့သည့် မှော်စာလိပ်ကို ပိုင်ဆိုင်နိုင်ခဲ့ပြီး သင်ယူရန်အတွက် ထိုမှော်စာလိပ် အတွင်းသို့ ဝိညာဉ်စွမ်းအားကို ဝင်ရောက်စေနိုင်ခဲ့သည်။

ပိုင်ဆိုင်ပြီး မကြာခင်မှာပင် ရီဖူရှင်းသည် ရှင်းခိုင်နှင့် သေခြင်းရှင်ခြင်း တိုက်ပွဲတွင် စာလုံးထောင်ချီ မှော်စာလိပ်၏ စွမ်းအားများကို အသုံးပြု၍ တိုက်ခိုက်နိုင်ခဲ့သည်။

ထိုစွမ်းအားကြောင့် သူက ယုံကြည်ချက် ရှိနေသည်လား။

ရီဖူရှင်းသည် သူ့လက်ထဲက လှံရှည်ကို ဝှေ့ယမ်းလိုက်သည်။ သူ့အနီးမှ စာလုံးသင်္ကေတများ အားလုံးသည် တစ်ချိန်တည်းတွင် ကျယ်လောင်စွာ အော်မြည်လာသည်။ စာလုံးသင်္ကေတ တိုင်းသည် ရီဖူရှင်း၏ မဟာလမ်းစဉ် စွမ်းအားအသိများနှင့် ပေါင်းစပ်ပျော်ဝင် နေပေသည်။ မဟာလမ်းစဉ်၏ စွမ်းအားများသည် စာလုံးသင်္ကေတများနှင့် ပေါင်းစပ်ကာ  ရှေ့မှ လာနေသည့် ချိပ်တံဆိပ်များနှင့် ရိုက်ခတ်သွားခဲ့သည်။

ဘုန်း…

ကျယ်လောင်သည့် တုန်ခါသံကို ကြားလိုက်ရပြီး စာလုံးသင်္ကေတများသည် ချိပ်တံဆိပ်များပေါ်သို့ မဟာလမ်းစဉ်၏ ကြယ်များကဲ့သို့ ပြင်းထန်စွာ ကျရောက်လာပြီး ယင်းတို့ကို ကွဲကြေပျက်စီး သွားစေသည်။

ထောင်ချီသော ချိပ်တံဆိပ်များမှာ ထိုနေရာတွင် မျောလွင့်နေပြီး ကောင်းကင်ကို ပိတ်ကွယ်တားဆီး၍ ရီဖူရှင်းဆီသို့ ပျံသန်းလာသော်လည်း သူ့အနီးတွင် ကြယ်ပျံများကဲ့သို့ လင်းလက် စီးဆင်းနေသည့် စာလုံးသင်္ကေတများသည် ထိုပြေးဝင်လာနေသည့် မရေတွက်နိုင်သော ချိပ်တံဆိပ်များကို ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။

သူတို့ အနီးရှိ လောကသည် မည်သည့် အချိန်တွင်မဆို အပိုင်းပိုင်း ပျက်စီးသွားရန် အသင့် ဖြစ်နေသကဲ့သို့ ထင်မှတ်ရလေသည်။ ဖျက်ဆီးခြင်း စွမ်းအား စီးကြောင်းများက သွေးနဂါးမြစ်အထက်တွင် ထိန်းမနိုင်သိမ်းမရ စီးဆင်းနေသည့် အတွက်ကြောင့် ယင်းသည် အားလုံး၏ နားစည်ကို ရိုက်ခတ်ကာ နာကျင်မှုကိုပင် ခံစားကြရလေသည်။

သို့တိုင်အောင် သူတို့သည် တိုက်ပွဲ၏ အသေးစိတ် အချက်အလက်လေး တစ်ခုမျှပင် လွဲချော်သွားမည်ကို မလိုချင်ကြသည့်အတွက် သူတို့၏ မျက်လုံးများကို ရှေ့မှ မြင်ကွင်းထံ၌သာ စူးစိုက်ထားကြသည်။

