အခန်း (၅၇၈)
Vol. 39 Ch. 578
တည်နေရာမြက်ခင်းပြင်ကြီးထဲမှာတော့ စိတ်ဝိညာဉ်စွမ်းအင်များသည် ဆက်တိုက် ပေါက်ကွဲထွက်နေသည်။ ကြည့်ရှုနေကြသော ကျင့်ကြံသူများသည် မျက်လုံးအပြူးသား ဖြစ်၍နေ၏။
သူတို့၏ မျက်လုံးထဲတွင်တော့ ခံစားချက်တစ်မျိုးတည်းသာ ရှိတော့သည်။ ဤအရာသည် ကြောက်လန့်မှုပင်ဖြစ်သည်။
အားလုံး၏ မြင်ကွင်းထဲ မှာတော့ ကွတ်တုဟုန်သည် လက်နှစ်ဖက်ကို နောက်ပစ်၍ အသာရပ်လျက်ရှိ၏။ သူ၏ အရှေ့လေဟာနယ် ထဲမှာတော့ စိတ်ဝိညာဉ်စွမ်းအင်များသည် ကြီးမားလှသည့် လက်သီးချက်များအဖြစ် ဖြစ်တည်လာပြီးနောက် ကြမ်းကြမ်းတမ်းတမ်း ထိုးနှက်လျက်ရှိနေ၏။
“ချီးတဲ့မှ …. ဒီလိုမျိုးလည်း တိုက်ခိုက်လို့ရတယ်လား”
သိုင်းဘုရင်တစ်ယောက်က ထအော်လိုက်၏။ “သိုင်းအုပ်စိုးသူတွေရဲ့ စိတ်ဝိညာဉ်စွမ်းအင်ကို ထိန်းချုပ်နိုင်မှုက ကြောက်ဖို့အရမ်းကောင်းတာပဲ”
လက်တစ်ချက်တောင် မလှုပ်ရှားဘဲနှင့် စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းကာ လေဟာနယ်ထဲ၌ လက်သီးအဖြစ် စုဖွဲ့၍ တောက်လျောက်ဆိုသလိုပဲ ထိုးနှက်တိုက်ခိုက်လျက်ရှိသည်။ ဤအရာသည် များပြားလှသော လူများအား တိုက်ပွဲအပေါ် နားလည်မှုအသစ်တစ်ခု ရရှိစေခဲ့၏။
ခဏလောက်ကြာပြီးသည့်နောက်မှာတော့ ကွတ်တုဟုန်သည် ရပ်တန့်လိုက်၏။ သူ၏မျက်နှာပေါ်တွင်တော့ အပြုံးတစ်ခု ရှိလို့နေသည်။
ဤကောင်လေးသည် သူ၏ တိုက်ခိုက်ချက်ကို ခုခံနိုင်ခဲ့သည် ဆိုလျှင်တောင်မှ ခန္ဓာကိုယ်ကတော့ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ ကျိန်းသေပေါက် ပြင်းထန်သော ဒဏ်ရာများ ရရှိသွားပေလိမ့်မည်။
နောက်ထပ် တစ်စက္ကန့်အကြာမှာ တော့ သူ၏ မျက်နှာပေါ်ရှိ အပြုံးများသည် အေးခဲသွား၏။
လေလှိုင်းနှင့် ဖုန်များ ပျောက်ကွက်သွားသည့်နောက်မှာ တော့ ငွေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် ကျွင်းချောင်ရှောင်းသည် မတ်တပ်ရပ်လျက် ရှိနေသေး၏။ သူသည် သွားဖြီးကာ ပြောလိုက်၏။ “ဒါက သိုင်းအုပ်စိုးသူ တစ်ယောက်လား၊ စိတ်ပျက်စရာပဲ”
“ချီးတဲ့မှ”
“ဂိုဏ်းချုပ်ကျွင်းက တကယ့်ကို ကြမ်းတမ်းတာပဲ”
“တကယ့်ကို အဆင်ပြေနေသေးတာပဲ။ သူ့ဆီမှာ ကြေးလို၊ သံလို ကြွက်သားတွေ၊ အရိုးတွေ ရှိနေတယ်ဆိုရင်တောင်မှ ဒီလောက် အားပြင်းတဲ့ တိုက်ခိုက် ချက်ကို ခုခံနိုင်ဖို့ လွယ်တာ မဟုတ်ဘူး”
ဂိုဏ်းချုပ်ကျွင်းသည် စိတ်ဝိညာဉ်ချပ်ဝတ်၏ ကာကွယ်ခြင်းကို ခံထားရသည်။
“ဘယ်လိုလုပ် …..”
