အခန်း (၅၇၇)
Vol. 39 Ch. 577
ဘုတ် …
မေ့မျောသွားခဲ့သော အကြီးအကဲစွန်းသည် စင်မြင့်ပေါ်မှ ကန်ချခံလိုက်ရသည်။
စောနတုန်းက သူသည် သူ၏ လက်များ ညစ်ပတ်သွားမည်ကို စောဒကတက်လျက်ရှိသည်။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ သူသည် မြေပြင်သို့ ခေါင်းစိုက်လျက်ရှိနေ၏။
ထို့ကြောင့် အားလုံးသည် အရွယ်ရောက်ပြီးသား လူများပင် ဖြစ်သည်။ ဟိတ်ဟန် ထုတ်နေစရာမလိုအပ်ချေ။
"ဂိုဏ်းချုပ်"
နင်တုစွေသည် မတ်တပ်ရပ်လျက်ရှိသည်။ လက်တွင် ပေနေသော သွေးများအား အသာသုတ်လိုက်၏။ သို့ပေမဲ့ အောက်သို့ ဆင်းသက်လာမည့် လက္ခဏာမျိုးတော့ မရှိချေ။ “ကျုပ် ဆက်ပြီးတော့ တိုက်ခိုက်ချင်သေးတယ်။”
ကျွင်းချောင်ရှောင်းသည် နှာခေါင်းကို ကုတ်၍ ပြုံးကာ ပြောလိုက်၏။ "သခင်လေးလင်း … လူတွေကို ဆက်လွှတ်ပေးတော့"
"ချီးတဲ့မှ"
လင်းယုဖန်၏ မျက်လုံးများသည် ဒေါသတရားများနှင့် ပြည့်နက်သွားသည်။
သိုင်းဘုရင်တစ်ယောက် ရှုံးနိမ့်သည်ဆိုသည်ကို သူ လက်ခံနိုင်သေး၏။ သို့ပေမဲ့ ဤမျှ လွယ်လွယ်ကူကူနှင့် ရှုံးနိမ့်သည်ဆိုသည်ကိုတော့ သူ လက်မခံနိုင်ချေ။
"ကျုပ်သွားမယ်"
ချင်းယွင်ဂိုဏ်း၏ အကြီးအကဲဟူ သည်ဝင်ပြောလိုက်၏။
သူ၏ ကျင့်ကြံခြင်း အဆင့်သည် အကြီးအကဲစွန်းထက် နှစ်ဆင့် မြင့်၏။ ထို့ကြောင့် သိုင်းဘုရင် အဆင့်ခုနစ် ကျင့်ကြံသူတစ်ယောက် ဖြစ်ပေသည်။
"သွား"
လင်းယုဖန်က ပြောလိုက်သည်။
ဝှစ်
အကြီးအကဲဟူသည် စင်ပေါ်သို့ ခုန်တက်လိုက်ပြီးနောက် အေးစက်စက် ပြောလိုက်၏။ "ရှင်းယွင်ဂိုဏ်းရဲ့ အကြီးအကဲ ဟူရှောင်"
"အပိုတွေ မပြောနဲ့"
နင်တုစွေက ပြောလိုက်၏။ "စတိုက်မယ်"
ဟူး ဟူး။
ဟူရှောင်သည် သူ၏ လက်များကို ဖြန့်ကားလိုက်၏။
အလွန်တရာ ဆန်းကြယ်လှသော စိတ်ဝိညာဉ်များသည် ကြီးမားလှပြီး ပိုက်ကွန်ကြီးတစ်ခုကဲ့သို့ ဖြစ်တည်လာသည်။ အကြီးအကဲစွန်းတစ်ယောက် မည်သို့မှ ပြန်လည်မတိုက်ခိုက်နိုင်ဘဲ ရှုံးနိမ့်ခဲ့သည်ကို မြင်ပြီးသည့်နောက်မှာတော့ တစ်ဖက်လူသည် အလွန်တရာ အားကောင်းမှန်းကို သူ နားလည်ပြီးဖြစ်သည်။ ထို့ကြောင့် အရင်ဦးဆုံးစတင်ကာ ပြင်းထန်သည့် တိုက်ခိုက်ချက်များကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။
