အခန်း (၅၆၈)
Vol. 38 Ch. 568
နတ်ဆိုးတောင်ရိုး၏ အပြင်စည်း တပည့် တစ်ရာကို သတ်ဖြတ်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း မေးလိုက်၏။ “တတိယစမ်းသပ်မှုက အတွင်းစည်းတပည့်တွေကို စမ်းသပ်ဖို့ အတွက်လား။”
"မဟုတ်ဘူး"
မိုရှန်က ပြောလိုက်သည်။
"နတ်ဆိုးတောင်ရိုးရဲ့ အစောင့်အရှောက် လေးယောက်ကို တိုက်ခိုက်ရမှာ"
ကျွင်းချောင်ရှောင်း ကြောင်သွား၏။
ပုံမှန်အရဆိုလျှင် အပြင်စည်း တပည့်များနှင့် တိုက်ခိုက်ပြီးပြီဆိုလျှင် အတွင်းစည်းတပည့်များနှင့် တိုက်ခိုက်ရမှာ ဖြစ်သည်။ အဘယ့်ကြောင့် ရုတ်တရက် အစောင့်အရှောက်များ အဖြစ် အဆင့်ကျော်တက် ပြောင်းလဲသွားရသနည်း။
နတ်ဆိုးတောင်ရိုး၏ အပြင်စည်းတပည့်များသည် အစောကြီးကတည်းက အားကောင်းနေပြီဖြစ်၏။ အစောင့်အရှောက်များဆိုလျှင် ပို၍ အားကောင်းပေလိမ့်မည်။
"သခင်"
မိုရှန်က ပြောလိုက်သည်။ "နတ်ဆိုးတောင်ရိုးရဲ့ အစောင့်အရှောက်တွေက ဂိုဏ်းရဲ့ အကြီးအကဲတွေနဲ့ ဆင်တူတူပဲ"
ကျွင်းချောင်ရှောင်း ဆွံ့အသွားမိ၏။
အပြင်စည်း တပည့်များကို တိုက်ရိုက်တိုက်ခိုက်ပြီးသည့်နောက်မှာတော့ အကြီးအကဲများကို ထပ်မံ၍ တိုက်ခိုက်ရမည်။ မည်ကဲ့သို့သော ကိစ္စနည်း။
ဒွီ …. ဒွီ
တည်နေရာတွင် အက်ကွဲကြောင်းများ ထပ်မံပေါ်ထွက်လာသည်။
ပြီးနောက် အမဲရောင် ဝတ်စုံကို ဝတ်ဆင်ထားကြသော အကြီးအကဲ လေးယောက်တို့သည် အလွန်တရာ အားကောင်းလှသော အမဲရောင်အော်ရာများကို ထုတ်ဖော်၍ ထွက်ပေါ်လာကြ၏။
စနစ်သည် ၎င်းတို့၏ အားအင်အဆင့်ကို မသုံးသပ်နိုင်ဘူးဆိုသော်လည်း ၎င်းတို့၏ အော်ရာကို ကြည့်ရှုမည်ဆိုလျှင် သာမန်သိုင်းဘုရင်များ မဟုတ်ကြောင်း သိရှိနိုင်သည်။
နတ်ဆိုးတောင်ရိုးမှ အစောင့်အရှောက်တို့သည် ဦးခေါင်းကို မော့ပြီး ခံစားချက်မဲ့သည့် မျက်နှာများကို ပြသလာတော့သည်။ ၎င်းတို့၏ မျက်လုံးများသည် နီရဲလျက်ရှိသည်။
စနစ်က ပြောလိုက်သည်။ "သူတို့က သိုင်းအုပ်စိုးသူတွေပဲ"
“ချီးတဲ့မှ” ကျွင်းချောင်ရှောင်းသည် လဲပြိုတော့မလို ဖြစ်သွား၏။
တတိယအဆင့် စမ်းသပ်ချက်သည် ဤမျှခက်ခဲရန် လိုအပ် နေသည်လား။
သူသည် အလွန်တရာ အားကောင်းလှသော ဓားနှင့် သိုင်းဘုရင် တစ်ယောက်ဖြစ်သည်ဆိုလျှင်တောင်မှ သိုင်းအုပ်စိုးသူလေးယောက်နှင့် တစ်ခါတည်း ရင်ဆိုင်ဖို့ ဆိုသည်မှာတော့ လွယ်ကူလှသည့် အရာတော့ မဟုတ်ပေ။
ဝှစ် … ဝှစ်။
