← Chapters

နင်ဖြစ်နေလို့ တော်သေးတာပေါ့

Vol. 12 Ch. 9

နင်ဖြစ်နေလို့ တော်သေးတာပေါ့

Vol. 12 Ch. 9

နှင်းဒေဝီက သူ့အောက်မှာစီတန်းလျက်ရှိနေတဲ့ စစ်သင်္ဘော မြောက်များစွာကို ကြည့်လိုက်ပါတယ်။ အဲဒီနောက်တော့ သူ့ရဲ့အဲမောင်းကို လေထုထဲမှာတင် ချာလည်လှည့်လိုက်ပြီး လှမ်းပစ်လိုက်တယ်။ အဲမောင်းက လေထုကိုထွင်းဖောက်ပြီး အသံထက်မြန်တဲ့နှုန်းနဲ့ စစ်သင်္ဘောတစ်ခုဆီကို ပြေးဝင် သွားတယ်။

စစ်သင်္ဘောပေါ်ကလူတွေ ဘာမှမတုံ့ပြန်နိုင်သေးခင်မှာပဲ အဲမောင်းလှံက စစ်သင်္ဘောရဲ့ဝမ်းဗိုက်ကို ပိုင်းဖြတ်ပြီးပြီ ဖြစ်ပြီးတော့ သင်္ဘောဝမ်းထဲ ရေတွေဝင်လာနေပါပြီ။

“မရဏငှက်ကြီးလာနေပြီ.... သင်္ဘောပေါ်ကနေ ခုန်ဆင်းကြ။”

သင်္ဘောသားတွေက ထိပ်လန့်တကြားဘဲ သင်္ဘောကို စွန့်ခွာဖို့ လုပ်ကြပါတယ်။ တခြားသင်္ဘောပေါ်ကလူတွေလည်း သူတို့ သင်္ဘောအုပ်စုထဲကတစ်ခု လှံတစ်ချက်တည်းနဲ့မြုပ်ခံရတာကို ကြည့်ပြီးတော့ ထိတ်လန့်တကြားဖြစ်ကုန်ကြပါပြီ။

“ပစ်.... ပစ်.... အဲဒီလူကိုပစ်ချ...”

စစ်သင်္ဘောပေါင်းများစွာက သူ့ကိုအမြောက်တွေနဲ့ ဝိုင်းပြီး ချိန်နေကြပေမဲ့ နှင်းဒေဝီကတော့ မောက်မာစွာနဲ့ လက်ကို ပိုက်လျက် လေထုထဲမှာရပ်နေရင်း ဒီမြင်ကွင်းကို ဆက်ပြီး ကြည့်နေပါတယ်။

“ငါ့လှံတစ်ချက်က နင်တို့သင်္ဘောတွေထဲက တစ်စီးကိုပဲ ဖျက်ဆီးနိုင်တယ်လို့ ထင်နေတာလား။ သနားစရာပဲ...”

နှင်းဒေဝီက စစ်သင်္ဘောတွေကို အထင်အမြင်သေးစွာနဲ့ ငုံကြည့်လိုက်တယ်။ များမကြာခင်မှာပဲ အမြောက်နဲ့ပစ်ဖို့ ကြိုးစားနေတဲ့ စစ်သင်္ဘောတစ်စင်းက တုန်ခါမှုကိုခံစား လိုက်ရပြီး ယာဥ်ကိုယ်ထည်ကနှစ်ပိုင်းပြတ်ထွက်သွားတယ်။ အဲမောင်းလှံကြီးကတော့ ဒီလောက်နဲ့ရပ်တန့်မသွားသေးဘဲ လေထုထဲမှာ အတားအဆီးကင်းမဲ့စွာနဲ့သွားလာနေကာ နောက်မှာရှိနေတဲ့ စစ်သင်္ဘောပေါင်းများစွာကို တစ်ပြိုင်နက်တည်း မြုပ်လိုက်ပြီးမှ ပြန်ကွေ့ပတ်ပြီး နှင်းဒေဝီရဲ့လက်ထဲ ရောက်လာတယ်။