"စိတ်ဝိညာဉ် ပေါက်ကွဲခြင်း အစီအရင်"
ဟူရှောင်သည် အော်ဟစ်လိုက်တော့သည်။
စိတ်ဝိညာဉ်စွမ်းအင်များသည် ကြီးမားလှသည့် လက်ကြီးတစ်ခုထဲသို့ ဖြစ်တည်ကာ နင်တုစွေအား ချုပ်နောင် လိုက်၏။
ထိုစိတ်ဝိညာဉ်စွမ်းအင်များသည် အလွန်တရာ အားကောင်းလွန်းပြီး လေထုထဲတွင်တော့ တစ်ဖြောင်းဖြောင်း နှင့် လေတိုးသံများ ထွက်ပေါ်နေသည်။
နင်တုစွေသည် တိုက်ခိုက်လိုက်သည်။ သူသည် နောက်သို့ ခြေနှစ်လှမ်းဆုတ်ပြီးသည့်နောက်မှာတော့ လက်များကို ဆန့်ကားလိုက်တော့၏။
ဟူး ….။
ကောင်းကင်နှင့် မြေကြီးတွင် ရှိနေကြသော အနီရောင်စွမ်းအင်များသည် နင်တုစွေ၏ လက်ဝါးချက်များ အလယ်တွင် စုဝေးဖြစ်တည်လာပြီး တစ်လက်လက် တောက်ပလာတော့သည်။ ဤအရာသည် သက်တန့်ရောင်စဉ် ကျမ်းပင် ဖြစ်တော့သည်။
နင်ညီအစ်ကိုများသည် ပြိုင်စံရှား ဂိုဏ်းသို့ ဝင်ရောက်ပြီးသည့်နောက်မှာတော့ ရီကျင်ကျင်းကဲ့သို့ ကျင့်ကြံခြင်း နည်းစနစ်မှလွှဲ၍ တစ်ခြားသော သိုင်းကျင့်ကြံခြင်း နည်းစနစ်များ အားလုံးကို သင်ယူတတ်မြောက်ခဲ့ပြီဖြစ်သည်။
"အားကောင်းလိုက်တာ။ကျုပ်တို့ရဲ့ အကြီးအကဲ ပီသတယ်"
ပြိုင်စံရှားဂိုဏ်းမှ တပည့်များ၏ မျက်လုံးများသည် တောက်ပလာသည်။
၎င်းတို့သည် ဤသိုင်းနည်းစနစ်ကို ကျင့်ကြံကြ၏။ သို့ပေမဲ့ နင်တုစွေ ထုတ်ဖော်လိုက်သော စွမ်းအင်များကိုတော့ သူတို့ လိုက်မမှီနိုင်ချေ။
ဟမ်
ကြက်သွေးရောင် စွမ်အင်များ ဖြစ်ပြီးနောက်မှာတော့ ဟူရှောင်သည် မျက်မှောင်ကုတ်မိသွား၏။ သူ၏ လက်များသည် စည်းတစ်ခုပုံစံဖြင့် ရေးဆွဲလိုက်တော့သည်။
အလွန်တရာ ပြင်းထန်လှသော ပေါက်ကွဲမှုစွမ်းအင်များ သည် လက်သီးချက်နှင့်အတူ အရှိန်အဟုန်ပြင်းပြင်းနှင့် အောက်သို့ ဆင်းသက်သွား၏။
နင်တုစွေ၏ မျက်နှာသည် ခံစားချက် ကင်းမဲ့နေသည်။
သူသည် လက်ဆယ်ချောင်းကို အသာဆန့်တန်းပြီးသည့်နောက်မှာတော့ စွမ်းအင်လုံး နှစ်လုံးကို ရိုက်ထုတ်လိုက်၏။
ဝှစ်။
ကြက်သွေးရောင် မီးအလင်းလုံးသည် အလွန်တရာ ပြင်းထန်သော အားအင်များကဲ့သို့ ကျဆင်းလာသည့် လက်သီးချက်ကြီးကို ဖောက်ထွင်းသွားတော့၏။
ပြီးနောက် မြန်ဆန်သည့် အဟုန်ဖြင့် ဟူရှောင်၏ ပုခုံးကို တိုက်ရိုက်ထိမှန်သွားတော့သည်။
