← Chapters

အခန်း (၅၈၅)

Vol. 39 Ch. 585

အခန်း (၅၈၅)

Vol. 39 Ch. 585

ရုတ်တရက် အမြှောက်ပစ်သည့်အသံသည် ကျယ်လောင်စွာ ထွက်ပေါ်လာတော့သည်။ အမြှောက်၏ သတ်မှတ်အကွာအဝေး တစ်ခု အတွင်းတွင် ရှိနေကြ သော ပြိုင်စံရှားဂိုဏ်းတပည့်များမှ အပ အဆင့်နိမ့်ကျင့်ကြံသူများ အားလုံးသည် သွေးပင်အန်၍ ထွက်လာကြတော့သည်။ အဆင့်မြင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်သော ကျင့်ကြံသူများမှာတော့ ၎င်းတို့၏ ခန္ဓာကိုယ်တွင်ရှိသော ချီနှင့်သွေးများအားလုံးသည် ပြောင်းပြန်ပင် လည်သွားကြ၏။ သူတို့၏ နားထဲတွင် တဝီဝီဆိုသော အသံများကိုသာ ကြားနေရသည်။

အီတလီ အမြှောက်ကြီးသည် အလွန်တရာ ကြောက်မက်ဖွယ်‌ ကောင်းလွန်းလှ၏။ ဤအရာအား လီချင်းယန် ပစ်ခတ်မည်ဆိုလျှင် ပိုမို၍ သင့်တော်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဂိုဏ်း၏ ဒုတိယမြောက် စီနီယာအစ်ကိုကြီး မဟုတ်ပါလား။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ဂိုဏ်း၏ အသိအမှတ်ပြု တိုက်ခိုက်သူဖြစ်သည့် ရှောင်ကျီ ကသာ ထိုအမြှောက်ကြီးအား အဓိကပစ်ခတ်သူ ဖြစ်နေ၏။

အမြှောက်၏ အသံသည် လေထုထဲတွင် ပဲ့တင်ထပ်လျက်ရှိပြီး အချိန်အတော်ကြာသည်အထိ မပျောက်ကွယ်သွားချေ။

လုကျိုးတွင်ရှိနေသော ကျင့်ကြံသူများသည် ထိုအသံကြီးကို ကြားပြီးသည့်နောက်မှာတော့ ထိတ်လန့်ကြောက်ရွံ့မှု များနှင့်အတူ ခေါင်းနပမ်းပင် ကြီးသွားမိကြ၏။ သူတို့၏ မြင်ကွင်းထဲတွင်တော့ ပိုက်ကဲ့သို့ ရှည်လျားလှသည့် လက်နက်ကြီးတစ်ခုဆီမှ အစိမ်းရောင်အခိုးအငွေ့များ ထွက်ပေါ်လျက်ရှိနေသည်။ အစီအရင် တည်နေရာတွင်တော့ ကြီးမားလှသည့် အက်ကွဲကြောင်းများ ဖြစ်ပေါ်လျက်ရှိနေသည်။

ရှောင်ကျီသည် သူ၏နားကို လက်နှစ်ဖက်နှင့်အုပ်ကာ၍ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင်ပင် မူးနောက်နောက် ခံစားနေမိသည်။ သူသည် သိုင်းစစ်သူကြီးထိပ်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပြီဖြစ်ပြီး ခန္ဓာကိုယ် အားအင်သည်လည်း အလွန်တရာ အားကောင်းလာ၏။ သို့ပေမဲ့ အမြှောက်၏ အသံကို မခံစားနိုင်ခဲ့ သေးချေ။

အအေးနန်းတော်ဆီသို့ ရောက်ရှိလာသည့်လမ်းတွင် ဂိုဏ်းချုပ်သည် သူ့အား အမဲရောင်စိတ်ဝိညာဉ် စိတ်ဝင်ညာဉ် စွမ်းအင်များ တည်ရှိနေသော သလင်းအမြူတေများကို ပေးစွမ်းခဲ့သည်။ ထိုအရာသည် နတ်ဆိုးတောင်ရိုးထဲမှ ရရှိခဲ့သော နတ်ဆိုးသလင်းအမြူတေများပင် ဖြစ်တော့၏။ ထိုအရာများသည် အရည်အသွေးမြင့်မားရုံသာမက ကြောက်မက်ဖွယ်ရာ နတ်ဆိုးစွမ်းအင်များလည်း ပါဝင်နေသည်။ ထိုသို့သော အရာများကို စုဝေး၍ အမြှောက်ထဲသို့ ထည့်ကာ ပစ်ခတ်ခဲ့သည်ဖြစ်သောကြောင့် စွမ်းအင်များသည် ခန့်မှန်း၍ မရနိုင်အောင် အားကောင်းလွန်းနေ၏။ ထိုသို့သောပစ်ခတ်မှုကြောင့် အအေးနန်းတော်တစ်ခုလုံးတွင် ထိတ်လန့်စိုးရွံ့ဖွယ်ရာအော်ရာများ ထွက်ပေါ်လာတော့ သည်။

