← Chapters

နဝမအစေခံ၏ အမျက်ဒေါသ

Vol. 014 Ch. 1311

နဝမအစေခံ၏ အမျက်ဒေါသ

Vol. 014 Ch. 1311

ချော်ရည်ကဲ့သို့ မီးတောက်များက သွေးနဂါးမြစ် အတွင်းတွင် ကခုန်အော်မြည်နေကာ လှိုင်းလုံးကြီးများက အပေါ်သို့ ရိုက်ခတ်လာနေ၏။

မီးတောက်ရောင် လှိုင်းများသည် ဒေသနန်းတော်နှင့် မြစ်ကမ်းပါးသို့ ရိုက်ခတ်လာသည်။ သို့သော် လူတိုင်းသည် ထိုအဖြစ်ကို သတိပင် မထားမိကြပေ။ သူတို့၏ မျက်လုံးများသည် သွေးနဂါးမြစ်အလယ်တွင် အထက်မှ ကျဆင်းလာသည့် ကြယ်တာရာ နှင်တံပေါ်တွင်သာ မြဲမြံစွာ တည်ရှိနေကြပေသည်။

ထိုနှင်တံသည် ကြည့်ရှုနေသူများ၏ နှလုံးသားကိုပါ ရိုက်ခတ်လိုက်သကဲ့သို့ ထင်မှတ်ရပေသည်။

ရီဖူရှင်းသည် သူ လုပ်မည်ဟု ပြောသည့်အတိုင်း လုပ်ဆောင်ခဲ့ပေသည်။

သူတို့နှစ်ယောက်ကြားတွင် တစ်ယောက်သာလျှင် ဒေသနန်းတော်သို့ ခြေချခွင့်ရှိလိမ့်မည် ဖြစ်၏။

ရီဖူရှင်းက ရှင်းခိုင်ကို ရိုက်နှက်လိုက်သည်။

အနိုင်ရသူက ရှုံးနိမ့်သူကို သတ်ဖြတ်ခဲ့သည်။

ချီရှန်းသည် ထိုမြင်ကွင်းကို မြင်တွေ့ပြီးနောက် ခေါင်းယမ်းမိသည်။ သေသည်အထိ တိုက်ခိုက်ရသည့် တိုက်ပွဲဖြစ်သည့်အတွက် ရီဖူရှင်းကသာ ရှင်းခိုင်ကို သတ်ဖြတ်ဖို့ရာ လက်လျှော့ရန် ဆန္ဒမရှိပါက အခြားမည်သူကမှ ဝင်ရောက် စွက်ဖက်နိုင်မည် မဟုတ်ပေ။

ထို့အပြင် နဝမအစေခံသည် သူ့ကို ပေါ်တင် ခြိမ်းခြောက်ခဲ့သော်လည်း ရီဖူရှင်းသည် တူညီစွာပင် ရှင်းခိုင်ကို သွေးနဂါးမြစ်အထက်၌ သတ်ဖြတ်ခဲ့ပေသည်။

“သူက ဒေသနန်းတော်ကို ဝင်ဖို့ သဘောတူပြီးတဲ့နောက်မှာ ရှေးဟောင်းတော်ဝင်မြို့ကို စိန်ခေါ်စာပို့ခဲ့တယ်။ ကြည့်ရတာ သူ အစကတည်းက ဒီလိုလုပ်ဖို့ တွေးနေခဲ့တာများ ဖြစ်မလား”

လူအများသည် တီးတိုး ရေရွတ်လိုက်ကြ၏။ သူက ဒေသနန်းတော်သို့ ဝင်ရောက်ခြင်းမှာ မျက်မြင်သက်သေ လိုအပ်၍သာ ဖြစ်ပြီး သို့မှသာ သူက ရှင်းခိုင်ကို သတ်လျှင်ပင် နဝမအစေခံက သူ့အား မည်သို့မှ လုပ်၍ ရမည် မဟုတ်ပေ။

ရီဖူရှင်းသည် ထို့နောက် ဤလမ်းကို ရွေး၍ ဆုံးဖြတ်ချက် ချခဲ့ပေသည်။

သူနှင့် ရှင်းခိုင် သွေးနဂါးမြို့တွင် တိုက်ခိုက်ခဲ့စဉ်က သူက ရှင်းခိုင်ကို သတ်ဖြတ်နိုင်စွမ်း ရှိသည်ဟု ယုံကြည်ခဲ့သည်။ ယခု တိုက်ပွဲ၌ သူ၏ ယုံကြည်မှုကို သက်သေပြခဲ့လေသည်။

ဒေသနန်းတော်၏ အစွန်းဘက်တွင် ရပ်နေသည့် လူစုသည် ရိုက်ချက်တစ်ချက် ကျဆင်းလာသည်ကို မြင်တွေ့လိုက်ကြရသည်။ သူတို့၏ စိတ်ထဲတွင် တုန်လှုပ်နေကြပြီး အားလုံးသည် ဝေခွဲမရစွာ ခံစားနေကြရသည်။

