← Chapters

အခန်း (၅၈၀)

Vol. 39 Ch. 580

အခန်း (၅၈၀)

Vol. 39 Ch. 580

“ကျုပ်စိတ်ကို ပြင်ဆင်ပြီးသွားပြီ”

ဤစကားလုံးသည် အလွန်တရာစိတ်ဆုံးဖြတ်ပြီးမှ ထွက်ပေါ်လာသောစကားပင် ဖြစ်ပေလိမ့်မည်။ ထို့အပြင် လင်းယုဖန်းသည် တကယ်ပင် စိတ်ဆိုး ဒေါသထွက်လျက်ရှိသည်။ ၎င်း၏ အားအင်အဆင့်ကို ထုတ်ဖော်ပြသကာ သူ့အဖေကို အားကိုးသည့်လူတစ်ယောက် မဟုတ်ကြောင်း ပြသနိုင်မှ ဖြစ်ပေလိမ့်မည်။

အကြီးအကဲလျှိုသည် မြေပေါ်သို့ လဲကျလုမတတ်ပင် ဖြစ်သွားသည်။ တစ်ဖက်လူသည် ရည်ရွယ်ချက်ရှိရှိဖြင့် ရန်စနေခြင်းသာဖြစ်သည်။ ထို့ကြောင့် ရူးသွပ်စွာဖြင့် လက်ခံသဘောတူစရာ မလိုအပ်ပေ။

မြို့တော်ဝန်သည် အလွန်တရာ ဉာဏ်ပညာရှိလှပြီး အားကောင်းလှသူဖြစ်သည်။ သို့ပေမဲ့ ဤကဲ့သို့သော သူတစ်ယောက်ကို အဘယ်ကြောင့် မွေးဖွားထားရသနည်း။ ဟုတ်ပေသည်။ သူ၏ စိတ်ထဲမှာတော့ ထိုသို့တွေးတောနိုင်၏။ သို့ပေမဲ့ အပြင်ဘက်မှာတော့ ထုတ်၍ မပြောရဲချေ။

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းက ပြုံးကာပြောလိုက်သည်။ “မိုလေး... သခင်လေးလင်းနဲ့ ဘာလို့ သွားမတိုက်ခိုက်သေးတာလဲ”

“ကောင်းပါပြီ”

စုရှောင်မိုသည် စင်မြင့်ပေါ်သို့ ခုန်တက်လိုက်သည်။ သွေးပူလေ့ကျင့်ခန်း မလုပ်ရသေးခင်မှာပဲ ပြိုင်စံရှား ဂိုဏ်းမှတပည့်များ အားလုံးသည် သူ့ဆီသို့ အသံပို့လွှတ်လာကြ၏။

“စီနီယာအစ်ကိုစု... ကောင်းကောင်းသာဆော်နော်”

“ဒီမောက်မာလှတဲ့ သခင်လေးက စိတ်ပျက်စရာကောင်းတယ်၊ မသေမရှင်ဖြစ်အောင် နှိပ်စက်ပြီးတော့မှ ချ”

“သွေးပါထွက်တဲ့အထိ ရိုက်နော်၊ ရိုက်နိုင်လေ ကောင်းလေပဲ”

အားလုံးသည် လင်းယုဖန်းအား အကြွင်းမဲ့ မုန်းတီးလျက်ရှိနေကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ ဂိုဏ်းအား ပြိုင်စံပေါဂိုဏ်းဟု ခေါ်ဝေါ်ခဲ့သည်မဟုတ်ပါလား။ ပြောရမည်ဆိုလျှင် အမုန်းတရားများကို ဆွဲဆောင်ရယူသည့် နေရာတွင် သခင်လေးလင်းသည် ကျွင်းချောင်ရှောင်းနှင့်ပင် နှိုင်းယှဉ်၍ ရနိုင်သည်ဟု ဆိုရပေမည်။

