ပလ္လင်ထက်မှာ အထီးကျန်ရတယ်
Vol. 12 Ch. 10
“ဧကရီသခင်မ သက်တော်ရာကျော် ရှည်ပါစေ။”
“ဧကရီသခင်မ သက်တော်ရာကျော် ရှည်ပါစေ။”
ဂဠုန်မျက်နှာဖုံးကို လက်မှာကိုင်ပြီး လွှတ်တော်ခန်းမထဲကို ဝင်လာတာနဲ့ အဲဒီမှာစောင့်နေတဲ့ အမတ်တွေအားလုံးက စပြီး သူ့ကိုချီးမြှောက်ကြတယ်။ သူတို့တွေက မြန်မာ့ရိုးရာ အတိုင်းပဲ ခေါင်းပေါင်း၊ တိုက်ပုံနဲ့ ပုဆိုးတွေဝတ်ထားပေမဲ့ ရှေးခေတ်ကလိုမျိုး မူးကြီးမတ်ရာဝတ်စုံတွေ ဝတ်ဆင်ခြင်း မရှိပါဘူး။ ဒူးထောက်နေခြင်းလည်းမရှိသလို သူတို့ထိုင်ဖို့ လွှတ်တော်ခန်းမထဲမှာ ခုံရာပေါင်းများစွာရှိနေတာကို မြင်ရမှာပါ။ သူတို့တွေက ဘုရင်မဝင်လာမှသာ ခုံကနေ ထရပ်ပြီး ကျန်းမာစေကြောင်း ဆုမွန်ကောင်းပါးကြတာ။
နှင်းဒေဝီက လွှတ်တော်ခန်းမရဲ့အဆုံးမှာရှိနေတဲ့ စင်မြင့်ပေါ်ကိုတက်လိုက်ပြီး ပလ္လင်မှာဝင်ထိုင်ကာ နေရာယူလိုက်တယ်။ ဒါပေမဲ့ သူက ဘာဆိုဘာမှ မပြောပါဘူး။ အဲဒီအစား လွှတ်တော်အမတ်တွေကိုသာ ခံစားချက်မဲ့စွာနဲ့ စိုက်ကြည့်လို့။
များမကြာမီမှာပဲ အနီရောင်ဝန်ကြီးဝတ်စုံကိုဝတ်ထားတဲ့ လူတစ်ယောက်က စင်မြင့်အောက်မှာရှိတဲ့ မိန့်ခွန်းပြော စားပွဲနောက်မှာ ဝင်ရပ်လိုက်ပြီးတော့ လွှတ်တော်အမတ်တွေ အားလုံးကို ပြောလိုက်ပါပြီ။
“ဘုန်းတော်ကြောင့် ဧကရီသခင်မဟာ ဗြိတိသျှရာဇရေတပ် တစ်ခုလုံးကို ဖျက်ဆီးခဲ့ပြီးပါပြီ။ လက်ရှိအသာစီးရနေတဲ့ အခြေအနေကို လက်မလွှတ်ဘဲ ဗြိတိသျှရာဇပိုင်နက်နယ်ထဲ အလုံးအရင်းနဲ့ ကျူးကျော်သင့်ကြောင်း အမတ်များစွာက တင်လျှောက်နေကြပါတယ်။”
အနီရောင်ဝတ်ဝန်ကြီးက လက်ထဲမှာ စာအစောင်များစွာကို ကိုင်ဆောင်ထားရင်းနဲ့ နှင်းဒေဝီကို ကြည့်လိုက်ပါတယ်။ နှင်းဒေဝီက ခေါင်းညိတ်ရုံပဲညိတ်ပြတယ်။ နောက်တော့ ဝန်ကြီးက လွှတ်တော်အမတ်တွေကို ကြည့်လိုက်ပြီးတော့။
“ဝန်ကြီးချုပ်အနေနဲ့ ဘုရင်မကိုယ်စား လွှတ်တော်ကို ဗြိတိသျှရာဇနယ်မြေအား အလုံးစုံသိမ်းပိုက်ရေး စီမံချက်ကို လွှတ်တော်ကို အဆိုပြုတင်သွင်းပါမယ်။ အခုချက်ချင်းပဲ မဲခွဲဆုံးဖြတ်မယ်။”