ရင်ထျန်းကျောက်၏ စိတ်ထဲတွင်လည်း ထိုမြင်ကွင်းကြောင့် အနည်းငယ် တုန်လှုပ်သွားပေသည်။ သူမသည် မြင်တွေ့ခဲ့ရသည်အား ယုံကြည်နိုင်ခြင်း မရှိသေးပေ။ အင်ပါယာခွာ၏ အပျက်အစီး နယ်မြေအတွင်း၌ သူမနှင့် ယှဉ်ပြိုင်ခဲ့သည့် လူငယ်လေးသည် နောက်ပိုင်း၌ သူနှင့် မျိုးဆက်တူများကြားတွင် ပြိုင်ဘက်ကင်းသည့် ရှင်းခိုင်ကို အနိုင်ပိုင်းနိုင်ခဲ့ပေသည်။

ရှုကျီ၏ အမူအရာကို ခန့်မှန်းရလျှင် သူမသည် မယုံကြည်နိုင်မှုနှင့် ကြောက်ရွံ့မှုတို့ကိုသာ ခံစားနေရပေသည်။ သူမသည် ထိုအရာအားလုံးက မည်သို့ ဖြစ်ပျက်သွားသည်ကို မသိရှိလိုက်ပေ။

သူမသည် မြင်တွေ့လိုက်ရသည့် မြင်ကွင်းအား မယုံကြည်ရဲပေ။ သူမအား အကြိမ်ပေါင်းများစွာ အနိုင်ယူခဲ့သည့် ဒေသနန်းတော်၏ မျိုးဆက်တူများကြားတွင် ပြိုင်ဘက်ကင်းသော ဒဏ္ဍာရီပုဂ္ဂိုလ်သည် နတ်ဘုရား ဆေးကြောသန့်စင်ခြင်း အဆင့်၏ သတ်ဖြတ်ခံရခြင်းဖြင့် အဆုံးသတ် ခဲ့ရလေသည်။

“သူက သွေးနဂါးမြို့က ပြန်သွားပြီးတော့ ပိုအစွမ်းထက်လာတာပဲ။ သူ့ရဲ့ တိုးတက်မှုနှုန်းက မှန်းဆလို့တောင် မရဘူး”

ဖေမင်က ခပ်တိုးတိုးနှင့် လေးနက်စွာ မှတ်ချက်ချလိုက်သည်။ သူ၏ အမူအရာက ရှုပ်ထွေးမနေဘဲ နှမြောတသမှုကိုသာ ခံစားနေရလေသည်။

ရှင်းခိုင်သည် ဖေမင်နည်းတူ ကျော်ကြားသူဖြစ်ပြီး သူက ယခုတွင် ရီဖူရှင်းထံမှ ထိုကဲ့သို့ သတ်ဖြတ်ခြင်းကို ခံရသည်မှာ မချင့်မရဲ ဖြစ်စရာပင် ဖြစ်လိမ့်မည်။

သူသည် အစောပိုင်းက ရီဖူရှင်း တိုက်ပွဲတွင် နိုင်မည်ဟု ခံစားရကြောင်း ပြောခဲ့သော်လည်း ရီဖူရှင်းက မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့် ဖြစ်သည့် ရှင်းခိုင်ကို မည်သို့ ရင်ဆိုင်၍ အနိုင်ရလိမ့်မည်အား မသိရှိခဲ့ပေ။

သို့ရာတွင် ယခုတိုက်ပွဲ၌ ဖေမင်သည် ရီဖူရှင်းက မက်မွန်ပွဲတော်တွင် ရရှိခဲ့သော စွမ်းရည်ကို ပိုင်နိုင်စွာ အသုံးပြု၍ ယင်းတို့ကို သူ၏ ကျင့်စဉ်အတွင်းတွင် ပြည့်စုံစွာ ပေါင်းစပ်နိုင်ခဲ့သည်။ ထို့အပြင် သူသည် စကြဝဠာဖြိုခွင်းခြင်း ဟူသည့် တိုက်ခိုက်ရေးနည်းလမ်း အသစ်ကိုပင် ဖော်ထုတ်နိုင်ခဲ့ပေသည်။

ရှင်းခိုင်သည် နောက်ဆုံးချိန်ထိ တိုက်ခိုက်ရန် သူ၏ သက်စောင့်ဝိညာဉ်ကို လောင်ကျွမ်းကာ ကောင်းကင်ပြစ်ဒဏ် တိုက်ပွဲသဏ္ဌာန်အထိ ဖော်ထုတ်ခဲ့သော်လည်း ရီဖူရှင်းသည် ကြယ်များကို တစ်နေရာတည်းသို့ စုစည်းကာ ကြယ်တာရာ တိုက်ပွဲသဏ္ဌာန်ကို ဖော်ထုတ်ခဲ့သည်။ သူ၏ ကိုယ်တွင်းမှ စွမ်းအားသည် ရှင်းခိုင်ထက် သာလွန်ကောင်း သာလွန်နေနိုင်ပေသည်။