ဤထိမှန်ချက်သည် အလွန်တရာ မြန်ဆန်လွန်းလှ၏။ ဟူရှောင်အနေနှင့် ရှောင်တိမ်းရန်ပင် အချိန်မရလိုက်ချေ။
သူ၏ ပုခုံးကို ထွင်းဖောက် မသွားလိုက်သော်လည်း ခန္ဓာကိုယ်တစ်ခုလုံးသည် ပြင်းထန်လှသော နာကျင်မှုကို ခံစားလိုက်ရပြီး မျက်နှာကြီးတစ်ခုလုံး ဖြူဖျော့သွားတော့သည်။
သူ ထုတ်ဖော်လိုက်သော သိုင်းနည်းစနစ်သည် ဖျက်ဆီးခံလိုက်ရကြောင့် သူ၏ ခန္ဓာကိုယ်ကိုပါ ပြန်လည် ထိခိုက်ခံလိုက်ရ၏။
နင်တုစွေသည် ဟူရှောင်၏ ရှေ့သို့ ရောက်လာပြီး အေးစက်စက် ပြောလိုက်သည်။ "သွားလိုက်တော့"
ဘန်း
လက်သီးတစ်လုံးသည် မျက်နှာပေါ်သို့ ကျဆင်းလာပြီး သည့်နောက်မှာတော့ ဟူရှောင် ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကျိုးပြတ်သွားသည့်စွန် ကဲ့သို့ပင် လွင့်စင်သွားပြီး မြေပေါ်သို့ ပြုတ်ကျသွားတော့သည်။
ကြည့်ရှုနေကြသော ကျင့်ကြံသူများ အားလုံးသည် ဆွံ့အသွားကြ၏။
ရှင်းယွင်ဂိုဏ်းမှ ဒုတိယအကြီးအကဲ သည် အလွန်မြန်ဆန်စွာဖြင့် ရိုက်နှက်ခံခဲ့ရသည်။
"သခင်လေးလင်း"
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ "ပြိုင်စံရှားဂိုဏ်းကို လာပြီး စိန်ခေါ်တယ်ဆိုမှတော့ အနည်းဆုံး လေးလေးစားစားနှင့် တကယ့်ကျွမ်းကျင်သူတွေကို ခေါ်လာသင့်တယ်လေ။ဘယ်လိုဖြစ်ပြီးတော့ ပုစွန်တွေ၊ ဂဏာန်းတွေကို ခေါ်လာရတာလဲ"
အားလုံး၏ နှုတ်ခမ်းများသည် တုန်ရင်သွားကြသည်။ အဆင့်မြင့် သိုင်းဘုရင်များ အားလုံးကို ပုစွန်တွေ ၊ ဂဏာန်းတွေဟုပင် ပြောဆိုလျှက်ရှိနေ၏။
ဂိုဏ်းချုပ်ကျွင်း … ခင်ဗျားက တကယ့်ကို ပါးစပ်ကြမ်းတဲ့လူပဲ။
ဖြောက် … ဖြောက်။
လင်းယုဖန်သည် ဒေါသထွက်လွန်းသောကြောင့် သူ၏ လက်သီးများကို ကျစ်ကျစ် ပါအောင် ဆုပ်ထားလိုက်တော့သည်။
ဤတစ်ကြိမ်မှာတော့ သူသည် သူ့အဖေ၏ အမိန့်ဖြင့် အသစ် ဖြစ်တည် ထွန်းတောက်လာသော အလားအလာကောင်းလှသည့် ပြိုင်စံရှားဂိုဏ်းဆီသို့ ရောက်ရှိလာခဲ့၏။
တစ်ဖက်လူများအား လွယ်လွယ်ကူကူ အနိုင်ယူနိုင်မည်ဟု သူ ထင်မှတ်ထားခဲ့၏။ သို့ပေမဲ့ ဤမျှ ပြသနာရှိသော ဂိုဏ်းတစ်ခု ဖြစ်မည်ဟု သူ မထင်မိခဲချေ။
"အားလုံးပဲ"
သူသည် ဒေါသကို ဖိနှိပ်ကာ ပြောလိုက်၏။ "ဒီလူကို ဘယ်သူ တိုက်ခိုက်မလဲ"
"သခင်လေး"
