အမေ သဘောကျလိမ့်မယ်
Vol. 8 Ch. 98
ရှုယင်သည် ကမ်းစပ်တွင် စိုးရိမ်တကြီး စောင့်ဆိုင်းနေပြီး သူမ၏အကြည့်များသည် သွေးရောင်များဖြင့်လွှမ်းခြုံထားသော ပင်လယ်ပြင်ကျယ်ကြီးကို သာ စိုက်ကြည့်နေခဲ့မိလေသည်။
အာရန်ကို စောင့်ရှောက်ရန် ဝိညာဉ်တစ်ကောင်ကိုအကာအကွယ်အဖြစ် စေလွှတ်လိုက်သော်လည်း သူမ၏နှလုံးသားတွင် စိုးရိမ်ပူပန်မှုများမှာ ဆက်လက်ကျန်ရှိနေသေးလေသည်။
“သူမက ငါ့ကို အခုထိ မဆက်သွယ်သေးဘူးဆိုတော့ အရာအားလုံး အဆင်ပြေမယ်လို့ထင်ပါတယ်”
ရှုယင်သည် သူမကိုယ်သူမပြန်လည် အားပေးလိုက်သော်လည်း သူမ၏ စိတ်မတည်ငြိမ်မှုများမှာမူ မပြောင်းလဲသွားသေးပေ။
အာရန်၏တည်နေရာသို့ ကိုယ်တိုင်သွားရန် စိတ်ကူးသည် သူမ၏စိတ်ထဲတွင် မကြာခဏပေါ်လာခဲ့သော်လည်း နောက်ဆုံးတွင် ဒီအတိုင်းသာဆက်လက် စောင့်နေရန် သူမရွေးချယ်မိခဲ့လေသည်။
မသေချာမရေရာမှုများသည် သူမ၏အတွေးများကို ဝေဝါးသွားစေပြီး အာရန်၏ ဘေးတွင်သာ ရှိနေချင်သောသူမ၏ ဆန္ဒနှင့် အာရန်၏ ဒေါသအမုန်းများကို ခံယူရမည့်အဖြစ်အား ကြောက်ရွံ့မှုတို့ကြားတွင် သူမကိုယ်သူမ ပိတ်မိနေခဲ့မိလေသည်။
ရှုယင်သည် သူမ၏ အတွင်းစိတ်ရုန်းကန်မှုများအတွင် နစ်မြုပ်နေစဉ် ဝေးကွာသော ကောင်းကင်ယံရှိ မြင်ကွင်းတစ်ခုက သူမ၏အာရုံကို ရုတ်တရက် ဆွဲဆောင်သွားသည်။
သွေးနီရောင်မြွေတစ်ကောင်သည် ကောင်းကင်ယံတွင် ပျံသန်းလျက်ရှိပြီး ၎င်း၏ဧရာမခန္ဓာကိုယ်သည် သူမဆီသို့ ချဉ်းကပ်လာနေလေသည်။
အစပိုင်းတွင် နဂါးတစ်ကောင်ဟု မှားယွင်းထင်ခဲ့မိသော်လည်း ရှုယင်သည် ဤသတ္တဝါမှာ နဂါးမဟုတ်ကြောင်း မကြာမီ သတိပြုမိခဲ့သည်။
၎င်းသည် ပင်လယ်မြွေတစ်ကောင်သာဖြစ်ကြောင်း သိသာနေလေသည်။
ရှုယင်သည် သူမ၏ရှေ့တွင် ပေါ်လာမည့် အန္တရာယ်ရှိသော တိုက်ပွဲအတွက် သူမကိုယ်သူမ အသင့်ပြင်ဆင်ထားလိုက်လေသည်။
သို့သော် ထိုသားရဲ ပိုမိုနီးကပ်လာသည့်အခါမှသာ သူမသည် ထို ပင်လယ်မြွေ၏ဦးခေါင်းထိပ်တွင် ရပ်နေသော တစ်စုံတစ်ယောက်ကို မြင်လိုက်ရသည်။
သူမသည် ပင်လယ်မြွေ၏ နောက်တွင်ကွယ်နေသော ဖီးနစ်ငှက်ကိုလည်း ယခုမှသာ သတိပြုသွားလေသည်။
ဖီးနစ်ငှက်သည် ဧရာမပင်လယ်မြွေကြီးကို အသဲအသန် သယ်ဆောင်နေရပြီး အာရန်သည် သူ၏လက်များကို နောက်ပစ်ထားကာ နီရဲနေသော ထိုပင်လယ်မြွေကြီး ၏ဦးခေါင်းပေါ်တွင် ရပ်လျက်ရှိနေသည်။
ရှုယင်သည် အာရန်မှ သူမထံသို့ ရောက်လာသည့်အချိန်ကိုပင် မစောင့်တော့ဘဲ လေထဲသို့ တဟုန်ထိုးပျံတက်သွားလေသည်။