လင်းယုဖန်းသည် စင်မြင့်ပေါ်သို့ လှမ်း၍ ခုန်တက်လိုက်တော့သည်။ သူ၏ မျက်လုံးထဲတွင်တော့ ဒေါသတရားများ နှင့် ပြည့်နှက်နေသည်။ မျက်လုံးနှင့်သာ လူသတ်နိုင်မည်ဆိုပါက စုရှောင်မိုသည် အပိုင်းပိုင်းပင် ဖြစ်လို့နေမည်ဖြစ်၏။

“ဒီစင်မြင့်ပေါ်ကို တက်လာတဲ့လူက ပြိုင်စံရှားဂိုဏ်းက အတွင်းစည်းတပည့်တစ်ယောက်ပဲ၊ သူ့ရဲ့အားအင်အဆင့် က မဆိုးဘူး၊ သခင်လေးလင်း နိုင်နိုင်ပါ့မလား”

“ကျုပ်ကြားတာတော့ သခင်လေးလင်းရဲ့ ပါရမီက အရမ်းကြီး မကောင်းဘူး၊ သူ့အဖေက သဘာဝရတနာ တော်တော်များများကို အသုံးပြုပြီးတော့ မရီဒန်တွေကို ပြုပြင်ပေးထားတယ်လို့ ကြားတယ်”

“အင်း... အဖေအားကိုးပြီးနေရတဲ့ဘဝက တစ်ကယ့်ကိုကောင်းတာပဲ”

လင်းယုဖန်းသည် အရှေ့တောင်ရန်ကျူးမှ လူများ၏ တီးတိုးပြောဆိုမှုကို ကြားရသည့်အချိန်မှာတော့ ခန္ဓာကိုယ်ထဲရှိ ဒေါသများသည် ပိုမို၍ ဆူဝေလာတော့သည်။ ၎င်းတို့အားလုံးသည် သူ၏ အဖေအကြောင်းကိုသာ ဂရုစိုက်နေကြ၏။ ဒီတစ်နှစ်ပတ်လုံး သူကိုယ်တိုင် ကြိုးကြိုးစားစားနှင့် ကျင့်ကြံခဲ့သည့်အကြောင်းကို မည်သူမျှ ထုတ်ဖော်မပြောကြချေ။

သူသည် သူ့အဖေ၏သားအဖြစ် မွေးဖွားလာပြီးသည့်နောက်မှာတော့ သူ၏ ကြိုးစားမှုနှင့် အားအင်စိုက်ထုတ်မှုများ အားလုံးသည် ရေပေါ်တွင် အရုပ်ရေးသလို မှေးမှိန်လျက်ရှိနေ၏။ ကောင်းမွန်သည့် အဖေတစ်ယောက် ရှိနေသည်ကိုပင် အပြစ်တင်ရမလိုဖြစ်နေ၏။ ဤအရာသည် သူ့အား မမျှမတ သတ်မှတ်ခံရခြင်းများ ယူဆောင်လာပေး၏။

ဟူး ဟူး

အကြွင်းမဲ့တောက်လောင်နေသည့် ဒေါသတရားများ၏ အောက်မှာတော့ လင်းယုဖန်းသည် ၎င်း၏ သိုင်းစစ်သူကြီး ကျင့်ကြံခြင်းအဆင့်ကို ထုတ်လွှတ်လိုက်တော့သည်။ ပြီးနောက် တီးတိုးပြောလိုက်သည်။ “ငါက တော်ဝင်မြို့ရဲ့ သခင်လေး ဖြစ်လာတာ ငါ့ရဲ့ကိုယ်ပိုင်အားအင်ကြောင့်၊ ဘယ်သူ့ကြောင့်မှ မဟုတ်ဘူး ဆိုတာကို သိစေရမယ်”

“ဟုတ်လို့လား”

စုရှောင်မို ပြုံးလိုက်မိ၏။ အဆုံးမဲ့ကျင့်ကြံခြင်းများကို ထုတ်ဖော်လိုက်သော လင်းယုဖန်းသည် ဝံ့ကြွားစွာနှင့် ပြောလိုက်၏။ “ဒါဆိုလည်း လက်နက်နဲ့ တိုက်ခိုက်ကြတာပေါ့”

ပြောပြီးသည့်နောက် သူ၏လက်ကို မြှောက်လိုက်သည်။ နဂါးသားရဲတစ်ကောင်ကဲ့သို့သော ဓားတစ်စင်းသည် သူ၏ လက်ထဲ၌ ပေါ်လာတော့သည်။ ဓားအိမ်ထဲမှ မထုတ်ရသေးဘူး ဆိုလျှင်တောင်မှ အလွန်တရာထက်ရှလှသော အော်ရာများထွက်ပေါ်နေသည်။

“သုံးပေနဂါးဓား”

“ချီးတဲ့မှ …..”

