အခန်း (၅၇၉)
Vol. 39 Ch. 579
ဓားပေါင်းထောင်ကျော်တို့သည် စုစည်းလာပြီးသည့်နောက်မှာတော့ တောင်ကြီးတစ်ခုလုံးကိုပင် ပိုင်းဖြတ်နိုင်သည့် ဖိအားမျိုးကို ထုတ်ဖော်လာတော့သည်။
ကြည့်ရှုနေကြသော လူအားလုံးသည် သက်မချမိလိုက်ကြ၏။ ၎င်းတို့၏ မျက်လုံးထဲတွင်တော့ ထိတ်လန့် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေတော့သည်။ လက်ရှိအခြေအနေရှိ ဤမြင်ကွင်းသည် သူ့တို့၏ နှလုံးသားထဲတွင် အစဉ်အမြဲ ကဗ္ဗည်းရေးထိုးထားသလို ထင်ဟပ်နေတော့မှာဖြစ်သည်။ ဘယ်သောအချိန်မှ ပြန်လည် မေ့ပျောက်တော့မည် မဟုတ်ချေ။
ဝှစ်
ကြီးမားလှသော ဓားကြီးသည် အောက်သို့ ခုတ်ပိုင်းကျချိန်မှာတော့ ဓားအော်ရာများသည်လည်း ပေါက်ကွဲထွက်လာ တော့သည်။ သိုင်းအုပ်စိုးသူအဆင့်ရှိသော ကွတ်တုဟုန်သည် ဓား၏အဟုန်နှင့် ချုပ်နှောင်ခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် သူ့အနေနှင့် ရှောင်ရှားရန် အလွန်တရာ ခက်ခဲသွားသည်။ ထိပ်တိုက်ရင်ဆိုင်ဖို့တစ်ခုကိုသာ ပြုလုပ်နိုင် တော့၏။
အား
သူသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်ပြီး ကျင့်ကြံခြင်းအဆင့် အားလုံးကို ထုတ်ဖော်လိုက်တော့သည်။ သူ၏ ရှေ့တွင်ရှိသော လေဟာနယ်တစ်ခုလုံးသည် လှိုင်းများဖြစ်တည်လာပြီးနောက်မှာတော့ အလွန်တရာ အားကောင်း လှသော အကာအကွယ်တစ်ခု ဖြစ်တည်လာသည်။ ဓားတစ်သောင်းမှသည် တစ်ခုတည်း အဖြစ်သို့ သိုင်းနည်းစနစ်အား ထိပ်တိုက်ရင်ဆိုင်ဖို့အတွက် သူသည် အလွန်တရာအားကောင်းလှသော ခုခံခြင်းစွမ်းအင် တစ်ရပ်ကို အားကုန်သုံး ထုတ်ဖော်ခဲ့ခြင်းပင်ဖြစ်သည်။
သိုင်းအုပ်စိုးသူတစ်ယောက်အား ဤကဲ့သို့အခြေအနေမျိုး ဖြစ်အောင် ပြုလုပ်နိုင်ခဲ့သည်ဆိုသောကြောင့် ကျွင်းချောင်ရှောင်းအနေဖြင့် ၎င်း၏ ပြိုင်ဘက်အား အနိုင်မယူနိုင် တောင်မှ သူ့ကိုယ်သူ အားကောင်းသူ တစ်ယောက် ဖြစ်ကြောင်း လုံလောက်အောင် သက်သေပြနိုင်ခဲ့ပြီဟု သတ်မှတ်ရပေလိမ့်မည်။
ဝှစ်