ထိုအခိုက်တွင် တိုက်ခိုက်နေကြသည်မှာ အလွန် ခမ်းနားထည်ဝါသည့် တိုက်ပွဲမြင်ကွင်း တစ်ခု ဖြစ်နေသည်ဟု ဆိုရပေမည်။ ရှေးဟောင်းစာလုံး သင်္ကေတများသည် လျှို့ဝှက်ဆန်းကြယ်သည့် ပုံစံဖြင့် ရှေ့သို့  ဆက်လက်၍ ရွေ့လျားနေပြီး အခြားတစ်ဖက်မှ လည်နေသည့် ချိပ်တံဆိပ်များနှင့် ထိပ်တိုက်ရင်ဆိုင်မိသည်။ စာလုံးသင်္ကေတ တစ်ခုချင်းစီတိုင်းသည် ချိပ်တံဆိပ်များနှင့် ယှဉ်နိုင်စွမ်း ရှိပေသည်။

ဘုန်း…

ထိတ်လန့် ကြောက်မက်ဖွယ် ပြင်းထန်သည့် တိုက်ပွဲကွင်းပြင်မှ ထိုလူနှစ်ဦးတွင် မည်သူကမှ နောက်တွန့်မသွားခဲ့ကြပေ။ သူတို့သည် တစ်ချိန်တည်းမှာပင် ရှေ့သို့ တိုးလာကြပြီး ရှင်းခိုင်၏ လက်ဝါးရိပ်များက ရီဖူရှင်း၏ စာလုံးသင်္ကေတများဆီသို့ အရှိန်ပြင်းပြင်း ဆက်လက် ကျရောက်နေသည်။

နေရာတစ်ခုလုံးကို လွှမ်းမိုးကာ ကောင်းကင်ကို ပိတ်ကွယ် တားဆီးလာသည့် အခြားထက်ပို၍ အစွမ်းထက်သော ချိပ်တံဆိပ်များ ပေါ်ပေါက်လာပြီး အားလုံးသော ရှေးဟောင်းစာလုံးများကို လျင်မြန်စွာ ချေမွဖျက်ဆီး ပစ်လိုက်လေသည်။

သို့သော်လည်း ရီဖူရှင်းသည် လှံရှည်နှင့် ဝှေ့ယမ်းလိုက်လျှင် စာလုံးသင်္ကေတများသည် တစ်ခုပြီးတစ်ခု အရှိန်အဟုန်ပြင်းစွာ ပြေးထွက်သွားပြီး ကောင်းကင်ကို ပိတ်ကွယ်ထားသည့် လက်ဝါးရိပ်များနှင့် ထိပ်တိုက်တွေ့ဆုံကာ အော်မြည်သံများ ထွက်ပေါ်လာစေသည်။ ပိုမိုအားကောင်းသည့် အော်မြည်သံများကို ကြားလိုက်ရပြီး ယင်းတို့၏ အားအင်များသည် အတော်လေး လျော့နည်းသွားပုံ ရလေသည်။

ထိုအခိုက်၌ ရီဖူရှင်း၏ လှံရှည်သည် အလွန်တောက်ပသော အလင်းများ ပေါက်ကွဲထွက်လာပြီး နတ်ဘုရားလက်နက် ကဲ့သို့ပင် လက်ဝါးရိပ်များကို ထိုးဖောက်သွားလေသည်။ လှံရှည်ထိပ်ဖျားရှိ စာလုံးသင်္ကေတများသည် နေရာတစ်ခုဆီသို့ တိုးဝင်ပေါင်းစပ် သွားသည်။ စာလုံးသင်္ကေတတိုင်းသည် ကြယ်များကဲ့သို့ လှံရှည်နှင့်အတူ ရှေ့သို့ တိုးဝင်သွားပြီး လက်ဝါးရိပ်များကို ထိုးဖောက်လိုက်လေသည်။

ထိုခဏအတွင်းတွင် မွန်းကျပ်ဖွယ် တုန်ခါသံများကို ကြားလိုက်ရသည်။ အက်ကြောင်းလိုက် ကွဲအက်သံများ ထွက်ပေါ်လာကာ စစ်နတ်ဘုရား၏ မုဒြာသည် စတင်၍ အပိုင်းပိုင်း ပျက်စီးသွားလေသည်။ လှံရှည်သည် အဆုံးမဲ့အလင်းများနှင့် တောက်ပနေပြီး ပညာရှိကျမ်း၏ အလင်းများသည်လည်း ၎င်းအတွင်းသို့ ပျော်ဝင်ပေါင်းစပ် သွားလေသည်။