နှင်းဒေဝီက လွှတ်တော်ထဲကအမတ်တွေ လုပ်ကိုင်နေတာကို ကြည့်ရင်း စိတ်မပါတဲ့ပုံစံနဲ့ မျက်လုံးကို မှိတ်ထားတယ်။ သူ့စိတ်ထဲမှာ ဖြစ်နိုင်ရင် ဒီနေရာကို မလာချင်ဘူးရယ်။
‘ဒင်းတို့တင်လျှောက်နေတာတွေက အလကား။ ဒီလူတွေက ငါ့အမြင်ကို ဘယ်တုန်းကမှ မေးဖူးတာမဟုတ်ဘူး။ သူတို့ဖို့ ငါက လာဘ်ကောင်ရုပ်သာသာပဲ။' ဒီခံစားချက်တွေက နှင်းဒေဝီရဲ့နှလုံးသားထဲမှ တမြေ့မြေ့လောင်မြိုက်လို့။
“အရှင်မ၊ မဲခွဲလို့ပြီးပါပြီ။ ထောက်ခံမဲ ၂၆၆ မဲ၊ ကြားနေ ၄ မဲနဲ့ ကန့်ကွက်မဲ ၃၀ပါ။”
နှင်းဒေဝီက ဝန်ကြီးချုပ်ရဲ့တင်ပြချက်ကြောင့် မျက်လုံးကို ဖွင့်ကြည့်လိုက်တယ်။ ဝန်ကြီးချုပ် နှင်းဒေဝီကို အဖြစ်တင်ပြ ပြီးပြီးချင်းမှာပဲ လွှတ်တော်အမတ်တွေကို ပြန်လှည့်ကြည့်ပြီး ကြေညာလိုက်တယ်။
“ဒီလိုဆိုရင် ဗြိတိသျှရာဇကိုသိမ်းပိုက်မယ့် အစီအစဥ်က အတည်ဖြစ်သွားပါပြီ။ ကြိုတင်စီမံထားတဲ့အတိုင်းပဲ ဗြိတိသျှရာဇအောက်က ခွဲထွက်လိုတဲ့ မဟာရာဇာတွေနဲ့ ပူးပေါင်းဆောင်ရွက်ပါမယ်။ ဗိုလ်ချုပ်ဒီပဆီ တပ်ကူတွေ ထပ်ပို့ကြပါမယ်။”
နောက်တော့ ဝန်ကြီးချုပ်က သူ့လက်ထဲက အမိန့်ကြေညာ စာတမ်းကို ရွှေရောင်ဖိုင်အဖုံးလေးထဲထည့်ကာ ဘောပင် တစ်ချောင်းကိုဖြစ်သလိုဆွဲယူရင်း ပလ္လင်ပေါ်မှာထိုင်နေတဲ့ နှင်းဒေဝီဆီကို ချဥ်းကပ်လာပါတယ်။
“အရှင်မ၊ အမိန့်တော်ကို လက်မှတ်ထိုးပြီး အတည်ပြုပေးပါ။”
နှင်းဒေဝီက လေပူတွေကို မှုတ်ထုတ်လိုက်ရင်း စာရွက်ကို လှမ်းယူကာ ဖတ်ကြည့်လိုက်တယ်။ သိမ်းပိုက်ရေးစီမံချက် မစရသေးပေမဲ့ စာထဲမှာတော့ ဗြိတိသျှရာဇကို ဗမာ့ရာဇလို့ နာမည်ပြောင်းဖို့တောင် ဆွေးနွေးပြီးနေပါပြီ။
“နင်တို့က ဒီမူကြမ်းကို လွှတ်တော်မှာ အတည်ပြုပြီးနေပြီပဲ။ ငါ့လက်မှတ်လိုသေးလို့လား။”
နှင်းဒေဝီက လေသံအေးအေးနဲ့ပဲပြောလိုက်တယ်။ ဝန်ကြီးချုပ်က ခပ်ဟဟရယ်မောရင်း...