“ကဲ... သွေးပူလေ့ကျင့်ခန်းပြီးပြီ။ လှံတစ်ချက်တည်းနဲ့ ဖျက်သင်္ဘောအစီးနှစ်ဆယ်ကို မြုပ်လိုက်နိုင်တာဆိုပေမဲ့ အများဆုံးစံချိန်ကိုတော့ မကျော်နိုင်သေးဘူးပဲ။ နောက်မှ ထက်လေ့ကျင့်ရမယ်။”

နှင်းဒေဝီက သူ့ကိုယ်သူအလိုမကျတဲ့ပုံစံနဲ့ ရေရွတ်တယ်။ စစ်သင်္ဘောတွေထဲက အဖျက်အဆီးမခံလိုက်ရတဲ့ စစ်သင်္ဘောတွေကတော့ သူ့ကိုချိန်လို့ပြီးပြီဖြစ်ပြီး...

“ပစ်....” အမြောက်တွေကို ပြိုင်တူပစ်လိုက်ကြတယ်။

ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...

ဒါဇင်နဲ့ချီတဲ့အမြောက်ကျည်ဆန်တွေက နှင်းဒေဝီ ရပ်နေခဲ့တဲ့ လေထုနေရာဆီရောက်လာပေမဲ့ နှင်းဒေဝီက အတောင်ပံတစ်ချက်ကို ခတ်လိုက်ပြီး နေရာပြောင်းသွားတယ်။ များစွာသော အမြောက်ကျည်တွေက အချင်းချင်းတိုက်မိပြီး ပေါက်ကွဲကုန်ပေမဲ့ အချည်းအနှီးပါပဲ။

ဂဠာန်ငှက်ကတော့ အသံထက်မြန်တဲ့နှုန်းနဲ့ ပျံသန်းနေပြီ ဖြစ်ပြီးတော့ ပုံမှန်ဖျက်သင်္ဘောတွေထက်ကြီးနဲ့ ခရူဇာ စစ်သင်္ဘောကြီးတစ်ခုရှေ့ကိုရောက်လာတယ်။

“ဒီလောက်အထူက လှံတောင်မလိုဘူး။”

နှင်းဒေဝီက သင်္ဘောဝမ်းဆီကိုကပ်သွားပြီး ခြေထောက်နဲ့ သတ္တုနံရံကိုကန်ပြီး ဖွင့်လိုက်တယ်။

ဘုန်း...

သတ္တုနံရံက ချက်ချင်းဆိုသလိုပဲ ပြိုကျပျက်စီးသွားပြီး အတွင်းဘွိုင်လာက အကာအကွယ်မဲ့စွာ နှင်းဒေဝီရှေ့ ပေါ်လာတယ်။ အထဲက အဆင့်နိမ့်မှော်ကျောက်တုံးတွေကို ကျောက်မီးသွေးထည့်သလို ဘွိုက်လာထဲထည့်ပေးနေတဲ့ သင်္ဘောသားတွေလည်း သူတို့သင်္ဘောနံရံကြီးအဖျက်ခံရပြီး ဂဠုန်ငှက်တစ်ကောင် သင်္ဘောထဲကို ဝင်လာတာမြင်ရတဲ့ အတွက်ကြောင့် ထိတ်လန့်ကုန်ပါတယ်။

“မရဏငှက်...”

“မရဏငှက်ကြီးရောက်လာပြီ...”

“ပြေးကြ....”

ဘွိုင်လာထဲကလူတွေက ထွက်ပြေးကြတယ်။ အစောင့်တချို့ ရောက်လာပြီး သူတို့သေနတ်တွေနဲ့ပစ်ကြပေမဲ့ ချပ်ဝတ်ပေါ် ခြစ်ရာတောင်မထင်ဘူး။ နှင်းဒေဝီကတော့ ဖြည်းဖြည်းချင်း အစောင့်တစ်ယောက်ဆီလျှောက်လာပြီး လည်ပင်းကို လက်နဲ့ ဆုပ်ကိုင်ကာ တစ်ကိုယ်လုံးမြောက်လာတဲ့အထိ ဆွဲပြီး မြှောက်လိုက်ပါတယ်။

