သေသည်အထိ ရိုက်သတ်ခြင်း
Vol. 014 Ch. 1310
ရှင်းခိုင်၏ အရှိန်အဝါက မတည်မငြိမ် ဖြစ်နေပြီး သူ့ခန္ဓာက ကွေးညွှတ်နေသည်။ သူသည် စစ်နတ်ဘုရား တိုက်ပွဲသဏ္ဌာန်သည် လှံရှည်တစ်ချက် ထိုးနှက်ချက်ကြောင့် ကြေမွပျက်စီး သွားရလေသည်။ သူ့လက်မောင်းက အနည်းငယ် တုန်ယင်နေသည်။ ထိုသည်မှာ ကြောက်ရွံ့ခြင်းမှ ဖြစ်သည့် တုံ့ပြန်မှုမဟုတ်ဘဲ တိုက်ခိုက်ရာမှ ရှုံးနိမ့်သွားသည့် အတွက်ဖြစ်ပေသည်။
သူ၏ စစ်နတ်ဘုရား မုဒြာနှင့် စစ်နတ်ဘုရား တိုက်ပွဲသဏ္ဌာန် နှစ်ခုလုံးသည် ရီဖူရှင်းကြောင့် ပျက်စီးသွားရသည်။ သူ့ကဲ့သို့ မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့်က ရီဖူရှင်းအား ရှုံးနိမ့်ခဲ့သည် ဆိုခြင်းကို လက်ခံနိုင်စွမ်း မရှိပေ။
ကောင်းကင်ဒဏ်ခတ် တိုက်ခိုက်ရေး စွမ်းအားသည် အလွန်ပြင်းထန်သည့် တိုက်ပွဲများတွင် တစ်စုံတစ်ယောက်၏ ဝိညာဉ်စွမ်းအားကို အဆုံးစွန်ထိ ထုတ်သုံးနိုင်စွမ်း ရှိပြီး သူ၏ ပုံမှန် စွမ်းရည်ထက် ပို၍သာလွန်သော တိုက်ပွဲစွမ်းရည်ကို ထုတ်ဖော်နိုင်စွမ်း ရှိပေသည်။ သူ၏ တိုက်ခိုက်မှုအားလုံးသည် စစ်နတ်ဘုရား မုဒြာ၏ အလွန်ပြင်းထန်သည့် ကြောက်မက်ဖွယ် စွမ်းအားများ ပေါင်းစပ်ပါဝင်နေပေသည်။
ထိုသို့ ကြောက်မက်ဖွယ် စွမ်းအားကို ဖော်ထုတ်နိုင်သည့်အပြင် သူ၏ အဆင့်သည်လည်း ရီဖူရှင်းထက်ပင် ပိုမြင့်သော်လည်း သူ ရှုံးနိမ့်ခဲ့ရသည်ကို နားလည်နိုင်စွမ်း မရှိပေ။
ရှင်းခိုင်သည် အင်ပါယာကျန်း၏ မျိုးဆက်ဖြစ်သည်။ သူသည် ရန်ဟောင်တစ်ပါး ဖြစ်လာမည့် ကံကြမ္မာကို ပိုင်ဆိုင်ထားပေသည်။ သူသည် ကောင်းကင်ဒဏ်ခတ် တိုက်ခိုက်ရေး စွမ်းအားကိုလည်း ဆက်ခံအသုံးပြု နိုင်ခဲ့သည်။
“ငါက ဘယ်လို ရှုံးရတာလဲ။ ငါက ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ”
ဘုန်း…
ကျယ်လောင်သည့် ဆူညံသံထွက်ပေါ်လာပြီး သူတို့ အနီးရှိ ပတ်ဝန်းကျင်က တုန်ခါသွားလေသည်။ ပြင်းထန်သည့် သွေးနီရောင် မီးတောက်များက အော်မြည်နေပြီး သူ့ကို ဖိအားပေးလာ၏။
ရှင်းခိုင်က မောကြည့်လိုက်သည်တွင် ရီဖူရှင်း ရှေ့သို့ တိုးဝင်လာသည်ကို မြင်လေသည်။ သူ၏ အရှိန်အဝါသည် ဆက်လက်၍ ကြီးမား ပြင်းထန်လာသည်။ တောက်ပသည့် အလင်းများသည် သူ့အနီးတွင် အားလုံး လှည့်ပတ်နေကြသည်။ သူ့ကို လောကအတွင်းမှ ကြယ်များနှင့် လွှမ်းခြုံထားသကဲ့သို့ ရှိနေသည်။ သူ၏ လက်ထဲမှ လှံရှည်နှင့် သူ့ကို ကြည့်ရသည်မှာ ခမ်းနားထည်ဝါ နေပေသည်။ ရှင်းခိုင်ကို ကြည့်နေသည့် သူ့ မျက်လုံးများသည် အထင်သေးမှုများနှင့် ပြည့်နှက်နေသည်။
သူသည် ရှင်းခိုင်ကို သတ်ဖြတ်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။