ဘုန်း…

ပေါက်ကွဲသံတစ်ခုကို ကြားလိုက်ရကာ ကောင်းကင်ကိုပင် ပိတ်ကွယ် တားဆီးနေသော ထိုခမ်းနားထည်ဝါသည့် လက်ဝါးရိပ်ကြီးသည် ကြေမွပျက်စီးသွားကာ မည်သည့်အရာမှ မကျန်သည်အထိ ပြောက်ပျယ်သွား ခဲ့ပေသည်။

“အဲဒါက ပျက်စီးသွားတာလား”

ထိုမြင်ကွင်းကို မျက်မြင်တွေ့လိုက်ရသည့် လူအများ၏ နှလုံးသားက တုန်လှုပ်နေကြသည်။ ရီဖူရှင်းသည် အမှန်တကယ်ပင် သူ၏ စွမ်းအားကိုသာ အသုံးပြု၍  ရှင်းခိုင်၏ စစ်နတ်ဘုရား မုဒြာအား ဖျက်ဆီးပစ်နိုင်လေသည်။ သူသည် နတ်ဘုရား လက်နက်ကိုပင် အသုံးပြုရန် မလိုအပ်ခဲ့ပေ။ ထိုကဲ့သို့သော တိုက်ခိုက်မှု စွမ်းအားမျိုးသည် သူ ဖျက်ဆီးပစ်နိုင်သော အရာမျိုးမဟုတ်ဟု ထင်မှတ်ခဲ့ကြသော်လည်း သူက လုပ်ဆောင်နိုင်ခဲ့ပေသည်။

ရှင်းခိုင်သည် မက်မွန်ပွဲတော် မတိုင်ခင်က မည်သည့်တိုက်ပွဲတွင်မှ မရှုံးနိမ့်ခဲ့ဖူးသည် အစွမ်းထက်သူတစ်ဦး ဖြစ်သည်။ သူ၏ ပြိုင်ဘက်ကင်း တိုက်ခိုက်ရေး စွမ်းအားကို အသုံးပြု၍ တိုက်ပွဲတိုင်းကို အောင်နိုင်ခဲ့ပေသည်။

သို့ရာတွင် ထိုအခိုက်အတန့်တွင် ရှင်းခိုင်၏အကောင်းဆုံး တိုက်ကွက်သည် ရီဖူရှင်း၏ လှံရှည်ကြောင့် ဖျက်ဆီးခြင်း ခံလိုက်ရသည်။

ဤစွမ်းအားက စာလုံးထောင်ချီ မှော်စာလိပ်၏ စွမ်းအားပေလော။

စာလုံးသင်္ကေတတိုင်းတွင် မဟာလမ်းစဉ် တိုက်ခိုက်မှုစွမ်းအားများ ပါဝင်နေသည်။ စာလုံးသင်္ကေတများ လှုပ်ရှားတိုက်ခိုက် လိုက်သည့်အခါ ယင်းတို့အားလုံးသည် ကြယ်များအဖြစ် တစ်ချိန်တည်း၌ အရှိန်အဟုန်ပြင်းစွာ ထိုးထွက်သွားကြသည်။ စကြဝဠာဖြိုခွင်းခြင်း စွမ်းအားများသည် ရှေ့သို့ တိုးထွက်သွားပြီး တခဏအတွင်းတွင် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိခဲ့သည်။ စစ်နတ်ဘုရား၏ မုဒြာသည်လည်း တူညီစွာပင် ဖျက်ဆီးခံ လိုက်ရပေသည်။

ရှင်းခိုင်သည် ကြက်သေသေသွားရ၏။ သူ၏ လှံပညာရပ်နှင့် စစ်နတ်ဘုရား၏ မုဒြာ စွမ်းအားများ အားလုံးသည် ရီဖူရှင်းကြောင့် အရေးနိမ့်ခဲ့ရသည်။ ယခင်က ထိုတိုက်ခိုက်မှုများကို ထုတ်ဖော်လိုက်တိုင်း သူ့ကို ပြိုင်ဘက်ကင်း သွားစေ၍ သူ့ထက် ကျင့်ကြံဆင့်နိမ့်သည့် တစ်စုံတစ်ယောက်ကို လွှမ်းမိုးကာ ချေမွဖျက်ဆီးနိုင်စွမ်း ရှိခဲ့သည်။