သန့်စင်သည့် စိတ်ဝိညာဉ်စွမ်းအင် သီးသန့်ဖြင့် တိုက်ခိုက်ခဲ့သည့် သိုင်းအုပ်စိုးသူတစ်ယောက်၏ တိုက်ခိုက်ချက်သည် သူ့အား ထိခိုက်နာကျင်အောင် မည်သို့ ပြုလုပ်နိုင်မည်နည်း။
ကွတ်တုဟုန်က ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း... ဒီအဘိုးကြီးက အခု လေးလေးနက်နက် တိုက်ခိုက်တော့မှာနော်”
ဟူး
သူသည် လက်ကိုဖြန့်ကားပြီးသည့်နောက်မှာတော့ လက်ဝါးထဲတွင် စိတ်ဝိညာဉ်စွမ်းအင်များသည် စုဝေးလာကြ သည်။ အများကြီး မဟုတ်သော်လည်း အလွန်တရာ သန့်စင်လွန်းလှ၏။
“တကယ်တိုက်တော့မှာပဲ၊ ခုနတုန်းက စိတ်ဝိညာဉ်စွမ်းအင်တွေကို စုဝေးပြီးတော့ တိုက်ခိုက်ရုံသက်သက်ပဲ၊ ဒီတစ်ခါကတော့ သိုင်းနည်းစနစ်တွေပါ ထုတ်ဖော်တော့မှာပဲ”
“သိုင်းအုပ်စိုးသူအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ သိုင်းပညာအပေါ် နားလည်မှုက တခြားသူတွေထက် အများကြီး သာလွန်းတယ် အားအင်ကလည်း ခန့်မှန်းလို့မရအောင် တိုးလာမှာသေချာတယ်”
တိုက်ပွဲကို ကြည့်ရှုနေကြသော ကျင့်ကြံသူများသည် တီးတိုးဆွေးနွေးလျက် ရှိနေကြ၏။
ကျွင်းချောင်ရှောင်းသည် ရှေ့သို့ လှမ်းတက်လိုက်၏။ သူ၏ မျက်လုံးထဲတွင်တော့ တိုက်ခိုက်လိုခြင်းဆန္ဒများနှင့် တောက်ပြောင်လို့နေသည်။ ဤအတောအတွင်း သူသည် ကျင့်ကြံခြင်းအဆင့်မျိုးစုံရှိသော ပြိုင်ဘက်များနှင့် တိုက်ခိုက်ခဲ့ရ၏။ လက်ရှိအချိန်မှာတော့ သူသည် သိုင်းအုပ်စိုးသူ တစ်ယောက်နှင့် ယှဉ်ပြိုင်နိုင်နေပြီဖြစ်၏။ ထို့ကြောင့် မကြုံဖူးသောအတွေ့အကြုံကို ခံစားရရှိနေသောကြောင့် သွေးများပင် ပွက်ပွက်ဆူလာသည်။
“အဘိုးကြီး… တိုက်ခိုက်ကြစို့”
အားကောင်းလှသော တိုက်ခိုက်လိုသည့်ဆန္ဒများ၏ ထောက်ပံ့မှုအောက်မှာတော့ ချပ်ဝတ်သည် ပိုမို၍ တောက်ပလာတော့သည်။
ကွတ်တုဟုန်သည် လက်ကိုမြှောက်လိုက်၏။ လေထဲမှာတော့ အားကောင်းလှသည့် စိတ်ဝိညာဉ်စွမ်းအင်နှစ်ခုသည် စုဝေးလာပြီး စွမ်းအင်များသည် တည်နေရာတစ်ခုလုံးသို့ ဖြန့်ကျက်သွား၏။
ဝှစ်
အလွန်တရာ အားကောင်းလှသော အလင်းတန်းများသည် တည်နေရာကို ဖြတ်သန်းပြီးသည့်နောက် မြန်ဆန်သည့်နှုန်းဖြင့် ရောက်ရှိလာတော့သည်။
ကွတ်တုဟုန် လှုပ်ရှားလိုက်သည်နှင့်တပြိုင်နက် ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ဆီမှ အလွန်တရာ ပူပြင်းလှသော မီးတောက်များ ထွက်ပေါ်လာ၏။ “ကောင်းကင်နီဓား ခုတ်ပိုင်းချက်”