“အားနည်းလိုက်တာ... သနားစရာပဲ။” နောက်တော့ နှင်းဒေဝီက အဲဒီစစ်သားရဲ့လည်ကို လက်ချည်းသက်သက်နဲ့ ချိုးချလိုက်တယ်။ တခြားစစ်သားတွေကလည်း သူတို့ရဲ့ တိုက်ကွက်တွေက အလုပ်မဖြစ်မှန်းသိတဲ့အတွက် ပြေးဖို့ ကြံပါတယ်။ မက်ဒါနာကတော့ သူဝင်လာခဲ့တဲ့အပေါက်ကို လှည့်ကြည့်တယ်။

ဖောက်လိုက်တဲ့အပေါက်က ရေမျက်နှာပြင်ထက် နည်းနည်း ပိုမြင့်နေတာကြောင့် ရေတွေက အလုံးလိုက်အရင်းလိုက် ဝင်မလာပါဘူး။ လှိုင်းနည်းနည်းမြင့်လာလို့ ရေတွေအထဲကို ဖိတ်စင်ဝင်လာတာမျိုးရှိပေမဲ့ သင်္ဘောကိုမြုပ်ဖို့ မလုံလောက်ဘူး။ ရေလုံခန်းတစ်ခန်းလောက်ပိတ်တာနဲ့ အဆင်ပြေသွားမှာ။

“စိတ်ပျက်စရာပဲ....”

နှင်းဒေဝီက လက်ထဲမှာ အင်္ဂလိပ်တပ်သားရဲ့အလောင်းကို ကိုင်ထားရင်းနဲ့ ရှေ့ကိုပြေးတက်လာတယ်။ ထွက်ပြေးဖို့ ကျရှုံးသွားတဲ့ နောက်ထပ်တပ်သားက သူ့မျက်လုံးကိုမှိတ်ပြီး သေခြင်းတရားကိုစောင့်ကြိုတယ်။ သူစောင့်နေတဲ့ သေခြင်းက မကြာခင်မှာပဲ ရောက်ရှိလာတယ်။

ဒေါသထွက်နေတဲ့နှင်းဒေဝီက သေနှင့်ပြီးသား သူ့အဖော်ရဲ့ ခန္ဓာကိုယ်နဲ့ ရှင်နေသေးတဲ့တပ်သားပေါ်ကို ရိုက်ချလိုက်လို့ပါ။ ခန္ဓာကိုယ်နှစ်ခုက ပြင်းထန်စွာ တိုက်မိပြီး ရှိသမျှအရိုးတွေကျိုးကုန်တယ်။

သေပြီးသားသူက အရိုးထပ်ကျိုးလို့ဘာမှမခံစားရပေမဲ့ ရှင်နေသေးတဲ့သူက မသေခင်နာကျင်စွာအော်သစ်ပြီးမှ အသက်ထွက်သွားတယ်။

“ငါကိုယ်တိုင် သင်္ဘောတစ်စင်းလုံးကို ဖျက်ဆီးပေးရတာပေါ့။”

နှင်းဒေဝီက အဲမောင်းလှံဖျားနဲ့သင်္ဘောအတွင်းဘောင်ကို ထောက်ထားလိုက်တယ်။ အဲဒီနောက် အားကုန်စပြီးတော့ ပြေးပါတယ်။ နံရံက လှံကြောင့်တစ်စစီပြုတ်ထွက်လာပြီး သင်္ဘောထဲကလူတွေက ခုခံဖို့ထက် ရေထဲခုန်ချဖို့သာ ကြိုးစားကြတယ်။ နှင်းဒေဝီကလည်း တွေ့သမျှလူတိုင်းကို အလွတ်မပေးဘဲ ​သွေးမြူတွေအဖြစ် ပြောင်းပစ်လိုက်တာ ချည်းပါပဲ။

အား.... ချမ်းသာပေးပါ... ကျုပ်ကိုမသတ်ပါနဲ့.... ကျွန်တော့်သမီးလေးကို စောင့်ရှောက်မယ့်သူမရှိလို့ပါ...

