← Chapters

မင်းဘာမှလုပ်စရာမလိုပါဘူး

Vol. 006 Ch. 553

မင်းဘာမှလုပ်စရာမလိုပါဘူး

Vol. 006 Ch. 553

ရှီမာယူယူသည် ဝူလင်းယူ၏ ကျောကို ကြည့်နေသည်။ သူ ထွက်ပြေးသလိုဖြစ်နေတယ်လို့ သူမ ဘာလို့ ခံစားမိနေတာလဲ။

သူမ တံခါးမခေါက်ခင်မှာပင် ဒုကျောင်းအုပ်၏ အသံထွက်လာသည်။

“ဝင်ခဲ့”

ရှီမာယူယူ တံခါးတွန်းဖွင့်လိုက်သည်။ သူမ ရုံးခန်းအား အကဲခတ်လိုက်ရာ ကြီးမားသော စာအုပ်စင် တစ်ခုနှင့် စားပွဲခုံတစ်ခုနှင့် ဘေးတွင် ထိုင်ခုံများစွာရှိသည်။ ရိုးရှင်းသော ခင်းကျင်းမှုသည် အခန်းကို ပိုကျယ်သွား စေသည်။

အဖြူရောင်ဆံပင်နှင့် အဘိုးကြီးသည် အနောက်ဘက် စားပွဲတွင်ထိုင်ကာ ခုံကိုမှီပြီး မျက်လုံးမှိတ် အနား ယူနေလေသည်။ သူမ ဝင်လာသောအခါ သူ မတ်မတ်ထိုင်ကာ ပြောလေသည် “ကျောင်းသားယူယူ”

ထိုအဘိုးကြီး အရင်ကရှင်းပြဖူးသည်ကို ရှီမာယူယူ မြင်ဖူးသည်။ သူမသည် ရိုသေစွာ နှုတ်ဆက်လိုက် သည် “ဒုကျောင်းအုပ် ကျွန်တော့်ကို တွေ့ချင်တယ်လို့ နည်းပြခေါင်းဆောင်က ပြောလို့ပါ”

“မင်း ကောင်းကင်လှေကားထိပ်မှာ ပစ္စည်းကောင်းများတွေ့ခဲ့လား” ဒုကျောင်းအုပ်သည် တွေဝေခြင်းမရှိ ပဲ မေးလိုက်သည်။

သူမ ကောင်းကင်လှေကားကို ထပ်တက်သွားသည်ကို ဂိုဏ်းဝင်ဆရာများသိနေခြင်းကို ရှီမာယူယူ မအံ့သြတော့ပေ။ တစ်ဖက်လူမှ တည့်မေးလာသဖြင့် သူမသည် ဖုံးကွယ်ရန်မလိုပေ။ သူမသည် တစ်ဖက်လူ၏ မျက်လုံးထဲမှ သိချင်စိတ်ဖြစ်နေသည်ကို မြင်သောအခါ ပြောလိုက်သည် “အပေါ်မှာ ဘာမှမရှိပါဘူး၊ ကောင်းကင် အဆောင်တော်က အခွံကြီးပဲ၊ ခုံတစ်ခုံတောင်မရှိဘူး၊ ကျွန်တော် ကောင်းကင်အဆောင်တော်ကို သွားတာ ဒုကျောင်းအုပ်သိတယ်လား”

“မဟုတ်ရင် မင်းဘာလို့ ဒီမှာရပ်နေရမှာလဲ” ဒုကျောင်းအုပ်သည် ပြန်ဖြေလေသည်။

“ဟင်” ရှီမာယူယူ နားမလည်ပေ။

“ဟော့ဘာဟန်နဲ့ ချောင်းလန်လီ” ဒုကျောင်းအုပ်သည် ရိုးရှင်းစွာပင် သတိပေးလိုက်သည်။

ရှီမာယူယူ နောက်ဆုံးမှာပင် ဟော့ဘာဟန်နှင့် လူတချို့ကို အလင်းတန်းကခေါ်သွားသည်ကို သတိပြန် ရသွားသည်။ သို့သော် သူမသည် သတင်းမပို့ခဲ့ပေ။ သူမသည် ကျောက်အဆင့်များတွင် လက်လျော့လိုက်သော ကြောင့် ထိုအခြေအနေမျိုးမဖြစ်ပေ။

