အခန်း (၅၇၁)
Vol. 39 Ch. 571
ဝှီး
နတ်ဆိုးလင်းယုန်ငှက်ကြီးသည် သူ၏ ကြီးမားလှသည့်တောင်ပံကြီးတစ်စုံအား အသာဖြန့်ခတ်ပြီးသည့် နောက်မှာတော့ ဆယ်မိနစ်အတွင်း သံမဏိအရိုးတောင်ဆီသို့ ရောက်ရှိလာခဲ့တော့သည်။ ဤငှက်အမျိုးအစား သားရဲကြီးသည် အမြန်နှုန်းအရာတွင် အလုံးစုံကောင်းမွန်သည့် သားရဲမျိုးဖြစ်သည်။ သိုင်းစစ်သူကြီးအဆင့်နှင့် နှိုင်းယှဉ်၍ရသော ငှက်အမျိုးအစား စိတ်ဝိညာဉ်သားရဲဆိုသည်မှာ ကျိန်းသေပေါက် ပို၍ မြန်ဆန်ပေလိမ့်မည်။
သို့ပေမဲ့ ဤအရာသည် မြန်ဆန်သော အခြေအနေမျိုး မဟုတ်သေးချေ။ အဘယ်ကြောင့်ဆိုသော် ဤလင်းယုန်ငှက်ကြီးသည် နဂါးလေး၏ ထိုးနှက်တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ယခု အချိန်အထိ မူးဝေဝေဖြစ်နေတုန်းပင် ဖြစ်သည်။ ၎င်း၏ အကောင်းဆုံးသောအခြေအနေတစ်ခုကို မထုတ်ဖော်၊ မပြသရသေးချေ။
ဟမ်
ကျင့်ကြံလျက်ရှိနေကြသော ပြိုင်စံရှားဂိုဏ်းတပည့်များအားလုံးသည် ကောင်းကင်တစ်ခုလုံး မဲမှောင်သွားသည်ကို ခံစားမိလိုက်၏။ သူတို့သည် အပေါ်သို့ မော့ကြည့်လိုက်၏။
“ချီးတဲ့မှ …”
စုရှောင်မိုက အော်လိုက်၏။ “ဒါဘာကြီးလဲ”
“လင်းယုန်ကြီး” လီချင်းယန်သည် လေးလေးနက်နက်ပြောလိုက်သည်။
“လင်းယုန် ဟုတ်လား”
စုရှောင်မို၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။ “ဒါကြီးက မကြီးလွန်းဘူးလား”
လီလိုရှုသည် ဤလင်းယုန်ငှက်ကြီးမှာ ဂိုဏ်းအားတစ်ခုခုပြုလုပ်မည်ကို စိုးရွံ့သွားမိ၏။ ထို့ကြောင့် သူမသည် ဂိုဏ်းအကာအကွယ်အစီအရင်အား အသက်သွင်းရန် စဉ်းစားလိုက်မိ၏။
“ဂိုဏ်းချုပ်က အပေါ်မှာ” ထိုအချိန်မှာပဲ ကျန့်ရာသည် လှမ်းပြောလိုက်၏။
“ဂိုဏ်းချုပ် ဟုတ်လား”
လီလိုရှုကြောင်သွား၏။ သူမ၏ မျက်လုံးများကို အသာစူးစိုက်ပြီးတော့ မော့ကြည့်လိုက်၏။ လင်းယုန်ငှက်ကြီး၏ ဦးခေါင်းပေါ်မှာတော့ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ဂိုဏ်းချုပ်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်လျက် ရှိသည်။
သူ၏ အဝတ်အစားများသည် လေတိုက်သည့်အရှိန်ကြောင့် တဝုန်းဝုန်းနှင့် လှုပ်ရမ်းလျက်ရှိနေသည် ဆိုသော်လည်း ဆံပင်များမှာတော့ သပ်သပ်ရပ်ရပ် ရှိနေသေး၏။ ခေါင်းလိမ်းဆီ၏ အစွမ်းပင်ဖြစ်၏။
“ဒါဂိုဏ်းချုပ်ပဲ”
“ကောင်းကင်ဘုံ၊ ဂိုဏ်းချုပ်က လင်းယုန်ငှက်ကြီးပေါ်မှာ မတ်တပ်ရပ်နေတယ်၊ သူကကြည့်လို့ကောင်းလိုက်တာ”