သွေးနဂါးမြစ်ကမ်းပါးတွင် ထိုတိုက်ပွဲကို ကြည့်ရှုနေသည့် သူများသည် အလွန်ပင် တိတ်ဆိတ်နေကြ၏။ ရှင်းခိုင်က တိုက်ခိုက်နိုင်စွမ်း မရှိတော့သည်လား။
နဝမအစေခံသည်လည်း ယနေ့တိုက်ပွဲတွင် တက်ရောက်လာပေသည်။ သူ၏ အမူအရာက တည်ငြိမ်နေသည်။ အင်ပါယာရှားဘုံမှ ဤလူငယ်သည် အစစ်အမှန် စွမ်းအားနှင့် ပါရမီအရည်အချင်း နှစ်ခုလုံး၌ လွှမ်းမိုးနိုင်စွမ်း ရှိပေသည်။ ထိုသည်မှာ မငြင်းဆန်နိုင်သည့်အရာ ဖြစ်သည်။
သို့သော်လည်း ရီဖူရှင်းသည် ရှင်းခိုင်ကို သတ်ရန်မှာ မဖြစ်နိုင်ပေ။ အခြေအနေများသည် သေရေးရှင်ရေးသို့ ပြောင်းလဲသွားပြီ ဖြစ်သည်။ ရှင်းခိုင်သည် သူ၏ အသက်နှင့် ဂုဏ်သိက္ခာကို ကာကွယ်ရပေမည်။
နဝမအစေခံသည် ရှင်းခိုင်က ဤတိုက်ပွဲ ပြီးသည့်နောက်၌ စိတ်သစ်လူသစ် ဖြစ်လာစေရန် မျှော်လင့်ခဲ့သည်။ ထိုသို့ လုပ်ရန်အတွက် သူသည် မည်သို့သော တန်ဖိုးကို ပေးဆပ်ရသည်ဖြစ်စေ ရှင်းခိုင်က အနိုင်ယူနိုင်စွမ်း ရှိခဲ့သည်နှင့် အသစ် စတင်နိုင်မည် ဖြစ်သည်။
သူသည် ထိုအဆင့်ကို ကျော်ဖြတ်နိုင်စွမ်း ရှိခဲ့ပါက ရှင်းခိုင်သည် ယခင်ကထက် အစွမ်းထက် သန်မာလာမည် ဖြစ်သည်။ သူ၏ စိတ်အခြေအနေသည်လည်း ပို၍ တိုးတက်လာလိမ့်မည် ဖြစ်သည်။ ယင်းသည် သူ့ကို ရှန့်ထိုတတိယအဆင့် ဖြစ်သည့် သံသယကင်းစင်ခြင်း အဆင့်ကို ရောက်ရှိနိုင်သည့် လမ်းအား ခင်းပြီးသား ဖြစ်သွားပေလိမ့်မည်။
ထို့ကြောင့် မည်သည့် တန်ဖိုးကို ပေးဆပ်ရသည်ဖြစ်စေ ထိုက်တန်ပေသည်။
ထိုသို့သော တိုက်ပွဲမျိုးသည် ရှင်းခိုင်က တစ်နေ့တွင် တိုက်ခိုက်ရလိမ့်မည့် တိုက်ပွဲမျိုး ဖြစ်သည်။ ရီဖူရှင်းသည် အခြားသူများနှင့် မတူဘဲ အလွန် တောက်ပနေသည့် ပါရမီရှင် ဖြစ်ပြီး ရှင်းခိုင်အတွက် ကောင်းကင်မှ လက်ဆောင် ပေးလိုက်သည့် ပြိုင်ဘက်ပင် ဖြစ်၏။
ဘုန်း…
နောက်ထပ် ဆူညံသည့် အသံကြီးကို ကြားလိုက်ရသည်။ ရီဖူရှင်းသည် သူ့လက်ကို မ လိုက်၏။ သူသည် အချိန်မရွေး ရှင်းခိုင်၏ အသက်ကို အဆုံးသတ်နိုင်စွမ်း ရှိသကဲ့သို့ ထင်ရ၏။
ဘုန်း…
လျှပ်စီးအလင်းတန်းကြီး ရိုက်ခတ်လာပြီး ရီဖူရှင်းသည် သူ ရပ်နေသည့် နေရာမှ ပျောက်ကွယ်သွားသည်။ သူသည် လှံရှည်ဖြင့် ထိုးနှက်လိုက်ပြီး မည်သူမှ မကြည့်နိုင်လောက်အောင် မျက်စိကျိန်းလောက်သည့် အလင်းများ ထုတ်လွှတ်နေပေသည်။
ရှင်းခိုင်သည် ထိုတိုက်ခိုက်မှုကို ရင်ဆိုင်နိုင်စွမ်း ရှိလိမ့်မည်လား။
ဘုန်း…
မရေတွက်နိုင်သည့် မျက်လုံးအစုံတို့မှာ ထိုမြင်ကွင်းကို ကြည့်နေကြ၏။ ကြည့်ရှုနေသူများမှာ သွေးနဂါးမြစ်အထက်၌ မည်သည့်အရာများ ဖြစ်ပျက်သွားသည်ကို ရှင်းလင်းစွာ မြင်လိုက်ရသောအခါ သူတို့၏ နှလုံးသားများမှာ ပြင်းထန်စွာ ခုန်လှုပ်သွားကြသည်။
“အဲဒါက...”