“ဆရာ တစ်ခုခုလုပ်လိုက်တာလား” သူမသည် ဒုကျောင်းအုပ်အား အံ့သြစွာကြည့်လေသည်။

“အင်း အတွင်းပိုင်းဂိုဏ်းက ဒီကနေ ခေါ်သွားတာပဲ၊ ဒီမှာ ပါရမီရှင်ရှိပြီဆိုရင် အတွင်းဂိုဏ်းက ခေါ်သွား တာပဲ၊ ဒီတစ်ခါတော့ သူတို့ ငါးအကြီးကြီးလွတ်သွားတာပဲ” ဒုကျောင်းအုပ်သည် မုတ်ဆိတ်မွေးကို သပ်ရင်းပြော လေသည်။

အာ….

ဒါဆိုရင် သူအကြံအဖန်လုပ်လိုက်တာပဲ။

“ဘာလို့လဲ”

“အတွင်းဂိုဏ်းမှာ ဆေးပညာကျောင်းမရှိဘူး” ဒုကျောင်းအုပ်ပြောလိုက်သော အကြောင်းအရင်းကြောင့် သူမ ကျေးဇူးတင်မိသည်။

“ကျေးဇူးတင်ပါတယ် ဒုကျောင်းအုပ်” သူမ ပြောလိုက်သည်။

“မင်းကဘာလို့ ဆေးပညာကျောင်းကို ရွေးလိုက်တာလဲ” ဒုကျောင်းအုပ် မေးလိုက်သည်။

“လူတွေကို ကယ်ဖို့ပါ” ရှီမာယူယူ ပြန်ဖြေလိုက်သည် “ကျွန်တော့်လက်ရှိ ဆေးပညာက အကန့်အသတ် ရှိနေသေးတယ်၊ အဲဒါကြောင့် သူတို့ကို ကယ်ဖို့ နည်းလမ်းရှာဖို့ သင်ချင်တာပါ”

“အဲဒါပဲလား”

“ဟုတ်ပါတယ်”

“ဒါဆို မင်း အဂ္ဂိရတ်ပညာဖြစ်ဖြစ် တည်ဆောက်မှုပညာပဲဖြစ်ဖြစ် ရွေးပြီးမှ ဆေးပညာကို လေ့ကျင့်လို့ရ နေတာပဲ”

“ကျွန်တော် ဆေးပညာအရင်လေ့လာပြီးမှ အဂ္ဂိရတ်ပညာနဲ့ တည်ဆောက်မှုကို လေ့လာဖို့ လုပ်ထားတာ ပါ”

“အဲဒါ သေချာနေပြီပေါ့”

“သေချာပါတယ်”

သူမ ဆုံးဖြတ်ချက်ခိုင်မာနေသည်ကို ဒုကျောင်းအုပ်တွေ့သောအခါ ပြောလေသည် “မင်းက ဆေးပညာ ဌာနရဲ့ တစ်ဦးတည်းသော လူသစ်ဆိုတော့ မင်းတစ်ယောက်တည်းအတွက်နဲ့ ကျောင်းက အတန်းတွေမစီစဉ်ပေး တော့ဘူး၊ အဲတော့ မင်းအချိန်ဇယားကို ကိုယ်တိုင်စီစဉ်ရမယ်၊ ပြီးတော့ မင်းရဲ့ လက်ထောက်ဆရာ ဝူလင်းယူ က မင်းကိစ္စတွေအားလုံးမှာ တာဝန်ရှိတယ်၊ မင်းရဲ့ ဆေးပညာကိစ္စအတွက်ကတော့ ဆရာဟော်ကို သွားရှာလို့ရ တယ်၊ မင်းအချိန်ကိုညှိလို့ရတယ်၊ ပြီးတော့ မင်း တခြားဌာနရဲ့ အတန်းတက်ချင်တယ်ဆိုလည်း သွားလို့ရတယ်၊ ရပြီလား”

အတန်းတက်စရာမလိုဘူးဟုတ်လား။ ဒါကတော့ သူမအတွက် အလွယ်တကူဖြစ်သွားပြီပဲ။

ရှီမာယူယူမသည် ပီတိဖြစ်သွားသော်လည်း အမူအရာမပြပေ “နားလည်ပါပြီ”

“သိပြီဆို သွားလို့ရပြီ၊ တခြားကိစ္စရှိရင် ငါ့ကို တိုက်ရိုက်လာရှာလိုက်” ဒုကျောင်းအုပ်သည် နောက်ကို ပြန်မှီကာ မျက်လုံးမှိတ်လိုက်လေသည်။