ပြိုင်စံရှားဂိုဏ်းထဲမှာရှိတဲ့ တပည့်များအားလုံး၏ မျက်လုံးထဲမှာတော့ ချီးကျူးမှုအရိပ်အယောင် များနှင့် လင်းလက်လာတော့သည်။
ဝှစ် …. ဝှစ်။
နတ်ဆိုးလင်းယုန်နက်ကြီးသည် သူ၏ အတောင်ပံများကို အသာရုတ်သိမ်းလိုက်သည့်နောက်မှာတော့ ချွန်ထက် လှသည့် လက်သည်းများနှင့်အတူ အပြင်ဘက်ခြံဝန်းထဲသို့ အသာဆင်းသက်လိုက်၏။
သူသည် သတိထားဆင်းသက် လိုက်သည်ဆိုသော်လည်း ခန္ဓာကိုယ်မှာ အလွန်တရာလေးလံသောကြောင့် မြေပြင်နှင့်ထိတွေ့မိသည့်အချိန်တွင် တုန်ခါမှုများ ဖြစ်ပျက်သွားတော့သည်။
လီချင်းယန်ဦးစီး၍ ဆောက်ထားခဲ့သော အဆောက်အဦများသည် အလွန်တရာ ခိုင်ခံ့လှသည်ဖြစ်သောကြောင့် ထိုကဲ့သို့သော တုန်ခါမှုများသည် ထူးခြားမှုတော့ ဖြစ်မလာခဲ့ချေ။ အထူးသဖြင့် အဓိကဟောခန်းပင်ဖြစ်သည်။ တုန်ခါမှုကြောင့် အဓိကဟောခန်းသည် တစ်ချက်ကလေးတောင် မလှုပ်သွားခဲ့ချေ။
ဝှစ်
ကျွင်းချောင်ရှောင်းသည် လင်းယုန်ငှက်ကြီးပေါ်မှ ခုန်ချလိုက်၏။ သူသည် ပျံသန်းမှုအတွေ့အကြုံကို ရရှိခဲ့ပြီ ဖြစ်သောကြောင့် လက်ရှိအခြေအနေမှာတော့ မပျို့အန်တော့ချေ။ သို့ပေမဲ့ မိုရှန်မှာတော့ လုံးဝသည်းမခံနိုင်ချေ။ မြေပေါ်သို့ ဆင်းပြီးသည့်နောက်မှာတော့ ချက်ချင်းဆိုသလိုပဲ ထိုးအန်လျက်ရှိနေသည်။
“ဂိုဏ်းချုပ်… ဒါဘာကြီးလဲ”
တောင်တစ်ခု အရွယ်အစားလောက် ကြီးမားလှသော လင်းယုန်ငှက်ကြီးကိုကြည့်၍ စုရှောင်မို၏ မျက်လုံးများတွင် ထိတ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နှက်သွားတော့၏။
“ငါ့ရဲ့ ပဋိညာဉ်သားရဲလေ၊ နတ်ဆိုးလင်းယုန်နက်ကြီးပဲ” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
“ကောင်းကင်ဘုံ”
စုရှောင်မိုနှင့် တခြားသောသူများအားလုံးသည် မျက်လုံးပြူးသွားကြ၏။ ဂိုဏ်းချုပ်သည် အရင်တစ်ကြိမ် သားရဲ တစ်ထောင်တောင်တန်းဆီသို့ သွားခဲ့စဉ်အခါက ဟာရီကိန်းဝံပုလွေအုပ်လိုက်ကြီးကို ပြန်လည်ခေါ်ဆောင်လာ ခဲ့၏။ လက်ရှိအခြေအနေမှာတော့ ဘယ်ကိုထွက်သွားမှန်း မသိရသော်လည်း အလွန်တရာကြီးမားလှသည့် ပဋိညာဉ် သားရဲကြီးတစ်ကောင်အား ပြန်လည်၍ ခေါ်ဆောင်လာနိုင်ခဲ့ပြန်၏။
“ဂိုဏ်းချုပ်”
ကျန့်ရာသည် မိုရှန်ကိုကြည့်ကာ မေးလိုက်၏။ “ဒါက ဘယ်သူလဲ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အသစ်ခေါ်လာတဲ့ တပည့်လေ”
“သြော်”
ကျန့်ရာတုန့်ပြန်လိုက်၏။ သို့ပေမဲ့ ဤလူငယ်သည် မိစ္ဆာကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း သူက အလိုလို သိလျက်ရှိ၏။
………..