လူအများသည် ရီဖူရှင်း၏ လှံရှည်က ရှင်းခိုင်ဆီသို့ ဦးတည် တိုးဝင်သွားသည်ကို မြင်လိုက်ရသည်။ ကောင်းကင်အတွင်းမှ ကြယ်များသည် နေရာတစ်ခုအတွင်းသို့ စုစည်းလာပေသည်။ အလွန် လွှမ်းမိုးနိုင်စွမ်း ရှိသည့် တိုက်ခိုက်မှုသည် ရှင်းခိုင်ထံသို့ ထိုးဖောက်သွားသည်။
သို့သော်လည်း ရှင်းခိုင်သည် မားမားမတ်မတ်နှင့် ဝံ့ကြွားစွာ ရပ်တည်နိုင်ဆဲ ဖြစ်ပေသည်။
သူ၏ သက်စောင့်ဝိညာဉ်သည် လောင်ကျွမ်းနေပုံရသည်။ ထိုမြင့်မားပြီး ခမ်းနားထည်ဝါသည့် စစ်နတ်ဘုရား အရိပ်ကြီးသည် ရွှေရောင် နတ်မီးလျှံများနှင့် လောင်ကျွမ်းနေပေသည်။ အလွန်တောက်ပသော အလင်းတန်းများသည် ရှင်းခိုင်၏ ခန္ဓာတစ်ခုလုံးကို လင်းလက်နေစေသည်။ ထူးခြား၍ ထိတ်လန့်ဖွယ်ကောင်းသည့် ကာကွယ်ရေး နတ်ဘုရားသည် ရှင်းခိုင်အနီး၌ ပေါ်ပေါက်လာသည်။
ကောင်းကင်ဒဏ်ခတ် တိုက်ခိုက်ရေး စွမ်းအားများသည် ဆက်လက်၍ လောင်ကျွမ်းနေပြီး သူတို့ အနီးရှိ မဟာလမ်းစဉ် စွမ်းအားများကို ဝါးမျိုနေသည်။ သွေးရောင်လွှမ်းနေသော ကောင်းကင်တခွင်ရှိ လမ်းစဉ် မီးတောက်များသည် သူ့ခန္ဓာကိုယ်မှ ဝါးမျိုသည်ကို ခံလိုက်ရပြီး သူ၏ ဖြစ်တည်မှုတစ်ခုလုံးကို လွှမ်းခြုံထားသည်။
ရှင်းခိုင်၏ ခန္ဓာကိုယ်သည် ဆတိုးကြီးမားလာသည်။ သူ့ မျက်နှာသည် ရှုံ့မဲ့သွားပြီး အက်ကွဲသည့် အသံများ ထွက်ပေါ်လာ၏။ သူသည် ကောင်းကင်သို့ မော့ကာ ဒေါသဖြင့် ဟစ်အော်လိုက်သည်။
ဘုန်း…
အလွန်ပြင်းထန်သည့် စွမ်းအင်စီးကြောင်းက ရှေ့သို့ တိုးဝင်သွားပြီး ရီဖူရှင်းကို လွင့်ပျံသွားစေသည်။ သူ၏ မျက်လုံးများကို မှေးကျဉ်းထားပြီး ခန္ဓာကိုယ်က ဆက်လက်၍ ကြီးမားလာနေသည့် ရှင်းခိုင်ကို ကြည့်နေသည်။
ဆူညံသည့် အက်ကွဲသံများကို ဆက်လက်၍ ကြားနေရသည်။ ရှင်းခိုင်၏ ခန္ဓာကိုယ်အတွင်းမှ အရိုးများသည် ဆက်လက်၍ ကျယ်ပြန့် ကြီးထွားလာနေသည်။ သူ၏ သက်စောင့်ဝိညာဉ်သည် လောင်ကျွမ်းနေသည်။ သူ့ခန္ဓာကိုယ်အတွင်းမှ သွေးများသည် ကောင်းကင်ဒဏ်ခတ် တိုက်ခိုက်ရေး စွမ်းအား၏ လောင်ကျွမ်းခြင်းကို ခံနေရပေသည်။
ရှင်းခိုင်သည် ဤတိုက်ခိုက်မှု အတွက်နှင့် သူ၏ အသက် စွမ်းအားများကိုပင် လောင်ကျွမ်းပစ် နေပေသည်။ ရှင်းခိုင်၏ ကြီးမားသော သဏ္ဌာန်သည် သွေးနဂါးမြစ်အထက်တွင် ပေါ်ပေါက်လာသည်။ မြစ်ကမ်းပါးရှိ ကြည့်ရှုနေသူများမှာ ပြင်းထန်စွာ တုန်လှုပ်သွားကြသည်။ ဒေသနန်းတော်မှ တန်ခိုးရှင်များပင်လျှင် ယခင်က ရှင်းခိုင် ထိုသို့သော စွမ်းအားမျိုး သုံးသည်ကို မမြင်ဖူးခဲ့ကြပေ။