“ဒါက မြို့တော်ဝန်လင်းကိုယ်တိုင် ကိုင်တဲ့ဓား မဟုတ်လား”

“အရည်အသွေးက အဆင့်မြင့် အထက်အဆင့်ကိုတောင် ရောက်နေပြီ၊ သူ့သားကို ပေးထားလိမ့်မယ်လို့ ထင်တောင် မထင်ထားမိဘူး”

အားလုံးသည် မနာလိုကြီးစွာဖြင့် ကြည့်လိုက်ကြ၏။ အကြီးအကဲလျှိုနှင့် ကွတ်တုဟုန်တို့၏ မျက်လုံးများသည် လည်း ထူးဆန်းသည် အရိပ်အယောင်များ ဖြစ်တည်လာတော့သည်။ သိုင်းအုပ်စိုးသူများ ဖြစ်သော်လည်း သူတော်စင် အဆင့်နှင့် နီးကပ်လျက်ရှိသော ဤကဲ့သို့လက်နက်မျိုး သူတို့ဆီတွင် မရှိချေ။

သေချာပေသည်။ အဖေကောင်း တစ်ယောက်ရှိရခြင်းမှာ ကောင်းမွန်လွန်းလှ၏။

လင်းယုဖန်းသည် သူ့အဖေကြောင့် ဖြစ်တည်လာခြင်း မဟုတ်ဘဲ မိမိဘာသာ ကြိုးစားသောကြောင့် ဤကဲ့သို့သော ကျင့်ကြံခြင်း အဆင့်ထိ ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း သက်သေပြချင်သော လင်းယုဖန်းသည် သူ၏ အဖေပေးထားသောဓားကို ဆွဲထုတ်လိုက်၏။

“လာစမ်း”

စုရှောင်မိုက ပြောလိုက်၏။ “တိုက်ခိုက်ကြရအောင်”

“မင်းရဲ့လက်နက်က ဘယ်မှာလဲ”

“မင်းလိုလူတစ်ယောက်ကို တိုက်ခိုက်ဖို့အတွက် လက်ဗလာနဲ့တင် လုံလောက်တယ်”

“မောက်မာလိုက်တာ” လင်းယုဖန်း၏ မျက်လုံးများသည် အေးစက်သွား၏။

သူသည် ချက်ချင်းဆိုသလိုပဲ ဓားလက်ကိုင်ကို ဆွဲယူလိုက် တော့သည်။ ချလွမ်ဆိုသည့်အသံနှင့်အတူ သုံးပေနဂါးဓားသည် ထွက်ပေါ်လာတော့သည်။ ဤဓားသည် သုံးပေ ရှည်လျား၏။ ဓားသွားများသည် အဖြူရောင်ဖြစ်ပြီး ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်သည်နှင့်တပြိုင်နက် နဂါးအော်သံ များ ထွက်ပေါ်လာသည်။ အလွန်တရာ ကောင်းမွန်လှသည့် လက်နက်ဟု ဆိုရမည်။ ဤသို့သော လက်နက်မျိုးသည် ပိုက်ဆံရှိလျှင်တောင်မှ ဝယ်ယူ၍ ရနိုင်သော လက်နက်မျိုး မဟုတ်ချေ။