သူ အဆင်ပြေရဲ့လားဟု တွေးတောရင်း အာရန်ဆီသို့ တည့်တည့်သာ ပျံသန်းသွားလိုက်သည်။
အာရန်သည် အဆင်ပြေစွာပင်ရပ်လျက်ရှိနေသော်လည်း သူ၏ အဝတ်အစားများနှင့် သူ၏မျက်နှာပေါ်တွင် သွေးများရွဲစိုနေသည်ကို သူမမြင်လိုက်ရသည်။
အာရန်သည် သူ၏ မျက်နှာကို ပြန်လည်သုတ်ထားခဲ့သော်လည်း သွေးအကြွင်းအကျန်များကို လွယ်ကူစွာ ဖယ်ရှားပစ်၍ မရနိုင်ခဲ့ပေ။
“ကိုယ်ဘာမှမထိခိုက်မိထားပါဘူး”
ရှုယင်မှ သူ့ဆီသို့ ပျံသန်းလာသည်ကို မြင်သောအခါ အာရန်သည် ပထမဆုံးစိတ်မပူရန်လှမ်းပြောလိုက်လေသည်။
သူမ စိုးရိမ်နေသည်ကို သူနားလည်သောကြောင့် သူမ၏စိုးရိမ်ပူပန်မှုများကို ပထမဆုံး ဖြေရှင်းရန် ကြိုးစားလိုက်ခြင်းဖြစ်သည်။
“ဒါတွေကလည်း ကိုယ့်သွေး မဟုတ်ပါဘူး ဒါက ပင်လယ်ရဲ့သွေးတွေပါ ဒါကြောင့် ကိုယ် အဆင်ပြေပါတယ် စိတ်မပူနဲ့”
သူသည် ရှုယင်ကို တည်ငြိမ်သွားစေရန် သူ၏လက်များဖြင့် သူမအားနှစ်သိမ့်ရန် ကျိုးစားလိုက်သည်။
သို့သော် ချိုမြိန်သော အနံ့တစ်ခုသည် သူ့ဆီသို့ တိုးဝင်လာလေသည်။
အာရန်သည် မည်သည့် တုံ့ပြန်မှုမျှမပြုနိုင်မှီတွင် ရှုယင်မှာ သူ၏ ရင်ခွင်အတွင်းသို့ ရောက်ရှိနေပြီဖြစ်သည်။
သူမသည် ဘာမှဆက်မပြောခဲ့သော်လည်း သူမ၏ စိုးရိမ်မှုများကို သူသည် ခံစား၍ သိနိုင်နေခဲ့သည်။
အာရန်သည် သူ၏လက်များဖြင့် ရှုယင်၏နောက်ကျောကိုသပ်ပေးလိုက်သည်။
“မင်း ကိုယ့်ကိုဒီလိုအချိန်မပွေ့ဖက်သင့်သင့်ဘူး အခု သွေးတွေက မင်းရဲ့အဝတ်အစားတွေကိုပါ စွန်းထင်းသွားပြီ”
“ရှင် တကယ် အဆင်ပြေရဲ့လား”
ရှုယင်က သူပြောသည်ကိုမကြားဟန်ဖြင့် မေးလိုက်သည်။
“ကိုယ့်အောက်က ဟိုမြွေထက်တော့ အများကြီး ပိုအဆင်ပြေပါတယ်”
အာရန်က နောက်ပြောင်သည့်လေသံဖြင့် ပြန်ဖြေလိုက်သည်။
ထို့နောက်ဖီးနစ်ငှက်သည် မကြာမီ ကျွန်းသို့ ရောက်ရှိလာပြီး ဧရာမမြွေ၏ခန္ဓာကိုယ်ကို အောက်သို့ချပေးလိုက်သည်။
နီရဲနေသောပင်လယ်မြွေကြီး၏ ခန္ဓာကိုယ်သည် အလွန်ကြီးမားလွန်းသောကြောင့် ကျွန်း၏ တစ်ဝက်နီးပါးကိုပင် ဖုံးလွှမ်းသွားလေသည်။
အာရန်သည် ပင်လယ်မြွေ၏ခန္ဓာကိုယ်မှ ခုန်ဆင်းလိုက်သည်။
အရင်ကနှင့်မတူသည့်အချက်မှာ သူသည် ဘေးကင်းစွာ အောက်သို့ဆင်းရန် ဖီးနစ်၏ လေစွမ်းအင်အကူအညီကို ရယူရန် မလိုအပ်တော့ခြင်းပင်ဖြစ်သည်။
သူသည် ဖီးနစ်ငှက်၏ဦးခေါင်းကို ပုတ်လိုက်သည်။
“ဒီည မင်း တကယ်ပင် ပင်ပန်းသွားပြီ အခု ကောင်းကောင်းအနားယူလိုက်ပါ...”