အဆင့်မြင့်မိစ္ဆာကျင့်ကြံသူများတချို့က ထိုအရာကို မြင်လိုက်သည့်အချိန်မှာ‌တော့ အလွန်တရာ အားကောင်း လှသည့် မိစ္ဆာကျင့်ကြံခြင်းနည်းစနစ် အား အသုံးပြုလိုက်သည်ဟု ထင်မှတ်မှားခဲ့မိကြသည်။ သို့ပေမဲ့ အအေးနန်းတော်၏ ဂိုဏ်းအကာအကွယ် အစီအရင်မှာတော့ ထိုအမြှောက်ကြီး၏ ပစ်ခတ်မှုကြားတွင် တွန့်ကာသွား၏။ သို့ပေမဲ့ မြန်မြန်ဆန်ဆန် ပြန်ကောင်းသွားပြီး ပျက်စီးသွားခြင်းတော့မရှိပေ။

“ဂိုဏ်းချုပ်”

ဂိုဏ်းနှင့်အတူ လိုက်ပါလာသော ကျန်းတယ်ကျွင်းသည် အသံပို့လွှတ်လိုက်၏။ “အအေးနန်းတော်၏ ဂိုဏ်းအကာအကွယ်အစီအရင်က အထူးအဆင့်ကို ရောက်နေတယ်”

ဤအဆင့်သည် အလွန်တရာမြင့်မားလွန်း၏။ သိုင်းအုပ်စိုးသူအဆင့်နှင့်ပင် နှိုင်းယှဉ်၍ ရနိုင်၏။

“ဒီလိုလား”

ကျွင်းချောင်ရှောင်းသည် လက်ကိုမြှောက်လိုက်၏။

ခရက်

အမြှောက်ပစ်သံနှင့် အသားကျနေပြီဖြစ်သော ရှောင်ကျီသည် ချက်ချင်းဆိုသလိုပဲ အမြှောက်၏ ကျည်ဆံနေရာတွင် နတ်ဆိုးသလင်းအမြူတေနှစ်ခုကို ထည့်ကာ ကျည်ဖြည့်လိုက်တော့သည်။

“…….” အအေးနန်းတော်ရှိ အထက်ပိုင်းအကြီးအကဲများ၏ နှုတ်ခမ်းများသည် တုန်ရင်သွားကြ၏။

လုကျိုးတွင်ရှိသော ကျင့်ကြံသူများအားလုံးသည် ထိတ်လန့်ကြောက်ရွံ့နေသောကြောင့် မြန်မြန်ဆန်ဆန်ပဲ အနောက်သို့ ဆုတ်ခွာသွား ကြသည်။ သူတို့၏ နားကိုအုပ်ကာပြီး တချို့ဆိုလျှင် အကြားအာရုံကိုပင် စည်းခတ်ထားကြ၏။

“ရောင်းရင်း”

အအေးနန်းတော်၏ ခန်းမသခင်သည် အလောတကြီးဖြင့် ပြောလိုက်၏။ “ကောင်းကောင်းမွန်မွန် ပြောကြရအောင်”

“ပစ်”

လက်နက်ပစ်ခတ်သံသည် ကျယ်လောင်စွာ ထွက်ပေါ်လာတော့သည်။

ဝုန်း …. ဝုန်း

ကျွင်းချောင်ရှောင်း၏ ဒေါသတကြီး အော်ဟစ်သံသည် ကောင်းကင်တစ်ခုလုံးတွင် ပျံ့နှံ့နေ၏။

ဘန်း

အမြှောက်ကြီး၏ ပြောင်းဝဆီမှ ရုတ်တရက်ဆိုသလိုပဲ မီးတောက်များ ထွက်ပေါ်လာပြီး အမဲရောင် အလုံးကြီး တစ်ခုသည် အဆုံးမဲ့လေဟာနယ်ထဲသို့ ဖြတ်သန်းပြီးသည့်နောက်မှာတော့ အအေးနန်းတော်ထဲ၏ ဂိုဏ်းအကာအကွယ် အစီအရင်ဆီသို့ တိုက်ရိုက်ဆိုသလိုပဲ ကျဆင်းလာသည်။