နောက်ဆုံး အခိုက်တွင် အသုံးပြုခဲ့သည့် နှင်တံပညာရပ်သည် ရိုက်ချက်တိုင်း၌ ကြယ်များ ကျဆင်းလာသည်ဟူသော ခံစားချက်မျိုး ရရှိစေသည်။ ဖေမင်သည် ရီဖူရှင်းနှင့် တိုက်ခိုက်ရသည်က သူသာ ဖြစ်ခဲ့လျှင်  မည်သို့ ဖြစ်လိမ့်မည်ကို တွေးနေသည်။

သူ တွေးနေသည်မှာ သူက ဓားက ထိုနှင်တံ၏ ပြင်းထန်သည့် တိုက်ခိုက်မှုမျိုးကို ခံနိုင်ရည် ရှိပါ့မလားဟူသည်ပင် ဖြစ်သည်။

သူဓား၏ စွမ်းအားသည် ထိုတိုက်ခိုက်မှုမျိုး ကဲ့သို့ပင် ဓားတစ်ချက် ထုတ်ဖော်လိုက်တိုင်း ယခင်ဓားချက်ထက် ပို၍ သန်မာလာပေသည်။

သို့သော် ရီဖူရှင်း၏ နှင်တံပညာရပ်သည်လည်း နောက်ထပ် ရိုက်ချက်တစ်ချက်သည် ယခင် ရိုက်ချက်ထက် သန်မာအားကောင်း လာပေသည်။ ထို့အပြင် ထုတ်ဖော်လိုက်သည့် ရိုက်ချက်တိုင်းသည် ယခင်တိုက်ခိုက်မှု၏ စွမ်းအားများ ပါဝင်နေပေသည်။ တိုက်ခိုက်မှုသည် ကောင်းကင်နှင့်မြေကြီး ပျက်စီးသည်အထိ ဆက်တိုက် ထိုးနှက်နေပြီး ရှင်းခိုင်၏ တိုက်ပွဲသဏ္ဌာန်သည်ပင် ထိုတိုက်ခိုက်မှုကို တောင့်ခံနိုင်စွမ်း မရှိတော့သည်ထိ လုပ်ဆောင်နေသည်။

ယူချင်းပြီးနောက် နောက်ထပ် မကောင်းဆိုးဝါး တစ်ကောင်က ဒေသနန်းတော်သို့ ရောက်ရှိလာခဲ့ပြန်ပြီ ဖြစ်သည်။

အမှန်တကယ်ပင် ဒေသနန်းတော်သည် သွေးနဂါးဘုံတွင် မကောင်းဆိုးဝါး အဆန်ဆုံးသော ပါရမီရှင်များ စုစည်းရာ နေရာဖြစ်သည်။

သို့ပေမဲ့ ဤသည်က စိတ်လှုပ်ရှားစရာ ကောင်းလှပေသည်။

ထိုအခိုက်တွင် အားလုံး၏ စိတ်ဝင်တစား အကြည့်များအောက်တွင် ရှင်းခိုင်၏ တိုက်ပွဲသဏ္ဌာန်က ကြေမွပျက်စီးသွားသည်။ ထိုသဏ္ဌာန်သည် ရှင်းခိုင်၏ ခန္ဓာကိုယ်မှ ဖန်တီးထားခြင်း ဖြစ်ပေသည်။ ယင်းသည် မဟာလမ်းစဉ်၏ စွမ်းအားများအစား အသွေးအသားများနှင့် ဖန်တီးထားသည့် သဏ္ဌာန်ဖြစ်သောကြောင့် ကြောက်မက်ဖွယ် စွမ်းအားကို  ထုတ်ဖော်နိုင်ခြင်း ဖြစ်သည်။

သို့သော်လည်း ထိုသည်က ရှင်းခိုင်အတွက် အဆိပ်သဖွယ် ဖြစ်လာခဲ့ရသည်။

ကြယ်တာရာနှင်တံက ရှင်းခိုင်၏ ခေါင်းပေါ်သို့ ကျဆင်းလာသည့်အခါ ထိုသည်က သူ့အပေါ်သို့ ကောင်းကင်မှ ကြယ်များ ပြိုဆင်းလာသည်ဟု ထင်မှတ်ရပေသည်။ ရှင်းခိုင်၏ တိုက်ပွဲသဏ္ဌာန်သည် ထိုတိုက်ခိုက်မှုမှ ကာကွယ်ရန် နည်းလမ်းမရှိခဲ့ဘဲ အမှန်တကယ် ကြေမွပျက်စီး သွားလေသည်။ နှင်တံက လေထဲတွင် ဝှေ့ယမ်းလိုက်သည့်အခါ ရှင်းခိုင်၏ ခန္ဓာကိုယ်သည် သွေးနဂါးမြစ်အထက် ကောင်းကင်ထဲတွင် ပျောက်ကွယ်သွားလေသည်။