သူသည် ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
လေထုထဲမှာတော့ ပြင်းထန်လှသည့် ဓားအော်ရာတစ်ခု ဖြစ်ပေါ်လာသည်။ တည်နေရာတစ်ခုလုံးသည် ပူပြင်းတောက်လောင်နေသည့် မီးစွမ်းအားများ၏ ဝါးမြိုခြင်းကို ခံလိုက်ရ၏။
ဝုန်း
ကောင်းကင်နီဓားခုတ်ပိုင်းချက်သည် တစ်ဖက်မှ အလင်းတန်းများနှင့် ထိပ်တိုက်တွေ့ဆုံသွား၏။ ချက်ချင်း ဆိုသလိုပဲ တိက်ခိုက်ရေး တည်နေရာဆီမှ အလင်းတန်း နှစ်ခု ဖြစ်ပေါ်လာသည်။ တစ်ခုသည် ကြက်သွေးရောင်ဖြစ်ပြီး တစ်ခုသည် အဖြူရောင်ဖြစ်၏။ အရောင်နှစ်ခုသည် မြေပြင်ပေါ်မှ ကောင်းကင်ယံဆီသို့ ထိုးတက်သွားတော့သည်။
“ငါ့ … ငါ့မျက်လုံး”
ကြည့်ရှုနေကြသော ကျင့်ကြံသူများသည် မျက်စိများ ကျိန်းသွားသောကြောင့် မျက်လုံးများကို အုပ်ကာလိုက်ကြရ၏။ ၎င်းတို့၏ မျက်လုံးများသည် နာကျင်မှုများပင် ခံစားလိုက်ရ၏။ မီးတောက်များ၏ တောက်လောင်မှုသည် ဤမျှ အားကောင်းလွန်းလှ၏။ သို့ပေမဲ့ နာကျင်မှုသည် ကြာကြာမခံလိုက်ချေ။ သူတို့၏ အမြင်များ ပြန်လည်ရရှိလာချိန် မှာတော့ တိုက်ပွဲတည်နေရာဆီသို့ လျင်လျင်မြန်မြန် ပြန်ကြည့်လိုက်ကြ၏။ အားလုံးသည် သက်မချလိုက်မိ ကြသည်။
“နေအုံး …. ဂိုဏ်းချုပ်ကျွင်း ဘယ်ရောက်သွားလဲ”
အခြေအနေကို သေသေချာချာ ကြည့်ရှုနေကြသော ကျင့်ကြံသူများအားလုံး မတ်မတ်ရပ်၍ ကြောင်နေသော ကွတ်တုဟုန် ကိုသာ မြင်လိုက်ရ၏။ ကျွင်းချောင်ရှောင်းကို မမြင်ရချ။
“သူ ကောင်းကင်ပေါ်မှာ”
တစ်ယောက်က ထအော်လိုက်၏။
ဝှစ်
အားလုံးသည် တပြိုင်နက်တည်း မော့ကြည့်လိုက်ချိန်မှာတော့ လက်ထဲတွင် အစိမ်းရောင်ဓားကြီးကို ကိုင်ကာ လေထဲမှ အောက်သို့ဆင်းသက်လာသော ဂိုဏ်းချုပ်ကျွင်းအား မြင်လိုက်ရ၏။ နဂါးစိမ်းလခြမ်းဓားမော့ကြီးသည် ဝှေ့ယမ်းလိုက်ပြီးသည့်နောက်မှာတော့ အလွန်တရာပြင်းထန်လှသော မီးတောက်ဓားမော့ချီများ ထွက်ပေါ်လာ တော့သည်။ တိုက်ခိုက်ချက် တစ်ခုချင်းစီတိုင်းသည် အလွန်တရာ အားကောင်းလွန်းလှသည်။
ဟမ့်
ကွတ်တုဟုန်သည် နှာခေါင်းရှုံ့လိုက်သည်။ လေထုထဲမှာတော့ သူ၏ ပထမဦးဆုံးစည်းသည် ဖြစ်တည်လာခဲ့တော့ သည်။ သို့ပေမဲ့ ထိုစည်းသည် ဝင်ရောက်လာခဲ့သော မီးတောက်ဓားမော့ချီများ၏ ဝါးမြိုခြင်းကို ခံလိုက်ရ၏။