နတ်ဆိုးတောင်ရိုး မှ အစောင့် အရှောက် လေးယောက်တို့သည် ထူးခြားသည့် ခြေလှမ်းကွက်များကို ထုတ်ဖော်ကာ ရှေ့သို့ ပြေးတက်လာကြသည်။
၎င်းတို့သည် မည်ကဲ့သို့သွားလာခဲ့သည်ဆိုသည်ကိုပင် သေသေချာချာ မမြင်ရလောက်အောင် မြန်ဆန်လွန်းလှ၏။
"မဟုတ်သေးဘူး"
ဘုန်း ဘုန်း ဘုန်း။
ပေါက်ကွဲသံ လေးချက် ထွက်ပေါ်လာပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အမြှောက်ဆံကြီးတစ်ခုလိုပင် လွင့်စင်သွားခဲ့တော့သည်။
အနှေးကွက် ပြကွက်များနှင့် သေသေချာချာ ပြန်၍ ကြည့်ရှု မည်ဆိုလျှင်ပင် နတ်ဆိုးတောင်ရိုး မှ အစောင့် အရှောက်လေးယောက်တို့သည် အနက်ရောင် စွမ်းအင်များကို စုစည်းပြီး တိုက်ရိုက်တိုက်ခိုက် ခဲ့ခြင်းပင် ဖြစ်သည်။
လက်သီးနှစ်ခုသည် ကျွင်းချောင်ရှောင်း၏ ရင်ဘတ်နှင့် နောက်ကျောဘက်ဆီသို့ ရောက်ရှိလာပြီး ကျန်သည့် လက်သီးနှစ်ခုမှာတော့ ဘယ်ဘက်နှင့် ညာဘက်မျက်နှာအား ထိမှန်ခဲ့၏။
ဤကဲ့သို့ ကြမ်းတမ်းလှသော တိုက်ခိုက်ချက်လေးခုကို ခံယူပြီးသည့်နောက်မှာတော့ ဂိုဏ်းချုပ်ကျွင်းသည် လေထဲသို့ ၃၆၀ ဒီဂရီ လည်ကာ လွင့်စင်သွားတော့သည်။ သူသည် ရှုံးနိမ့်ခဲ့ပြီးဖြစ်သည်။
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည် မြေပေါ်သို့ မတ်တပ်ထရပ်လိုက်ပြီး လက်ကို ယမ်းခါလိုက်တော့သည်။ လက်ထဲတွင်တော့ နဂါးစိမ်း လခြမ်းဓားမော့ကြီး ပေါ်လာခဲ့တော့၏။
သူသည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ "လူကို တွေ့တွေ့ချင်း မျက်နှာကို မရိုက်ရဘူးဆိုတာ မသိဘူးလား။ဒါက စည်းမျဉ်းစည်းကမ်းပဲ"
သူ့အနေနှင့် လေးချက်တိတိ ထိုးနှက်ခံရသည်ဆိုသော်လည်း ခန္ဓာကိုယ်သည် အလွန်အားကောင်းနေသေး၏။ နာကျင်မှု အနည်းငယ်ကိုသာ ခံစားလိုက်ရသည်။ ကိစ္စကြီးကြီးမားမားတော့ မရှိပေ။
သူ၏ ဆံပင်များသည်လည်း ရှုပ်ပွမနေပေ။ ဤအရာသည်လည်း ခေါင်းလိမ်းဆီ၏ အစွမ်းပင် ဖြစ်၏။
ရွှီ ရွှီ
နတ်ဆိုးတောင်ရိုးမှ အစောင့်အရှောက် လေးယောက်တို့သည် ရှေ့သို့ ပြေးတက်လာသည်။ ထုံးစံအတိုင်း မြန်ဆန်စွာဖြင့် လှမ်းလာကြခြင်းဖြစ်သည်။
အတွေ့ကြုံရှိသွားပြီဖြစ်သော ကျွင်းချောင်ရှောင်သည်မှာ ၎င်း၏ စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်ပြီး တစ်ဖက်၏ လှုပ်ရှားမှု များကို သေသေချာချာ ကြည့်ရှုလိုက်သည်။
ပြီးနောက် လက်နှစ်ဖက်ဖြင့် ဓားမော့ကို မြှောက်ကိုင်ကာ အော်လိုက်၏။ "တိုက်ခိုက်ကြ"
ဘန်း ဘန်း ဘုန်း ……
ဟူး …….