လူတိုင်းရဲ့ချမ်းသာပေးဖို့တောင်းဆိုချက်တွေကို နှင်းဒေဝီက လစ်လျူရှုထားလိုက်ပြီး လူသတ်စက် တစ်လုံးလိုမျိုး လူတိုင်းကိုလိုက်လံခုတ်ထစ်တယ်။ ဖရီးဂိတ်စစ်သင်္ဘောက သားသတ်ရုံအဖြစ်ပြောင်းလဲ သွားပြီတဲ့နောက်မှာတော့ သူဟာ သင်္ဘောကုန်းပတ်ပေါ် ရောက်လာခဲ့ပါပြီ။

နောက်ဆုံးကျန်တဲ့ သင်္ဘောအမှုထမ်းကိုလည်း သတ်ပြီးပြီ။ အနီးအနားဝန်းကျင်က စစ်သင်္ဘောတွေကတော့ ရှိသမျှ လက်နက်တွေနဲ့ဖရီးဂိတ်ကိုချိန်ထားပြီးဖြစ်ပြီး ရန်သူ့ အကြီးစားဖျက်သင်္ဘောကြီးရဲ့အင်တာကွန်းကနေ အသံကျယ်ကြီးထွက်လာကာ အမိန့်ကျလာတယ်။

“မရဏငှက်ရှိနေတဲ့သင်္ဘောဆိုရင် မြှုပ်သာပစ်။ သင်္ဘောပေါ်က အမှုထမ်းတွေကို ဂရုမစိုက်နဲ့တော့။”

ဝတ်စုံထဲမှာရှိနေတဲ့နှင်းဒေဝီက ပြုံးလိုက်တယ်။ “ကြည့်ရတာ တစ်ဖက်ဗိုလ်ချုပ်က ကိုယ့်တပ်ကိုယ်ပါ ချနင်းဖို့အတွက် ဆုံးဖြတ်လိုက်ပုံပဲ။ ဒါပေမဲ့ နောက်ကျသွားပြီ။”

နှင်းဒေဝီက ခြေဆောင့်လိုက်တယ်။ ရန်သူ့အမြောက်ကျည် တွေရောက်မလာခင်မှာပဲ ဖရီးဂိတ်သင်္ဘောက ခါးလယ်ကနေ နှစ်ပိုင်းကွဲသွားပြီး နစ်မြုပ်တယ်။ ဂဠုန်ငှက်က ငွေရောင် အလင်းတန်းတစ်ခုအဖြစ်ပြောင်းသွားပြီး အနီးအနားမှာ ရှိနေတဲ့ စစ်သင်္ဘောတိုင်းကို ဖျက်ဆီးပစ်လိုက်တယ်။

ဘုန်း....

စက္ကန့်ပိုင်းအတွင်းမှာပဲ ကျန်ရှိနေသမျှ စစ်သင်္ဘောတွေ အားလုံးပေါက်ကွဲထွက်ကုန်ပြီး သင်္ဘောပေါ်ကစစ်သား အများစုက ပင်လယ်ထဲမှာလက်ပစ်ကူးနေကြရပြီ။ ဒါပေမဲ့ သူတို့တွေလည်း ကံမကောင်းကြပါဘူး။ သင်္ဘောတွေမြုပ်ရာက ဖြစ်လာတဲ့ ရေဝဲကတော့တွေက ရေကူးနေတဲ့သူတွေကို ပင်လယ်ရေအောက် ခေါ်ယူနှစ်မြုပ် ပစ်ဖို့ကြိုးစားနေပြီး ပင်လယ်ပြင်ကြီးတစ်ခုလုံးဟာ လူ့ပြည်ငရဲလို့တောင် ထင်ချင်စရာပါပဲ။

နှင်းဒေဝီက ယခုအထိ ကြံကြံခံရပ်နေသေးပြီး မနစ်မြုပ် သေးတဲ့ အကြီးစားတိုက်သင်္ဘောကြီးကို ကြည့်လိုက်တယ်။ တိုက်သင်္ဘောကြီးကို သူမတိုက်ခိုက်ခဲ့တာမဟုတ်ပါဘူး။ တိုက်ခိုက်ခဲ့ပေမဲ့ အရွယ်အစားကြီးမားလွန်းလို့ မနစ်မြုပ် သေးတာပါ။ ဆက်တိုက်ရင်နစ်သွားလောက်တယ် ဆိုပေမဲ့ သူက မတိုက်ခိုက်ဘဲ လေထုထဲမှာသာရပ်နေပြီး တိုက်သင်္ဘောကြီးကိုစိုက်ကြည့်ပြီးတော့သာ စောင့်ကြည့်နေလေရဲ့။