“သူက သက်စောင့်ဝိညာဉ်ကို လောင်ကျွမ်းစေပြီး ခန္ဓာကိုယ်က အကန့်အသတ်ကို အတင်းအကျပ် ချိုးဖျက်နေတာပဲ။ ကောင်းကင်ဒဏ်ခတ် တိုက်ခိုက်ရေး စွမ်းအားကလည်း သူ့ကို ကောင်းကင်ဒဏ်ခတ် တိုက်ပွဲသဏ္ဌာန် ဖြစ်တည်လာစေတယ်”
ဖေမင်က တီးတိုးရေရွတ်လိုက်သည်။
“အခု ရှင်းခိုင်က အသက်ရင်းပြီးကို ပြင်းပြင်းထန်ထန် တိုက်တော့မှာပဲ။ ဒါပေမဲ့ ဒီအတွက် သူက တန်ဖိုးကြီးကြီးမားမား ပြန်ပေးဆပ်ရလိမ့်မယ်”
“အင်ပါယာကျန်းရဲ့ မျိုးဆက်တစ်ယောက်ကို အထင်မသေးသင့်ဘူး။ ဒါပေမဲ့ သူ နိုင်သွားခဲ့ရင်တောင် ဒါက ဂုဏ်သရေရှိရှိ အနိုင်ရခြင်းတော့ ဖြစ်မှာမဟုတ်ဘူး။ ပြီးတော့လည်း သူ့ရဲ့ အရင်အခြေအနေကို ပြန်ရောက်ဖို့ဆိုရင် တစ်နှစ်ထက်တော့ နည်းမှာမဟုတ်ဘူး”
လူအုပ်ထဲမှ တစ်ယောက်က ပြောလိုက်သည်။
“ဒါပေမဲ့လည်း အခု ရီဖူရှင်းက အန္တရာယ်ထဲ ကျရောက်တဲ့သူ ဖြစ်သွားပြန်ပြီ”
လူအများသည် တိတ်တိတ်ပင် နားထောင်နေကြသည်။ ရှင်းခိုင်က ဤအခြေအနေ၌ အလွန်ကြောက်မက်ဖွယ် ကောင်းနေသည်မှာ ငြင်းဆန်မရသည့် အမှန်တရား ဖြစ်သည်။ သူသည် အစွမ်းကုန် ထုတ်သုံးတိုက်ခိုက်ရန် သက်စောင့်ဝိညာဉ်ကိုပင် လောင်ကျွမ်းနေစေပြီး ထိုတိုက်ခိုက်မှုသည် ရီဖူရှင်းအား အပြင်းအထန် ထိခိုက်စေနိုင်ပေသည်။
ဘုန်း…
ရှင်းခိုင်သည် လေထုထဲသို့ ခြေလှမ်းလိုက်ပြီး ကျယ်လောင်သည့် ဆူညံသံကို ကြားလိုက်ရသည်။ ထို့နောက် သူသည် ကောင်းကင်သို့ တဟုန်ထိုး ပြေးဝင်သွားသည်။ သူ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းသည် သူ၏ ပတ်ဝန်းကျင်ကိုပင် တုန်ခါသွားစေသည်။ အောက်ဘက်ရှိ သွေးနဂါးမြစ်သည် ထိန်းသိမ်းမနိုင်အောင် ဆက်လက်၍ အရူးအမူး အော်မြည်နေပေသည်။ သွေးနဂါး မြစ်ရေများသည် ဒီရေလှိုင်းများကဲ့သို့ ပေါက်ကွဲထွက်လာပြီး ပြင်းထန်သည့် လှိုင်းများက တခဲနက်ပက် ကောင်းကင်သို့ လွင့်မျောနေ၏။
“သူက မြန်လိုက်တာ”
ပွဲကြည့်သူများ၏ နှလုံးသားများက ခုန်ပေါက်နေသည်။ စစ်နတ်ဘုရား သဏ္ဌာန် ယူထားသည့် ရှင်းခိုင်သည် လျင်မြန်လှသည့် အရှိန်နှင့် ရွေ့လျားနေပြီး သူ၏ ပုံမှန်စွမ်းအားနှင့် သာလွန်ကာ သွက်လက်နေသည်။ သူ၏ ခန္ဓာကိုယ်သည် ကြီးမားသည့် အရွယ်အစားသို့ ရောက်ရှိလာပြီး သူ၏ ခုခံမှုနှင့် တိုက်ခိုက်မှု စွမ်းအားသည် ပို၍ မြင့်မားလာသည်။ လူအများသည် ရှင်းခိုင်က မည်သို့ ကြောက်မက်ဖွယ် ဖြစ်လာနိုင်သည်ကို အံ့သြနေကြ၏။
ရှင်းခိုင်သည် သူ့လက်ကို မ လိုက်သည်နှင့် ဆူညံသည့် အသံများကို ကြားလိုက်ရပြီး သူ၏ လက်ဝါးရိပ်အား ရီဖူရှင်းဆီသို့ ဦးတည်လိုက်သည်။ သူ့လက်ဝါးရိပ်သည် ကောင်းကင်ကို ပိတ်ဆို့ကာဆီးလိုက်ကာ စစ်နတ်ဘုရား၏ မုဒြာ ဖြစ်လာကာ သူ့အနီးဝန်းကျင်ရှိ လေဟာနယ်ကို ဖိနှိပ်၍ အရာအားလုံးကို ဖျက်ဆီးပစ်တော့မည့်အသွင် ရှိပေသည်။