ဓားအဟုန်များသည် ဖြစ်တည်လာပြီးသည့်နောက်မှာတော့ လောကကြီးတစ်ခုလုံးသည် အရောင်အဆင်းမဲ့သွား သည်ဟု ခံစားလိုက်ရ၏။ အားလုံး၏ မျက်လုံးအကြည့်များသည် အေးခဲသွားကြသည်။ ကြီးမားလွန်း သောဓားကြီးသည် အောက်သို့ ကျဆင်းလာပြီးသည့်နောက်မှာတော့ ကွတ်တုဟုန် ဖန်တီးထားသော အားကောင်း လွန်းသည့် အကာအကွယ်အား ပိုင်းဖြတ်လိုက်တော့သည်။
ဘန်း …… ဘန်း။
ပထမအဆင့် ကျိုးပြတ်ပြီးသည့်နောက် ဒုတိယအဆင့် ထပ်မံကျိုးပြတ်သွားတော့သည်။
ဘန်း ဘန်း ဘန်း …။
ချက်ချင်းဆိုသလိုပဲ နောက်ထပ် အကာအကွယ်သုံးခုသည်လည်း ချက်ချင်း ကျိုးပြတ်သွားတော့သည်။ အလွန်တရာ ကြီးမားလှသော ဓားကြီး၏ အားအင်အဆင့်သည် ပျောက်ကွယ်မသွားပေ။
ဖူး
ကွတ်တုဟုန်သည် သွေးတွေ အန်ထွက်လာတော့သည်။ ထိုအချိန်မှာတော့ သူ၏ ရှေ့တွင် အကာအကွယ်တစ်ခုသာ ရှိတော့သည်။ သို့ပေမဲ့ ဓား၏ အဟုန်သည် ဆက်လက်၍ ကျဆင်းနေတုန်းဖြစ်၏။
“မဖြစ်ဘူး၊ မဖြစ်တော့ဘူး”
ကွတ်တုဟုန်၏ မျက်လုံးများသည် ကျဉ်းမြောင်းသွား၏။ ရုတ်တရက်ဆိုသလိုပဲ သူသည် လက်ဝါးဖြင့် ပင့်ရိုက်လိုက်သည်။
ဝှစ်
သူ၏ ဒန်ထျန်ထဲတွင်ရှိသော နောက်ဆုံးစိတ်ဝိညာဉ်စွမ်းအင်များ အားလုံးသည် ထွက်ပေါ်လာခဲ့ပြီး စွမ်းအင်များသည် အလွန်တရာအားကောင်းစွာဖြင့် ဖြစ်တည်လာသည်။ ထိုအရာများသည် သိုင်းအုပ်စိုးသူတစ်ယောက်၏ ဂုဏ်သိက္ခာကို ခုခံကာကွယ်ရန် အတွက် ထုတ်ဖော်ခဲ့ရသော ရှိသမျှသော အားအင် အကုန်ဖြစ်တော့၏။
ဘုန်း
ကြီးမားသော ဓားကြီးသည် အောက်သို့ကျဆင်းလာတော့သည်။ အလွန်တရာကြမ်းတမ်းလှသော ဓားဆန္ဒများသည် ရူးရူးမူးမူးဖြင့် တည်နေရာတစ်ခုလုံးကို ပျံ့နှံ့လျက်ရှိသည်။ တည်နေရာပတ်ဝန်းကျင်တွင် ရှိနေကြသော မြက်ခင်းပြင်ထဲရှိ မြက်များကိုပင် ပိုင်းဖြတ်သွားကြသည်။ တည်နေရာအနီးတဝိုက်တွင် ရှိနေကြသော မြေနေရာ၊ ကျောက်တုံးများ၊ သစ်ပင်များတွင် ဓားရာများရှိနေကြပြီး တချို့သော သစ်ပင်များဆိုလျှင် နှစ်ပိုင်းပြတ်လျက် ရှိသည်။
တိုက်ပွဲအား အဝေးဆီမှ ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများအားလုံးသည် အံ့အားသင့်မိနေကြ၏။ ကံကောင်း လွန်းလှချေသည်။ သူတို့သာ နီးနီးကပ်ကပ်ကြည့်ရှုနေမည်ဆိုလျှင် ထိုဓားဆန္ဒများ၏ ခုတ်ပိုင်းခြင်းကို ခံရပေလိမ့်မည်။