ကျွင်းချောင်ရှောင်းသည် အနောက်ဘက်သို့ ထပ်မံ၍ လွင့်စင်သွားခဲ့သည်။ "ငါ သူတို့ကို မနိုင်နိုင်ဘူး"
သူသည် အလွန်တရာ အားကောင်းလှ၏။ သို့ပေမဲ့ တစ်ပြိုင်နက်တည်း သိုင်းအုပ်စိုးသူ လေးယောက်တို့ကို တိုက်ခိုက်ချိန်မှာတော့ ခံဘက်က ကြီးပဲ ဖြစ်လို့နေ၏။
"စိုးရိမ်စရာမလိုဘူး။ ငါ့လက်ထဲမှာ ဝှက်ဖဲရှိတယ်"
ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်ပြီး အေးစက်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ "နဂါးလေး ဘာကို စောင့်နေတာလဲ။မြန်မြန် အသွင်ပြောင်းလိုက်"
ဟုတ်ပေသည်။
သူ၏ ဝှက်ဖဲဆိုသည်မှာ သူ၏ ပဋိဉာဉ်သားရဲပင် ဖြစ်တော့သည်။
"ကောင်းပါပြီ သခင်"
ရွှီ
နဂါးလေးသည် ရှေ့သို့ လှမ်း၍ ခုန်တက်လိုက်၏။ ပြီးနောက် သူသည် ကျွင်းချောင်ရှောင်း၏ ရှေ့၌ မတ်တပ် ရပ်လိုက်တော့သည်။
ဆယ့်နှစ်ပေလောက် မြင့်မားသော မီးတောက်များ ဖြစ်တည်လာပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံး၏ အပူချိန်များ သည် မြင့်တက်လာ၏။
ထိုမီးတောက်များ ကြားမှာတော့ နဂါးလေး၏ ကလေးတစ်ယောက်ပုံစံ ပေါ်လာတော့သည်။
ယဇ်ပုလ္လင်ပေါ်တွင် ရှိနေသော မိုရှန် သည် ပါးစပ်အဟောင်းသားဖြင့် ထိတ်လန့် တုန်လှုပ်မိနေသည်။
"ချီးတဲ့မှ … ဘယ်က ကလေး ပေါ်လာတာတုန်း။ကင်းလိပ်ချော ဘယ်ရောက်သွားလဲ"
ရွှီ။
နဂါးလေးသည် ရှေ့သို့ လှမ်းတက်လိုက်ပြီးသည့်နောက်မှာတော့ အားလုံး၏ မြင်ကွင်းထဲတွင် သူ၏ တောင့်တင်းလှသော ခန္ဓာကိုယ်သည် ပေါ်လာခဲ့တော့သည်။
မိုရှန်း၏ မျက်လုံးများသည် မျက်စိတစ်မှိတ်အတွင်းမှာပဲ ပြုတ်ထွက်လုမတတ် ဖြစ်သွားရသည်။ သူသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်၏။ "နတ်ဆိုး ….ဒါ နတ်ဆိုးပဲ"
ရွှီ
နဂါးလေးသည် သူ၏ ချွန်ထက်နေသော လက်သည်းများကို မြှောက်ကာ နတ်ဆိုးတောင်ရိုးမှ အစောင့်အရှောက် လေးယောက်တို့ကို ကြည့်၍ အေးစက်စက် ပြောလိုက်သည်။ "သခင်ကို အနိုင်ကျင့်တယ်ဆိုတာက ငါ့ကို အနိုင်ကျင့်တာနဲ့အတူတူပဲ"
သူ ပြောပြောပြီးချင်းမှာပဲ မီးတောက်များသည် တောက်ပသွားတော့သည်။
ပြီးနောက် သူသည် ချက်ချင်းဆိုသလိုပဲ ကာကွယ်စောင့်ရှောက်သူ တစ်ယောက်၏ ရှေ့သို့ ရောက်ရှိသွားပြီး ညာဘက်လက်သီးကို မြှောက်ကာ ထိုးလွှတ်လိုက်တော့၏။
ဘုန်း ……။
မီးတောက်များ ထွက်ပေါ်လာပြီးသည့်နောက်တည်နေရာတစ်ခုလုံးသို့ ပျံ့နှံ့သွား၏။ တိုက်ခိုက်ခံလိုက်ရသော စောင့်ရှောက်သူသည် အမြှောက်ဆံတစ်ခု ကဲ့သို့ လွင့်စင်သွားတော့သည်။