တောက်ပသည့် အလင်းများက ရီဖူရှင်းကို လွှမ်းခြုံ၍ ပေါက်ကွဲထွက်လာသည်။ သူသည် လှံရှည်ကို အရှိန်ပြင်းပြင်း ပစ်လွှတ်လိုက်ကာ လေထဲမှ လက်ဝါးရိပ်နှင့် ထိပ်တိုက် တွေ့ဆုံစေသည်။ ကြောက်မက်ဖွယ် အားကောင်းလှသည့် အင်အားကို ခံစားလိုက်ရပြီး လှံရှည်ကိုပင် ကြေမွပျက်စီးသွားစေသည်။ သို့သော်လည်း ရီဖူရှင်းသည် ထိုအင်အားကို အသုံးချကာ သူ့ကိုယ်သူ လေဟာနယ်အား ဖြတ်သန်းစေပြီး ရှင်းခိုင်နှင့် သူ့ကိုယ်သူ အကွာအဝေးတစ်ခု ခြားလိုက်ပေသည်။
“အခု မင်း ငါ့ကို သတ်နိုင်သေးတယ် ထင်လား”
ရှင်းခိုင်က အဝေးမှ ရီဖူရှင်းကို ကြည့်လိုက်သည်။ သူ၏ အသံသည် ငရဲမှ လာသည့် အသံကဲ့သို့ပင် ဖြစ်၏။
ရီဖူရှင်းသည် ရှင်းခိုင်ကို ပြင်းထန်စွာ ဖိအားပေးခဲ့ပြီး သူ့အား သက်စောင့်ဝိညာဉ်ကို လောင်ကျွမ်း၍ တိုက်ခိုက်ရန် လိုအပ်လာသည်အထိ လုပ်ဆောင်ခဲ့ပေသည်။ တိုက်ပွဲ ပြီးသည့်နောက်တွင် သူ၏ မူလအခြေအနေသို့ ပြန်ရောက်ရန် တစ်နှစ် နှစ်နှစ်ခန့် အချိန်ပြန်ယူရ ပေလိမ့်မည်။ ထိုသည်က သူ၏ မဟာလမ်းစဉ် ကျင့်ကြံရေး အခြေခံကို ထိခိုက်သွားစေနိုင်ပြီး သူ၏ ကျင့်ကြံဆင့်ကိုလည်း လျှောကျသွားစေနိုင်သည်။ ထိုသို့သော တစ်စုံတစ်ယောက်၏ စွမ်းအားကို အတင်းအကျပ် တိုးမြှင့်ပေးသည့် စွမ်းရည်မျိုးသည် နောက်ပိုင်း၌ ကြောက်မက်ဖွယ် တန်ပြန်သက်ရောက်မှုကို ခံစားရပေလိမ့်မည်။
သို့သော်ငြား သူ လွတ်မြောက်နိုင်ရန် တခြားနည်းလမ်းအပြင် မရှိပေ။
သွေးနဂါးမြစ်မှ ထိုတိုက်ပွဲသည် သေခြင်းရှင်ခြင်း တိုက်ပွဲ ဖြစ်သည့်အလျောက် နဝမအစေခံပင်လျှင် သူ့ကို ကယ်တင်နိုင်စွမ်း ရှိလိမ့်မည်မဟုတ်ပေ။ သူသာ ထိုသို့ နည်းလမ်းမျိုးကို သုံးရန် တွေဝေနေလျှင် သူက သေခြင်းနှင့် အဆုံးသတ်ရပေလိမ့်မည်။
ရီဖူရှင်းသည် တွေဝေခြင်း မရှိသည့် အကြည့်များနှင့် ကြည့်ကာ ရှင်းခိုင်ပြောသည်အား နားထောင်နေသည်။ သူသည် ထိုမြင့်မားပြီး ခမ်းနားထည်ဝါသည့် သဏ္ဌာန်ကို ကြည့်ကာ ရှင်းလင်းစွာ ပြောလိုက်သည်။
“စစ်တပ်ကို ဆုံးရှုံးလိုက်ရတဲ့ စစ်သူကြီးက အကောင်အထည်မရှိတဲ့ လေထုလိုပဲ။ မင်း ဆန္ဒရှိသလောက် ကိုယ့်ကိုယ်ကိုယ် လောင်ကျွမ်းလိုက်စမ်းပါ။ ဒီနေ့မှာ မင်းက သေခြင်းနဲ့ အဆုံးသတ်ရမယ် ဆိုတာကတော့ ပြောင်းလဲသွားမှာ မဟုတ်ဘူး”
သူ၏ သက်စောင့်ဟော်နန်း အတွင်းမှ ကမ္ဘာ့သစ်ပင်က အော်မြည်နေပြီး တောက်ပသည့် အလင်းတန်းများက သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားကာ နေရာတစ်ခွင်လုံးကို သန့်စင်သည့် အလင်းများဖြင့် ထွန်းလင်းနေစေသည်။