ရှီမာယူယူ အရိုအသေပေးကာ ထွက်ခဲ့လေသည်။ သူမ စိတ်ထင့်နေသည်မှာ ဒီစကားတွေပြောဖို့အတွက် ဒုကျောင်းအုပ်က သူမကို ရှာတာလား။ နည်းပြခေါင်းဆောင်ကလည်း ပြောလို့ရရဲ့သားနဲ့။

သူမ ထွက်သွားပြီးနောက် ဒုကျောင်းအုပ်သည် ခုံကိုလှုပ်ရမ်းကာ ရေရွတ်လိုက်သည် “နှစ်တွေကြာပြီးမှ ပေါ်လာတာပဲ….”

ရှီမာယူယူသည် နည်းပြအုပ်ချုပ်ရေးအဆောက်အဦးမှ ထွက်လာရာ ဘေဂုံထန် သူမကို စောင့်နေသေး သည်ကို တွေ့လိုက်သည်။ သူမ သွားလိုက်ကာ ပြောလိုက်သည် “သွားရအောင်”

“ယူယူ ငါအခုလေးတင် နင့်စီနီယာအစ်ကိုကို တွေ့လိုက်တယ်၊ သူကဘာလို့ဒီကိုရောက်နေတာလဲ” ဘေဂုံထန်သည် မေးခွန်းထုတ်လေသည်။

သူမ ထိုအကြောင်းအားတွေးမိရင်း သူမ နဖူးအား ပြန်ရိုက်ကာ “သူက ငါ့ဆရာဖြစ်လာမှာတဲ့”

“အာ…” ဘေဂုံထန်သည် ရယ်ကွဲကာ “သူက ဆရာလား”

“ဟုတ်တယ်” ရှီမာယူယူ မတတ်နိုင်ပဲ ပြောလေသည် “ပြီးတော့ သူက ငါ့ရဲ့ လက်ထောက်ဆရာတဲ့”

“ဘယ်လိုတွေဖြစ်သွားတာလဲ”

“သွားရအောင် လမ်းမှာရှင်းပြမယ်”

ရှီမာယူယူ အတန်းတက်စရာမလိုပဲ အလိုရှိသလိုစီမံလို့ရသည်ဟု ကြားသောအခါ အားလုံးက သူမကို အားကျပြီး သူမအတွက် ဝမ်းသာကြသည်။

ဒီကိုလာရသည့် အကြီးမားဆုံး ရည်ရွယ်ချက်မှာ ရှီမန်ဖန်ကို ကုသဖို့ နည်းလမ်းရှာရန်ဖြစ်သည်။ အတန်း တက်ရရေးမှာ သူမအတွက် အရေးမကြီးပေ။ ထို့အပြင် တခြားအတန်းများတက်ရန်လည်း ဒုကျောင်းအုပ်က ခွင့်ပြုပေးခဲ့သည်။ သူမ စိတ်ပါလျှင် အတန်းသွားတက်နိုင်ပြီး တခြားကိစ္စရှိလျှင် မသွားပဲနေလျှင်လည်း သူမကို ဘယ်သူမှ ပြောမည့်သူမရှိပေ။ ဒီလောက်အဆင်ပြေတာမရှိတော့ပေ။

“ယူယူ ဆရာဟော်က ဆိုးတယ်လို့ပြောကြတယ်၊ သူက အဂ္ဂိရတ်ပညာရှင်လည်းဖြစ်ပေမဲ့ ဆေးပညာ ဌာနကို ရွေးခဲ့တာ၊ ပြီးတော့ ကျောင်းအားတွေအပေါ်လည်း အရမ်းတင်းကြပ်တယ်တဲ့၊ နင့်လို ကျောင်းသားက သူနဲ့ ဘယ်လိုသက်ရောက်မလဲ မပြောနိုင်ဘူး” ရှီမာယူလင်း ပြောလိုက်သည်။

“ငါသူကို မနက်ဖြန်သွားတွေ့လိုက်မယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါကလည်း ကျောင်းအုပ်ကြီးရဲ့ အမိန့်ဆိုရင် ညှိနှိုင်းဖို့ မခက်လောက်ပါဘူး”