“အရှင်မ။ အရှင်မက တိုင်းပြည်ဦးသျှောင်လည်းဖြစ်သလို နိုင်ငံရဲ့စစ်ဦးလည်းလည်းဖြစ်ပါတယ်။ ဒီအမိန့်တော်က အရှင်မလက်မှတ်ထိုးမှ တရားဝင်မှာပါ။”
ဝန်ကြီးချုပ်က တရားဝင်မှုကိုပဲ ပြောတာဖြစ်ပြီး အာဏာ တည်ခြင်းရှိမရှိကိုတော့ မပြောခဲ့ဘူး။ တစ်နည်းအားဖြင့် ဘုရင်မရဲ့အမိန့်မပါရင်တောင် လွှတ်တော်ဆုံးဖြတ်ချက်နဲ့ တစ်နည်းနည်းရှေ့ဆက်လို့ရတဲ့ နည်းလမ်းတွေရှိနေသေးတဲ့ သဘော။
“ကောင်းပြီလေ။” နှင်းဒေဝီက ဘောပင်ကိုပါယူပြီးတော့ လက်မှတ်ထိုးပေးလိုက်တယ်။ အဲဒီနောက်မှာတော့ သူက လွှတ်တော်အမတ်တွေကိုကြည့်ပြီး...
“ငါအရှင်မ ဒီနေ့ကိုယ်လက်မအီမသာ ရှိတော်မူတယ်။ ဒါကြောင့် တခြားအရေးမကြီးတဲ့ကိစ္စတွေကို မင်းတို့ ဘာသာပဲ ဆွေးနွေးကြတော့။”
ဝန်ကြီးချုပ်က ဒီအတွက်အံ့ဩပုံမရပါဘူး။ အဲဒီအစား တရိုတသေပဲ ဘုရင်မကိုပြောလိုက်တယ်။
“တိုက်ပွဲက ပြန်လာပြီးပြီးချင်း လွှတ်တော်ကိုလာတဲ့အတွက် ပင်ပန်းသွားရပါပြီအရှင်မ။ ကောင်းကောင်း နားနေတော်မူပါ။”
...
နှင်းဒေဝီက သူ့ရဲ့ကိုယ်ပိုင်ရုံးခန်းဆီရာကို လျှောက်လမ်း ရင်းပြန်လာခဲ့တယ်။ စင်္ကြ့လမ်းနံရံတွေပေါ်မှာ တောင်ငူ မင်းအဆက်ဆက်ရဲ့ပန်းချီကားတွေကို မြင်နိုင်ပြီးတော့ အားလုံးက သူနဲ့ရုပ်ချင်းဆင်ကြတယ်။
အိမ်တော်သန့်ရှင်းရေးဝန်ထမ်းတွေက သူ့ကိုမြင်တော့ ဦးညွှတ်ကြပေမဲ့ မျက်လုံးတွေထဲမှာ လေးစားမှု အရိပ်အယောင်ကို မမြင်ကြရပါဘူး။ တချို့ဆိုရင် လှောင်ပြုံးတောင် ပြုံးနေလိုက်ကြသေးတယ်။
အခန်းတံခါးကို ကိုယ်တိုင်ဖွင့်ပြီးတဲ့နောက်မှာတော့ နှင်းဒေဝီက ရုံးခန်းစားပွဲမှာ ဝင်ထိုင်လိုက်ပါတယ်။ အဲဒီနောက် သူနဲ့မျက်နှာချင်းဆိုင်နံရံမှာ ချိတ်ထားတဲ့ ပုံတူပန်းချီကားတစ်ချပ်ကိုသာ စိုက်ကြည့်နေခဲ့ပါတယ်။ ဆံပင်ဖြူတွေနဲ့ဆိုပေမဲ့ ဂုဏ်သရေရှိပုံပေါ်ပြီး ခမ်းနား တင့်တယ်တဲ့အဖိုးအိုတစ်ဦးရဲ့ပုံတူဖြစိပြီးတော့ ပန်းချီကားရဲ့အောက်ခြေမှာတော့ နာမည်တစ်ခုကိုရေးထားတယ်။
‘သိရိ ဓမ္မရာဇာ မဟာဓိပတိ တောင်ငူပြည့်ရှင်မင်းတရားကြီး သီဟရာဇ'