ရွှီး

လင်းယုဖန်းသည် သူ၏ စိတ်ဝိညာဉ်စွမ်းအင်များကို ဓားအတွင်းသို့ထည့်သွင်းလျက် လေဟာနယ်ထဲသို့ ခုတ်ပိုင်း လိုက်သည်။ ချက်ချင်းဆိုသလိုပဲ အေးစက်မှုနှင့် ဓားအော်ရာများသည် ဖြစ်တည်လာခဲ့တော့သည်။

စုရှောင်မိုသည် ခြေဖျားကိုထောက်ပြီး ဆန်းတြိမ်ခြေလှမ်းကွက်ကို ထုတ်သုံးကာ ရှောင်ရှားလိုက်သည်။ ပြီးနောက် လင်းယုဖန်း၏ နောက်ဘက်ဆီ၌ ပေါ်လာပြီး လင်းယုဖန်း၏ ဖင်အား ဆောင့်ကန်လိုက်တော့သည်။

လင်းယုဖန်းသည် ရှောင်တိမ်းရန် အချိန်မရှိပေ။ ထို့ကြောင့်ပဲ အကန်ခံလိုက်ရပြီး အရှေ့သို့ လွှင့်စင်သွား၏။

ရွှီး

စုရှောင်မိုသည် အရှေ့သို့ လှမ်းတက်လာပြီး သူ၏ ညာဘက်ခြေထောက်ထဲ စိတ်ဝိညာဉ်စွမ်းအင်များကို ထည့်သွင်းကာ ရုတ်တရက် ကန်ချလိုက်၏။

ဘန်း ….. ဘန်း …. ဘန်း။

ချက်ချင်းဆိုသလိုပဲ လင်းယုဖန်း၏ ရင်ဘတ်တွင် ခြေကန်ရာများနှင့် ပြည့်နှက်သွားတော့သည်။ ၎င်းသည် သိုင်းစစ်သူကြီးအဆင့်လေး ကျင့်ကြံသူတစ်ယောက်သာ ဖြစ်သည်ဆိုသော်လည်း အဆင့်မြင့် ဓားတစ်စင်းကို ကိုင်ဆောင်ထား၏။ သို့ပေမဲ့ သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့်ရှိနေသော စုရှောင်မိုအတွက်တော့ ကစားစရာ အရုပ်လေးတစ်ရုပ်နှင့်ပင် ဆင်တူနေသည်။

ချီးတဲ့မှ

လင်းယုဖန်းသည် နာကျင်မှုကို တောင့်ခံပြီးသည့်နောက်မှာတော့ သူ၏ ဓားနည်းစနစ်များကို ထုတ်ဖော်တော့သည်။ ရုတ်တရက်ဆိုသလိုပဲ လေထုထဲမှာတော့ အလွန်တရာ များပြားလှသော ဓားအရိပ်အယောင်များ ဖြစ်တည်လာ သည်။ ဤအရာသည် မြို့တော်ဝန်ကိုယ်တိုင် သူ့သားအတွက် ပြင်ဆင်ပေးထားသော ဓားနည်းစနစ်ပင်ဖြစ်တော့၏။

ကံဆိုးလှစွာဖြင့် လင်းယုဖန်း၏ ပါရမီသည် ထူးချွန်လှသည်မဟုတ်ပေ။ သူသည် ဓားနည်းစနစ်ကို သင်ယူနိုင်ခဲ့ပြီး အဆင့်မြင့်ဓားတစ်စင်းကို ကိုင်ဆောင်ရသည် ဆိုသော်လည်း တိုက်ခိုက်ရေးစွမ်းအင်များကို အစွမ်းကုန် ထုတ်ဖော် နိုင်ရန်အတွက် အခက်အခဲရှိလို့နေသည်။

ရွှီး …. ရွှီး

စုရှောင်မိုသည် မြန်ဆန်မှုကို အသုံးပြု၍ ဘယ်မှညာ၊ ညာမှဘယ်သို့ ရှောင်ရှားလျက်ရှိသည်။ ပြီးသည့်နောက်မှာ တော့ သူသည် လင်းယုဖန်း၏ ရှေ့တည့်တည့်၌ ပေါ်လာတော့သည်။ ပြီးနောက် လက်ကောက်ဝတ်ကို လှမ်း၍ ကန်ထုတ်လိုက်၏။ သုံးပေနဂါးဓားကြီးသည် လက်ထဲမှ လွင့်စင်သွားပြီး မြေပေါ်သို့ စိုက်ဝင်သွားတော့သည်။