သူ၏ ကမ္ဘာ့သစ်ပင်သည် ပညာရှိကျမ်း၏ စွမ်းအားများနှင့် တသားတည်း ဖြစ်သွားပြီး ပို၍ တောက်ပသထက် တောက်ပလာသည့် အလင်းကွင်းများဖြင့် ထွန်းလင်းနေပေသည်။ အလင်းတန်းများသည် မြစ်၏ ထိပ်ဖျားသို့ ထိုးထွက်သွားသည်။
သူတို့ အနီးဝန်းကျင်ရှိ လောက၏ မဟာလမ်းစဉ်သည် အလင်းတန်းများနှင့် ရောယှက်နေသည်ဟု ထင်မှတ်ရပြီး မဟာလမ်းစဉ်၏ စွမ်းအားတစ်ခုတည်း အဖြစ်သို့ ပြောင်းလဲသွားပေသည်။ သူ၏ ခန္ဓာသည် မဟာလမ်းစဉ်၏ မီးပြင်းဖိုနှင့် ဆင်တူပြီး လောကရှိ အရာအားလုံး၏ တာအိုနှင့် ပေါင်းစပ်သွားပေသည်။
ဘုန်း…
သူ့အနီးရှိ ကျယ်ပြောလှသော လေဟာနယ်သည် ကြယ်ကမ္ဘာအဖြစ်သို့ ပြောင်းလဲသွားသည်။ မရေတွက်နိုင်သော ကြယ်များသည် သူ့အနီးတွင် ပတ်လမ်းအတိုင်း လှည့်ပတ်နေပြီး အလင်းများ အားလုံးသည် ရီဖူရှင်း၏ ခန္ဓာအတွင်းသို့ စီးဆင်းနေသည်။ ပညာရှိကျမ်း၏ အလင်းအောက်တွင် သူ့ခန္ဓာသည် ကြယ်စင်တိုက်ပွဲ သဏ္ဌာန်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဘုန်း…
မြင့်မားပြီး အစွမ်းထက်သည့် သဏ္ဌာန်က သူတို ပတ်ဝန်းကျင်တွင် ပေါ်ပေါက်လာသည်။ ယင်းသည် သူတို့အနီးရှိ လောက၏ မဟာလမ်းစဉ်များကို ဝါးမျိုနေလေသည်။ မဟာလမ်းစဉ်၏ ကြယ်အလင်းများနှင့် ပညာရှိကျမ်း၏ စွမ်းအားများ ပေါင်းစပ်ကာ ဖြစ်တည်လာခြင်း ဖြစ်ပေသည်။
“ဒါက ကြယ်တာရာ တိုက်ပွဲသဏ္ဌာန်ပဲ”
အကြီးအကဲအချို့သည် သူတို့ နှလုံးသားများ ကဆုန်ဆိုင်းနေသည်ဟု ခံစားနေကြရပေသည်။ သူတို့သည် ထိုသည်က ကြယ်ခူးဆွတ်သူ ရှန့်ထို၏ တိုက်ခိုက်ရေးပညာရပ် ဖြစ်ကြောင်း သတိပြုမိကြလေသည်။
လူအုပ်ကြားထဲတွင် ရောနှောလျက် ရှိနေသည့် လူအိုကြီးသည် သူ၏ အတည်ပြုချက်ကို ဖော်ပြခဲ့ပြီး သူသည် ထိုမျှ အချိန်တိုလေးအတွင်း၌ ရီဖူရှင်းက ထိုကဲ့သို့သော စွမ်းအားမျိုးကို မည်သို့ အသုံးချရမည်အား သင်ယူနိုင်ခဲ့သည့်အတွက် အံ့သြနေပေသည်။ ထို့အပြင် လူအိုကြီးသည် ထိုလူငယ်လေးက သူ၏ စွမ်းအားများကို ထိုတိုက်ပွဲသဏ္ဌာန်သို့ ပေါင်းစပ်အသုံးပြုနိုင်ပြီး ပြီးပြည့်စုံသည့် တိုက်ပွဲသဏ္ဌာန်ကို ဖော်ထုတ်နိုင်ခဲ့သည်အား တွေ့ရှိရပေသည်။
“မင်းရဲ့ ပါရမီတွေကတော့ ငါ့စိတ်ကို တကယ် ဖမ်းစားနိုင်တာပဲ”
သူက ရေရွတ်လိုက်သည်။ သို့သော်လည်း သူ့အနီးရှိ လူများသည် တိုက်ပွဲကို အလွန် အာရုံစိုက်ထားလျှင်ပင် သူ ပြောသည်အား ကြားနိုင်ကြပေသည်။