ရှင်းယွင်ဂိုဏ်းမှ စေလွှတ်လိုက်သော အကြီးအကဲ သည် လေးလေးနက်နက် ပြောလိုက်သည်။ "ဒီအဘိုးကြီးက သူနဲ့ တိုက်ခိုက်ပါမယ်။"
ပြောပြီးသည့်နောက်မှာတော့ သူသည် စင်မြင့်ပေါ်သို့ ခုန်တက်လိုက်ပြီးနောက် ပြောလိုက်သည်။
ဟုတ်ပေသည်။ သူ့အနေနှင့် သူသည် နင်တုစွေနှင့် တိုက်ခိုက်လိုခြင်း မဟုတ်ပေ။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းနှင့် တိုက်ခိုက်ချင်နေ၏။
"ဂိုဏ်းချုပ်ကျွင်းက ဓားနဲ့ သိုင်းဘုရင်တစ်ယောက်ဖြစ်တယ်လို့ ကျုပ်ကြားတယ်။ဒီအဘိုးကြီးက အတွေ့အကြုံ ယူလိုက်ချင်တယ်။"
ကျွင်းချောင်ရှောင်းက ပြုံးကာ ပြောလိုက်သည်။ "ခင်ဗျားက ကျုပ်ကို စိန်ခေါ်ချင်တာလား။"
"အမှန်ပါပဲ"
သိုင်းအုပ်စိုးသူတစ်ယောက်က ပြောလိုက်သည်။
ဤတစ်ကြိမ်မှာတော့ သူသည် တစ်ခါတည်း တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့၏။ ထို့အပြင် ဤဂိုဏ်းချုပ်အား တစ်ခါတည်း အပြစ်ပေးနိုင်သည်ဆိုလျှင် သူ၏ တာဝန်ကြီးတစ်ခုလုံး ပြည့်စုံသွားသည်နှင့် ဆင်တူပေလိမ့်မည်။
စင်မြင့်ပေါ်တွင် ရှိသော နဂါးလေးသည် သွေးတွေ ဆူဝေသွား၏။
"ကောင်းပြီ"
ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်၏။ "ကျုပ်က သိုင်းအုပ်စိုးသူတစ်ယောက်ကို အနည်းငယ်လောက် ညွှန်ပြပေးရမှာပေါ့"
ဟမ်
နဂါးလေးသည် ကြောင်သွား၏။ သခင်သည် သိုင်းအုပ်စိုးသူတစ်ယောက်နှင့် ကိုယ်တိုင်တိုက်ခိုက်ချင်နေ၏။
ဟုတ်ပေသည်။
အဆင့်လေး ဓားနှင့် သိုင်းဘုရင် အဆင့်ကို ချိုးဖြတ်ရောက်ရှိနိုင်ပြီးနောက်မှာတော့ ကျွင်းချောင်ရှောင်းသည် သူနှင့် သိုင်းအုပ်စိုးသူတစ်ယောက်အကြား မည်မျှကွာခြားနေကြောင်းကို သိချင်နေမိ၏။
"ဂိုဏ်းချုပ်ကျွင်း"
မင်းသမီးလေး ကြာပန်းနီက သတိပေးလိုက်၏။ "ဒီလူက ကွတ်တုဟုန်လို့ခေါ်တယ်။ ရှင်းယွင်ဂိုဏ်းရဲ့ ဘိုးဘေးအကြီးအကဲကြီး နှစ်ယောက်ထဲက တစ်ယောက်ပဲ။
"သိုင်းအုပ်စိုးသူတစ်ယောက်ကို ပို့လွှတ်တာ ပိုပြီး ကောင်းမယ်နဲ့တူတယ်။"
သူ မနိုင်နိုင်ဘူးလို့ ဤအမျိုးသမီး တွေးနေသည်လား။
သို့ပေမဲ့ ကြာပန်းနီသာမက ကျွင်းချောင်ရှောင်း တိုက်ခိုက်မည်ဟု ပြောဆိုလိုက်ချိန်မှာတော့ ရှိရှိသမျှသော ကျင့်ကြံသူများ အားလုံးသည်လည်း အနိုင်မယူနိုင်ဘူးဟု ထင်လိုက်ကြသည်။