အကြီးအကဲလျှိုသည် ခေါင်းကို ခါယမ်းလိုက်သည်။ ဤသို့သောရလဒ်မျိုး ဖြစ်လာသည့်အတွက် သူသည် မအံ့ဩမိချေ။ ပြောရမည်ဆိုလျှင် တော်ဝန်မြို့၏ သခင်လေးသည် အလွန်တရာ အားကောင်းလှသော အဖေတစ်ယောက် ရှိနေခြင်းကြောင့်သာ သူ့အား လေးစားနေကြခြင်းဖြစ်သည်။ ထိုသို့သော အဖေမျိုး မရှိပါက ယခု ရှိရှိနေသမျှ ကျင့်ကြံသူများထဲတွင် မည်သူတစ်ဦးတစ်ယောက်ကမှ ထူးခြား၍ ဂရုစိုက်နေမည်သူ မဟုတ်ချေ။

“သေစမ်း”

လင်းယုဖန်းသည် ဒေါသအကြီးအကျယ် ထွက်သွားတော့သည်။ သူသည် အားကောင်းလှသော ဓားတစ်စင်းနှင့် ဓားနည်းစနစ်ကို ပိုင်ဆိုင်ခဲ့၏။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်း၏ တပည့်တစ်ယောက်ကို ရှုံးနိမ့်ခဲ့ရသေးသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ကောင်းမွန်လှသည့် အဖေတစ်ယောက်ရှိခြင်းကြောင့်ပင်ဖြစ်၏။ သူ၏ အဖေသည် သူ့ကို အလုံးစုံထောက်ပံ့ပေးခဲ့သည်ဆိုသော်လည်း သူသည် ဘာမှထူးခြား၍ ဖြစ်မလာပေ။

စုရှောင်မိုနှင့် ကျန်သောလူများမှာတော့ ကောင်းမွန်သည့် ဂိုဏ်းချုပ်တစ်ယောက် ရှိနေ၏။ ထို့ပြင် ရေတွက်၍ မရအောင် များပြားလှသော အရင်းအမြစ်များနှင့် သိုင်းနည်းစနစ်များကို ပေါပေါသီသီ ရရှိခဲ့ကြသည်။ ထို့အတူပဲ ပြိုင်စံရှားဂိုဏ်းတပည့်များအားလုံးသည် အလွန်တရာအားကောင်းအောင် ကြိုးစားကျင့်ကြံနိုင်ခဲ့ကြသည်။

အကယ်၍ ရွေးချယ်ခွင့်ရှိမည်ဆိုပါက စုရှောင်မိုနှင့် တခြားသူများ အားလုံးသည် မြို့တော်ဝန်၏ သားတစ်ယောက် လုပ်မလား၊ ပြိုင်စံရှားဂိုဏ်းသားတစ်ယောက်လုပ်မလား ရွေးချယ်ရပါက ပြိုင်စံရှားဂိုဏ်းသား လုပ်မည်ဟုသာ တစ်ခါတည်း တန်း၍ ဖြေဆိုပေလိမ့်မည်။ ပြိုင်စံရှားဂိုဏ်းသားဆိုသည်မှာ တန်ဖိုးကြီးလှသော ရတနာများပင် ဖြစ်သည်။

ပြီးသွားပြီလား။

မပြီးသေးပေ။ စုရှောင်မိုသည် လင်းယုဖန်း၏ လက်နက်အား ကန်ကျောက်ပြီးသည့်နောက်မှာတော့ အညံ့ခံခွင့် သို့မဟုတ် စင်မြင့်ပေါ်မှ ဆင်းခွင့်မပေးခဲ့ချေ။ အလွန်တရာ ပြင်းထန်လှသော လက်သီးချက်များကို ထုတ်ဖော်ကာ ထိုးနှက်လိုက်တော့သည်။ ပြီးနောက် ပက်ပက်စက်စက် ရိုက်နှက်တော့၏။