“ချီးတဲ့မှ …. ဒါကြီးက ကြောက်ဖို့ကောင်းလွန်းလိုက်တာ”
အားလုံးသည် ထိတ်လန့်တုန်လှုပ်နေကြ၏။ အနောက်သို့ အမှတ်မထင် ဆုတ်လိုက်ကြ၏။
အရှေ့အလယ်ပိုင်းဒေသရှိ ကျန်ရှိနေသော သိုင်းအုပ်စိုးသူ၏ မျက်နှာသည်လည်း တည်ငြိမ်သွားသည်။ ပြိုင်စံရှားဂိုဏ်းမှ ဂိုဏ်းချုပ်သည် ဤမျှ အားကောင်းသော သိုင်းနည်းစနစ်ကို ထုတ်ဖော်နိုင်မည်ဟု သူမထင်မှတ်မိခဲ့ကြပေ။ သူသာ ထိပ်တိုက်ရင်ဆိုင်မည် ဆိုပါက ကျိန်းသေပေါက် ခက်ခဲသော အခြေအနေသို့ ရောက်ရှိမည်မှာ သေချာ၏။
ခရက်
တစ်စုံတစ်ခု ကျိုးပြတ်သံသည် ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ တည်နေရာတစ်ခုလုံး ငြိမ်သက်သွား၏။ အားလုံးသည် သေသေချာချာ မမြင်ရဘူးဆိုသော်လည်း ကွတ်တုဟုန်၏ နောက်ဆုံးခုခံမှုသည် ကျိုးပြတ်သွားခဲ့ပြီ ဖြစ်ကြောင်း သိရှိလိုက်ရ၏။ ထိုအချိန်မှာပဲ စူးရှလွန်းသော ဓားအလင်းတန်းများသည် ဖြစ်တည်လာပြီးသည့် နောက်မှာတော့ ကျွင်းချောင်ရှောင်း၏ အနောက်တွင် အဆင်သင့် တိုက်ခိုက်ရန် ရှိနေကြတော့၏။
မျက်နှာချင်းဆိုင်တွင်တော့ တည်နေရာထဲတွင် ကွတ်တုဟုန်သည် မတ်မတ်ရပ်လျက်ရှိသည်။ သူသည် မတ်မတ် ရပ်နေသေးသည်ဆိုသော်လည်း လက်များမှာတော့ ဘေးနှစ်ဖက်သို့ တွဲလျောင်းကျနေ၏။ သူ၏ မျက်နှာသည်လည်း ဖြူလျော်နေသည်။ သူ့ကို ကြည့်ရသည်မှာ အချိန်မရွေး ပြိုလဲတော့မည်ဟန်ပင်။
ဓားတစ်သောင်းမှသည် တစ်ခုတည်း အဖြစ်သို့ တိုက်ကွက်နှင့် ထိပ်တိုက်ရင်ဆိုင်ရချိန်မှာတော့ သူသည် သေးငယ်လွန်းသော ဒဏ်ရာအနည်းငယ်ကိုသာ ရရှိခဲ့၏။ သို့ပေမဲ့ ခန္ဓာကိုယ်ထဲတွင်တော့ စိတ်ဝိညာဉ်စွမ်းအင်များမှာ ရှစ်ဆယ်မှ ကိုးဆယ်ရာခိုင်နှုန်းခန့် ပျောက်ကွယ်သွားခဲ့ရသည်။
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် ကော့တက်သွား၏။ “ခင်ဗျားရှုံးပြီ”
ဟူး …..။
ကွတ်တုဟုန်သည် သက်ပြင်းကို ချလိုက်ပြီးနောက် လက်သီးကိုဆုပ်ကာ ခက်ခက်ခဲခဲ ပြောလိုက်၏။ “ကျေးဇူးပါ ဂိုဏ်းချုပ်ကျွင်း၊ သက်ညှာပေးတဲ့အတွက် …..”