နှင်းဒေဝီရဲ့မျက်လုံးတွေထဲမှာ မျက်ရည်အနည်းငယ် ဝိုင်းသွားတယ်။ “သူတို့ကို သမီးဆန့်ကျင့်မိရင် အဖိုးနဲ့အဖေတို့လိုပဲ သမီးအဆုံးသတ်ရမှာလား။” သူက တစ်ယောက်တည်း ရေရွတ်လိုက်တယ်။
သူ့ခေါင်းထဲမှာတော့ သူငယ်စဥ်ကအကြောင်းအရာတွေက အတွေးတစ်ခုလုံးကို စိုးမိုးထားလို့။ မင်းကြီးသီဟရာဇဟာ ဘုရင်တစ်ပါးပီသစွာဘဲ အလွန့်အလွန်ကို မောက်မာခဲ့တဲ့ လူတစ်ယောက်ပေါ့။ ဘုရင်တစ်ပါးအနေနဲ့ပြောရမယ် ဆိုရင်တော့ သိပ်မဆိုးတဲ့အရည်အချင်းမျိုးရှိတယ်လို့ ပြောနိုင်ပေမဲ့ သူ့ဘဝမှာအကြီးဆုံးအမှားက လွှတ်တော်ကို ကန့်လန့်တိုက်ခဲ့မိတာပါ။
ဒီနိုင်ငံက စည်းမျဥ်းခံပဒေသရာဇ်စနစ်ဆိုပေမဲ့ လွှတ်တော် အမတ်အများစုက သူကောင်းမျိုးတွေ၊ သူဌေးသူကြွယ်တွေ ဖြစ်ကြပြီးတော့ သူတို့ကိုယ်ပိုင်အကျိုးအမြတ်တွေကို ပြည်သူ့အကျိုးထက်ပိုပြီး ဂရုစိုက်ကြပါတယ်။ ရွေးကောက်ခံ အမတ်တွေဆိုပေမဲ့ အင်ပါယာနေပြည်သူတိုင်း မဲထည့်ခွင့် ရတာမဟုတ်ဘဲ တောင်ငူနိုင်ငံသားလို့သတ်မှတ်တဲ့ အင်ပါယာတည်ထောင်စဥ်က ပါဝင်ခဲ့တဲ့ တောင်ငူအနွယ်ဝင် လူဦးရေအနည်းငယ်ကသာ မဲထည့်ခွင့်ရတာပါ။ ကျန်တဲ့ နိုင်ငံသားတွေက ဒုတိယတန်းစားနိုင်ငံသားတွေအဖြစ်သာ ဆက်ဆံခံရတယ်။
“စစ်ပဲ အမြဲတမ်းဖြစ်ချင်နေတဲ့ နယ်ချဲ့ဝါဒီတွေ။” ဒီစကားကို ပြောလိုက်ချိန်မှာ နှင်းဒေဝီရဲ့နှလုံးသားထဲက မုန်းတီးမှုတွေ ထွက်ပေါ်လာတယ်။ အမတ်တွေက တိုင်းပြည်မှာ ကိုလိုနီ နယ်တွေများလာလေလေ သူတို့ချမ်းသာကြွယ်ဝမှုတွေ များလာလေလို့ ယူဆကြပြီးတော့ နယ်မြေကိုအကြီး အကျယ်တိုးချဲ့နေကြပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်ငါးစု အတွင်းမှာ တိုင်းပြည်ဟာ ငြိမ်းချမ်းရေးရခဲ့တယ်လို့ကို မရှိခဲ့ဘူး။
စစ်မြေပြင်မှာ သနားညှာတာမှုမရှိဘဲတိုက်ခိုက်ခဲ့တယ် ဆိုပေမဲ့ နှင်းဒေဝီဟာ တကယ်တော့ စစ်ကိုမုန်းတီးတဲ့ ဘုရင်မတစ်ယောက်ပါ။ ဒါပေမဲ့ သူဘာတတ်နိုင်မှာလဲ။ နောက်ဆုံး လွှတ်တော်ကိုဆန့်ကျင်ခဲ့တဲ့သူတွေက ဘုရင်ဖြစ်တဲ့ သူ့အဖိုးနဲ့ အိမ်ရှေ့မင်းသားဖြစ်တဲ့ သူ့အဖေတို့ဖြစ်ကြပြီး တရားခံမပေါ်တဲ့ လုပ်ကြံမှုတစ်ခုမှာ ဆန်းကြယ်စွာ သေဆုံးသွားခဲ့ရတယ်လေ။