ထို့အပြင် ရီဖူရှင်းသည် သူ၏ တိုက်ခိုက်မှုအားလုံးကို ရှောင်ရှားခြင်းပင် မပြုခဲ့ပေ။ သူသည် တစ်ချိန်လုံး ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်နေခဲ့ခြင်း ဖြစ်သည်။

ရှင်းခိုင်သည် သူ့ခေါင်းကို ငုံ့ကာ နတ်ဘုရားအလင်းများနှင့် လွှမ်းခြုံခံထားရသည့် ရီဖူရှင်းအား ကြည့်လိုက်သည်။ ပညာရှိကျမ်းကို ထုတ်ဖော်လိုက်သည့်အခါ သူ့စွမ်းအားများသည် မဟာလမ်းစဉ်၏ မီးပြင်းဖိုကဲ့သို့ ပြောင်းလဲသွားပြီး သူတို့ အနီးဝန်းကျင်ရှိ တာအိုအားလုံးနှင့် ရောယှက်သွားသည်။ အစွမ်းထက် ဝိညာဉ်စွမ်းအားများသည် တစ်ခဏအတွင်း ပေါက်ကွဲထွက်လာပြီး သူ၏ တိုက်ပွဲစွမ်းရည်ကို ရောက်ရှိနိုင်သည့် အမြင့်ဆုံးအဆင့်ထိ မြှင့်တင်ပေးလိုက်သည်။

လူနှင့် မဟာလမ်းစဉ်က ပေါင်းစည်းသွားသည်။ သူ၏ ဝိညာဉ်စွမ်းအား၊ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာနှင့် မဟာလမ်းစဉ်တို့က စုစည်းသွားကာ ဖြစ်တည်မှုတစ်ခု အဖြစ်သို့ ပေါင်းစပ်သွားပြီး ပြီးပြည့်စုံသည့် အခြေအနေသို့ ရောက်ရှိစေသည်။

သူသည် ရီဖူရှင်းက အံ့သြဖွယ် ကောင်းလောက်သည့် အရာများ ဖန်တီးသည်ကို မြင်တွေ့လိုက်ရသည်။ ကြယ်များသည် နေရာအနှံ့ ပေါ်ပေါက်လာပြီး သွေးနဂါးမြစ်အထက်ရှိ ကောင်းကင်ကို လွှမ်းခြုံသွားကာ သူတို့ အားလုံးအနီးတွင် ရစ်ပတ်နေသည်။ ကြယ်များအားလုံးသည် တောက်ပသည့် နတ်ဘုရားအလင်းများကို ထုတ်လွှတ်နေပြီး ရီဖူရှင်းထံသို့ ကျဆင်းလာကာ သူခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားလေသည်။ သူသည် ကောင်းကင်နှင့် မြေကြီးအပြင် သူ့ ဝန်းကျင်တွင် ရှိသမျှအရာရာကို အမိန့်ပေးခိုင်းစေနိုင်စွမ်း ရှိသည်ဟု ထင်မှတ်ရပေသည်။

သွေးနဂါးမြစ်ကမ်းပါးရှိ ကြီးမားသော လူအုပ်ကြီးအကြားတွင် လူအိုကြီးတစ်ဦး ထွက်ပေါ်လာသည်။ သူတို့ရှေ့မှ တောက်ပနေသည့် မြင်ကွင်းကို မြင်သည့်အခါ သူ၏ အမူအရာက ထူးဆန်းသွားလေသည်။ သူက ရီဖူရှင်းကို မကြာသေးခင်က သူ၏ ကျင်ကြံရေး နည်းလမ်းအား သင်ကြားပေးခဲ့သော်လည်း သင်ကြားပေးခြင်းရလဒ်က ထိုမျှထိ ကောင်းမွန်လွန်းနေမည်ဟု သူ ထင်မှတ်မထားမိခဲ့ပေ။

