ညမုဆိုး
Vol. 8 Ch. 93
အာရန်သည် ဒဏ္ဍာရီလာ ကောင်းကင်နဂါး၏ တည်ရှိမှုအကြောင်းကို စဉ်းစားနေလေသည်။
၎င်းသားရဲသည် အမှန်တကယ်ရှိခဲ့မရှိခဲ့ကိုမူ မသေချာသော်လည်း ၎င်းတွင် တည်ရှိနိုင်သည့် ကြီးမားသော စွမ်းအားများကို သူစိတ်ကူးယဉ်ကြည့်နေမိသည်။
သူ့ကို ပို၍ စိတ်ဝင်စားစေသော မေးခွန်းမှာ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော သားရဲကြီးကို အထူးသဖြင့် သူ၏ ကိုယ်ပိုင်နဂါးနယ်မြေအတွင်းတွင် သွားရောက် သတ်နိုင်သောသူ၏ ခွန်အားကိုပင် ဖြစ်သည်။
“တကယ်လို့ င့ါမှသာ အဲ့လိုသန်မာတဲ့ ခွန်အားမျိုး ပိုင်ဆိုင်ထားနိုင်ခဲ့ရင်…. ပင်လယ်နဂါးတစ်ကောင်ကို နှိမ်နင်းနိုင်ဖို့ဆိုတာ စိုးရိမ်နေစရာကိုမလိုတော့ဘူး” အာရန်သည် တွေးတောမိလေသည်။
အာရန်သည် သူ၏အတိတ်မှ အောင်မြင်မှုများကို ပြန်လည်စဉ်းစားမိသောအခါ သူသည် အဆိပ်နဂါးနှင့် တွေ့ဆုံခဲ့မှုကို ပြန်လည်သတိရလိုက်သည်။
သို့သော် ယခုအခြေအနေများမှာ လုံးဝကွဲပြားကြောင်း သူနားလည်ခဲ့သည်။
အဆိပ်နဂါးသည် သူနှင့်ရင်ဆိုင်ရသောအချိန်တွင် အလွန် အားနည်းနေပြီးဖြစ်သောကြောင့် သူ့ကို အသာစီးအလွယ်တကူပင်ရစေခဲ့သည်။
ထို့အပြင် အဆိပ်နဂါး၏ မူလသဘာဝကိုက အထူးသဖြင့် ပင်လယ်ပြင်ကျယ်ကြီးတွင် ကျက်စားနေထိုင်သော ပင်လယ်နဂါးနှင့် ကွဲပြားခြားနားလေသည်။
အဆိပ်နဂါးသည် ၎င်း၏ ကာယခွန်အားနှင့် အဆိပ်စွမ်းရည်များအပေါ်တွင်သာ မှီခိုရသော်လည်း ပင်လယ်နဂါးသည် ပင်လယ်သမုဒ္ဒရာ၏ စွမ်းအားကို အသုံးပြုနိုင်သည့် အားသာချက်တစ်ခု ထပ်မံရှိလေသည်။
ထို့ပြင် တစ်ကိုယ်တော်သာလှုပ်ရှားရသော အဆိပ်နဂါး နှင့်မတူသည့်နောက်တစ်ချက်မှာ ပင်လယ်နဂါးသည် အုပ်စုလိုက် နေထိုင်ကျက်စားကြသောကြောင့် ၎င်းတို့သည် ပို၍ ကြောက်မက်ဖွယ်ကောင်းသော အင်အားစုတစ်ခုလည်းဖြစ်နေလေသည်။
အာရန်ရရှိထားသော မြေပုံတွင် ပင်လယ်နဂါးများ၏ နေထိုင်ရာတည်နေရာများကိုသာ ဖော်ပြထားပြီး ၎င်းတို့၏ အမှန်တကယ် အရေအတွက်ကိုမူ ဖော်ပြပေးထားနိုင်ခြင်းမရှိပေ။
ပင်လယ်နဂါးများသည် တစ်ကောင်ချင်းစီရင်ဆိုင်ရလျှင်ပင် အလွန်အန္တရာယ်များလှပြီဖြစ်နေသည့်အပြင် ၎င်းတို့ကို အုပ်စုလိုက်ရှိနေသည့်အချိန်တွင်သာ ရင်ဆိုင်လိုက်ရပါက ဒုက္ခအကြီးအကျယ် ရောက်သွားနိုင်ကြောင်း ညွှန်ပြနေလေသည်။