သွေးနဂါးမြစ်အထက် တိုက်ပွဲကွင်းပြင်တွင် ရီဖူရှင်း တစ်ဦးတည်းသာ အဆုံးမဲ့ ကြယ်အလင်းများနှင့် လွှမ်းခြုံထားကာ မဟာလမ်းစဉ် စွမ်းအားများနှင့် ပေါင်းစပ်ထားသည့် အလင်းများဖြင့် တောက်ပနေသည့် ကြယ်စင်ခန္ဓာ တိုက်ပွဲသဏ္ဌာန်နှင့် ကျန်ရစ်ခဲ့သည်။

ကျယ်ပြောလှသည့် နေရာတစ်ခုလုံးသည် အံ့အားသင့်ဖွယ် ကောင်းလောက်အောင် တိတ်ဆိတ်နေသည်။ ထိုအချိန်၌ သွေးနဂါးမြစ်၏ အော်မြည်သံသာလျှင် ကြီးစိုးနေပေသည်။

ထိုသည်က အလွန်တိုတောင်းလှသည့် အချိန်ဖြစ်သော်လည်း ထိုမြင်ကွင်းကို ကြည့်ရှုနေကြသူများမှာ အလွန်ရှည်ကြာလှသည့် အချိန်ကာလဟု ခံစားမိကြလေသည်။ အော်မြည်နေသည့် သွေးနဂါးမြစ်သည် တဖြည်းဖြည်း တိတ်ဆိတ်လာပြီး ထပ်၍ အော်မြည်နေခြင်း မရှိတော့ပေ။ သို့သော် ၎င်းသည် အရှိန် ပြင်းထန်စွာ စီးဆင်းနေဆဲပင် ဖြစ်၏။ သူတို့သည် လောင်ကျွမ်းနေသည့် လေထုဝန်းကျင်တွင် ကြာရှည်နေခဲ့ကြ သော်လည်း လူအုပ်ကြီးသည် ထိုသည်ကို ခံစားမိခြင်း မရှိကြပေ။

သူတို့၏ စိတ်ထဲတွင် ရှင်းခိုင်၏ သေဆုံးခြင်းသာလျှင် လွှမ်းမိုးထားပေသည်။

သူ၏ နာမည်က သွေးနဂါးဘုံကို ကိုင်လှုပ်နိုင်ခဲ့သည့် ဒဏ္ဍာရီပုဂ္ဂိုလ် တစ်ဦးသည် အသစ်ထွက်ပေါ်လာသည့် ပါရမီရှင်တစ်ဦးကြောင့် ဒေသနန်းတော် အပြင်ဘက်တွင် အသတ်ခံခဲ့ရပေသည်။

ရီဖူရှင်းသည် ရှင်းခိုင်၏ ခေါင်းကို နင်းခြေ၍ ဤမျိုးဆက်၌ မည်သူက အသန်မာဆုံး ဖြစ်သည်အား သွေးနဂါးဘုံမှ လူအားလုံးကို ရှင်းလင်းစေရန် သက်သေပြခဲ့ပေသည်။

သူသည် နတ်ဘုရား ဆေးကြောသန့်စင်ခြင်း အဆင့်ဖြစ်သော်လည်း ရှင်းခိုင်ကို သတ်ဖြတ်နိုင်ခဲ့သည်။ ထိုသည်မှာ မည်သူ တစ်ဦးတစ်ယောက်မဆို ဖြတ်ကျော်ရန် ခက်ခဲလိမ့်မည့် အပြုအမူမျိုးပင် ဖြစ်သည်။

ထိုအခိုက်တွင် သွေးနဂါးမြစ်အထက်မှ လေထုသည် အော်မြည်နေပြီး လောင်ကျွမ်းနေသည့် စွမ်းအားများသည် အထက်မှ ကျဆင်းလာကာ သွေးနဂါးမြစ်တခွင်ကို လွှမ်းခြုံသွားသည်။

ရီဖူရှင်းသည် ထိုအတွင်း၌ မည်မျှ လွှမ်းမိုးနိုင်စွမ်းရှိသည့် မဟာလမ်းစဉ် ဖိအားများ ပါဝင်နေသည်ကို ခံစားနိုင်ပေသည်။ ထို ပြင်းထန်လှသော စွမ်းအားများသည် မည်သည့်အခါမှ မလှုပ်ခါနိုင်မည့် အားအင်များဖြင့် သူ့ခန္ဓာကိုယ်ကို ဖိနှိပ်ထားသည်။

သို့ရာတွင် ရီဖူရှင်း၏ အမူအရာမှာ တည်ငြိမ်နေသည်။ ထိုသည်က မည်သူ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သူ သိရှိပေသည်။