ဖီးနစ်ငှက်သည် အာရန်၏စကားကို နားလည်နိုင်သည့်အလား ခေါင်းညိတ်ပြလိုက်သည်။
၎င်းသည် ၎င်း၏ ကြီးမားသော အတောင်ပံများကို ကွေးညွှတ်လိုက်ပြီး သဲသောင်ပြင်ပေါ်တွင် အနားယူလိုက်လေသည်။
သူမ ၏ အမွေးများသည် လရောင်တွင် အလွန်တရာမျက်စိပဒေသာဖြစ်စရာ တောက်ပလွန်းနေလေသည်။
အာရန်သည်လည်း သူ၏သွေးစွန်းထင်းနေသော အဝတ်အစားများကို ချွတ်လိုက်လေသည်။
သူကြိုတင် သိုလှောင်ထားခဲ့သော ရေအနည်းငယ်ဖြင့် ခန္ဓာကိုယ်ကို သန့်ရှင်းလိုက်ပြီးနောက် အဝတ်အစားအသစ်များကို လဲလှယ်ဝတ်ဆင်လိုက်သည်။
အဝတ်အစားလဲပြီးနောက် အာရန်သည် ငြိမ်းချမ်းမှု ၏အရသာကိုခံစားရင်း သူ၏ ခမ်းနားထည်ဝါသောဖီးနစ်ငှက်၏ ဘေးတွင် ဝင်ရောက်ထိုင်နေလိုက်သည်။
သူနှင့် မဝေးသောနေရာတွင် အသက်မဲ့နေသော ဧရာမပင်လယ်မြွေကြီး၏ ခန္ဓာကိုယ်သည် ငြိမ်သက်စွာ လဲလျောင်းလျက်ရှိနေလေသည်။
သူသည် အရာများစွာကို ပြုလုပ်ချင်နေခဲ့သော်လည်း သူ့တွင် ခွန်အားလည်းမရှိ သလို သတ္တိလည်းမကျန်ရှိတော့ပေ။
သူသည် အလွန်အမင် ပင်ပန်းနွမ်းနယ်နေပြီး ယခုအချိန်တွင် အိပ်ချင်သည့်စိတ်သာ ကြီးစိုးနေတော့သည်။
အာရန်သည် သူလုပ်ခဲ့သမျှအားလုံးကို ရှုယင်ကို ပြန်ပြောပြရန် တွေးထားခဲ့သည်။
ပင်လယ်မြွေနှင့် သူ၏တိုက်ပွဲအကြောင်းကို သူမကို ပြောပြချင်နေပြီး အချို့အရာများကိုပင် ချဲ့ကား၍ပြောဆိုချင်နေခဲ့သေးသည်။
သို့သော် သူသည် ဖီးနစ်ငှက်၏နူးညံ့သော အမွေးများပေါ်တွင်သူ၏ ဦးခေါင်းကို တင်လိုက်မိသည်နှင့်တစ်ပြိုင်နက် ပင်ပန်းနွမ်းနယ်မှုများကြောင့် သူ့ကိုယ်သူ မသိလိုက်ဘဲ အိပ်ပျော်သွားခဲ့လေသည်။
ရှုယင်သည် သူ့ဘေးတွင် ထိုင်နေပြီး သူမတွင်လည်းသူ့အတွက် မေးခွန်းများစွာရှိနေလေသည်။
သူသည် ဤအရာကို အဘယ်ကြောင့် တစ်ယောက်တည်း သွားရောက် တိုက်ခိုက်ချင်ခဲ့ရသနည်း။