ကျွင်းချောင်ရှောင်း ဂိုဏ်းထဲသို့ ပြန်လည်ရောက်ရှိသည့်အချိန်တွင် လင်းယုန်ငှက်ကြီးကို စီးနင်းလာသောကြောင့် တပည့်များအားလုံးသည် ထိတ်လန့်တုန်လှုပ်ခဲ့ရသည်။
ဟုတ်ပေသည်။ ဤမျှကြီးမားလှသော သတ္တဝါကြီးကို ဂိုဏ်းအတွင်းထားရှိ၍ မဖြစ်နိုင်ချေ။ ထို့ကြောင့် သံမဏိအရိုးတောင်၏ အနောက်ဘက်တောင်တန်း ထဲတွင်သာ သွားရောက်နေစေ၏။
ရီချင်းရှန်၏ မျက်လုံးများသည် အထင်အမြင်သေးမှုများနှင့် ပြည့်နှက်နေသည်။ ဤလင်းယုန်ငှက်သားရဲကြီးသည် အလွန်တရာ ကြီးမားလှသည်ဆိုသော်လည်း သူ၏ အရင်ဘဝမှ စီးတော်ယာဉ် ကျောက်စိမ်းပန်းပုနှင့် နှိုင်းယှဉ် မည်ဆိုလျှင် အလွန်တရာ ကွာခြားလွန်းနေသေးသည်။
“ဟောခန်းသခင်လီ”
ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းထဲတွင် ထိုင်ကာပြောလိုက်၏။ “လက်ရှိ ဘာသတင်းတွေ ရသေးလဲ”
လီလိုရှုသည် သူမရရှိခဲ့သော သတင်းအချက်အလက်များကို ပြန်လည်ပြောဆိုလိုက်၏။
“နတ်ဆိုးဂိုဏ်းအကြွင်းအကျန်တွေအားလုံးက နတ်ဆိုးတောင်တန်းမှာ ဖျက်ဆီးခံလိုက်ရတယ်ဟုတ်လား”
ကျွင်းချောင်ရှောင်းသည် သူ၏မေးစေ့ကို ပွတ်သပ်ကာပြောလိုက်၏။ “ဒီကိစ္စကို ကျုပ်နည်းနည်းလေးတော့ ကြားခဲ့တယ်၊ ကြည့်ရတာ ဂိုဏ်းတွေ တော်တော်များများ ပါဝင်ပတ်သက် နေပုံပဲ”
“ဒါအမှန်ပဲ”
လီလိုရှုက ပြောလိုက်၏။ “အနည်းဆုံး ဂိုဏ်းဆယ်ဂိုဏ်းလောက်က ပါဝင်ပတ်သက်နေတယ်၊ အဆင့်အနိမ့်ဆုံးက တတိယအဆင့် ဂိုဏ်းပဲ”
ကျွင်းချောင်ရှောင်းသည် သက်ပြင်းချလိုက်မိ၏။ “သူတို့တွေ ဘာလို့ နတ်ဆိုးကျင့်ကြံသူတွေကို မုန်းတာလဲ”
လီလိုရှုက ပြောလိုက်သည်။ “ဂိုဏ်းချုပ်… သမာဓိဂိုဏ်းတွေ အကုန်လုံးက နတ်ဆိုးကျင့်ကြံသူတွေနဲ့ပတ်သက်လာရင် သည်းခံနိုင်မှုက သုည အဆင့်ပဲ၊ ရောင်မုန့်ယဉ် သာ သန္ဓေနတ်ဆိုးခန္ဓာကိုယ် အသက်ဝင်ခဲ့တယ်ဆိုတဲ့ သတင်းပေါက်ကြားသွားခဲ့ပြီ ဆိုရင် ကျွန်မတို့အားလုံးက ကြီးကြီးကျယ်ကျယ် ဒုက္ခရောက်ပြီ”
“ဒီတော့”
ကျွင်းချောင်ရှောင်းသည် စားပွဲအား သူ၏လက်ချောင်းများနှင့် အသာခေါက်ကာ ပြောလိုက်၏။ “ဘာပဲဖြစ်ဖြစ် ဒီကိစ္စ သတင်းပြန့်သွားလို့ မဖြစ်ဘူး”
“ကောင်းပါပြီ”
ပြီးနောက် သူသည် ကျန့်ရာအား ကြည့်ကာ မေးလိုက်၏။ “အခု ရောင်မုန့်ယဉ်ရဲ့ ကျင့်ကြံခြင်း အခြေအနေက ဘယ်လိုရှိလဲ”