သို့သော် သူတို့သည် ဒေသနန်းတော် အပြင်ဘက် သွေးနဂါးမြစ်အထက်တွင် ရှိနေခြင်း ဖြစ်ပြီး သွေးနဂါးမြို့အတွင်း၌ ရှိနေခြင်း ဖြစ်ပေသည်။

မြစ်ကမ်းဘေးမှ လူများသည် မတတ်နိုင်စွာနှင့် လူခွဲလိုက်ကြသည်။ ထိုနေရာ၌ မားမားမတ်မတ် ရပ်နေသည့်သူမှာ အခြားသူမဟုတ်ဘဲ နဝမအစေခံပင် ဖြစ်သည်။

သူသည် သွေးနဂါးမြစ်ဆီသို့ ကြည့်နေပေသည်။ သူ၏ မဟာလမ်းစဉ် စွမ်းအားများက နေရာတခွင်လုံးကို လွှမ်းခြုံထားသည်။ သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသည့် အရိပ်အငွေ့များဖြင့် ပြည့်နှက်နေပေသည်။

သူသည် ရှင်းခိုင်ကို ငယ်ရာမှ ကြီးလာသည်အထိ ကြည့်ရှုစောင့်ရှောက် ပေးခဲ့ရသူ ဖြစ်သည်။ သူ၏ သခင်လေးသည် မိမိကိုယ်ကိုယ်သိမြင်ခြင်း အဆင့်သို့ပင် ရောက်နေပြီ ဖြစ်၏။ သူ၏ သခင်လေးသည် နောက်ဆုံး ရည်မှန်းချက်ကို ပြည့်ဝနိုင်ရန် သိပ်အဝေးကြီး မလိုတော့သော်လည်း ရီဖူရှင်းက သွေးနဂါးမြစ် အထက်တွင် သူ၏ သခင်လေးကို သတ်ဖြတ်ခဲ့သည်။

သူသည် ရှင်းခိုင် ကြီးပြင်းလာသည်ကို စောင့်ကြည့်ခဲ့သည်။ သူသည် သခင်လေး၏ အစေခံအဖြစ်ရော ကာကွယ်စောင့်ရှောက်သူပါ ဖြစ်သော်လည်း သူသည် ရှင်းခိုင်၏ အုပ်ထိန်းသူလည်း ဖြစ်နေသေးသည်။

ရှင်းခိုင်သည် အလွန် ထူးချွန်ပြီး ဂုဏ်ယူဖွယ်ရာ ကောင်းသည့် သူ ဖြစ်သည်။ သူ၏ သွေးကြောများထဲတွင် အင်ပါယာကျန်း၏ သွေးများ စီးဆင်းနေသည်။ သူသည် အမြဲတမ်း အသန်မာဆုံး ဖြစ်ရန် ဆန္ဒရှိခဲ့ပြီး ထို့အတွက်ကြောင့်ပင် မက်မွန်ပွဲတော်၌ ရီဖူရှင်းကို ရှုံးနိမ့်ခဲ့စဉ်တွင် အကြီးအကျယ် ထိခိုက်ခံစားခဲ့ရခြင်း ဖြစ်နိုင်သည်။

သူသည် ဤတိုက်ပွဲအတွက် နောက်ထပ် အမှတ်အသားကို ရှင်းခိုင်ကိုယ်ထဲ၌ မချန်ထားခဲ့ပေ။ ရှင်းခိုင်သည် ယခင်တိုက်ပွဲတွင် စစ်နတ်ဘုရား အမှတ်အသားကို အသုံးပြု ပြီးသည့်နောက် သူသည် နောက်ထပ် အမှတ်အသားတစ်ခုအား ရှင်းခိုင်ထံ၌ ချန်ရစ်ရန် အခက်တွေ့ခဲ့သည်။ ထိုတိုက်ပွဲ၌ ပေးဆပ်ရသည့် အဖိုးအခသည် သူ့အတွက် အလွန်ကြီးမားခဲ့သည်။ သူသည် အခြားသောတိုက်ပွဲတွင် ရှင်းခိုင်၏ ခန္ဓာကိုယ်ကို ထပ်၍ အသုံးပြုနိုင်စွမ်း မရှိတော့ပေ။

ထို့အပြင် ထိုတိုက်ပွဲသည် သေသည်အထိ တိုက်ခိုက်ရသည့် တိုက်ပွဲဖြစ်သည်။ ဒေသနန်းတော်ရှိ လူများသည် ဤနေရာသို့ မျက်မြင်သက်သေအဖြစ် ရောက်ရှိနေကြပြီး သူက ရှင်းခိုင်ထံ၌ အမှတ်အသား ချန်ထားလျှင်ပင် အချည်းနှီး ဖြစ်ပေလိမ့်မည်။ ရီဖူရှင်းထံတွင် တစ်စုံတစ်ယောက်၏ တိုက်ပွဲစွမ်းရည်ကို တိုးမြှင့်ပေးနိုင်သည့် နည်းလမ်းကိုလည်း ပိုင်ဆိုင်ထားပေသည်။