“ပင်လယ်နဂါးတစ်ကောင်နဲ့ အစစ်အမှန်တိုက်ပွဲတစ်ခု ဖော်ဆောင်လိုက်တာဟာ ပညာရှိတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်မည်လို့ ငါမထင်ဘူး”
သူသည် ခွန်အားမြင့်လည်ဆွဲကို အကုန်အသုံးပြုပြီးသားဖြစ်လေသည်။
ရှုယင်မှလွဲ၍ သူ့ကို ကူညီပေးနိုင်သည့် အရာများမှာ သူ၏ ဖီးနစ်ငှက်နှင့် နောက်ဆုံးကျန်ရှိသော ယာယီချိတ်စည်းဖြေအဆောင် တစ်ခါစာပင်ဖြစ်လေသည်။
နောက်ဆုံးအကြိမ် ထိုချိတ်စည်းဖြေအဆောင်ကို သူအသုံးပြုခဲ့သောအခါတုံးက သူသည် နာကျင်မှုကြောင့် သေလုနီးပါးပင်ဖြစ်ခဲ့ရလေသည်။
ဤ ယာယီချိတ်စည်းဖြေအဆောင်တွင် အားနည်းချက်များစွာရှိနေလေသည်။
၎င်း၏အကျိုးသက်ရောက်မှုအောက်တွင် သူသည် ရန်သူနှင့် မိတ်ဆွေကို ခွဲခြား၍ မသိရှိနိုင်သည်အထိဖြစ်ခဲ့ရလေသည်။
အကယ်၍ ထိုစဉ်က အချိန်ပြည့်သွားခဲ့ခြင်းမရှိခဲ့လျှင် သူသည် ရှုယင်ကိုပင် သတ်မိပြီးလောက်ပြီဖြစ်ပြီး ယခုအချိန်တွင် ထာဝရ နောင်တရနေမည်ဖြစ်လေသည်။
နောက်ထပ်ပြဿနာတစ်ခုမှာ သူ့တွင်ထိုအဆောင်ကိုသုံးပြီးချိန်တွင်ပင် နှစ်မိနစ်သာ အချိန်ရရှိခြင်းပင်ဖြစ်သည်။
ထိုစဉ်က အာရန်သည် ကံကောင်းထောက်မစွာဖြင့် ပေးထားသော အချိန် နှစ်မိနစ်အတွင်း ကျန်ရှိသည့်သူရဲကောင်းများအားလုံးကို ဖယ်ရှားပစ်နိုင်ခဲ့သည်။
သို့သော် ထိုအချိန်ကန့်သတ်ချက်အတွင်း ပင်လယ်နဂါးများကို အနိုင်ယူရန် ပျက်ကွက်ခဲ့မိပါက သူကိုယ်သူ ထိုပင်လယ်နဂါးများ၏ လက်အတွင်းသို့ လည်သွားစင်းပေးလိုက်သည်နှင့် အတူတူပင် ဖြစ်စေလိမ့်မည်ဖြစ်သည်။
သူသည် ထိုယာယီ ချိတ်စည်းဖြေအဆောင် နှင့် သူ၏ ယခင်အတွေ့အကြုံမှ အကျိုးဆကများကို မမေ့လျော့ခဲ့သေးပေ။
ဖြစ်နိုင်လျှင် မူလခန္ဓာကိုယ်ပိုင်ရှင်အကြီးအကဲရမ်၏ မှတ်ဉာဏ်များကို အပြည့်အဝ ပြန်လည်ရရှိပြီးနောက်ပိုင်း အခြေအနေများကို နားလည်သဘောပေါက်သည်အထိ ၎င်းကို အသုံးပြုခြင်းမှ ရှောင်ရှားလိုနေခဲ့လေသည်။
“ခု လေ့ကျင့်မှုအနည်းငယ်ပြုလုပ်ဖို့လိုနေမယ်ထင်တယ်”
အာရန်သည် တိုးတိုးလေး တွေးတောရင်းပြောဆိုလိုက်သည်။