ဂျိန်း

အထူးအဆင့် ဂိုဏ်းအစီအရင်သည် အလွန်တရာ အားကောင်းလှသော တိုက်ခိုက်မှုနှစ်ခု၏ အောက်မှာတော့ ချက်ချင်းဆိုသလိုပဲ ပျက်ပြယ်သွားတော့၏။ အမြှောက်၏ စွမ်းအင်သည် အလွန်တရာ အားကောင်းလွန်းလှ၏။ လွန်ခဲ့သည့်နှစ်ပေါင်းထောင်ချီထဲက တည်ဆောက်ခဲ့သော ဂိုဏ်း၏ ဂိတ်တံခါးသည် ပျက်စီးသွားခဲ့ရပြီဖြစ်သည်။

အဝေးတွင်ရှိသော ကျင့်ကြံသူများအားလုံးသည် သက်မချမိလိုက်တော့၏။ အအေးနန်းတော်၏ တောင်ဂိတ်တံခါး တစ်ဝက်လောက်သည် အလုံးစုံပျက်စီးသွားခဲ့ပြီဖြစ်၏။

သောက်ကျိုးနည်း …။

ဤလက်နက်ကြီးသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။

အစီအရင်ဘုရင်ဖြစ်သော ကျန်းတယ်ကျွင်းသည်လည်း ဆွံ့အနေမိတော့၏။ အလွန်တရာအားကောင်းလှသော အကာအကွယ်အစီအရင်သည် လက်နက်ကြီး၏ နှစ်ချက်သာ ပစ်ခတ်မှုအောက်တွင် ပျက်စီးသွားခဲ့ရပြီဖြစ်သည်။ သိုင်းအုပ်စိုးသူကဲ့သို့ ကျင့်ကြံသူ တစ်ယောက်ပင်လျှင် ထိုကဲ့သို့သောအရာမျိုးကို ပြုလုပ်နိုင်မည်မဟုတ်ပေ။

စနစ်ဆီမှ ဝယ်ယူ၍ ရနိုင်သော ပစ်ခတ်နိုင်သည့်လက်နက်၏ အားအင်သည် အထင်သေး၍ မရချေ။ အထူးသဖြင့် သတ်မှတ်ထားသည့်ပစ်မှတ်ကို ချိန်တွယ်ပြီး စိတ်ဝိညာဉ်အမြူတေများနှင့် ထည့်သွင်းပစ်ခတ်လိုက်သည့်အချိန် မှာတော့ သိုင်းအုပ်စိုးသူတစ်ယောက်ထက်ပင် ပို၍အားကောင်းသော တိုက်ခိုက်ချက်ကို ထုတ်ဖော်နိုင်နေပြီဖြစ်သည်။

တစ်ချက်နှင့်ပစ်ခတ်၍ ဤပြဿနာကို မဖြေရှင်းနိုင်လျှင် နှစ်ချက်ပစ်ခတ်မည်ဖြစ်သည်။ နှစ်ချက်နှင့်မှ မရသော် အဆက်မပြတ် ပစ်ခတ်နေမည်ဖြစ်၏။

ဤတစ်ကြိမ်မှာတော့ ဂိုဏ်းချုပ်ကျွင်းသည် အဆုံးမဲ့သော ဒေါသတရား များနှင့် ပြည့်နှက်နေသည်ဟု ဆိုရမည်။

အအေးနန်းတော်၏ တောင်ကမ်းပါးယံသည် အမြှောက်ကြီး၏ ပစ်ခတ်မှုအောက်မှာတော့ ပြိုကျသွားခဲ့ပြီဖြစ်သည်။ နဂါးများတွင် ထိတွေ့ကိုင်တွယ်၍မရသော တည်နေရာရှိသည်။ ထိုနေရာကို ထိတွေ့ကိုင်တွယ်မည်ဆိုလျှင် သေဆုံးရမည်ဖြစ်သည်။ ထို့ကြောင့် အဆင့်လေးဂိုဏ်းတစ်ခုဖြစ်သည် ဆိုလျှင်တောင်မှ ပြိုင်စံရှားဂိုဏ်းသည် လက်လွှတ်ပေးမည် မဟုတ်ချေ။