ဘန်း ဘန်း ဘန်း ….။

ကြည့်ရှုနေကြသော သူများ၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။ အဆုံးသတ်မှာတော့ သူတို့သည် ဆက်လက်၍ပင် မကြည့်နိုင်တော့ဘဲ မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်ရသည်။

“ဂိုဏ်းချုပ်ကျွင်း”

ကြာပန်းနီသည် တီးတိုးပြောလိုက်၏။ “သူက တော်ဝန်မြို့ရဲ့ သခင်လေးလေ၊ သူ့ကို သင်ခန်းစာပေးရုံလောက်ဆိုရင် ရပါပြီ၊ လွန်လွန်ကျုးကျုး မလုပ်တာ မကောင်းဘူးလား”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သူက တော်ဝန်မြို့ရဲ့ သခင်လေး ဖြစ်နေလို့ ရိုက်ရတာပဲ၊ ဒါမှ ပြိုင်စံရှားဂိုဏ်းဆိုတာ လာပြီး ရှုပ်လို့ရတဲ့အရာ မဟုတ်ကြောင်း လောကကြီးက သိမှာလေ”

“…...” မင်းသမီလေး ကြာပန်းနီသည် တိတ်ဆိတ်ငြိမ်သက်သွား၏။

ဘုန်း …..။

နောက်ထပ်ပြင်းထန်လှသော လက်သီးချက်ကြီး ကျဆင်းလာချိန်မှာတော့ လင်းယုဖန်းသည် ခေါင်းကြီးစောင်းကာ သတိမေ့သွားတော့သည်။ သူ၏မျက်နှာ တစ်ခုလုံးသည် ဖူးရောင်လျက်ရှိ၏။ သူ၏ မိဘ များပင်လျှင် လက်ရှိအခြေအနေအတိုင်း မြင်ပါက မှတ်မိလိမ့်မည်ပင် မဟုတ်ချေ။

ဖြောင်း …….။

စုရှောင်မိုသည် လက်ခုတ်အသာတီးကာ ပြောလိုက်၏။ “အနိုင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

အကြီးအကဲလျှိုနှင့် ကွတ်တုဟုန်တို့၏ အမူအရာများသည်လည်း ပျက်ယွင်းသွားကြ၏။ သို့ပေမဲ့ သူတို့အနေနှင့် ဘာတစ်ခုမှ ပြော၍ မရနိုင်ချေ။ ထို့အပြင် ဤနေရာသည် တိုက်ခိုက်ရေးတည်နေရာဖြစ်သည်။ သူတို့သာ အပေါ်ကို တက်ပြီး ပြဿနာရှာပါက မိမိဘက်တော်သား အရိုက်နှက်ခံရ၍ အပြစ်ဆိုသည်ဟုသာ ပြောဆိုကြပေမည်။

“ခင်ဗျားတို့တွေ …”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဆက်ပြီးတော့ သိုင်းပညာလက်ရည်ကို စမ်းချင်တယ်ဆိုရင် စင်ပေါ်ကို တက်ခဲ့ကြ၊ ပြိုင်စံရှားဂိုဏ်းက ဘယ်သူ့ကိုမှ ငြင်းပယ်မှာ မဟုတ်ဘူး”

အဆင့်လေး ဂိုဏ်းငါးဂိုဏ်းမှ ကျွမ်းကျင်သူများအားလုံးသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ သိုင်းအုပ်စိုးသူတစ်ယောက် ပင်လျှင် ရှုံးနိမ့်သွားခဲ့ကြသည်။ ပြိုင်စံရှားဂိုဏ်းမှာ အတော်လေး အားကောင်းလွန်းလှ၏။ သူတို့သည်သာ စင်မြင့်ပေါ်သို့ တက်သွားမည်ဆိုပါက မိမိကိုယ်ကိုယ် အရှက်ခွဲတာနှင့် တူပေလိမ့်မည်။

“ဂိုဏ်းချုပ်ကျွင်း”