ထို့အပြင် တစ်ဖက်လူသည် သိုင်းအုပ်စိုးသူတစ်ယောက် မဟုတ်ဘူးလား။
“ဒီလိုလူမျိုးကို ပြိုင်စံရှားဂိုဏ်းရဲ့ သိုင်းအုပ်စိုးသူတစ်ယောက် ထွက်ပြီး တိုက်ခိုက်စရာမလိုပါဘူး။” ကျွင်းချောင်ရှောင်းသည် စင်မြင်ပေါ်သို့ ခုန်တက်လိုက်၏။ သို့ပေမဲ့ သူသည် စိတ်ထဲမှာတော့ ရေရွတ်လိုက်မိ၏။ အကြီးအကဲဝေက သိုင်းအုပ်စိုးသူတစ်ယောက်ဆိုပေမယ့် တိုက်ခိုက်နိုင်တဲ့ စွမ်းရည်မရှိဘူးလေ။
တောင်ခြေမှာတော့ တည်နေရာလွတ်ကြီးတစ်ခု ဖြစ်တည်နေတော့သည်။
ကျွင်းချောင်ရှောင်းနှင့် ကွတ်တုဟုန်တို့သည် ထိုတည်နေရာလွတ်ကြီးတွင် ပေအနည်းငယ် ခွာ၍ ရပ်လျက်ရှိသည်။ တစ်ယောက်သည် ဓားနှင့် သိုင်းဘုရင်တစ်ယောက်ဖြစ်ပြီး တစ်ယောက်မှာတော့ သိုင်းအုပ်စိုးသူ တစ်ယောက်ဖြစ်၏။
သူတို့သည် မတိုက်ခိုက်ရသေးခင်မှာပဲ အလွန်တရာ ကြီးမားသော နေရာတစ်ခုဆီသို့ ရွေ့ပြောင်းတိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ်သည် သိုင်းအုပ်စိုးသူတစ်ယောက်နှင့် ယှဉ်ပြိုင်သည်ဆိုသည်မှာ စိတ်ဝင်စားစရာ ကောင်းသည့် အကြောင်းအရာ ဖြစ်လာတော့၏။
များပြားလှသည့် ကျင့်ကြံသူများသည် အဝေးမှ မတ်တပ်ရပ်၍ ကြည့်နေကြ၏။ သူတို့သည် မျက်တောင်ကိုပင် သေချာ မခတ်ချင်ကြပေ။
"ဂိုဏ်းချုပ်ကျွင်း"
ကွတ်တုဟုန်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ပြောလိုက်သည်။ "ဘယ်လိုတိုက်ခိုက်ကြမလဲ။”
“လက်သီးနဲ့ပဲ အရင် တိုက်ခိုက်ကြတာပေါ့" ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
"ကောင်းပြီ"
ကွတ်တုဟုန်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
လေထုထဲမှာတော့ အားကောင်းလှသည့် စိတ်ဝိညာဉ်စွမ်းအင်များ စုစည်းလာပြီး သံမဏိလက်ကာကြီး တစ်ခုသည် သူ၏ လက်သီးပေါ်တွင် ဖြစ်တည်လာ၏။
စနစ်က ပြောလိုက်သည်။ "ဒီသိုင်းအုပ်စိုးသူတစ်ယောက်ရဲ့ အားအင်အဆင့်က မသေးဘူး။လက်ခံသူ သတိထားသင့်တယ်"
"ကောင်းပြီ"
ကျွင်းချောင်ရှောင်းသည် အမှုမဲ့ အမှတ်မဲ့ ရင်မဆိုင်ရဲချေ။ သူသည် စိတ်ဝိညာဉ်ချပ်ဝတ်နည်းစနစ်ကို တစ်ခါတည်းထုတ်ဖော်ပြီးသည့်နောက်မှာတော့ ခန္ဓာကိုယ်ပေါ်တွင် အဖြူရောင် တိုက်ပွဲချပ်ဝတ်တစ်ခု ဖြစ်တည်လာတော့သည်။