၎င်း၏တပည့်ကို ထိခိုက်မည်ဆိုပါက ဂိုဏ်းချုပ်ကျွင်းသည် မှန်သည်၊ မှားသည်ကို ဆုံးဖြတ်လိမ့်မည် မဟုတ်ချေ။ မည်သူ့ကိုဖြစ်ဖြစ် ချက်ချင်းသတ်ဖြတ်ပစ်မည်ဖြစ်သည်။

အအေးနန်းတော်၏ ခန်းမသခင်သည် သွေးတစ်လုတ် အန်ထွက်လာတော့၏။ အအေးနန်းတော်၏ ဂိုဏ်းအကာအကွယ် အစီအရင်သည် နှစ်ပေါင်းတစ်ထောင်ထဲက တည်ဆောက်ထားခဲ့သည်ဖြစ်ပြီး ရေတွက်မရအောင် များပြားသောဘိုးဘေးများသည် အချိန်အတော်ကြာအောင် ကြိုးစား၍ အရင်းအမြစ်များ ဖြည့်သွင်းကာ အဆက်ဆက် တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်။ လက်ရှိအခြေအနေ မှာတော့ သူ၏လက်ထက်တွင် ပျက်ဆီးကွဲကြေသွားခဲ့ရပြီဖြစ်သည်။

ထို့ကြောင့် နန်းတော်သခင်၏ နှလုံးသားသည် သွေးစက်စက်ယိုလျက်ရှိသည်။ အထူးသဖြင့် တောင်၏ ဂိတ်တံခါး ဆိုသည်မှာ ၎င်းတို့၏ ဂုဏ်သိက္ခာကို ဖော်ညွှန်းပြသနေသည့်အရာပင်ဖြစ်သည်။ ယခု ဂိတ်တံခါးပျက်စီးသွားခဲ့ပြီ ဆိုတော့ သူတို့၏ ဂုဏ်သိက္ခာသည်လည်း ပျက်စီးသွားခဲ့ပြီဖြစ်သည်။ အအေးနန်းတော်၏ အထက်ပိုင်း အကြီးအကဲ များအားလုံးသည် အလွန်တရာ ဒေါသထွက်နေကြပြီဖြစ်၏။

နတ်ဆိုးလင်းယုန်နက်ကြီးသည် သူ၏အတောင်ပံများကို ဖြန့်ကျက်ကာ လေ့ကျင့်ရေးတည်နေရာကွင်းများဆီသို့ ရောက်ရှိလာတော့သည်။ ကျွင်းချောင်ရှောင်းသည် အားလုံးကို အပေါ်စီးမှ ငုံ့ကြည့်ပြီး အလွန်တရာမြင့်မြတ် လှသော ဘုရင်တစ်ပါးကဲ့သို့ ပြောဆိုလိုက်သည်။ “ကျုပ်တပည့်ကို လက်လွှဲပေး၊ မဟုတ်ရင် အအေးနန်းတော်တစ်ခုလုံးကို ဒီနေ့မှာ ဖျက်ဆီးပစ်မယ်”

“ဒီကောင်လေးက တကယ့်ကို မောက်မာလွန်းတာပဲ”

သူ့အား ကာကွယ်ပေးရန် အမှောင်ထဲတွင် ပုန်းအောင်းလျက်ရှိနေသော ဂိုဏ်းအသိအမှတ်ပြုဗဟိုနှင့် ကောင်းကင်ဘုံကျောင်းမှ ကျွမ်းကျင်သူများ၏ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ရင်သွားကြသည်။

ကျွင်းချောင်ရှောင်း သည် မိုင်ပေါင်းထောင်ချီဆီမှ ရောက်ရှိလာကြသည်ဖြစ်ပြီး ပထမဦးဆုံး အနေဖြင့် အဆင့်ခုနှစ်ဂိုဏ်းတစ်ခုကို ဖျက်ဆီး ခဲ့၏။ ယခု အဆင့်လေးဂိုဏ်းတစ်ခု၏ ဂိတ်တံခါးပါ ဖျက်ဆီးလျက်ရှိနေသည်။ ထို့အပြင် ဂိုဏ်းတစ်ခုလုံးကို ဖျက်ဆီး ရန်ပင် ခြိမ်းခြောက်လျက် ရှိနေသေး၏။ ဤအရာသည် သာမန်လူတစ်ယောက် ပြုလုပ်နိုင်သည့် အရာမျိုး မဟုတ်ချေ။