အခြားသော စောင့်ရှောက်သူ သုံးယောက်တို့မှာတော့ နဂါးလေးအား သေသေချာချာ ကြည့်လိုက်သည်။
သူတို့သည် တည်ငြိမ်စွာနှင့်ပင် ပူးပေါင်း၍ ထပ်မံ တိုက်ခိုက်လိုက်တော့သည်။
ဘန်း ဘန်း ဘန်း
အချိန်ခဏကြာပြီးသည့်နောက်မှာတော့ လက်သီးရိပ်များသည် တည်နေရာတစ်ခုထဲသို့ ပျံ့နှံ့နေပြီး အမဲရောင် လေလှိုင်းများသည်လည်း ပြင်းပြင်းထန်ထန် တိုက်ခတ်ကုန်သည်။
စိတ်လှုပ်ရှားစရာ တိုက်ပွဲကြီးတစ်ခု ဖြစ်ပေါ်နေခြင်း ဖြစ်ပြီး နဂါးလေးသည် နတ်ဆိုးတောင်ရိုး မှ အစောင့် အရှောက်သုံးယောက်တို့အား အပြင်းအထန် တိုက်ခိုက်လျက် ရှိနေ၏။
ကျွင်းချောင်ရှောင်းသည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိသည်။
လက်ရှိ အခြေအနေကို ကြည့်မည်ဆိုလျှင် အစောင့် အရှောက်သုံးယောက်တို့သည် အလွန်တရာ အားကောင်းလှသည်ဆိုသော်လည်း ဖမ်းမိမည့်ပုံ မပေါ်ပေ။
ကံကောင်းစွာဖြင့် သူသည် နဂါးလေးအား ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ပြီး မဟုတ်ပါက သူသည် သေဆုံးသွားနိုင်သည်။
ဘုန်း
နဂါးလေးသည် မီးတောက်များကို ထုတ်ဖော်ပြီးသည့်နောက် ကြမ်းကြမ်းတမ်းတမ်း ဖြင့် စောင့်ရှောက်သူသုံးယောက်တို့အား ထိုးနှက် တိုက်ခိုက်လိုက်တော့သည်။
သူ၏ လက်ဝါးကို မြှောက်လိုက်သည့် အချိန်မှာတော့ လေထုထဲတွင် အလွန်တရာ အားကောင်းလှသော မီးတောက်မီးလျှံများ ဖြစ်တည်လာသည်။ သူသည် အေးစက်စက် ဖြင့် ပြောလိုက်၏။ "ငရဲကို သွားစမ်း။"
ဘန်း …..။
မီးတောက်များနှင့် အတူ ရောက်ရှိလာသော ပေါက်ကွဲမှုသည် ကြောက်မက်ဖွယ်ရာကောင်းသည့် ပေါက်ကွဲမှု အားအင်များ ပါဝင်နေ၏။
ထို့ကြောင့် ကာကွယ်စောင့်ရှောက်သူထဲမှ တစ်ယောက်သည် အခိုးအငွေ့များအဖြစ် ပျောက်ကွယ်သွားရသည်။
ဘုန်း ဘုန်း ဘုန်း
နောက်ထပ် မီးတောက် လက်ဝါးသုံးခုကို ထပ်မံရိုက်ချလိုက်သည့်နောက်မှာတော့ နတ်ဆိုးတောင်ရိုး ၏ အစောင့်အရှောက်သုံးယောက်တို့သည် အမဲရောင် အခိုးအငွေ့များဖြင့် မြင်ကွင်းဆီမှ ပျောက်ကွယ်သွားရတော့သည်။
ပြောရမည်ဆိုလျှင် ဒုတိယတိုက်ပွဲဝင်ပုံသဏ္ဍန်ကို အသက်သွင်းပြီးသည့်နောက်မှာတော့ နဂါးလေးသည် အလွန်တရာ အားကောင်းလွန်းနေ၏။
ကျွင်းချောင်ရှောင်းသည် ခါးထောက်ကာပြောလိုက်သည်။ "ဘာတွေ ကျန်သေးလဲ"
စနစ်သည် ဆွံ့အသွားမိသည်။
“ပဋိဉာဉ်သားရဲက အားကောင်းလွန်းတာ လက်ခံသူ နဲ့ ဘာဆိုင်လို့ ဝင်ဝင်ပြီးတော့ ဂုဏ်မောက်နေရတာလဲ။”
"ချီးတဲ့မှ"