ကျွင်းချောင်ရှောင်းသည် မြေပေါ်သို့ ဆင်းသက်လာပြီးသည့်နောက်မှာတော့ ချက်ချင်းဆိုသလိုပဲ ဓားမော့ တိုက်ခိုက်ချက်တစ်ခုကို ထပ်မံ၍ ထုတ်ဖော်လိုက်တော့သည်။
“လက်နက်စိတ်ဝိညာဉ်” အားလုံး အံ့အားသင့်မိသွား၏။
ကွတ်တုဟုန်၏ မျက်လုံးများသည်လည်း ပိုမို၍ လေးနက်သွားတော့သည်။ သတင်း စကားများ ကြားသိရသည်မှာ အမှန်ပင်ဖြစ်တော့သည်။ ဤကောင်လေးသည် လက်နက်စိတ်ဝိညာဉ်ရှိသော လက်နက်တစ်ခုကို ပိုင်ဆိုင်နေလျက်ရှိ၏။
ကျွင်းချောင်ရှောင်းသည် မြန်မြန်ဆန်ဆန်ပဲ ရှေ့သို့လှမ်းတက်လိုက် တော့သည်။ နဂါးစိမ်းလခြမ်းဓားမော့၏ မျက်နှာပြင်သည် အစိမ်းရောင်မှ အနီရောင်၊ အပြာရောင်၊ အညိုရောင် နှင့် ရွှေရောင်တို့ဖြင့် အဆင့်ဆင့် ပြောင်းလဲသွား၏။ ပြီးနောက် နောက်မှလိုက်ပါလာသော ကွမ်ယု၏ဝိညာဉ်သည်လည်း ထိုကဲ့သော အရောင်များဖြင့် အဆင့်ဆင့် ပြောင်းလဲနေသည်။ ပြောရမည်ဆိုလျှင် နှစ်ခုလုံးသည် အရောင်စုံနေသည် ဟုဆိုရပေမည်။
ဟင်
ကွတ်တုဟုန် မျက်မှောင်ကုတ်လိုက်မိ၏။ ထိုအချိန်မှာတော့ လောကကြီးတစ်ခုလုံးသည် ဓာတ်ငါးပါးနှင့် ပြည့်နှက် နေသည်ဟု ခံစားမိလိုက်၏။
“ဓာတ်ငါးပါး လက်နက်စိတ်ဝိညာဉ်လား”
ကျွင်းချောင်ရှောင်းသည် ကောင်းကင်ပေါ်သို့ ခုန်တက်ပြီးသည့်နောက် သူ၏ ဓားမော့သည် ထောင့်ဖြတ်အတိုင်း ဆွဲကာ ဝှေ့ယမ်းခုတ်ပိုင်းရင်း အော်ဟစ်လိုက်တော့သည်။ “ဉာဏ်ပညာနဲ့ တိုက်ခိုက်မှု တစ်ထပ်တည်း ကျရမယ်”
ဝှစ်
ဓားမော့ချီများသည် ကြမ်းကြမ်းတမ်းတမ်းပဲ ကျဆင်းလာတော့သည်။
ဖြောင်း …. ဖြောင်း။
လေထဲတွင် ရှိနေသော တည်နေရာများပင်လျှင် ပိုင်းဖြတ်ခြင်းကို ခံလိုက်ရ၏။ လက်နက်စိတ်ဝိညာဉ်ကို အသက်သွင်းခဲ့သည့်အပြင် ဓာတ်ငါးပါး၏ ဝိညာဉ်များကိုလည်း အသက်သွင်းခဲ့၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်း နှင့် နဂါးစိမ်းလခြမ်းဓားမော့တို့၏ ပူးပေါင်းတိုက်ခိုက်မှုသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အားအင်အဖြစ် ဖြစ်တည်လာခဲ့တော့သည်။
ကွတ်တုဟုန်၏ ဝတ်ရုံသည် လေတစ်ချက်လေးမှ မတိုက်ဘဲ ပြင်းပြင်းထန်ထန် လှုပ်ခါလျက်ရှိသည်။ အလွန်တရာ အားကောင်းပြီး သိပ်သည်းလွန်းသော ဝိညာဉ်စွမ်းအင်များသည် တိုက်ရိုက်ဆိုသလိုပဲ သူ့ဆီ ရောက်ရှိလာပြီး တည်နေရာတစ်ခုလုံးကို စည်းခတ်ထားလိုက်တော့သည်။ ဓားမော့ချီသည် ဖြေးညှင်းစွာ ကျဆင်းလာသည် ဆိုသော်လည်း အားအင်အဆင့်ကမူ အလွန်တရာ ပြင်းထန်နေ၏။