ဤသည်က သူ၏ စွမ်းရည်ကို ရီဖူရှင်းသည် စိတ်ဝိညာဉ်စွမ်းအင်နှင့် ယင်းတို့ကို ဆက်သွယ်ကာ လျှို့ဝှက်ဆန်းကြယ်သည့် နည်းစနစ်နှင့်ပါ ပြည့်စုံစွာ ပေါင်းစပ်နိုင်ခဲ့သည် ဟူသော သက်သေပင် ဖြစ်တော့သည်။ ထိုသို့သော ပါရမီမျိုးက ထိတ်လန့်ဖွယ်ပင် ဖြစ်၏။ သူက ရှင်းခိုင် ဖော်ထုတ်ခဲ့သော ကောင်းကင်ဒဏ်ခတ် တိုက်ခိုက်ရေး စွမ်းအားကို အဘယ်ကြောင့် သူ၏ တိုက်ခိုက်ရေး စွမ်းရည်သက်သက်ဖြင့် ခုခံနိုင်ခဲ့သလဲဆိုသည်မှာ အံ့သြနေရန် မလိုတော့ပေ။

သာမန် မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့် မဟုတ်ဘဲ ရှင်းခိုင်ပင်လျှင် လွှမ်းမိုးခြင်းကို ခံရလိမ့်မည်ဟူခြင်းမှာ ပြောနေရန်ပင် မလိုပေ။ ထိုစွမ်းအားမျိုးကို အမှန်တကယ်ပင် နတ်ဘုရား ဆေးကြောသန့်စင်ခြင်း အဆင့်ရှန့်ထိုက ထုတ်ဖော်နိုင်စွမ်း ရှိခဲ့သည်လား။

ထိုလူအိုကြီးက တွေးတောနေစဉ်မှာပင် တောက်ပသည့် အလင်းတန်းများသည် ပေါက်ကွဲထွက်လာပြီး ရှေ့သို့ ထိုးထွက်သွားကာ သွေးနဂါးမြစ်အထက်၌ အလင်းများ လွှမ်းခြုံသွားလေသည်။

ရီဖူရှင်းသည် အထက်သို့ ဦးတည်ကာ သူ၏ လှံရှည်နှင့် ထိုးနှက်လိုက်ပြန်သည်။ ယင်းသည် ကောင်းကင်ကို ထွင်းဖောက်ကာ ရှင်းခိုင်၏ ကြီးမားထည်ဝါသည့် ခန္ဓာကိုယ်ကြီးဆီသို့ တည့်တည့် ဦးတည်သွားလေသည်။ လှံရှည်သည် လှုပ်ရှားလိုက်သည့်အခါ ကြယ်များ၏ စွမ်းအားများကိုပါ သယ်ဆောင်လာပြီး ၎င်း၏ ပစ်မှတ်ရှိရာသို့ ချက်ချင်းရောက်ရှိ သွားပေသည်။ ထိုလှံရှည်သည် ကြယ်တာရာ စွမ်းအားများနှင့် ပြည့်နှက်နေပြီး အလွန် ပြင်းထန်လှသည့် စကြဝဠာဖြိုခွင်းခြင်း စွမ်းအားများ ပါဝင်နေ၏။

ရှင်းခိုင် ဖန်တီးထားသည့် ချိပ်တံဆိပ်များသည် ခဏချင်းအတွင်း၌ ပြိုကွဲပျက်စီး သွားလေသည်။ ထိုနောက် လှံရှည်သည် ရှင်းခိုင်၏ ကြီးမားထည်ဝါသည့် ခန္ဓာကိုယ်ကို ရိုက်ခတ်လိုက်သည်။ အံ့သြစရာကောင်းလှစွာပင် ကြီးမားထည်ဝါသည့် စစ်နတ်ဘုရားသည် လွင့်စင်သွားလေတော့၏။ နားအူမတတ် ဆူညံသံများ ထွက်ပေါ်လာသည်။ သူ၏ ကြီးမားလှသော ကိုယ်ခန္ဓာကြီးသည် စကြဝဠာဖြိုခွင်းခြင်း စွမ်းအင်ကြောင့် အပိုင်းပိုင်း ပြိုကွဲသွားရလေသည်။

ရှင်းခိုင်၏ စစ်နတ်ဘုရား တိုက်ပွဲသဏ္ဌာန်သည် ပျက်ပြယ် သွားရတော့သည်။

“ဒါက ဘယ်လို တိုက်ခိုက်မှုမျိုးလဲ”