“ဗြိတိသျှအင်ပါယာက သူတို့ရဲ့အင်ပါရီယာအစောင့် တစ်ယောက်ကိုစေလွှတ်လိုက်မယ်လို့ မထင်ခဲ့ဘူး။”

နှင်းဒေဝီက ပြောလိုက်တယ်။ စစ်သင်္ဘောရဲ့ကွပ်ကဲရေး မျှော်စင်ထဲကနေ လူတစ်​ယောက်ထွက်လာတယ်။ နှင်းဒေဝီ လိုပဲ သလင်းကျောက်လုံးတစ်ခုက ထောက်ထံပေးထားတဲ့ သံချပ်ဝတ်ကြီးကိုဝတ်ဆင်ထားပြီး ရန်သူ့သံချပ်ဝတ်က အများကြီးထူပါတယ်။ ပြီးတော့ လက်ထဲမှာ စွမ်းအင်သုံး အမြောက်ကြီးတစ်လက်ကိုလည်း ကိုင်ထားသေးတယ်။

“ပြီးတော့ StreamMega တဲ့လား။ မတွေ့ရတာ ကြာပြီပဲ၊ ဖရာလီတာ။”

နှင်းဒေဝီက အဲမောင်းလှံနဲ့ အဲဒီချပ်ဝတ်ဝတ်ထားတဲ့သူကို ချိန်လိုက်တယ်။ အင်ပါယာရီရာအစောင့်ကလည်း သူ့ကို ပြန်ပြီးတော့ အမြောက်ကြီးနဲ့ချိန်ထားလိုက်တယ်။

“အေး၊ တွေ့မယ်တွေ့တော့လည်း ငါတို့က စစ်မြေပြင်မှာ ပြန်တွေ့ကြတာပဲ။”

ဖရာလီတာလို့အခေါ်ခံလိုက်ရတဲ့သူဆီကနေပြီး ဝမ်းနည်း ကြေကွဲနေတဲ့စကားသံက ထွက်ပေါ်လာတယ်။ နှင်းဒေဝီက ဘာမှမခံစားရဟန်နဲ့။

“ပြိုင်ဘက်ဖြစ်တဲ့နိုင်ငံတွေက ငါတို့က တစ်နေ့ကျရင် အချင်းချင်းသတ်ရမှာပဲ။”

“ငါလည်း ဒီလိုနေ့မျိုးရောက်လာမယ်ဆိုတာ သိခဲ့ပြီးသား။”

ဖရာလီတာက အမြောက်ကိုကိုင်ပြီး တရစပ်စပစ်တယ်။ အလင်းဒြပ်စင်ကျည်တစ်ချက်ချင်းစီတိုင်းက စစ်သင်္ဘော အမြောက်တစ်ချက်စာနဲ့ညီမျှပေမဲ့ အခုပစ်နေတာက စက်သေနတ်လိုအလျင်မျိုးနဲ့ပစ်နေတာပါ။ ဂဠုန်ငှက်တောင် တိုက်ရိုက်မခံဆောင်ရဲဘူး။

နှင်းဒေဝီက ကျည်ဆန်တွေကိုရှောင်ရှားရင်း သင်္ဘော ကုန်းပတ်ပေါ်ကိုခုန်ဆင်းတယ်။ သင်္ဘောကြီးက အဲဒီ အရှိန်ကြောင့်လှုပ်ခါသွားပြီး ဖရာလီတာကလည်း သင်္ဘောပေါ်စရောက်လာတဲ့ မရဏငှက်ဆီကို အတင်းပြေးတက်ကာ အနီးကပ်အမြောက်နဲ့ပစ်ခတ် ဖျက်ဆီးဖို့ကြိုးစားတယ်။

နှင်းဒေဝီကတော့ လက်ထဲကအဲမောင်းကို ချာလည်လှည့်ရင်း အမြောက်ကျည်တွေကို ဖျက်ဆီးပစ်လိုက်တယ်။ နောက်တော့ အမြန်နှုန်းက ရုတ်တရက်တိုးလာပြီး အင်ပါရီယာအစောင့်ရှေ့မှာ ပေါ်လာတယ်။ ဖရာလီတာက တုံ့ပြန်ဖို့တောင်မှ အချိန်မရခဲ့ဘူး။