“ချိုးဖြတ်စမ်း”
ဘန်း ဘန်း ဘန်း ….။
ဓာတ်ငါးပါးစွမ်းအင်များ ပါဝင်သော ဓားမော့ချီများသည် တည်နေရာတစ်ခုလုံးကို ပိုင်းဖြတ်သွားတော့သည်။ နဂါးစိမ်းလခြမ်းဓားမော့သည် မြေပေါ်သို့ စိုက်ဝင်သွားသည့်နောက်မှာတော့ အရှိန်အဟုန်သည် ရပ်တန့်သွား၏။
သိုင်းအုပ်စိုးသူသည် အလွန်တရာ အားကောင်းလွန်းလှ၏။ နဂါးစိမ်းလခြမ်းဓားမော့သည် ဓာတ်ငါးပါးဝိညာဉ်ကို ပိုင်ဆိုင်ခဲ့သလို ကွမ်ယု၏ ဝိညာဉ်သည်လည်း အသက်သွင်းခဲ့ပြီဖြစ်၏။ သို့ပေမဲ့ ကွာခြားချက် တော့ ကြီးမားနေသေးသည်။
စနစ်က ပြောပြလိုက်သည်။ “သိုင်းဘုရင်နှင့် သိုင်းအုပ်စိုးသူများရဲ့ ကွာခြားချက်က အားအင်အဆင့် တစ်ခုတည်းတင် မဟုတ်ဘူး၊ လောကကြီးရဲ့ နိယာမတွေကို နားလည်မှုကလည်း ကွာခြားသေးတယ်၊ ဒီတော့ လက်ခံသူအနေနဲ့ ကိုယ်ထက် ကျင့်ကြံဆင့်မြင့်မားတဲ့လူကို အနိုင်ယူချင်တယ်ဆိုရင် သေသေချာချာ စဉ်းစားဖို့လိုတယ်”
“သေသေချာချာ စဉ်းစားရမယ်ဟုတ်လား”
ကျွင်းချောင်ရှောင်း ထရယ်လိုက်၏။ ပြီးသည့်နောက်မှာတော့ နှိုင်းယှဉ်၍ မရလောက်အောင် ထက်မြလွန်းသော ဓားမော့ချီများသည် သူ၏ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်ပြီး နေရာအနှံ့ဆီသို့ ပြန့်နှံ့သွားသည်။
ကွတ်တုဟုန်သည် ထူးမခြားနားသလို ပြောလိုက်၏။ “ဓားဘုရင်တစ်ယောက်ရဲ့ စွမ်းအင်တွေကို သုံးချင်တာ လား”
“အဘိုးကြီး”
ဓားအော်ရာများအကြားတွင် တည်ရှိနေသော ကျွင်းချောင်ရှောင်းသည် ဝံ့ကြွားစွာဖြင့် ပြောလိုက်၏။ “ကျုပ်ဆီမှာ ကြယ်တွေ၊ လတွေ ကိုတောင် ခုတ်ပိုင်းနိုင်တဲ့ ဓားတစ်စင်းရှိတယ်၊ ခံယူရဲလား”
“ဘာလို့ မခံယူရဲရမှာလဲ”
ကွတ်တုဟုန်သည် နှာခေါင်းရှုံ့လိုက်၏။
ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်ကို နောက်ပစ်လိုက်သည်။ သူ၏ အဝတ်အစားများသည် လေနှင့်အတူ လှုပ်ယမ်းလျက်ရှိနေသည်။ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာသော ဓားအော်ရာ များသည်လည်း ပိုမို၍ အားကောင်းလာ၏။ ထိုအချိန်မှာတော့ ဤလူသားသည် အလွန်တရာ ထက်ရှလှသော ဓားတစ်စင်းအဖြစ် ပြောင်းလဲသွားသည်ဟု ကျင့်ကြံသူများက ခံစားမိလိုက်ကြ၏။
ဒွီ ဒွီ