နေအလင်းရောင်အောက်မှာတော့ ထိုချပ်ဝတ်သည် တစ်လက်လက် တောက်ပလျက်ရှိသည်။ သူသည် ဟိတ်ဟန်ထုတ်ရန် ဤချပ်ဝတ်ကို ထုတ်ဖော်အသုံးပြုလိုက်ခြင်း မဟုတ်ပေ။ ဤချပ်ဝတ်၏ ဆီမှ အလင်းများပြန်နေသောကြောင့် တစ်ဖက်လူ၏ မျက်လုံးများအား စူးရှစေလိမ့်မည်။ ဝတ်ဆင်ခဲ့ခြင်းပင်။ ထို့ကြောင့် သူသည် စိတ်ဝိညာဉ်ချပ်ဝတ်နည်းစနစ်ကို ထုတ်ဖော်လိုက်ခြင်းပင် ဖြစ်၏။
"စကြရအောင်"
"လာလိုက်လေ" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
ဒွီ
ထိုအချိန်မှာပဲ တည်နေရာတစ်ခုလုံးသည် တုန်ခါသွားသည်။
အလွန်တရာကြီးမားလှသော လက်သီးကြီးတစ်ခုလုံးသည် လေထုထဲမှ ဖြတ်ပြီးသည့်နောက် သူ့ဆီသို့ ရောက်ရှိလာတော့သည်။
ဘုန်း
မြေပြင်တစ်ခုလုံး တုန်ခါသွားပြီးသည့်နောက်မှာတော့ လှိုင်းလေအဟုန်များသည် နေရာအနှံ့ဆီသို့ ဖြန့်ကျက်သွား၏။
အဝေးတွင်ရှိနေသော သိုင်းကျင့်ကြံသူများအားလုံးသည် တိုက်ခိုက်မှု၏ အဟုန်ကို ခံစားလိုက်ရပြီး နောက်သို့ ဆုတ်ခွာသွားရ၏။ သူတို့၏ မျက်နှာတစ်ခုလုံးသည် ထိတ်လန့်တုန်လှုပ် ကြောက်ရွံ့မှုများနှင့် ပြည့်နက်သွားကြသည်။
ယခု ဘယ်လိုဖြစ်သွားသနည်း။
ဖြစ်တည်နေခဲ့သော လှိုင်းလေ နှင့် ဖုံများ ပျောက်ကွယ်သွားပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ခြေလှမ်းအနည်းငယ် နောက်သို့ ဆုတ်သွားရသည်ကို မြင်လိုက်ရ၏။ ၎င်း၏ ခြေထောက်များသည် မြေပြင်ထဲသို့ လက်မအနည်းငယ် နစ်ဝင်နေပြီး လက်များမှာတော့ ခုခံကာကွယ်ပြီးသား အနေအထားနှင့် ရှိနေသည်။
တိုက်ခိုက်ရေး တည်နေရာမှာတော့ တည်နေရာ၏ လေထုတစ်ခုလုံးသည်ပင် စုတ်ပြတ်သတ်လျက်ရှိပြီး အချိန်အတိုင်းအတာတစ်ခုအတွင်း ပြန်လည်ကောင်းမွန်မည့်ပုံ မရှိပေ။
ကျွင်းချောင်ရှောင်းသည် အသာမော့ကြည့်ပြီး သွားဖြီးကာရယ်လိုက်၏။ "သိုင်းအုပ်စိုးသူတစ်ယောက်ပီသစွာပဲ လက်သီးချက်ကတော့ အားကောင်းတယ်။"
ကွတ်တုဟုန်၏ မျက်လုံးများသည် အံ့အားသင့်မှုများနှင့် ပြည့်နက်သွား၏။
သူ၏ လက်သီးချက် သည် တည်နေရာကို ဖြတ်သန်းကာ ထိုးနှက်လိုက်ခြင်း ဖြစ်သည်။ သိုင်းအုပ်စိုးသူတစ်ယောက်ပင်လျှင် ခုခံရန် မလွယ်ချေ။ သို့ပေမဲ့ မထင်ထားလောက်အောင်ဘဲ ပြိုင်စံရှားဂိုဏ်းချုပ် သည် သူ၏ လက်သီးချက်အား ခုခံနိုင်နေသည်။