နဝမအစေခံသည် ရှင်းခိုင်က ဤသေခြင်းရှင်ခြင်း တိုက်ပွဲ၌ သူ၏ ဝှက်ဖဲကို အသုံးပြုလိုက်လျှင် အနိုင်ရလိမ့်မည်ဟု တွေးထင်ခဲ့သည်။

လက်ရှိဖြစ်ရပ်ကို ကြည့်ပါက နဝမအစေခံသာ အမှတ်အသား ချန်ရစ်ပေးခဲ့လျှင် သူသည် ရှင်းခိုင်အတွက် အချိန်အနည်းငယ် ရစေရန် ပြုလုပ်ပေးနိုင်မည် ဖြစ်ပြီး ရီဖူရှင်း၏ သတ်ဖြတ်လိုစိတ်ကို ယိမ်းယိုင်စေပေ လိမ့်မည်။

သို့ဆိုလျှင် ရှင်းခိုင်လည်း ထိုသို့ အဆုံးသတ်မျိုးနှင့် ကြုံတွေ့ရလိမ့်မည် မဟုတ်ပေ။

“နဝမအစေခံ”

ဒေသနန်းတော်မှ ကျယ်ပြောလှသည့် လေဟာနယ်ကို ဖြတ်လာသော အသံတစ်ခုကို ကြားလိုက်ရသည်။ ထိုအသံသည် နေရာတခွင်လုံးကို ပဲ့တင်ထပ်သွားလေသည်။ ထိုစွမ်းအားသည်လည်း နဝမအစေခံကဲ့သို့ပင် ကြောက်မက်ဖွယ် ကောင်းလှသည်ကို ခံစားမိနိုင်ကြသည်။

ထိုအချိန်တွင် ကမ်းပါးရှိ လူတိုင်းသည် ထိုစွမ်းအားနှစ်ခုသည် မည်မျှ အစွမ်းထက်ကြောင်း သိမြင်ကြပေသည်။

သူတို့သည် ဒေသနန်းတော်ကို လှည့်ကြည့် လိုက်ကြသည်။ ထိုအရှိန်အဝါသည် လူတစ်ယောက်ထံမှသာ လာနိုင်ခြင်း ဖြစ်ပေသည်။

ရီဖူရှင်းသည် တိုက်ခိုက်ရန် နေရာအတွက် သွေးနဂါးမြစ်ကို ရွေးချယ်ခဲ့ပြီး ဒေသနန်းတော်ကို သက်သေထားခဲ့သည်။ သူသည် ရှင်းခိုင်ကို ရက်စက်သကဲ့သို့ သူ့ကိုယ်သူလည်း ရက်စက်ခဲ့ပေသည်။

ရှုံးနိမ့်သူက သေရမည် ဖြစ်သည်။

ထို့အပြင် နဝမအစေခံသာ မကဘဲ အခြားမည်သူမှ ဝင်ရောက် စွက်ဖက်နိုင်ခြင်း ရှိမည် မဟုတ်ပေ။

ရှင်းခိုင်သည် နဝမအစေခံအတွက် ကမ္ဘာတစ်ခုအဖြစ် အဓိပ္ပာယ် ရှိသော်လည်း သူသည် ရှင်းခိုင်ကို အခြားသူ၏ လက်ထဲမှ ကာကွယ်မပေးနိုင်ခဲ့ပေ။ သူသည် အရာအားလုံးကို ဘေးချိတ်ကာ ရီဖူရှင်းကို ဤနေရာ၌ ချက်ချင်း ရင်ဆိုင်ရန်လည်း နည်းလမ်းမရှိပေ။

“စီနီယာ၊ ရှေးဟောင်းတော်ဝင်မြို့က ဒီတိုက်ပွဲကို သဘောတူပြီး စိန်ခေါ်မှုကို လက်ခံခဲ့တာပါ။ သေခြင်းရှင်ခြင်း တိုက်ပွဲမှာ တစ်ဖက်ဖက်က သေရမှာတော့ ကျိန်းသေတယ်။ ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ ဒါက ရှင်းခိုင်ရဲ့ ကိုယ်ပိုင်ရွေးချယ်မှုပါပဲ”

ကြည့်ရှုနေသူများသည် ချီရှန်းက နဝမအစေခံအား ကြည့်ကာ ပြောလိုက်သည်ကို မြင်လိုက်ကြသည်။