သို့သော် သူမခန့်မှန်းချက်မှာ မှားနေခဲ့သည်။ ဆရာဟော်သည် ဒုကျောင်းအုပ်၏ အတွေးနှင့်မဆိုင်ပဲ သူမ ကိုလက်ခံခဲ့သည်။ ဖန်တံလျှပ်အတွင်းတွင် သူမ ဟော့ဘာဟန်ကို ဆေးကုပေးသည့် အရည်အချင်းကို ဆရာဟော် တွေ့ပြီးနောက် သူမအတွင် ဆေးပညာအရည်အချင်းကောင်းသည်ဟု တွေးခဲ့သည်။

နောက်တစ်နေ့ သူမ သူ့ကိုသွားတွေ့သောအခါ သူမကို စာအုပ်ပစ်ပေးပြီး ပြောလေသည် “ပြန်သွားပြီး လေ့လာလိုက်၊ ငါ့ကို နောက်၅ရက်နေရင် လာတွေ့လိုက်၊ ငါ့ စစ်ဆေးမှုကို အောင်မှ ငါ့ကျောင်းသားဖြစ်မယ်”

ရှီမာယူယူသည် စာအုပ်အလေးကြီးကို ဖက်ကာ တိတ်ဆိတ်စွာပင် ပြန်သွားလေသည်။

ထိုစာအုပ်အတွင်းမှ အကြောင်းအရာများသည် သာမန်မဟုတ်ပေ။ ဝိဉာဉ်သခင်များ ခံစားရလေ့ရှိသော ခက်ခဲကာ အမျိုးမျိုးသော ရောဂါများအကြောင်းများ ပါနေသည်။ ထိုအကြောင်းများအား ဖတ်ပြီးသောအခါ ဖျားနာသော ဝိဉာဉ်သခင်မရှိခြင်းမဟုတ်ပဲ သူမကသာ ဖျားနာသော ဝိဉာဉ်သခင်ကို မတွေ့ခဲ့ဖူးခြင်းဖြစ်သည်။

ထို ၅ရက်အတွင်းတွင် ဝူလင်းယူသည် သင်ကြားရမည့် အချက် များကို ကိုးကားပြောရန် သူမအား သူ့ခြံဝန်းအတွင်းခေါ်ထားလေသည်။ သို့သော် သူမ သွားသောအခါ သူတစ်ယောက်သာ စာဖတ်ပြီး သူသည် သူမ အား စောင့်ကြည့်ရုံသာ ကြည့်နေခဲ့သည်။

သူမ ဖတ်လက်စ စာအုပ်ကိုပိတ်ပြီး သူ့ကိုကြည့်ကာ မေးလိုက်သည် “စီနီယာအစ်ကို ဂိုဏ်းနဲ့ပတ်သတ် ပြီးလုပ်စရာမရှိဘူးလား”

“မစိုးရိမ်ပါနဲ့ အခုအားလုံးက သင်ကြားမှုအဆင့်မှာပဲရှိသေးတယ်၊ စမ်းသပ်မှုတွေ စာမေးပွဲတွေ မရှိသေး ဘူး” ဝူလင်းယူ ပြောလေသည်။

“ဒါဆို ပညာရှိစံအိမ်တော်နဲ့ ပတ်သတ်တာမရှိဘူးလား” သူမသည် လက်မလျော့ပေ။

“အင်း ပညာရှိစံအိမ်တော်မှာ လူအများကြီးအလုပ်လုပ်နေတာ၊ အဘိုးကြီးမထွက်လာသရွေ့ ငါလုပ်စရာ မရှိဘူး” ဝူလင်းယူသည် စိတ်ထဲမှ ကြိတ်ရယ်မိသည် “ဒါပေမဲ့ ငါအရင်ကလည်းပြောပြီးပါပြီ သူ အချိန်တစ်ခုအထိ တော့ မထွက်လာသေးဘူးလို့၊ သူထွက်လာရင် သူ့နောက်ဆုံးပွဲပဲဖြစ်လိမ့်မယ်”

“အစ်ကိုက ဘာမှမလုပ်တော့ဘူးလား”

“လုပ်မှာပေါ့” ဝူလင်းယူ ပြန်ဖြေလိုက်သည်။

“ဘာကိုလဲ”

“မင်းလေ့လာတာကို ကူပေးရမှာလေ”

ရှီမာယူယူ လက်ထဲမှ စာအုပ်ကို မပစ်မိအောင် သည်းခံထားရလေသည်။

All Chapters