“သူမက အခု သိုင်းတပည့်ထိပ်ဆုံးအဆင့်ကို ရောက်သွားပါပြီ” ကျန့်ရာသည်ပြောလိုက်၏။
ကျွင်းချောင်ရှောင်း အံ့အားသင့်သွားမိသည်။ “ဒီလောက်မြန်တာလား”
“ဂိုဏ်းချုပ်… တကယ်တော့ ဒါကမြန်တာမဟုတ်ဘူး”
ကျန့်ရာက ပြောလိုက်သည်။ “အရမ်းကောင်းမွန်တဲ့ နတ်ဆိုးကျင့်ကြံခြင်းနည်းစနစ်သာရှိမယ်ဆိုရင် ဒီကောင်မလေးရဲ့ ပင်ကိုယ်စွမ်းရည်ကို အပြည့်အဝ ထုတ်ဖော်နိုင်လိမ့်မယ်၊ ဆိုးတာက နတ်ဆိုးဂိုဏ်းတွေက လွန်ခဲ့တဲ့ နှစ်တစ်သောင်းထဲက ဖျက်ဆီးခံ ခဲ့တာပဲ၊ သူတို့ရဲ့ ကျင့်ကြံခြင်းနည်းစနစ်တော်တော်များများကလည်း ပြာချမီးရှို့ခြင်းခံခဲ့ရတယ်၊ ဒီလောကကြီးမှာ အနည်းငယ်ပဲ ကျန်တော့တယ်”
ကျွင်းချောင်ရှောင်း ပြုံးကာ ပြောလိုက်သည်။ “အပြင်ဘက်မှာ အများကြီး မကျန်တော့ဘူး၊ ဒါပေမဲ့ ပြိုင်စံရှားဂိုဏ်းထဲမှာတော့ ရှိတယ်”
ဟမ်
ကျန့်ရာနှင့် လီလိုရှုသည် တစ်ယောက်ကိုတစ်ယောက် ကြည့်မိလိုက်ကြ၏။ သူတို့သည် ဂိုဏ်းချုပ်၏ ဆိုလိုရင်းကို နားမလည်နိုင်ကြချေ။
…………
ရောင်မုန့်ယဉ်သည် ပြိုင်စံရှားဂိုဏ်း၏ တပည့်တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ကျွင်းချောင်ချောင်း အနေဖြင့် မိစ္ဆာကျင့်ကြံသူဖြစ်ဖြစ်၊ နတ်ဆိုးကျင့်ကြံသူဖြစ်ဖြစ် ဂရုစိုက်လိမ့်မည်မဟုတ်ချေ။
သူသည် မိုရှန်အား မိန်းကလေး နေထိုင်ရာအခန်းဆီသို့ ခေါ်ဆောင်လာခဲ့၏။
“မုန့်ယဉ်… မင်းအတွက် လမ်းစဉ်တူညီတဲ့ လူတစ်ယောက်ကို ခေါ်လာခဲ့တယ်”
လမ်းစဉ်တူညီတဲ့လူတစ်ယောက် ဟုတ်လား။ မိုရှန် ကြောင်သွားမိသည်။ သူသည် သူ၏ရှေ့တွင်ရှိနေသော အသက်ခြောက်နှစ်၊ ခုနှစ်အရွယ် မိန်းကလေးကို လှမ်း၍ ကြည့်လိုက်၏။ သူ၏နှလုံးသားတစ်ခုလုံးသည် တုန်ရင်သွား၏။ သူ၏ လက်များသည် ထိန်းချုပ်၍ မရနိုင်ဘဲ တုန်ခါလျက်ရှိ၏။ ဘာကြောင့်မှန်းမသိဘဲ အလွန်တရာ အားကောင်းလှသည့် အားအင်တစ်ခုသည် သူ၏ ဒူးခေါင်းအား ကွေးညွတ်၍ ဒူးထောက် ထိုင်ချစေ၏။
“မဖြစ်ဘူး”
သူသည် အဘယ်ကြောင့် ဤမိန်းကလေး၏ရှေ့တွင် ဒူးထောက်ချင်စိတ်ဖြစ်ပေါ်နေရသနည်း။ မိုရှန်သည် အလွန်တရာ ပြင်းထန်စွာဖြင့် ကျဆင်းလာသော အားအင်များကို တွန်းကန်လျက် သူ၏ ခန္ဓာကိုယ်နှင့် ခြေထောက် များကို တောင့်တင်းခိုင်မာအောင် ပြုလုပ်ထားရသည်။