“ဒါပေမဲ့စိတ်မကောင်းစရာက... နင်ဟာ ငါ့အတွက် ပြိုင်ဘက်တောင်မဟုတ်ဘူး။”

နှင်းဒေဝီက ချပ်ဝတ်ရဲ့ခေါင်းနားကိုကပ်ပြီး တီးတိုးပြော လိုက်ပါတယ်။ အဲဒီနောက် သူ့လက်ထဲက အဲမောင်းက အလင်းတန်းတစ်ခုအဖြစ်ပြောင်းသွားပြီး ဖရာလီတာရဲ့ လက်ကိုခုတ်ချလိုက်တယ်။

“အား.....”

မိန်းကလေးတစ်ယောက်ရဲ့ငယ်သံပါအောင် အော်ဟစ်တဲ့ အသံနဲ့အတူ StreamMegaရဲ့လက်ထဲက အမြောက်က ပြုတ်ကျလာတယ်။ သံချပ်ကာလက်ကလည်း ကွဲအက်သွားတာပေါ့။ နှင်းဒေဝီကတော့ ​ညှာတာမနေဘဲ နေရာကနေပျောက်သွားပြန်တယ်။ နောက်တစ်ကြိမ် ပေါ်လာတော့ နောက်ထပ်လက်တစ်ဖက်ကို ဖျက်ဆီးပြီး ဖြစ်နေပြီး နောက်တစ်ခါထပ်ပျောက်သွားပြန်တယ်။

ဂဠုန်ငှက်က StreamMegaထက် အ​မြန်နှုန်းမှာရော ခွန်အားမှာပါ သာလွန်နေပါတယ်။

“နင်ဒီကိုလာမယ်ဆိုရင် သေရမယ်ဆိုတာသိရဲ့နဲ့၊ ဘာလို့ ပေါ်လာတာလဲ။”

ဂဠုန်ငှက်ဆီကနေ အနည်းငယ်တုန်ယင်နေတဲ့ စကားသံ ထွက်လာတယ်။ ဒါပေမဲ့အဆုံးသတ်မှာ မာထန်သွားပြီး ညှာတာမှုဆိုတာမရှိတဲ့ လေသံမျိုးဖြစ်သွားတယ်။

ဖရာလီတာရဲ့သံချပ်ကာကတော့ လုံးဝပျက်စီးသွားပြီ ဖြစ်ပြီးတော့ လူက ဒူးထောက်ကျသွားတယ်။ သံချပ်ကာရဲ့ ခေါင်းစောင်းလည်း မြေပေါ်ပြုတ်ကျသွားပြီး နဖူးကနေ သွေးတွေစီးကျနေတဲ့ ရွှေရောင်ဆံပင်နဲ့မိန်းမလှလေးရဲ့ မျက်နှာပေါ်လာတယ်။

“ အဆုံးသတ်မှာတော့ ငါတို့က ငါတို့နိုင်ငံတွေရဲ့ အကျိုးအမြတ်အတွက် အသုံးချခံ လက်နက်လေးတွေပဲလေ။”

“လုံလောက်ပြီ။” နှင်းဒေဝီက ဖရာလီတာရှေ့မှာ နောက်ဆုံး အကြိမ်အဖြစ်နဲ့ပေါ်လာတယ်။ ဖရာလီတာရဲ့မျက်သူငယ် အိမ်တွေက ရုတ်တရက်ကျုံဝင်သွားပြီး သူ့ရင်ဘတ်ကိုသူ စမ်းသပ်လိုက်တယ်။ လှံဖျားက သူ့ကျောကိုဖောက်ပြီး သူ့ရဲ့ရင်ကနေ ပြန်ထွက်လာခဲ့တာ။ ပြီးတော့ နှလုံးသားနေရာ တည့်တည့်ကို ထိုးစိုက်သွားတာ။ ဖရာလီတာက ပြုံးလိုက်တယ်။

“အနိုင်ရသူက နင်ဖြစ်နေလို့ တော်သေးတာပေါ့....” အဲဒီစကားနဲ့အတူ ဖရာလီတာက အရုပ်ကျိုးပျက် လဲကျသွားတော့​တယ်။

...