ကျွင်းချောင်ရှောင်းသည် မကျေမနပ်ဖြင့် ခွန်းတုံ့ပြန်လိုက်သည် "ငါက နဂါးလေးကို သေသေချာချာ နားဖောက်ခဲ့တာလေ။ သူအားကောင်းတယ်ဆိုတာက ငါ အားကောင်းတယ်ဆိုတာနဲ့ အတူတူပဲ"
ဤအရာသည် စနစ်အား ဆွံ့အသွားစေသည်။
ကျွင်းချောင်ရှောင်းသည် မိုရှန်အား ကြည့်ကာ ပြောလိုက်သည်။ "ငါ စမ်းသပ်မှု သုံးခုကို ကျော်ဖြတ်ပြီးပြီ။ ရတနာတွေ ဘယ်မှာလဲ"
ဒွီ ဒွီ
ပြောပြောပြီးချင်းမှာပဲ နေရာတစ်ခုလုံးသည် ရုတ်တရက်ဆိုသလိုပဲ တုန်ခါသွားသည်။
တည်နေရာတစ်ခုလုံးသည် ပြိုလဲတော့မည့်ပုံစံကို ဖြစ်လာတော့သည်။
ခရက်စ်။
ရုတ်တရက်ဆိုသလိုပဲ တစ်စုံတစ်ခု ကွဲကျေသည့် အသံတစ်ခု ထွက်ပေါ်လာသည်။
ကျွင်းချောင်ရှောင်းသည် နောက်ဘက်သို့ လှမ်းကြည့်လိုက်သည့် အချိန်မှာတော့ အားအင်တစ်ခုသည် တည်နေရာတစ်ခုအား တိုက်ရိုက် ဆွဲခွဲလိုက်သလို ဖြစ်တည်သွားပြီး တင်းတင်းပိတ်ထားသော တံခါးတစ်ချပ်သည် အားလုံး၏ ရှေ့၌ ပေါ်လာ၏။
"သခင်"
မိုရှန်သည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "ဒါက ရတနာ ခန်းမထဲကို ဝင်တဲ့ အပေါက်လေ"
"ဒီလိုလား"
ကျွင်းချောင်ရှောင်းသည် ရှေ့သို့ လျှောက်ထွက်လာတော့သည်။
သူသည် တံခါးရှေ့သို့ ရပ်လိုက်ချိန်မှာပဲ တံခါးသည် သူ့အလိုလို ပွင့်သွားတော့၏။
ကျွင်းချောင်ရှောင်းသည် ပါးစပ်ကို ဟ၍ ပြောလိုက်မိသည်။ "ကောင်းကင်ဘုံ"
ယဇ်ပုလ္လင်ပေါ်တွင် ရှိသော မိုရှန်သည်လည်း ဆွံ့အသွားသည်။
အဘယ့်ကြောင့်ဆိုသော် သူတို့နှစ်ယောက်သည် တံခါးဖွင့်ဖွင့်ချင်းမှာပဲ တောင်တစ်ခုကဲ့သို့ မြင့်မားလှသော ရွှေပုံကြီးကို မြင်လိုက်သောကြောင့်ပင်။
ဤအရာသည် သာမန်လူတစ်ယောက်ဆိုပါက ပျော်ရွင်လွန်းအားကြီးသောကြောင့် မေ့မျော သွားပေလိမ့်သည်။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ငွေကို ချေးကုန်းရန် စက္ကူအဖြစ်ပင် သုံးရန် စဉ်းစားခဲ့သော လူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ခဏလောက် အံ့အားသင့်ပြီးနောက်မှာတော့ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။
သူ အထဲသို့ လှမ်းဝင်လိုက်၏။
တံခါး အထဲရှိ တည်နေရာကြီးသည် ကျယ်ပြောလှ၏။ ရွှေငွေ ကျောက်သံ ပတ္တမြားများအပြည့် အပြင်၊ သိုင်းတာအိုနည်းစနစ်များများနှင့် ပါဝင်သော ရှေးစာအုပ် များလည်း တည်ရှိနေသည်။
မိုရှန်သည် အနောက်မှ လိုက်ကြည့်ပြီး စာအုပ်စင်များကို ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "သခင် ဒါတွေ အကုန်လုံးက နတ်ဆိုး ကျင့်ကြံခြင်း နည်းစနစ်တွေပဲ"