အဓိကရန်သူနှင့် တိုက်ပွဲဝင်ခြင်းမပြုမီ သူသည် သူ့လက်အောက်ငယ်သားများ၏ ခွန်အားကို ခန့်မှန်းမိရန် လိုအပ်နေခဲ့သည်။
နောက်ဆုံးတွင် သူ့ ၌ သမုဒ္ဒရာအတွင်း တိုက်ပွဲတစ်ခုဖော်ဆောင်ဖို့ရန်မှာ မည်သည့် အတွေ့အကြုံမှရှိမနေခဲ့သေးပေ။
သူ၏ အဆင့်မြှင့်တင်သည့် စနစ်ဖြင့်ဆိုပါက ဤသည်မှာ ပညာရှိသော ဆုံးဖြတ်ချက်တစ်ခုဟု သူယုံကြည်မိလိုက်လေသည်။
၎င်းသည် သူ၏စွမ်းရည်များကို ပိုမိုမြှင့်တင်ရန်အတွက် အခွင့်အလမ်းတစ်ခုလည်း ဖြစ်နိုင်လေသည်။
“တကယ်လို့ ငါ့ရဲ့ခန္ဓာကိုယ်သာပိုပြီး အရင်ထက်ပိုသန်မာလာရင် ယာယီ ချိတ်စည်းဖြေပြီးလို့ကြုံတွေ့ရမဲ့ နာကျင်မှုတွေကို ပို၍ ခံနိုင်ရည်ရှိလာနိုင်မယ်ထင်တယ်”
အာရန်သည် မြေပုံကို ကြည့်လိုက်ပြီး ပင်လယ်နဂါး နေထိုင်ရာမှ သင့်တော်သော အကွာအဝေးတစ်ခုအတွင်း ယခုရောက်နေသောနေရာနှင့် အလွန်ဝေးကွာခြင်းမရှိသော ကျွန်းတစ်ကျွန်းကို ရှာတွေ့သွားလေသည်။
....
သွေးပင်လယ်ကြီးတစ်ခု၏ အလယ်တွင် စွန့်ပစ်ထားသော ကျွန်းဆွယ်တစ်ခုသည် မြင့်မားထည်ဝါစွာဖြင့် ရပ်တည်လျက်ရှိနေသည်။
သွေးရနံ့များဖြင့်ပြည့်နှက်လျက်ရှိသော ရဲရဲတောက်နီရဲနေသည့်ရေပြင်ကြီးဖြင့် ဝန်းရံထားသော ထိုကျွန်းဆွယ်လေးသည် ဖွံ့ဖြိုးသော သူ၏ကိုယ်ပိုင်ဂေဟစနစ် တစ်ခုကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲဖြစ်လေသည်။
ထိုကျွန်း၏ တစ်ဝက်ကျော်သည် သစ်တောများဖြင့် ဖုံးလွှမ်းလျက်ရှိပြီး ကျန်တစ်ဝက်ကိုမူ မြက်ခင်းများဖြင့် လွှမ်းခြုံထားလေသည်။
သို့သော် ထိုမြက်ခင်းသည်လည်း ပုံမှန်နှင့်ကွဲပြားခြားနားချက်များရှိနေလေသည်။
မြက်ခင်းတွင် သဘာဝအတိုင်း အစိမ်းရောင်များမရှိပေ။ ယင်းအစား ကျွန်း၏ မြက်ခင်းများသည် အနက်ရောင်များဖြစ်နေလေသည်။
သစ်ပင်များသည် မြင့်မားစွာ တည်ရှိနေကြသော်လည်း ၎င်းတို့၏ အရွက်များသည် သွေးရောင်လွှမ်းလျက်ရှိပြီး လေတိုက်၍ တရှဲရှဲမြည်သံများသည် ထိတ်လန့်ဖွယ်ကောင်းသော်လည်း တစ်ချိန်တည်းတွင်ပင် စွဲမက်ဖွယ်ကောင်းသော လှပသည့် မြင်ကွင်းတစ်ခုကို ဖန်တီးထားလေသည်။