“ဘာလို့ဒီထက်သန်မာအောင် မလုပ်ခဲ့တာလဲ၊ အရူးရဲ့။”

နှင်းဒေဝီက သူ့ရဲ့ဂဠုန်မျက်နှာဖုံးကို ချွတ်လိုက်တယ်။ မျက်လုံးထောင်ကနေ မျက်ရည်တွေကတော့ အတားအဆီးမဲ့ စီးကျလို့။ နောက်တော့ သူက ဖရာလီတာရဲ့သက်မဲ့ခန္ဓာကိုယ်ကို မင်းသမီးလေးတစ်ပါးလို ပွေ့ချီလိုက်ပြီး စစ်သင်္ဘောကြီးပေါ်ကနေ ခုန်ထွက်ကာ တစ်နေရာကို ဦးတည်ပျံသန်းသွားခဲ့လေရဲ့။

...

“မမလေး၊ ကျွန်မတို့လဲ သွားကြတော့မလား။”

ကောင်းကင်တစ်နေရာမှာတော့ မက်ဒါနာနဲ့အေမီတို့က တိုက်ပွဲတစ်ခုလုံးကို အသေးစိတ်စောင့်ကြည့်နေခဲ့တယ်။ ဒါပေမဲ့ တိုက်ပွဲပြီးတဲ့အချိန်အထိ ငေးငိုင်နေခဲ့တာကြောင့် အေမီက မက်ဒါနာကို စိုးရိမ်လာပြီး မေးလိုက်ပါတယ်။

“အင်း၊ သူက သိပ်ကိုအစွမ်းထက်တာပဲလို့ တွေးမိလို့ပေါ့။ ဒီက စစ်သင်္ဘာက ပထမကမ္ဘာစစ်ကာလလောက်က ပုံစံမျိုး ဆိုပေမဲ့ ရေယာဥ်တပ်စုကြီးတစ်ခုလုံးကို ဖြိုခွင်းပစ်တာက”

မက်ဒါနာရဲ့စကားကိုကြားတော့ အေမီကလည်း ခေါင်းကို ညိတ်လိုက်ပြီး “ဟုတ်၊ ဒီကမ္ဘာရဲ့မက်ဒါနာက မမလေးရဲ့ မူကွဲတွေထဲမှာ အတော်လေးအစွမ်းထက်တဲ့ပုံပါပဲ။ သူ့ရဲ့စွမ်းအားကိုသာရရင် မမလေးလည်း ပိုအစွမ်းထက်လာပြီး လောကကြီးကိုကယ်တင်နိုင်မှာပါ။”

အေမီက အလိုက်သင့်လေး ပြောပေးနေပေမဲ့ နောက်ထပ် သတိပေးတဲ့အနေနဲ့လည်း နောက်ဆက်တွဲတစ်ခုကို ပြောပြန်ပါတယ်။

“ဒီမက်ဒါနာက အစွမ်းထက်တဲ့အတွက် ကျွန်မတို့တွေ ထိပ်တိုက်ရင်ဆိုင်ဖို့ မဖြစ်လောက်ဘူးထင်တယ်။ ကျွန်မတို့ နည်းလမ်းတစ်ခုခုသုံးရမယ်။”

ဒါပေမဲ့ မက်ဒါနာကတော့ အဲဒီအကြံကို သဘောတူပုံမရဘူး။ သူက...

“ဒီမက်ဒါနာက စစ်မှန်တဲ့ စစ်သည်တော်တစ်​ယောက်ပဲ။ ဒါကြောင့် တတ်နိုင်သမျှ တရားမျှမျှတတနဲ့တိုက်ခိုက်ပြီး သူ့စွမ်းအားကိုယူမယ်။”

မက်ဒါနာက သူ့ခါးကနေ ‘စက်ရုပ်' မန်မိုရီစတစ်ကို ဖြုတ်ယူရင်း ပြောလိုက်တယ်။ အေမီက ထပ်ပြီး အတိုက်အခံလုပ်မနေတော့ဘဲ...

“ဒါဆိူရင်လည်း မမလေးသဘောအတိုင်းပါပဲ။” လို့ ပြန်ဖြေခဲ့တယ်။

All Chapters