သူ၏ နောက်ဆုံးအဆင့် အကာအကွယ်သည် ကျိုးပြတ်ပြီးသည့်နောက်မှာတော့ တစ်ဖက်လူ၏ ဓားအားအင်များ သည် ပြန်လည်ရုတ်လျော့သွားခဲ့သည်။ ဤဓားချက်သာ ဆက်လက်၍ ကျဆင်းလာမည်ဆိုပါက သူ့အနေနှင့် အသက်ရှင်သန်နိုင်မည် မဟုတ်သည်ကို ကောင်းကောင်းနားလည်မိ၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါက လက်ရည်စမ်းပွဲလေးတစ်ခုပါပဲ၊ သေခြင်း ရှင်ခြင်း တိုက်ပွဲမှ မဟုတ်တာ”
စနစ် “……”
လက်ခံသူသည် တစ်ခါတည်း သတ်ဖြတ်ပစ်၍ ရသည်ဆိုသော်လည်း နောက်ဆုံးဓားချက်ကို အားအင် လျော့ကာ တစ်ဖက်လူအား အသက်ရှင်သန်ခွင့် အခွင့်အရေးတစ်ခါပေးခဲ့သေးသည်။ မထင်မှတ်ထားလောက်အောင် ဉာဏ်ကောင်းလှသူ တစ်ယောက်ပင် ဖြစ်သည်။ နောက်ဆက်တွဲ ဖြစ်လာနိုင်သော အရာများကို လက်ခံသူ စဉ်းစားထားပြီး ဖြစ်ပုံပေါ်သည်။
“သခင်လေးလင်း”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ခင်ဗျား ကျန်တဲ့ သိုင်းအုပ်စိုးသူတစ်ယောက်ကို တိုက်ခိုက်ဖို့ လွှတ်နိုင်သေးတယ်၊ ကျုပ်က အဆုံးထိ လိုက်ပါပေးမယ်”
သူသည် သိုင်းအုပ်စိုးသူတစ်ယောက်နှင့် ထပ်မံတိုက်ခိုက်ချင်နေသည်လား။ အံ့အားသင့်စရာ ကောင်းလွန်းလိုက်၏။
အရှေ့တောင်ရန်ကျူးတွင် ရှိသော သိုင်းကျင့်ကြံသူများသည် ချီးကျူးသောအကြည့်ဖြင့် ကြည့်မိလိုက် ကြသည်။ ဂိုဏ်းချုပ်ကျွင်းသည် မိမိကိုယ်ပိုင် တည်နေရာထဲတွင် အရှေ့အလယ်ပိုင်းဒေသရှိ သိုင်းအုပ်စိုးသူတစ်ယောက်အား ပက်ပက် စက်စက် ရိုက်နှက်ခဲ့သည်။ သူတို့အတွက် မည်မျှပင် ဂုဏ်ယူလိုက်စရာ ကောင်းသနည်း။
“အကြီးအကဲလျှို”
လင်းယုဖန်းက ပြောလိုက်သည်။ “တိုက်ခိုက်ရအောင်”
“…” အကြီးအကဲလျှို ဟုခေါ်သော သိုင်းအုပ်စိုးသူ၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။
ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ်ကို ကြည့်ရသည်မှာ ဒဏ်ရာတစ်ခုမှ မရခဲ့သလို အားအင်ကုန်ခမ်းမည့် အရိပ်လက္ခဏာများလည်း မရှိချေ။ ထို့အပြင် ၎င်း၏ အနောက်လေထဲမှာတော့ ဓားပေါင်းထောင်ကျော်က ရှိနေသေးသည်။ ထိုသူသည်သာ တစ်ချက်လှုပ်ရှားလိုက်သည်နှင့် ကျိန်းသေပေါက် မကောင်းသည့် အကျိုးဆက်ကို သူ ခံစားရမှာ သေချာသည်။
“သခင်လေး”
အကြီးအကဲလျှိုက ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်းက သိုင်းဘုရင်အဆင့်လေးပဲ ရှိတယ်လေ၊ ဒီအဘိုးကြီး သူနဲ့တိုက်ခိုက်မယ်ဆိုရင် လူတွေက ပြစ်တင် ကဲ့ရဲ့ကြတော့မှာပေါ့”