ချီရှန်း၏ စကားသံက ယဉ်ကျေးနေသည်။ သူသည် မင်းသားတစ်ပါး ဖြစ်သော်လည်း နဝမအစေခံသည် ရန်ဟောင်အဆင့်အောက်မှ အထွတ်အထိပ် ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေဆဲ ဖြစ်သည်။ နဝမအစေခံသည် အကြီးအကဲတစ်ဦးအဖြစ် ဆုံးဖြတ်နိုင်သည့်အတွက် မင်းသားတစ်ပါး ဖြစ်နေလျှင်ပင် သူ့ကို မျက်နှာသာပေးရန် လိုပေသည်။

နဝမအစေခံသည် ချီရှန်းကို ကြည့်လိုက်သည်။ သူသည်လည်း ရီဖူရှင်းကို ချက်ချင်း သတ်ပစ်၍ မရနိုင်သည်အား သိရှိပေသည်။

ရှင်းခိုင်က သေသွားခဲ့ပြီဖြစ်ရာ အခုချိန်၌ မည်သို့ လုပ်ဆောင်ပါစေ အသုံးဝင်တော့မည် မဟုတ်ပေ။

သူသည် မည်သည့်စကားကိုမှ ထပ်မပြောတော့ဘဲ ရီဖူရှင်းကိုလည်း မခြိမ်းခြောက်တော့ပေ။ သူသည် ဖြည်းညင်းစွာ ပြန်လှည့်လိုက်ကာ လျှပ်တစ်ပြက်အတွင်းတွင် လေထုကို ဖြတ်သန်း ထွက်ခွာသွားသည်။

“သွားကြစို့”

အသံတစ်ခုကို ကြားလိုက်ရပြီး ရှေးဟောင်းတော်ဝင်မြို့မှ လိုက်ပါလာသူများသည် တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွား ကြလေသည်။

ရှင်းခိုင် မသေဆုံးခင်တွင် နဝမအစေခံသည် ရီဖူရှင်းကို ဖိအားပေးကာ ရှင်းခိုင်အား လွှတ်ပေးရန် ခြိမ်းခြောက်ခဲ့သည်။ ယခု ရှင်းခိုင် သေသွားခဲ့ပြီဖြစ်ရာ သူ မည်သို့ လုပ်လုပ် အသုံးဝင်တော့မည် မဟုတ်ပေ။

နဝမအစေခံ ထွက်ခွာသွားသည်ကို ကြည့်နေကြသည့် လူအများသည် ယခု ရှေးဟောင်းတော်ဝင်မြို့မှ မြို့စားက မည်သို့ လုပ်လိမ့်မည်နည်းဟု တွေးနေကြပေသည်။

သူသည် ရှင်းခိုင်၏ သေဆုံးခြင်းအတွက် ရိုးရှင်းစွာ လက်လွှတ်ပေးလိုက်ရန် အကြောင်းမရှိပေ။

ရီဖူရှင်းသည် နဝမအစေခံ ထွက်ခွာသွားသည်ကို ကြည့်နေသည်။ ထို့နောက် သူသည် မျက်မှောင်ကို ခပ်တင်းတင်း ကြုတ်လိုက်၏။

နဝမအစေခံသည် ရန်ဟောင်အဆင့်အောက်မှ အထွတ်အထိပ်တွင် တည်ရှိနေသူ ဖြစ်သည်။ သူ၏ ခြိမ်းခြောက်မှုက မည်မျှ ပြင်းထန်လိမ့်မည်ကို ရီဖူရှင်း သိချင်မိသည်။

သူသည် မည်သည့် ရလဒ်ထွက်လာမည်အား နားလည်သော်လည်း ရှင်းခိုင်ကို သတ်ရန် ရွေးချယ်ခဲ့သည်။

ရှင်းခိုင်ဖြစ်စေ နဝမအစေခံဖြစ်စေ သူ့အား သတ်ဖြတ်ရန် ရည်ရွယ်သည်အား မလွဲမသွေ ကြုံတွေ့ရမည် ဖြစ်သည်။

ထို့ကြောင့် သူသည် ခြိမ်းခြောက်မှုအား အမြန်ဆုံး အမြစ်ဖြတ်နိုင်ရန် ဖြေရှင်းလိုက်ခြင်း ဖြစ်သည်။

နဝမအစေခံ ထွက်သွားပြီးနောက် သူနှင့်အတူ လိုက်ပါလာသူများလည်း လေထဲတွင် ခြေချလိုက်ကြသည်။ ထိုလူများသည် ရှေးဟောင်းတော်ဝင်မြို့မှ ကိုင်ဟွမ် ခေါ်ဆောင်လာသည့် လူများ ဖြစ်ကြသည်။

ကိုင်ဟွမ်၏ အမူအရာသည်လည်း မည်းမှောင်နေသည်။ သူသည် ဘာမှမပြောဘဲ နဝမအစေခံဘေးသို့ ရောက်လာသည်။