ရီဖူရှင်းသည် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သူ့အနီးရှိ အကန့်အသတ်မဲ့ ကြယ်စွမ်းအင်များကို အသုံးပြုကာ အလွန်ကြီးမားသည့် စွမ်းအားနှင့် နှင်တံကို ဖော်ထုတ်ခဲ့သည်။ နှင်တံသည် ကြယ်များ၏ စွမ်းအားနှင့် တောက်ပလင်းလက် နေပေသည်။
ကြောက်မက်ဖွယ် ကြယ်အလင်းတန်းများသည် တိမ်တိုက်များကို ဖြတ်သန်း ထွင်းဖောက်သွားသည်။ သူ၏ စွမ်းအားများသည် ရှင်းခိုင်ထက် နိမ့်ကျခြင်း ရှိသည့်ပုံမပေါ်ချေ။
ဘုန်း…
ဘန်း…
အလွန်ကြီးမားသည့် ပုံရိပ်နှစ်ခုသည် အချင်းချင်း ရင်ဆိုင်ရန် တစ်ချိန်တည်းမှာပင် ရှေ့သို့ လှမ်းလာပေသည်။ သူတို့ အောက်ခြေရှိ သွေးနဂါးမြစ်အတွင်းတွင် အလွန်ပြင်းထန်သည့် လှိုင်းများ ဖြစ်တည်လာသလို အထက်ကောင်းကင်ယံ ကိုလည်း တုန်ခါသွားစေသည်။
ရှင်းခိုင်သည် လက်ဝါးရိုက်ချက်တစ်ခု ထုတ်ဖော်လိုက်စဉ်တွင် ကြယ်စင် တိုက်ပွဲသဏ္ဌာန် ယူထားသည့် ရီဖူရှင်းသည် သူ၏ နှင်တံကို မြှောက်ကာ ရိုက်ချလိုက်သည်။ ကြယ်များ ကျဆင်းလာသည်ဟု ထင်မှတ်ရပြီး အောက်ဘက်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်တော့မလိုပင် ဖြစ်၏။
ဘုန်း…
နားအူမတတ် ဆူညံသံများကို ကြားလိုက်ရပြီး ဖျက်ဆီးခြင်းအခင်းများ လွှမ်းခြုံသွားလေသည်။ ပြင်းထန်သည့် လေဆင်နှာမောင်းကြီးက နေရာတစ်ခုလုံးကို လွှမ်းမိုးသွားခဲ့သည်။ မြစ်ကမ်းပါးရှိ ကြည့်ရှုနေသူများမှာ ထိုစွမ်းအားများကို ခုခံနိုင်ရန် သူတို့၏ စွမ်းအားများကို ထုတ်လွှတ်လိုက် ကြရသည်။
သူတို့ နှစ်ဦးလုံးသည် တစ်ချိန်တည်းမှာပင် နောက်ဆုတ်လိုက်ရ သော်လည်း ရီဖူရှင်းသည် သူ၏ နှင်တံကို မ ကာ ရှေ့သို့ တဖန် လှမ်းလာပြန်လေသည်။ သူ၏ နှင်တံသည် လေကို ဖြတ်ခွဲကာ တဖန် ကျဆင်းလာပြန်သည်။
ဘုန်း…
ဘုန်း…
ဘုန်း...
နှင်တံမှ တစ်ချက်ပြီးတစ်ချက် ရိုက်ချက်များ ထွက်ပေါ်လာကာ သူတို့ အနီးဝန်းကျင်ကို ကြီးမားသော ပျက်စီးမှုများ ဖြစ်သွားစေသည်။ ရှင်းခိုင်သည် အသံကုန် ဟစ်ကြွေးလိုက်သည်။ ထို့နောက် သူသည် လက်ကို မ ကာ မရေတွက်နိုင်သည့် လက်ဝါးရိုက်ချက်များ ပစ်လွှတ်လိုက်ပြီး သူ့ရှေ့မှ ကောင်းကင်ကို ဝါးမျိုရန် ကြိုးစားလေသည်။
သို့ရာတွင် ရှေ့သို့ တိုးလာနေသည့် ရီဖူရှင်းသည် သူ၏ နှင်တံကို ဝှေ့ယမ်းကာ တဖန် ရိုက်ခတ်လိုက်ပြန်၏။ သူ့အနီးရှိ ကြယ်များမှာ ကျဆင်းလာပြီး နှင်တံနှင့် ပေါင်းစည်းသွားခဲ့သည်။ မဟာလမ်းစဉ်၏ လက်ဝါး တိုက်ခိုက်မှုများသည် ပြင်းထန်စွာ ကွဲကြေပျက်စီး သွားလေသည်။ သူသည် ပြင်းထန်သည့် အားအင်နှင့် ကြယ်တာရာနှင်တံအား ရိုက်ခတ်ကျဆင်း လာစေသည်။
ဘုန်း ... ဘုန်း ... ဘုန်း...