ဤကျွန်းဆွယ်တစ်ခုလုံးသည် ထိတ်လန့်ဖွယ်ကောင်းသော အသွင်အပြင်များရှိနေသော်လည်း ဤကျွန်းတွင် အခြားမည်သည့်နေရာတွင်မျှ မတွေ့ရနိုင်သော ရှားပါးသည့်ဆေးဖက်ဝင်အပင်များ နှင့် ရှားပါးပန်းပင်များ၊ သစ်ပင်များဖြင့် ပြည့်နှက်လျက်ရှိလေသည်။
နေလုံးကြီးသည် ကောင်းကင်ယံတိမ်စိုင်များကြားမှ ဝင်ရောက်ပျောက်ကွယ် သွားတော့မည့် အချိန်တွင် ဤလူသူကင်းမဲ့နေသော ကျွန်းကြီးပေါ်သို့ ထိတ်လန့်ဖွယ်ကောင်းသော အလင်းရောင်ကို ဖြာကျစေခဲ့ပြီး ခမ်းနားထည်ဝါသော ဖီးနစ်ငှက်တစ်ကောင်သည် ကောင်းကင်မှ ဆင်းသက်လာခဲ့လေသည်။
၎င်း၏ အတောင်ပံများသည် အနီရောင်၊ လိမ္မော်ရောင်နှင့် ရွှေရောင်များဖြင့် အချိုးကျပေါင်းစပ်ကာ တောက်ပလျက်ရှိနေပြီး မှောင်မိုက်သော ကောင်းကင်ယံနောက်ခံနှင့်အတူ ယှဉ်တွဲလိုက်သောအခါ စွဲမက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို ဖန်တီးပေးလိုက်လေသည်။
ထိုသို့ ကျက်သရေရှိသော လှုပ်ရှားမှုများဖြင့် ဖီးနစ်ငှက်သည် ထိုကျွန်းလေး၏ လူသူကင်းမဲ့သော ကမ်းခြေပေါ်သို့ ဆင်းသက်လိုက်လေသည်။
ကျောက်ဆောင်များပေါ်သို့ ညင်သာစွာ ရိုက်ခတ်လျက်ရှိသော လှိုင်းကျပ်ခတ်သံများသည် ထိုအေးချမ်းသောညချမ်းလေးအတွက် လှပသော နောက်ခံတေးသွားများကို ဖန်တီးပေးနေသကဲ့သို့ရှိနေလေသည်။
အာရန်သည် သူ၏အောက်ရှိ လူသူကင်းမဲ့လျက်ရှိသော ကျောက်ဆောင်များပေါ်သို့ ဆင်းသက်လိုက်သည်။ ဤတစ်ကြိမ်တွင်မူ အာရန်သည် သွေးပင်လယ်ကြီးကို ကောင်းကင်မှ ကြည့်နေခြင်းမျိုး မဟုတ်တော့ပေ။
သူသည် ၎င်း၏ ရှေ့တည့်တည့်တွင် ရောက်ရှိနေပြီဖြစ်လေသည်။
သူသာ သူ၏လက်ကို အောက်သို့ ဆန့်ထုတ်ကြည့်လိုက်လျှင် ဤ သမုဒ္ဒရာရေပြင်၏ သွေးမြစ်ရေကိုပင် ထိတွေ့နိုင်ပေလိမ့်မည်ဖြစ်သည်။
သတိဟူသည်ပိုသည်မရှိဟူသော ဆိုရိုးအတိုင်း သူသည် ထိုရေကို မထိတွေ့ကြည့်ရန်သာ ဆုံးဖြတ်လိုက်သည်။
အနည်းဆုံးသူသည် ထိုရေအတွင်းသို့ သေခြာစွာမြင်တွေ့နိုင်စွမ်း မရှိသေးသော ယခုအချိန်အခါတွင် ဖြစ်လေသည်။
ည၏ ကောင်းကင်ယံတွင် မှိန်ပြပြလင်းနေသော လရောင်ကြောင့် သူသည် သမုဒ္ဒရာ၏ အကြမ်းဖျင်းပုံရိပ်ကိုသာ မြင်နိုင်ခဲ့ပြီး မြင်ကွင်းတစ်ခုလုံးကို ထိုလရောင်၏ ငွေရောင်အလင်းတန်းများ ဖြန့်ကျက်၍ သာ ကျဆင်းလျက်ရှိနေလေသည်။