သူသည်လည်း ရှင်းခိုင်၏ သေဆုံးခြင်းအတွက် တာဝန်ရှိပေသည်။

ချန်ယဲ့မြို့ တိုက်ပွဲ၌ ရှင်းချိုး ပါဝင်စဉ်ကဖြစ်စေ ရှင်းခိုင်က ရီဖူရှင်းနှင့် ရင်ဆိုင်သည့်အခါ၌ ဖြစ်စေ သူက ထိုအချိန်ကာလ နှစ်ခုလုံးတွင် ရှိနေခဲ့ပေသည်။ ထိုဖြစ်ရပ်များတွင် သူက တိတ်တဆိတ် သဘောတူခဲ့သည်ဟု ပြော၍ ရပေသည်။

ထို့ကြောင့် သူသည် ဖြစ်ခဲ့သည့်် ကိစ္စများအတွက် ဆိုးဆိုးဝါးဝါး ခံစားနေရပေသည်။

ရှင်းချိုးသည်လည်း တိတ်ဆိတ်နေသည်။ သူ့ကို ကြည့်ရသည်မှာ အလွန် ထိုင်းမှိုင်းနေပုံရသည်။

သူ၏ အစ်ကိုကြီးက အသတ်ခံခဲ့ရသည်။

“ကိုင်ဟွမ်၊ ရှင်းချိုးနဲ့ တခြားလူတွေကို ရှေးဟောင်းတော်ဝင်မြို့ ပြန်ခေါ်သွားလိုက်”

နဝမအစေခံက ပြောလိုက်သည်။

ကိုင်ဟွမ်သည် မှင်တက်သွားသည်။ သူက နဝမအစေခံကို ကြည့်ရင်း ခပ်တိုးတိုး ပြောလိုက်၏။

“ဆရာ”

“ရှင်းချိုးကို ကောင်းကောင်း ဂရုစိုက်”

နဝမအစေခံက ပြောပြီးနောက် အခြားနေရာသို့ ဦးတည်သွားကာ ကိုင်ဟွမ်နှင့် ကွာဝေးသွားခဲ့သည်။

“ကျွန်တော် ဂရုစိုက်လိုက်ပါ့မယ်”

ကိုင်ဟွမ်က ပြန်တုံ့ပြန်လိုက်သည်။ ထို့နောက် သူသည် ထွက်ခွာသွားသည့် ပုံရိပ်အား ကြည့်လိုက်၏။ သူ မည်သည့်နေရာသို့ ဦးတည်သွားမည်ကို ကိုင်ဟွမ် သေချာ သိရှိပေသည်။

သူသည် သွေးနဂါးမြို့ အပြင်ဘက်တွင် နံပါတ်တစ်ပုဂ္ဂိုလ်ဟု ကျော်ကြားသော်လည်း သူသည် အမြဲတမ်း ရှင်းခိုင်နှင့် ရှင်းချိုးတို့၏ အစေခံအဖြစ် ကိုယ့်ကိုယ်ကိုယ် မှတ်ယူခဲ့ကာ သူတို့ကို သခင်လေးများအဖြစ် သတ်မှတ်ထားခဲ့သည်။

သခင်က အစော်ကားခံရလျှင် အစေခံကလည်း သေရပေလိမ့်မည်။ ထို့ထက်ပို၍ ယခုအဖြစ်တွင် သခင်က အသတ်ခံရခြင်း ဖြစ်၏။

ကိုင်ဟွမ်သည် နဝမအစေခံကို ကောင်းကောင်း သိရှိပေသည်။ သွေးနဂါးဘုံတွင် အလွန်ကျော်ကြားပြီး နံပါတ်တစ်မြို့စားအဖြစ် လူအများ၏ သတ်မှတ်ခြင်း ခံရသော်လည်း ထိုဂုဏ်ပုဒ်များသည် နဝမအစေခံအတွက် အရေးမပါပေ။ သူသည် လောကကြီးက သူ့အား မည်သို့ ရှုမြင်သည်ကို ဂရုမစိုက်ပေ။

ဂုဏ်ရှိခြင်း မရှိခြင်းက သူ့အတွက် မည်သည့် အဓိပ္ပာယ်မှ မရှိပေ။

နဝမအစေခံသည် ရှင်းညီအစ်ကို အကြောင်းကိုသာလျှင် ဂရုစိုက်ပေသည်။

ညီအစ်ကို နှစ်ယောက်ထဲ၌ အရည်အချင်းအရှိဆုံး ရှင်းခိုင်သည် အသတ်ခံခဲ့ရသည်။

မည်သူမဆို သူ၏ ဒေါသက မည်မျှ ပြင်းထန်နေမည်အား မှန်းဆ၍ ရနိုင်ပေသည်။

သူသည် လောကကြီးက သူ့အပေါ် မည်သို့ မြင်သည်ကို ဂရုမစိုက်ပေ။ ထိုအချိန်၌ သူ လုပ်ချင်သည့် အရာအားလုံးသည် လက်စားချေခြင်းသာ ဖြစ်တော့၏။

***

All Chapters