ကျွင်းချောင်ရှောင်းသည် သူ့အား လျစ်လျူရှုထားပြီး အနောက်ဘက်ဆီသို့ကြည့်လိုက်တော့ အလွန်တရာ ကြီးမား လှသော ထိုင်ခုံကြီးတစ်ခုသည် နောက်ဘက်တွင် ရှိနေပြီး အမဲရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသော လူတစ်ယောက်သည် ထိုင်လျက်ရှိ၏။
မဟုတ်သေးပေ။
တိတိကျကျပြောရမည်ဆိုလျှင် အရိုးခြောက်တစ်ခုသည် ထိုင်လျက်ရှိနေသည်။
ကျွင်းချောင်ရှောင်းသည် ရှေ့သို့ လှမ်းသွားပြီးနောက် အရိုးခြောက်ဝတ်ထားသော ချပ်ဝတ်ကို သေသေချာချာကြည့်လိုက်၏။ "ဒါက သေတာ တော်တော်ကြာပြီ ဖြစ်လောက်မယ်။”
ဓကျုပ်က နတ်ဆိုးတောင်ရိုးရဲ့ သုံးဆယ်ယောက်မြောက်သခင်ပဲ။ ဒီနေရာကို မင်းတို့ ဝင်လာနိုင်တယ်ဆိုတော့ နတ်ဆိုးတောင်ရိုး ရဲ့ ရတနာတွေကို ရရှိဖို့ ရေစက်ပါလာတာ ဖြစ်မယ်။ နတ်ဆိုးတောင်ရိုး ရဲ့ အမွေနှစ်တွေကို ဆက်ခံပါ။ လောကကြီးမှာရှိတဲ့ ဆိုးယုတ်တဲ့ လူတွေကို သတ်ဖြတ်ပစ်ပါ။”
ထည်ဝါလွန်းအေသံကြီးတစ်ခုသည် ထွက်ပေါ်လာသည်။
မိုရှန်သည် ထိုအရာ၏ သက်ရောက်မှုကို ခံလိုက်ရပုံပေါ်သည်။ သူ၏ အမူအရာများသည် လေးနက်သွားသည်။ "စီနီယာရဲ့ စကားကို လိုက်နာပါ့မယ်။ နတ်ဆိုးတောင်ရိုး ရဲ့ ဂုဏ်သတင်းတွေ ပြန်ပြီး မွှေးပျံ့လာဖို့ ကြိုးစားပါ့မယ်။"
ခရက်စ်။
ထိုင်ခုံပေါ်ရှိ အရိုးခြောက်သည် တစ်စစီ ကျိုးပျက်ပြီး အမှုန်အဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။
ချပ်ဝတ်မှာတော့ အရင်အတိုင်းပင် တစ်စုံတစ်ယောက် ဝတ်ဆင်ထားသလို လေထဲတွင် ဝဲလျက်ရှိ၏။
ဝှစ်
ရွှေ ၊ငွေ ၊ကျောက်သံပတ္တမြား၊ လျိုဝှက် နည်းစနစ်တွေနှင့် ချပ်ဝတ်များအားလုံးသည် လေထဲတွင် ပျောက်ကွယ်သွားတော့သည်။
ထိုအရာများအားလုံးကို သိမ်းဆည်းပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် မိုရှန်အား ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ "သွားကြအောင်..."
မိုရှန်၏ နှုတ်ခမ်းများသည် တုန်ရင်သွားသည်။
သူသည် နတ်ဆိုး ကျင့်ကြံသူတစ်ပိုင်းဖြစ်သည်။
နတ်ဆိုးတောင်ရိုး ထဲမှ အမွေအနှစ်များအားလုံးကို ဆက်ခံပြီး နောက်မှာတော့ အနာဂတ်မှာ အလွန်တရာ ကြီးကျယ်ခမ်းနားသော လူတစ်ယောက် ဖြစ်လာနိုင်သည်ဟု တွေးထားခဲ့၏။
ကျွင်းချောင်ရှောင်းသည် သူနှင့် အတူ လိုက်ပါသွားပြီးသည့်နောက် အထဲတွင်ရှိသော ရတနာပစ္စည်းနှင့် လျို့ဝှက်သိုင်းကျမ်းများအားလုံးသည် သိမ်းဆည်းသွားပြီဖြစ်သည်။ သောက်ကျိုးနည်းလှချေသည်တကား။