ကမ္ဘာမြေ အက်ကွဲလောက်သည့် ဆူညံသံကို ကြားလိုက်ရကာ ရှင်းခိုင်၏ လက်မောင်းသည် တဖြည်းဖြည်း ပျက်စီးလာသည်။ သူ၏ ခန္ဓာသည် နှင်တံ၏ အညှာအတာမဲ့စွာ တိုက်ခိုက်မှုအောက်တွင် အဝေးသို့ လွင့်စဉ်သွားခဲ့သည်။ ထို့နောက် သူသည် သွေးတစ်ပွက် အန်ထုတ်လိုက်ရပေသည်။
သို့ပေမဲ့ ရီဖူရှင်းသည် ရပ်တန့်ရန် ရည်ရွယ်ချက် ရှိပုံမပေါ်ပေ။ သူသည် တဖန် ခြေလှမ်းလိုက်ကာ နှင်တံတိုက်ခိုက်မှုကို ဖော်ထုတ်လိုက်ပြန်ကာ ရှင်းခိုင်၏ ရင်ဘတ်ပေါ်သို့ ဦးတည် ရိုက်နှက်လိုက်လေသည်။
အခြားသော ဆူညံသံကြီးကို ကြားလိုက်ရသည်။ ရှင်းခိုင်၏ ကြီးမားသော ခန္ဓာကိုယ်က ဆက်လက်၍ ကျိုးပဲ့လာပြီး ကြေမွသွားသည်။ သူ၏ အရိုးများသည် ကျိုးသွားပြီး သူ၏ သွေးကြောဆုံများကလည်း ပျက်စီးကုန်သည်။ ရှင်းခိုင်သည် ကောင်းကင်ဒဏ်ခတ် တိုက်ပွဲသဏ္ဌာန်ကြောင့် အလွန်ကြီးမားသည့် တန်ဖိုးကို ပေးဆပ်လိုက်ရသည်။ ထိုအချိန်၌ သူ ရရှိသည့် ဒဏ်ရာများ၏ ပြင်းထန်မှုကို နဂိုအတိုင်း ပြန်မကောင်းနိုင်တော့ လောက်အောင် ထိခိုက်မှုက ပြင်းထန်လှပေသည်။ သူက တိုက်ပွဲမှ ရှင်သန်နိုင်ခဲ့သည် ဆိုလျှင်ပင် သူက မသန်မစွမ်း ဖြစ်သွားလိမ့်မည်မှာ မလွဲမသွေပင် ဖြစ်သည်။
“ဘာလဲဟ…”
ကြည့်ရှုနေသူများ၏ နှလုံးသားများသည် ဆက်လက်၍ ပြင်းထန်စွာ ခုန်လှုပ်နေကြသည်။ ဤတိုက်ပွဲသည် အမှန်တကယ် ရူးလောက်စရာပင် ဖြစ်၏။
ရှင်းခိုင်က ကောင်းကင်ဒဏ်ခတ် တိုက်ပွဲသဏ္ဌာန်ကိုပင် ဖော်ထုတ်ခဲ့သော်လည်း ရလဒ်သည်တော့ တူညီစွာပင် ရှုံးနိမ့်ခဲ့လေသည်။
ရီဖူရှင်းသည် နှင်တံကို တဖန် မ လိုက်ပြန်သည်။ နောက်ထပ် ရိုက်ချက်တစ်ချက်ကို ပစ်မှတ်ဆီသို့ ရိုက်နှက်လိုက်လျှင် ရှင်းခိုင်သည် ထိုနေရာ၌ ချက်ချင်းပင် အဆုံးသတ် သွားရတော့မည် ဖြစ်သည်။
“ရပ်စမ်း”
ကြောက်မက်ဖွယ် အသံတစ်ခုကို ကြားလိုက်ရပြီး သူတို့၏ ပတ်ဝန်းကျင်က တုန်ခါသွားကာ ရီဖူရှင်း၏ လှုပ်ရှားမှုကိုပင် နှေးကွေးသွားစေသည်။
“သူသေရင် ချန်ယဲ့မြို့ဆိုတာလည်း ပျောက်ကွယ်သွားရ လိမ့်မယ်”
ခြိမ်းခြောက်သံပါသည့် အေးစက်စက်အသံ ထွက်ပေါ်လာသည်။
နဝမအစေခံသည် သူကိုယ်တိုင် ဝင်မစွက်ဖက်သော်လည်း ရီဖူရှင်းအား ချန်ယဲ့မြို့ကို အသုံးပြု၍ ခြိမ်းခြောက်နေလေသည်။
“ခင်ဗျား အဲဒီလိုလုပ်နိုင်မယ် ထင်လား”
အေးစိမ့်သည့် အသံတစ်ခုက တုံ့ပြန်လိုက်သည်။ ထို့နောက် နှင်တံသည် ချက်ချင်းပင် ရှင်းခိုင်၏ ဦးခေါင်းပေါ်သို့ ကျရောက်သွားလေသည်။
လူတိုင်းသည် ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရပြီး အနည်းငယ်လေးမျှပင် တွေဝေခြင်းမရှိဘဲ လက်နက်က ကျဆင်းလာသည်ကို ကြည့်နေကြပေသည်။
အချိန်က နှေးကွေးသွားသည်ဟု ထင်မှတ်ရသည်။
ဘုန်း…
ကြယ်နှင်တံက ကျဆင်းလာပြီးနောက် တိုးညင်းသော ဆူညံသံတစ်ခုကို ကြားလိုက်ရပေသည်။
***