ကြည့်ရှုနေသူများ အားလုံးသည် ရီဖူရှင်း ထုတ်ဖော်လိုက်သည့် အလွန်ပြင်းထန်လှသော တိုက်ခိုက်မှုကြောင့် အံ့သြမှင်တက် သွားကြလေသည်။ လူအများသည် ထိုလှံရှည်က မည်မျှ စွမ်းအား ပြင်းထန်သည်ကို အံ့သြထိတ်လန့် နေကြသည်။ သို့ရာတွင် ထိုအဖြေကိုတော့ တိုက်ခိုက်မှုအား ထိပ်တိုက် ရင်ဆိုင်ခဲ့ရသည့် ရှင်းခိုင်သာလျှင် သိရှိပေလိမ့်မည်။

သွေးနဂါးမြစ်သည် ဆက်လက်၍ အော်မြည်နေသော်လည်း တိုက်ပွဲ ကွင်းပြင်သည်တော့ ထူးထူးခြားခြား ဆိတ်ငြိမ်သွားခဲ့သည်။ မရေတွက်နိုင်သည့် မျက်လုံးအစုံတို့မှာ ရှေ့သို့ ငေးငိုင်နေကြသည်။ ထိုတိုက်ပွဲသည် သေခြင်းရှင်ခြင်း တိုက်ပွဲဖြစ်၍ စတင်စဉ်ကပင် ယှဉ်ပြိုင်ဘက် နှစ်ယောက်လုံးသည် အားအကောင်းဆုံး တိုက်ကွက်များကို ထုတ်ဖော်ခဲ့ကြသည်။ သို့သော် ရီဖူရှင်းက ရှင်းခိုင်ကို လွှမ်းမိုးနိုင်စွမ်း ရှိလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ခဲ့ကြပေ။

လူတိုင်းသည် တိုက်ပွဲသဏ္ဌာန်ပင် ပျက်ပြယ်သွားရသည့် ပုံရိပ်ကို ကြည့်နေရင်း အံ့သြထိတ်လန့် နေကြပေသည်။ ထိုသူမှာ အမှန်တကယ်ပင် သူ၏ မျိုးဆက်တူများကြားတွင် ပြိုင်ဘက်ကင်းအဖြစ် ကျော်ကြားပြီး အလွန် ဂုဏ်ယူဖွယ်ကောင်းသည့် ရှင်းခိုင်ဖြစ်သည်။

ထိုမြင်ကွင်းကို ကြည့်နေရင်း အတူလှုပ်ဆုံးသူမှာ ရှင်းချိုးပင် ဖြစ်၏။ သူ့အစ်ကိုသည် ယခင်က မည်သည့်အခါတွင်မှ မရှုံးနိမ့်ဖူးသူ ဖြစ်သည်။ သို့သော်လည်း ထိုလူနှစ်ဦး ချန်ယဲ့မြို့တွင် ထွက်ပေါ်လာစဉ်မှ စကာ သူ့အစ်ကို၏ တောက်ပသော အလင်းသည်ပင် မှေးမှိန်သွားခဲ့ရ၏။

ထိုအရာအားလုံးမှာ သူသည် ထိုတိုက်ပွဲ၌ ယူချင်းနှင့် တိုက်ခိုက်ခဲ့ရခြင်းမှ စတင်လေသည်။

“မင်း အခု သေဖို့ အသင့်ဖြစ်ပြီလား”

ရီဖူရှင်းက လေထုကို ဖြတ်သန်းကာ လျှောက်လာနေရင်း မေးလိုက်သည်။ သူ၏ မျက်လုံးများသည် ရှင်းလင်းနေပြီး ရှင်းခိုင်ကို ကြည့်ရာတွင် ဘာမှ ဂရုမစိုက်သည့်ဟန် ရှိပေသည်။

ဤတိုက်ပွဲသည် သေခြင်းရှင်ခြင်းတိုက်ပွဲ ဖြစ်သည်။

အနိုင်ရသူက အသက်ရှင်ကျန်၍ ရှုံးနိမ့်သူက သေဆုံးရပေလိမ့်မည်။

***

All Chapters