သူသည် သူမကို သူ၏နောက် မလိုက်ရန် ပြောခဲ့ခြင်းမှာ ဤအကြောင်းရင်း တစ်ခုတည်းကြောင့်လော။
သူမသည် အာရန်အား စောင်ဖြင့်ခြုံပေးလိုက်ကာ သူမ၏ဦးခေါင်းလေးကိုလည်း သူ၏ပခုံးပေါ်တွင် မှီထားလိုက်လေသည်။
အာရန်သည် အေးချမ်းစွာ အိပ်ပျော်နေသည့်အချိန်တွင် သူ့အား ကြည့်နေရင်း ဖြင့် ရှုယင်သည် စိတ်ခံစားချက်များ ရောထွေးလျက်ရှိနေလေသည်။
သူ့အတွက် သူမ၏စိုးရိမ်ပူပန်မှုများသည် ဆက်လက်ရှိနေသေးသော်လည်း သူမအနားတွင် သူ၏ယခုအနားယူနေသည့်ပုံကို မြင်ရခြင်းက သူမ၏နှလုံးသားကို အနည်းငယ်သက်သာရာရစေခဲ့သည်။
“အဲဒီလည်ဆွဲက.....”
ရှုယင်သည် သူမ၏မျက်လုံးများကို မှိတ်တော့မည့်အချိန်တွင် အာရန်၏လည်ပင်းတွင် အစိမ်းရောင်ဆွဲသီးတစ်ခုထပ်မံတိုးလာသည်ကို သတိပြုမိလိုက်သည်။
အာရန်သည် လည်ဆွဲများ ဝတ်ဆင်ရသည်ကို ကြိုက်နှစ်သက်ကြောင်း သူမမှတ်မိနေခဲ့သော်လည်း သူ့တွင် အစိမ်းရောင်လည်ဆွဲတစ်ခု ရှိမနေကြောင်း သူမသေချာသိထားခဲ့သည်။
အနည်းဆုံး သူမသည် ယခင်က သူဝတ်ဆင်သည်ကို မမြင်ခဲ့မိပေ။
သူမသည် မသိစိတ်၏နှိုးဆော်မှုဖြင့် ၎င်းကို ထိတွေ့ရန် သူမ၏လက်ကို ဆန့်ထုတ်လိုက်သည်။
“နင့်နေရာမှာ ငါဆိုရင် အဲဒီလိုလုပ်မိမှာ မဟုတ်ဘူး”
အသံတစ်ခုကြားလိုက်ရသဖြင့် ရှုယင်အား ရပ်တန့်စေလိုက်သည်။
“နင်… ဒါက ဘာလဲဆိုတာ နင် သိလား”
ရှုယင်သည် သူမအနားသို့ ပြန်လည်ရောက်ရှိလာသော ထိုဝိညာဉ်မလေးကို မေးလိုက်လေသည်။
“အဲဒီအရာက ဘာလဲဆိုတာတော့ ငါလဲမသိဘူး ဒါပေမယ့် ငါအဲ့ဒီအရာကို ကြည့်လိုက်မိတဲ့ အခါတိုင်းမှာ အဲ့ဒီအရာဆီကနေ အန္တရာယ်ရှိတဲ့ အငွေ့အသက်တစ်ခုကို ခံစားမိနေတယ် ငါကို ဒီလိုမျိုး အလားတူခံစားရတဲ့ တစ်ခုတည်းသော အချိန်က ငါ့အမေဘေးမှာ ရှိနေတဲ့အချိန်ပဲ ဒီတစ်ခုနဲ့တင် ဒီအရာက ဘယ်လောက်အန္တရာယ်များလဲဆိုတာ သက်သေပြဖို့ လုံလောက်မယ်ထင်တယ်...”