“ကောင်းကင်နဂါးမှာ သွေးတွေ ဘယ်လောက်တောင်များ ပေါများခဲ့လို့လဲမသိဘူး” ဟု အာရန်သည် ရယ်မောရင်းဖြင့် မေးခွန်းထုတ်လိုက်သည်။
ဤမျှနီးကပ်သော အနေအထားတွင် အာရန်သည် သမုဒ္ဒရာ၏ ရနံ့ကို ခံစားနိုင်နေလေသည်။
၎င်းသည် အမှန်တကယ်ပင် ရင်းနှီးပြီးသားဖြစ်သော စက်ဆုပ်ဖွယ် သွေးညှီနံ့ပင်ဖြစ်လေသည်။
“အနားယူဖို့ နေရာတစ်ခု ရှာကြရအောင် မနက်ကျရင် အမဲလိုက်တာကို စတင်ကြမယ်”
အာရန်သည် သစ်တောဘက်သို့ လှည့်ရင်း ရှုယင်ကို ပြောလိုက်သည်။
ထို့နောက်အာရန်သည် ခြေလှမ်းအနည်းငယ်ခန့် လှမ်းလိုက်မိသည်နှင့် ရုတ်တရက် ရပ်တန့်သွားလေသည်။
ရှုယင်သည် အာရန်မှ မည်သည့်အရာမျှရှိမနေသည့် သာမန်နေရာလွတ်တစ်ခုကို တွေတွေကြီးစိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။
သူသည် အတိတ်တွင်လည်း ထိုသို့အလားတူအရာတစ်ခုကို လုပ်ဆောင်ဘူးခဲ့သည်ကို သူမအမှတ်ရလိုက်သည်။
သူဘာလုပ်နေသည်ကို သူမနားမလည်ခဲ့သော်လည်း သူမသည် သူ့ဘေးတွင် သာ ငြိမ်ငြိမ်လေး ဆက်လက်ရှိနေပေးခဲ့လေသည်။
တစ်ချိန်တည်းတွင် အာရန်သည် စနစ် ရွေးချယ်စရာများ၏ တစ်ခုစီ ဖော်ပြချက်များကို လေ့လာနေခဲ့လေသည်။
[ရွေးချယ်စရာ တစ် : ညမုဆိုး
ညမုဆိုးဖြစ်လာပြီးလျှင် နောက်နေ့မနက်မတိုင်မီ ပင်လယ်မြွေကို သတ်ပါ။
ဆုလာဘ်: အဆိပ်လည်ဆွဲ]
[ရွေးချယ်စရာ နှစ် : နေ့မုဆိုး
နေ့မုဆိုး ဖြစ်လာပြီးနောက်တွင် မနက်ဖြန် နေဝင်ချိန်မတိုင်မီ ပင်လယ်မြွေနှစ်ကောင်ကို သတ်ပါ။
ဆုလာဘ်: ဝိညာဉ်ဆင့်ခေါ်လည်ဆွဲ]
[ရွေးချယ်စရာ သုံး : အမိန့်ပေးသူ
အမိန့်ပေးသူဖြစ်လာပြီးနောက် မနက်ဖြန် နေဝင်ချိန်မတိုင်မီ သင့်လက်အောက်ရှိသူများကို ပင်လယ်နဂါးတစ်ကောင်အား အမဲလိုက်ရန်စေခိုင်းပါ။
ဆုလာဘ်: ကံကြမ္မာနှောင်ကြိုး]
[ရွေးချယ်စရာ လေး : အစီအစဉ်ဆွဲသူ
အောင်မြင်မှုသေချာသည်အထိ မည်သည့်အရာကိုမျှ မလုပ်ပါနှင့်။ သင်၏နောက်ထပ်လုပ်ဆောင်ရမည့်အရာအတွက် အစီအစဉ်များကိုသေခြာစွာရေးဆွဲပါ။
ဆုလာဘ်: ကံကြမ္မာဒင်္ဂါး]
“အစီအစဉ်ပြောင်းမယ် ကိုယ် ဒီည ပဲအမဲလိုက်ခရီးစဉ်ကိုစတင်မယ်”
အာရန် သည် သွေးပင်လယ် ဘက်သို့ ပြန်လှည့်လိုက်သည်။
#Catfoot