ထိုဓားအော်ရာများအောက်မှာတော့ များပြားလှသော ကျင့်ကြံသူများ၏ ခါးတွင်ချိတ်ထားသော ဓားများသည် တုန်ခါလာခဲ့ကြတော့သည်။ ၎င်းတို့သည် ဓားများကို ဆုပ်ကိုင်ရန် ကြိုးစားလိုက်သည်ဆိုသော်လည်း ချလွင် ဆိုသော အသံနှင့်အတူ ဓားအိမ်ထဲမှ ဓားများသည် အပြင်ဘက်ဆီသို့ ထွက်သွားကြသည်။
ချလွမ် …. ချလွမ်
ဓားအိမ်ထဲမှ ဓားထွက်သွားသည့် အသံများသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာ၏။
ဟမ်
ကွတ်တုဟုန်သည် အနည်းငယ်ကြောင်သွား၏။ ပြီးနောက် အမှတ်မထင် နောက်သို့လှည့်ကြည့်လိုက်သည်။ ထိုအချိန်မှာတော့ အလွန်တရာများပြားလှသော ဓားများသည် လေထုထဲတွင် ဖြစ်ပေါ်နေသည်ကို သူမြင်လိုက်ရ ၏။
“ဒါက” သူ၏ စိတ်နှလုံးသည် ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။
ချလွမ် …. ချလွမ်
ပြိုင်စံရှားဂိုဏ်းတပည့်များ၏ ဓားများအားလုံးသည်လည်းကောင်းကင်ပေါ်သို့ မြင့်တက်လာတော့သည်။ လက်ရှိအချိန်တွင် ကောင်းကင်ပေါ်၌ မတ်မတ်ရပ်လျက်ရှိသော ကျွင်းချောင်ရှောင်း နောက်၌ အလွန်တရာ များပြားလှသော ဓားများသည် တည်ရှိနေကြပြီး ကြီးမားလှသည့် ဓားအော်ရာများကို ထုတ်ဖော်နေ၏။
“ဘာလို့ ငါ့ဓားက အပြင်ကို ထွက်သွားတာလဲ၊ ငါထိန်းချုပ်လို့မရတော့ဘူး”
“ဂိုဏ်းချုပ်ကျွင်းက ကောင်းကင်ဘုံမြို့မှာ အသုံးပြုခဲ့တဲ့ ဓားတိုက်ကွက်ကို ထပ်ပြီးတော့ အသုံးပြုတော့မယ် ထင်တယ်”
ကောင်းကင်ဘုံမြို့မှ ကျင့်ကြံသူများအားလုံးသည် ဂိုဏ်းချုပ်ကျွင်းနှင့် အိုးရန်လီတို့ တိုက်ခိုက်စဉ်က မြင်ကွင်းကို ပြန်လည်မြင်ယောင်မိလိုက်ကြသည်။ ဓားပေါင်းထောင်ကျော်တို့သည် လေထဲတွင် တန့်လျက်ရှိနေကြ၏။
“ဒါက ဘာတိုက်ကွက်လဲ”
“ဓားတစ်သောင်းမှသည် တစ်ခုထဲအဖြစ်သို့”
ဝှစ် ….. ဝှစ်
ဓားပေါင်းထောင်ကျော်တို့သည် အလွန်တရာလျှင်မြန်သည့်နှုန်းဖြင့် ကြီးမားလှသော ဓားကြီးတစ်ခုအဖြစ် ပေါင်းစပ် ဖြစ်တည်သွားသည်။ ထိုကြီးမားလှသော ဓားကြီးသည် ကွတ်တုဟုန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာတော့သည်။
ဓားကြီး ကျဆင်းလာစဉ်မှာတော့ ဓား၏အော်ရာများသည် ပေါက်ကွဲထွက်သွား၏။
ကွတ်တုဟုန်၏ အမူအရာသည် ပြောင်းလဲသွားသည်။ အဘယ်ကြောင့်ဆိုသော် သိုင်းအုပ်စိုးသူတစ်ယောက်၏ တည်နေရာဖိနှိပ်ခြင်းနှင့် ဆင်တူစွာပဲ ဓားအော်ရာများသည် သူ့အားချုပ်နှောင်ထား၏။ လက်ရှိအခြေအနေမှာတော့ သူသည် မည်သို့မှ မလှုပ်နိုင်ဘဲ တိုက်ခိုက်ချက်များကို ထိပ်တိုက် ရင်ဆိုင်ရန်သာ ရှိတော့သည်။