“ဘာတိုင်းပြည်ရဲ့ဦးသျှောင်လဲ... စစ်ဦးစီးလဲ... အားလုံးက စာရွက်ပေါ်က ဘွဲ့နာမည်တွေချည်းပဲ။”
နှင်းဒေဝီက သူ့စားပွဲခုံကိုသူ အားနဲ့ထုချလိုက်တယ်။ စစ်ချပ်ဝတ်ကို ဝတ်ထားဆဲဖြစ်တာကြောင့် ထိုင်ခုံကနေ သစ်သားအစအနတွေ ကျိုးပဲ့ထွက်လာတယ်။ နောက်တော့ သူက ထိုင်ခုံကနေထလိုက်ပြီး တခြားပန်းချီကားတစ်ချပ်ကို စိုက်ကြည့်လိုက်တယ်။
ပန်းချီကားက သူကိုယ်တိုင်နဲ့တခြားသူတွေပါဝင်နေတဲ့ အုပ်စုဖွဲ့ပန်းချီကားတစ်ချပ်ဖြစ်ပြီးတော့ အားလုံးက ပျော်ရွှင်နေကြပုံရှိပေမဲ့ တချို့သောပုံရိပ်တွေကတော့ အရောင်စုံမဟုတ်တော့ဘဲ အဖြူအမည်းသာ ဖြစ်လို့နေပါတယ်။
နှင်းဒေဝီက အဲဒီပန်းချီကားက အဖြူအမည်းပုံရိပ် တစ်ရိပ်ကို ထိလိုက်တယ်။ သူ့ထက်နည်းနည်းလေး ပိုအသက်ကြီးပုံရပြီး အိုင်ယာလန်သူကောင်းမျိုးဝတ်စုံ အမျိုးသမီးတစ်ယောက်ပါ။ ဆံပင်က ဂုတ်ဝဲဖြစ်ပြီးတော့ အတော်လေးကြည့်ကောင်းတဲ့ ခန္ဓာကိုယ်အမျိုးအစားကို ပိုင်ဆိုင်ထားတယ်။
“ဖလေရာ ဘယ်ရီဂရင်း။ အိုင်ယာလန်ပြည်တော်လှန်ရေးမှာ ဗြိတိသျှအင်ပါယာကြောင့် အသက်ဆုံးရှုံးသွားရတဲ့ ငါ့ရဲ့အတန်းဖော်။”
နောက်တော့ သူ့လက်က တခြားအဖြူအမည်းပုံရိပ်ဆီကို ရောက်သွားပြန်တယ်။ ဒီတစ်ခါတော့ သူကောင်းမျိုးဝတ်စုံ မဟုတ်ဘဲ ရဲအရာရှိဝတ်စုံဝတ်ထားပြီး ဆံပင်ကို မြင်းမြီးလို စုချည်ထားတဲ့ မိန်းကလေးပါ။
“ကိုလိုနီဆယ့်သုံးခုအတွက် အခွန်တွေလျှော့ချပေးဖို့ တောင်းဆိုမိလို့ တစ်သက်တစ်ကျွန်းကျခံရပြီး ထောင်ထဲမှာသေသွားရတဲ့ လင်ဒါ ဂရီဂိုရီ။”
နောက်တော့ သူ့အကြည့်တွေက ယောက်ျားတစ်ယောက်ရဲ့ အဖြူအမည်းပုံရိပ်ဆီကို ရောက်သွားပြန်ပါတယ်။ ဒီတစ်ယောက်ကတော့ စစ်ဝတ်စစ်စားတွေနဲ့ပါ။ “တောင်အာဖရိကမှာ လူမျိုးရေးခွဲခြားတာကို အဆုံးသတ်ဖို့ လုပ်ရင်းနဲ့ လုပ်ကြံခံလိုက်ရတဲ့ ဖရက်”