သူမသည် ထိုအစိမ်းရောင်လည်ဆွဲအကြောင်းကို ပို၍သိချင်လာမိသည်။
အစိမ်းရောင်လည်ဆွဲသာမက ၎င်းဘေးရှိ အဖြူရောင်လည်ဆွဲကိုလည်း သိချင်နေခဲ့သည်။
ဤလည်ဆွဲနှစ်ခုလုံးသည် ဤနေရာတွင် တည်ရှိမနေသင့်သောအရာများ ဖြစ်ပုံရနေလေသည်။
“ဘယ်လောက်တောင် စိတ်ဝင်စားဖို့ကောင်းတဲ့လူလဲ ငါ့ အမေဆီ သူ့ကို ခေါ်သွားရင် နင်စိတ်ဆိုးလောက်မလား”
“သူ့ကို ထိရဲရင်ထိကြည့် နင့်ကိုငါတကယ် သတ်ပစ်မိလိမ့်မယ်”
ရှုယင်သည် ဆက်ဆက်ထိမခံလေသံဖြင့် ပြန်ပြောလိုက်သည်။
သူမသည် ဤအရာအတွက် နောက်ပြောင်ပြောဆိုနေခြင်း မဟုတ်ပေ။
“စိတ်အေးအေးထားပါဟ ငါက နောက်နေတာပါ”
ဝိညာဉ်မလေးသည် ပျင်းရိသောလေသံဖြင့် ပြန်ဖြေလိုက်သည်။
သို့သော် သူမ၏မျက်လုံးများကို သေခြာစိုက်ကြည့်မိခဲ့လျှင်မူ လုံးဝကွဲပြားခြားနားသော စိတ်အားထက်သန်မှုတစ်ခုကို မြင်နိုင်ခဲ့လိမ့်မည်ဖြစ်သည်။
သူမသည် ထိုကဲ့သို့ ထူးဆန်းသော ပစ္စည်းများကို ပိုင်ဆိုင်ထားသော အာရန်အား သူမ၏အာရုံစိုက်မှုနှင့် ထိုက်တန်ကြောင်းသတ်မှတ်လိုက်သည်။
ကန့်သတ်ထားသောတစ်စုံတစ်ရာကြောင့် သူမကိုယ်တိုင်ပင် ဤလူသား၏ ကျင့်ကြံခြင်းအဆင့်နှင့် အချက်အလက်များကို ဖောက်ထွင်း၍ မမြင်နိုင်ခဲ့ပေ။
“ငါ့ကို မလိုတော့ဘူးဆိုတော့ ခုပြန်တော့မယ်”
သူမ၏ အောက်ခြေဘက်တွင် ပြန်လည်ဆင့်ခေါ်ခြင်း သင်္ကေတတစ်ခု ပေါ်လာခဲ့သည်။
ထို့နောက် သူမ၏နောက်တွင် သူမ၏ကမ္ဘာသို့ပြန်သွားနိုင်သည့် ဝိညာဉ်ဂိတ်ပေါက်တစ်ခု ပွင့်သွားလေသည်။
ဝိညာဉ်မလေးသည် ဂိတ်ပေါက်ရှိရာသို့ နောက်ဆုတ်၍ ပြန်သွားခါနီးအချိန်တွင် ရုတ်တရက် ရပ်တန့်လိုက်သည်။
“ငါမထွက်ခွာခင် နင့်ကို သတိပေးစရာတစ်ခုရှိတယ် .....နောင်လာမည့် လအနည်းငယ်အတွင်းမှာ တကယ့်ကို ထူးခြားတဲ့အရာတစ်ခု ဖြစ်ပျက်သွားဖို့ရှိနေတယ် အဲ့ဒီအတွက် ဖိတ်စာတစ်စောင် နင့်ကိုပို့လိုက်မယ် နင်သာဆန္ဒရှိမယ်ဆိုရင် နင့်လူကိုလည်းနင်နဲ့အတူ ခေါ်လာနိုင်တယ် ငါ့အမေက နင်တို့ကို ကောင်းကောင်း ဆက်ဆံလိမ့်မယ်လို့ ငါသေချာပေါက် ပြောနိုင်တယ်.....”
သူမသည် ထိုသို့ပြောပြီးသည်နှင့်တစ်ချိန်တည်း ဝိညာဉ်ဂိတ်ပေါက်အတွင်းသို့ ဝင်လိုက်ကာ ထိုဂိတ်ပေါက်နှင့်အတူပင် ပျောက်ကွယ်သွားလေတော့သည်။
#Catfoot