ဓားတစ်သောင်းမှသည် တစ်ခုတည်း အဖြစ်သို့ သိုင်းနည်းစနစ်၏ အားအင်အဆင့်သည် သိုင်းအုပ်စိုးသူကိုပင် ထိတ်လန့် ကြောက်ရွံ့စေမိသည်။ သူ့အနေနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရန် သတ္တိမရှိပေ။ သူက ပြောလိုက်၏။ “ဒါကြောင့် ပြိုင်စံရှားဂိုဏ်းရဲ့ တပည့်တွေကို ဆက်ပြီး စိန်ခေါ်ပါ့မယ်”
ရွှီး
လေထဲတွင်ရှိသော ဓားအော်ရာများသည် ပျောက်ကွယ်သွားပြီးသည့်နောက်မှာတော့ ဓားပေါင်းထောင်ကျော်သည် လည်း ၎င်းတို့၏ သက်ဆိုင်ရာပိုင်ရှင်များဆီသို့ ပြန်လည်ရောက်ရှိသွားတော့သည်။
“ချီးတဲ့မှ” လင်းယုဖန်သည် အလွန်တရာ ဒေါသထွက်မိနေသည်။
အရှေ့တောင်ရန်ကျူးဆီ သူ့အဖေ၏ အမိန့်ဖြင့် လာရောက်ရခြင်းသည် အလွန်တရာ ရိုးရှင်းသည့်ကိစ္စဖြစ်မည်ဟု ပထမတုန်းက သူတွေးထားခဲ့မိ၏။ သို့ပေမဲ့ ပြိုင်စံရှား ဂိုဏ်းသည် သိုင်းအုပ်စိုးသူတစ်ယောက်ကိုပင် အနိုင်ရရှိအောင် တိုက်ခိုက်နိုင်သော ဂိုဏ်းတစ်ခုဖြစ်လို့နေ၏။
“ဂိုဏ်းချုပ်”
စုရှောင်မိုက ဝင်ပြောလိုက်သည်။ “တပည့်က တော်ဝန်မြို့တော်က သခင်လေးနဲ့ တိုက်ခိုက်ချင်ပါတယ်”
သူ့အနေနှင့် လင်းယုဖန်းအား ကြည့်မရသည်မှာ ကြာပြီဖြစ်သည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “တကယ်ဆိုရင် သခင်လေးလင်းက စိတ်ဝင်စားသလားဆိုတာ မင်းမေးကြည့်လေ”
“သခင်လေးလင်း”
စုရှောင်မိုက ပြောလိုက်သည်။ “စင်မြင့်ပေါ်ကိုလာပြီး ကျုပ်နဲ့ တိုက်ခိုက်နိုင်မလား”
လင်းယုဖန်း ဘာတစ်ခုမှ မပြောနိုင်ခင်မှာပဲ သူထပ်ကာ ပြောလိုက်၏။ “တကယ်လို့ မတိုက်ခိုက်ချင်ဘူးဆိုရင်လည်း အတင်းကြီး ဖိအား မပေးပါဘူး၊ ပြီးတော့ ခင်ဗျားတို့ဘက်က လွှတ်လိုက်တဲ့လူတွေကလည်း တိုက်ပွဲတော်တော်များများ ရှုံးပြီးသားလေ”
ဤစကားသည် အလွန်တရာ နာကျင်ဖွယ်ကောင်းလွန်းလှ၏။
မောက်မာလှသော လင်းယုဖန်း၏ မျက်လုံးထဲတွင် တော့ ဒေါသတရားများနှင့် ပြည့်နှက်လာသည်။
“စီနီယာအစ်ကိုစု”
လီဖေးက ပြုံးလိုက်သည်။ “သခင်လေးလင်းကို အထင်သေးလို့ မဖြစ်ဘူး၊ သူ့ဆီမှာ ဘာစွမ်းရည်မှ မရှိဘဲနဲ့ ဘယ်လိုလုပ် တော်ဝင်မြို့ရဲ့ သခင်လေး ဖြစ်လာမှာလဲ”
“ဒါက ပြောဖို့ခက်တယ်”