နောက်တော့ သူ့လက်ညိုးက အရောင်စုံရှိနေသေးတဲ့ ပုံရိပ်တစ်ခုဆီရောက်လာတယ်။ အပြာရောင်မျက်လုံး၊ ရွှေရောင်ဆံပင်တွေနဲ့ ချစ်စရာကောင်းတဲ့ဂါဝန်လေးကို ဝတ်ထားတဲ့ မိန်းမငယ်လေးဖြစ်ပြီးတော့ ပန်းချီထဲမှာ နှင်းဒေဝီနဲ့အနီးဆုံးနေရာမှာ ထိုင်နေတယ်။ သူက နှင်းဒေဝီကို ဖက်တောင်ဖက်ထားလိုက်သေးတယ်။
“ဖရာလီတာလား... နင်လည်း မရှိတော့ဘူးပဲ။ နင်ကလည်း ငါ့အတွက် အရောင်တွေကင်းမဲ့သွားပြီ။”
အဲဒီနောက်တော့ နှင်းဒေဝီက သူ့ရုံးခန်းအံ့ဆွဲလေးထဲက ပန်းချီကိရိယာတွေကို ထုတ်လိုက်ပြီး ဖရာလီတာရဲ့ပုံရိပ်အပေါ်ကနေ အဖြူနဲ့အမည်းဆေးကို သာသာလေးထပ်ခြယ်လိုက်တယ်။ လက်ရာက သေသပ်တာမလို့ အပေါ်ကနေထပ်ဆွဲထားတယ်လို့တောင် မထင်ရက်စရာပါ။
အားလုံးပြီးသွားတဲ့နောက်တော့ သူက ပန်းချီကားကို ပြန်ကြည့်လိုက်တယ်။ အခုဆိုရင် အရောင်စုံနေသေးတဲ့ လူရုပ်ဆိုလို့ နှင်းဒေဝီကိုယ်တိုင်ပဲ ကျန်ပါတော့တယ်။
“အတန်းဖော်တွေထဲမှာ ငါပဲကျန်တော့တာလား။ နောက်ဆုံးတော့ လောကကြီးမှာ ငါတစ်ယောက်တည်း ကျန်ခဲ့ပြီပဲ။”
ဘုရင်တစ်ပါးရဲ့ဘဝက အထီးကျန်တယ်လို့ပြောရင် ယုံချင်တဲ့သူ အတော်နည်းပါလိမ့်မယ်။ ဒါပေမဲ့ နှင်းဒေဝီက ဒီဒုက္ခတွေကို တကယ်ခါးစည်းခံခဲ့ရတဲ့သူပါ။
“ ဂျီနာတက္ကသိုလ်မှာ ငါတို့အတူရှိခဲ့ဖူးတဲ့ရက်တွေကို သိပ်လွမ်းတာပဲ။” နှင်းဒေဝီက အခန်းထဲမှာ သူရူး တစ်ယောက်လိုမျိုး စကားတွေပြောနေခဲ့ပါတယ်။
“အဲဒီတုန်းက ဘာအပူအပင်မှမရှိခဲ့ဘူး။ အားလုံးက ရည်မှန်းချက်ကိုယ်စီနဲ့ တောက်ပနေခဲ့ကြတာ။ ငါက ထီးနန်းကိုမဆက်ခံဘဲ ပန်းချီဆရာမလုပ်မယ်လို့ပြောတော့ နင်ရယ်ခဲ့သေးတယ်လေ ဖရာလီတာ။”
“ဖရက်ကတော့ ဘောလုံးကစားသမားဖြစ်ချင်ခဲ့တာ။ ကိုလိုနီသားတွေကိုသာ ပရီးမီးယားလိပ်မှာဝင်ပါခိုင်းရင် သိပ်ပျော်ဖို့ကောင်းမှာဆိုပြီး ငါ့ကိုပြောဖူးတယ်လေ။”
“ဖလေရာ... နင်ကတော့... ဒူဘလင်မြို့ကြီး ဘယ်လောက် သာယာကြောင်းပဲ ပြောနေခဲ့တာ။”
“လင်ဒါ... နင်ကတော့ တစ်နေ့ကျရင် စစ်ပွဲတွေမရှိတော့မယ့် ကမ္ဘာကြီးရှိလာလိမ့်မယ်လို့ ငါ့ကိုယုံအောင်ပြောခဲ့တယ်။ အခုတော့....”