“ဘာဖြစ်လို့လဲ” သူ၏အမူအရာပျက်ယွင်းနေသည်ကို မြင်တော့ ကျွင်းချောင်ရှောင်းက ဇဝေဇဝါ ဖြစ်မိနေ၏။
“ဘာ …. ဘာမှ မဟုတ်ပါဘူး”
မိုရှန်သည် အတင်းဖြစ်ညှစ်ကာ ပြုံးလိုက်၏။ ပြီးနောက် လက်သီးကိုဆုပ်ကာ ပြောလိုက်သည်။ “နှုတ်ဆက်ပါတယ် … စီနီယာအစ်မလေး”
ဘုန်း
စီနီယာအစ်မလေးဟု ခေါ်လိုက်သည့်အချိန်မှာတော့ အလွန်တရာ ပြင်းထန်လှသော အားအင်များသည် အပေါ်မှ ဖိနှိပ်ကျဆင်းလာတော့သည်။ နောက်ဆုံးမှာတော့ သူသည် မည်သို့မျှ မတတ်နိုင်တော့ဘဲ ရောင်မုန့်ယဉ်၏ အရှေ့တွင် ဒူးထောက် ထိုင်ချလိုက်ရ၏။
ကျွင်းချောင်ရှောင်း ကြောင်သွားမိသည်။ သူတို့သည် တူညီသည့် ဂိုဏ်းတစ်ခုဆီမှ ဖြစ်ကြသည်။ ထို့ကြောင့် စီနီယာအရ မိန်းကလေးသည် အထက်အဆင့်တွင် ရှိနေသည်ဆိုသော်လည်း ဤမျှ လေးလေးနက်နက်ဖြင့် ဂါရဝ ပြုနေစရာ မလိုအပ်ပေ။
ရောင်မုန့်ယဉ်သည်လည်း အံ့အားသင့်သွားမိ၏။ “ဂိုဏ်းချုပ်… သူဘာလို့ ဒူးထောက်နေရတာလဲ”
မိုရှန်သည် ငိုချင်စိတ် ဖြစ်နေမိ၏။ “ကျုပ်ဘာလို့ ဒူးထောက်နေရတာလဲဆိုတာကို ကျုပ်မသိဘူး ဖြစ်နေတယ်”
“ရှင် …. ရှင် မြန်မြန်ထလိုက်”
ရောင်မုန့်ယဉ်သည် အနည်းငယ် ရှက်ရွံ့နေမိ၏။
ထူးဆန်းစွာဖြင့် ထိုသို့ပြောဆိုလိုက်သည်နှင့် တပြိုင်နက် လေထုထဲရှိ မမြင်ရသော အားအင်များသည် ပျောက်ကွယ်သွားခဲ့သည်။ သူသည် လွယ်လွယ်ကူကူနှင့်ပင် ပြန်လည်၍ ထရပ်နိုင်ပြီ ဖြစ်၏။ “ကျေးဇူးတင်ပါတယ် စီနီယာအစ်မလေး”
ဘုတ်
ချက်ချင်းဆိုသလိုပဲ မြေပေါ်သို့ ဒူးထောက်ကျသွားပြန်သည်။
ကျွင်းချောင်ရှောင်းသည် ရယ်ကာ ပြောလိုက်၏။ “ဘာလို့ အဲလောက် လေးလေးနက်နက် ဂါရဝပြုနေရတာလဲ”
မိုရှန်သည် ငိုချင်သွား၏။ သို့ပေမဲ့ မျက်ရည်များမှာတော့ ကျမလာခဲ့ချေ။ “ဂိုဏ်းချုပ်… ကျုပ်ရဲ့ခန္ဓာကိုယ်ကို ထိန်းချုပ်လို့မရဘူး ဖြစ်နေတယ်”
ရောင်မုန့်ယဉ်က ပြောလိုက်သည်။ “မြန်မြန်ထတော့”
မိုရှန်ဆီသို့ ကျဆင်းလာသော အားအင်များသည် ပြန်လည်ပျောက်ကွယ်သွား၏။ သူသည် ထရပ်ဖို့ ကြိုးစား လိုက်၏။ သူ၏ မျက်နှာအမူအရာများသည်လည်း ပြောင်းလဲလျက်ရှိသည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “စီနီယာ အစ်မလေးလို့ ထပ်ခေါ်အုံး”
မိုရှန်က ပြောလိုက်သည်။ “စီနီယာအစ်မလေး”