စုရှောင်မိုက ပြောလိုက်သည်။ “တချို့တွေက မိသားစုကြီးတစ်ခုမှာ မွေးဖွားလာတယ်၊ ပြီးတော့ ကောင်းမွန်တဲ့ အဖေကောင်းတစ်ယောက် လည်း ရှိသေးတယ်၊ ဘာစွမ်းရည်မှ မရှိဘူးဆိုရင်တောင်မှ ဒီလိုမျိုး သခင်လေးလို့ အခေါ်ခံဖို့ ထိုက်တန်တယ်မဟုတ်လား”
ဖျောက်
လင်းယုဖန်းသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏။ သူ့အနေနှင့် မည်သို့မှ မခံနိုင်သော စကားမှာ အဖေ့ကို အားကိုး၍ ဤနေရာသို့ ရောက်ရှိလာခြင်းဖြစ်သည်ဆိုသော စကားပင်ဖြစ်သည်။
ဤအရာသည် အမှန်တရားဖြစ်နေသည်လား။ တကယ်တမ်းမှာတော့ အမှန်တရားပင်ဖြစ်တော့၏။
ကျွင်းချောင်ရှောင်းသည် လက်ပိုက်ကာ ပြောလိုက်၏။ “ကျုပ်တပည့်နှစ်ယောက်က ပေါက်ကရတွေ ပြောနေကြတာပါ၊ သခင်လေးလင်း ကျေးဇူးပြုပြီး သူတို့ကို အဖက် လုပ်မနေပါနဲ့၊ ပြီးတော့ ကိုယ့်အဖေကို အားကိုးတာပဲ၊ ဘာများမှားလို့လဲ၊ တခြားသူတွေ အားကိုးချင်ရင်တောင် ခင်ဗျားလို အားကောင်းတဲ့အဖေမှ မရှိတာ …. နော့်”
အားလုံး၏ နှုတ်ခမ်းများသည် တုန်ရင်သွားသည်။
ဂိုဏ်းချုပ်ကျွင်းသည် ရည်ရွယ်ချက်ရှိရှိနှင့် သခင်လေးလင်းအား ရန်စနေခြင်းသာ ဖြစ်ပေလိမ့်မည်။
“မြန်မြန် သခင်လေးလင်းကို တောင်းပန်လိုက်လေ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
စုရှောင်မိုနှင့် လီဖေးတို့သည် လက်ဆီးကိုဆုပ်ကာ ပြောလိုက်သည်။ “သခင်လေးလင်း... ကျုပ်တို့က မှားပါတယ်။ ခင်ဗျားဆီမှာ အားကောင်းပြီး ပြည့်စုံတဲ့ အဖေတစ်ယောက် ရှိတယ်။ ကျုပ်တို့ ဆီမှာ မရှိလို့ ပြောမိတာပါ။ ဘာပဲပြောပြော အဖေရဲ့ အရိပ်ကို ခိုတယ်ဆိုတာကလည်း အပြစ်မှမဟုတ်တာ။”
သူတို့နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် ကြည့်မိလိုက်ကြ၏။
လင်းယုဖန်း၏ ဒေါသထွက်လွန်းသောကြောင့် နှာခေါင်းများသည်ပင် ပွတက်လာသည်။ အဆုံးသတ်မှာတော့ သူသည် မည်သို့မှ သည်းမခံနိုင်တော့ဘဲ အော်လိုက်သည်။ “ကောင်းပြီ၊ ပြိုင်စံရှားဂိုဏ်းက တပည့်တွေနဲ့ ကျုပ်တိုက်ခိုက်မယ်”
မည်သို့မှ သည်းမခံနိုင်တော့ပေ။ သူ့အနေနှင့် တိုက်ခိုက်မှ ဖြစ်ပေလိမ့်မည်။ သူသည် အဖေကိုအားကိုး၍ ဖြစ်တည် လာသောသူတစ်ယောက် မဟုတ်ကြောင်း တခြားသူများ သိစေရမည်။
“သခင်လေး”
အကြီးအကဲလျှိုက သူ့အား ဖြောင်းဖျရန် ပြင်ဆင်လိုက်၏။ သို့ပေမဲ့ လင်းယုဖန်းသည် ပြတ်သားစွာ ပြောလိုက်၏။ “ကျုပ်ဆုံးဖြတ်ပြီးသွားပြီ”