“ငါတစ်ယောက်တည်း ကျန်ခဲ့ပြီပဲ။”
အခန်းလေးက နောက်တစ်ကြိမ်တိတ်ဆိတ်သွားပြန်တယ်။ အပြင်ဘက်မှာ နှင်းဒေဝီက ဂဠုန်ငှက်မျက်နှာဖုံးကိုချွတ်ခဲ့ ပြီးသားဆိုပေမဲ့ ဒီအခန်းထဲရောက်ချိန်မှာတော့ နောက်ထပ် မျက်နှာဖုံးတစ်ခုက ကွာကျသွားခဲ့ပြန်တယ်။ ဧကရီအရှင်မ နှင်းဒေဝီဆိုတဲ့မျက်နှာဖုံး။
“နှစ်တွေကြာလာတာနဲ့အမျှ ငါတို့တွေက ငါတို့တိုင်းပြည်တွေ အကျိုးအတွက်နဲ့ အချင်းချင်းကျောခိုင်းခဲ့ကြတယ်။ တချို့က ပြိုင်ဘက်တွေဖြစ်သွားကြတယ်။ တချို့ကတော့ ရန်သူတွေကို အတူရင်ဆိုင်ရင်း သေဆုံးသွားကြတယ်။ ငါက နောက်ဆုံးမှာ ရှင်ကျန်ရစ်တဲ့သူဖြစ်ပေမဲ့ မပျော်နိုင်ခဲ့ဘူးပဲ။”
နှင်းဒေဝီက သူ့လက်တွေကိုသူ ပြန်ငုံ့ကြည့်လိုက်တယ်။ ဖရာလီတာရဲ့သွေးတွေ သူ့လက်မှာစွန်းထင်းနေတုန်းပဲလို့ စိတ်ထဲမှာ ခံစားရတယ်။ ပါးပြင်ပေါ်က မျက်ရည်တွေက သူ့လက်ဖဝါးပေါ် ကျဆင်းလာပေမဲ့ တုန်ယင်စွာနဲ့ဆက်ပြီး တစ်ယောက်တည်း စကားပြောနေတုန်းပဲ။
“အင်ပါယာရဲ့အကျိုးအတွက်.... အင်ပါယာရဲ့အကျိုးအတွက်... အဲဒီစကားတွေနဲ့အတူ နင်ဖလေရာကို သတ်ခဲ့ရတယ်မဟုတ်လား ဖရာလီတာ။ အဲဒီတုန်းက ငါနင့်ကိုသိပ်မုန်းနေခဲ့တာ။ အခုတော့ ငါနင့်ကို ကိုယ်ချင်းစာနိုင်ခဲ့ပါပြီ။ နင်လည်း တော်တော်ခံစားခဲ့ရမှာပဲ။”
တစ်ယောက်တည်း ငိုနေတုန်းမှာပဲ ရုတ်တရက် နှင်းဒေဝီရဲ့ မျက်လုံးတွေက ကျဥ်းမြောင်းသွားပြီး လက်ထဲက အဲမောင်း လှံနဲ့အခန်းထောင့်ကို ချိန်လိုက်တယ်။
“ဘယ်သူလဲ.... ဘုရင်မရဲ့အခန်းထဲကို တိုက်ရိုက်ဝင်လာရဲတဲ့အထိ ဘယ်သူက အတင့်ရဲတာလဲ။”
သူ့မျက်စိရှေ့မှာတင်ပဲ အပြာရောင်အလင်းမှုန်တချို့ အခန်းထဲ ပြန့်နှံလာပြီးတော့ အနက်ရောင်ဆံပင်အတို၊ မျက်လုံးအနီနဲ့ ညိုချောအလှလေးရဲ့ရုပ်သွင်က ထွက်ပေါ်လာပါတယ်။
“ တွေ့ရတာဝမ်းသာပါတယ်၊ မမလေးရဲ့ဘုရင်မူကွဲ။ ကျွန်မက မမလေးရဲ့လက်ထောက်ဖြစ်တဲ့ အေမီပါ။ ကျွန်မရဲ့မမလေးက ရှင်နဲ့နှစ်ယောက်ချင်း တိုက်ခိုက် ချင်တယ်ဆိုပြီးတော့ စိန်ခေါ်စာပို့ခိုင်းလို့ ဒီကိုရောက်လာရတာပါ။”
အေမီက နှင်းဒေဝီကို စာတစ်စောင်ကမ်းပေးလိုက်တယ်။ နှင်းဒေဝီကတော့ အဲဒီစာကို မယုံသင်္ကာနဲ့ ကြည့်လိုက်ပါတော့တယ်။