အကြီးအကဲလျှိုသည် လက်သီးကိုဆုပ်ကာ ပြောလိုက်သည်။ “အလားအလာ နေရမှာ ထိပ်ဆုံးသုံးခုထဲကိုဝင်တဲ့ ဂိုဏ်းတစ်ခုပီသစွာပဲ ဒီနေ့မှာ ကျုပ်တို့က တော်တော်များများကို သင်ယူခဲ့လိုက်တယ်၊ ဆက်ပြီးတော့ မနှောက်ယှက်တော့ပါဘူး၊ အရင်ဆုံး သွားပါတော့မယ်”

များပြားလှသည့် တိုက်ခိုက်ပွဲများကို ရှုံးနိမ့်ခဲ့ပြီး သိုင်းအုပ်စိုးသူတစ်ယောက်ပင်လျှင် အနိုင်မရခဲ့ပေ။ မည်သို့သော မျက်နှာနှင့် ဤနေရာတွင် ဆက်၍ ရပ်နေရမည်နည်း။ ထို့ကြောင့် ထွက်ခွာသွားမှ ဖြစ်ပေလိမ့်မည်။

“လိုက်မပို့ပေးနိုင်တဲ့အတွက် ခွင့်လွှတ်ပေးပါ”

ကျွင်းချောင်ရှောင်းသည် လက်သီးကိုဆုပ်ကာ ပြောလိုက်သည်။

အကြီးအကဲလျှိုသည် သူ၏ တပည့်များကို အမိန့် ပေးပြီး သတိမေ့နေသော လင်းယုဖန်းအား သယ်ပိုးခိုင်းခဲ့၏။ နောက်ဆုံးတော့ အရှေ့တောင်ရန်ကျူးရှိ ကျင့်ကြံသူ များ၏ မျက်လုံးအကြည့်အောက်မှာပင် သူတို့သည် ရှက်ရွံ့စွာဖြင့် ပြန်လည်ထွက်ခွာသွားခဲ့ရသည်။

သူတို့သည် လာရောက်ချိန်မှာတော့ အလွန်တရာ မာနကြီးပြီး ဟိတ်ဟန်အပြည့်ဖြင့် လာရောက်ခဲ့ခြင်းဖြစ်သည်။ ပြန်လည် ထွက်ခွာသွားချိန်မှာတော့ ရှက်ရွံ့စွာဖြင့် ထွက်ခွာသွားခဲ့ရ၏။

ယနေ့မှာတော့ အရှေ့အလယ်ပိုင်း ဒေသမှ အဆင့်လေး ဂိုဏ်းကြီး ငါးဂိုဏ်းတို့သည် ပြိုင်စံရှားဂိုဏ်းအား ရှုံးနိမ့်ကာ ပြန်သွားခဲ့ရသည်။

ယနေ့မှာတော့ အရှေ့တောင်ရန်ကျူးရှိ သိုင်းကျင့်ကြံသူများသည် ၎င်းတို့၏ နှလုံးသားထဲမှာတော့ ကြိတ်ကာ အော်ဟစ်နေကြသည်။ “ပြိုင်စံရှားဂိုဏ်းက ပြိုင်ဘက်ကင်းပဲ”

“ဂိုဏ်းချုပ်ကျွင်း”

မင်းသမီးလေး ကြာပန်းနီက ပြုံးကာ ပြောလိုက်သည်။ “ကျွန်မအဖေသာ ဒီကိစ္စကိုသိရင် အရမ်းပျော်မှာပဲ”

ကျွင်းချောင်ရှောင်းသည် သူမပြောကြားသည်ကို မကြားလိုက်ချေ။ ထို့အတူ လူထု၏ အော်ဟစ်သံများကိုလည်း သူမကြားချေ။ အဘယ်ကြောင့်ဆိုသော် သူ၏နားထဲတွင်တော့ ဂိုဏ်း၏တာဝန်ပြည့်စုံသည့်အသံများ တတောင် တောင်နှင့် ထွက်ပေါ်နေသောကြောင့်ပင်ဖြစ်၏။

All Chapters