ဘုတ်
ပြောပြောပြီးချင်းမှာပဲ သူသည် ထိန်းချုပ်နိုင်မှု ကင်းလွတ်စွာဖြင့် မြေပေါ်သို့ ထပ်မံ၍ ဒူးထောက်ထိုင်ချလိုက်မိ၏။
အခြေအနေတစ်ခုလုံးကို နားလည်လိုက်ရသော ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ခင်ဗျား သူ့ကို စီနီယာအစ်မလေးလို့ ခေါ်လို့မဖြစ်ဘူး”
ဒါဆိုရင် ခန္ဓာကိုယ်မထိန်းချုပ်နိုင်တော့ဘဲနဲ့ ဒူးထောက်ထိုင်နေရလိမ့်မယ်၊ ဒီမိန်းကလေးက နတ်ဆိုးအင်ပါယာရဲ့ သန္ဓေခန္ဓာကိုယ် အသက်ဝင်ထားတာ၊ ဒီတော့ သူမရဲ့ အခြေအနေက အလွန်တရာကို မြင့်မားလွန်းတဲ့ အဆင့် အတန်းမှာရှိတယ်၊ ဒါကြောင့် နတ်ဆိုးကျင့်ကြံသူတွေအားလုံးက သူမရဲ့ စကားနဲ့ အပြုအမူအပေါ် လိုက်ပြီး ပြုမူ နေရတာပဲ။
“မိုရှန်”
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “သူ့ကိုအနာဂတ်မှာ စီနီယာအစ်မလေးလို့ မခေါ်နဲ့တော့”
ဟမ်
မိုရှန်က ပြန်မေးလိုက်သည်။ “ဒါဆိုရင် ဘယ်လိုခေါ်ရမှာလဲ”
ကျွင်းချောင်ရှောင်းသည် ခဏလောက် ရပ်တန့်သွား၏။ ပြီးနောက် သူ့ကို “သခင် လို့ ခေါ်လိုက်”
“သခင် ဟုတ်လား”
မိုရှန်၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွား၏။ “ဂိုဏ်းချုပ်၊ ဂိုဏ်းချုပ်ကလည်း သခင် မဟုတ်လား၊ ဘယ်လိုဖြစ်လို့ တပည့်ချင်းအတူတူကို သခင်လို့ ခေါ်ရမှာလဲ”
“ခင်ဗျား သခင် လို့ မခေါ်ချင်ရင် ဆက်ပြီး ဒူးထောက်နေပေါ့” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
မိုရှန်သည် အံ့အားသင့်သွား၏။ ပြီးနောက် လက်သီးကိုဆုပ်ကာ ရောင်မုန့်ယဉ် ဘက်သို့လှည့်ကာ ပြောလိုက်၏။ “သခင်”
ပြောနေစရာပင်မလိုချေ။ ထိုနာမည်ကို ခေါ်ဆိုလိုက်သည့်အချိန်မှာတော့ မမြင်ရသော အားအင်များသည် ပြန်လည် ပျောက်ကွယ်သွားပြီးသည့်နောက်မှာတော့ ပြန်လည်၍ မတ်တပ်ရပ်နိုင်လာသည်။
“မိုရှန်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီနေ့ကစပြီး ခင်ဗျားက မုန့်ယဉ်ကို နတ်ဆိုးလမ်းစဉ်နဲ့ပတ်သက်တဲ့ ဗဟုသုတတွေ ပြောပြပေးရမယ်”
ရောင်မုန့်ယဉ်သည် အံ့အားသင့်သွား၏။ “ဂိုဏ်းချုပ်… သူကလည်း နတ်ဆိုးကျင့်ကြံသူလား”
“သခင်”
မိုရှန်သည် အားပြတ်သလို ပြောလိုက်၏။ “ကျုပ်က နတ်ဆိုးကျင့်ကြံသူ တစ်ပိုင်းလို့ပဲ ပြောလို့ရပါတယ်”