အအေးနန်းတော်၏ ခန်းမသခင်သည် အလွန်တရာ ဒေါသထွက်နေ၏။ သူကပြောလိုက်၏။ “ကောင်လေး… မင်းငါ့ရဲ့ အစီအရင်ကို ဖျက်ဆီးပစ်လိုက်တယ်။ ပြီးတော့ တောင်ရဲ့ ဂိတ်တံခါးကိုလည်း ဖျက်ဆီး ပစ်လိုက်တယ်၊ ဒီနေ့မှာတော့ မင်းအသက်ကို ဒီမှာထားခဲ့မှ ရတော့မယ်”

ဝှစ်

ပြောပြီးပြီးချင်းမှာပဲ သူ၏ သိုင်းအုပ်စိုးသူ အဆင့်ငါး ကျင့်ကြံခြင်းအဆင့်သည် အပြည့်အဝ ထွက်ပေါ်လာတော့ သည်။ သူသည် ပျံသန်းပြီးသည့်နောက် ဆူနာမီကဲ့သို့ ကြမ်းတမ်းကာ များပြားလှသည့် စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းလိုက်တော့သည်။ ဂိုဏ်းတစ်ခု၏ ခေါင်းဆောင်ဖြစ်သည်မို့ သူသည် မည်သို့မှ သည်းခံလိမ့်မည် မဟုတ်ချေ။ တိုက်ခိုက်ရမည်။ သူသည် အသက်သေဆုံးသည်အထိ အဆုံးမဲ့ တိုက်ခိုက်မှ ဖြစ်လိမ့်မည်။

ဘုန်း …. ဘုန်း

အအေးနန်းတော်၏ ခန်းမသခင်သည် လေထဲသို့ လက်ဝါးရိုက်ချက်များ ရိုက်ချလိုက်တော့၏။ ကောင်းကင်ထဲတွင် စုဝေးနေသော စိတ်ဝိညာဉ်စွမ်းအင်များသည် ချက်ချင်းဆိုသလိုပဲ ကြီးမားသည့်လက်ဝါးရာကြီးတစ်ခု ဖြစ်တည် လာပြီးသည့်နောက် မတူညီသည့် တည်နေရာမျိုးစုံမှ တူညီသည့်အရှိန်နှုန်းနှင့်အတူ ကျွင်းချောင်ရှောင်းဆီသို့ ရောက်ရှိလာသည်။

“စိတ်ဝိညာဉ် စည်းလက်ဝါး”

“ဒါက အအေးနန်းတော် ခန်းမသခင်ရဲ့ ဝှက်ဖဲနည်းစနစ် တစ်ခုပဲ”

လုကျိုးတွင်ရှိသော သိုင်းကျင့်ကြံသူများအားလုံးသည် ထိတ်လန့်တကြားဖြင့် ထအော်လိုက်ကြတော့၏။ တစ်ချိန် တည်းမှာပဲ ခန်းမသခင်သည် အလွန်တရာ ဒေါသထွက်နေသည်ဖြစ်သောကြောင့် စ၍ တိုက်ခိုက်ကတည်းက ၎င်း၏ ဝှက်ဖဲ ဖြစ်သည့် အရေးအကြီးဆုံး တိုက်ခိုက်ရေးနည်းစနစ်ကို ထုတ်ဖော်တိုက်ခိုက်လိုက်ခြင်း ဖြစ်ကြောင်း သူတို့ နားလည်လိုက် မိကြ၏။ နန်းတော်သခင်သည် အလွန်တရာ ဒေါသထွက်နေသည်ကို သူတို့ သိရှိလိုက်ရ၏။

ဂီး

နတ်ဆိုးလင်းယုန်နက်ကြီးသည် သူ၏ဦးခေါင်းကိုမော့ကာ အော်ဟစ်လိုက်၏။ ပြီးနောက် အတောင်ပံများကို အသာ ယမ်းခါလိုက်သည့်နောက်မှာတော့ ရှေ့တည်နေရာတစ်ခုလုံးသည် ရုတ်တရက်ဆိုသလိုပဲ လှိုင်းများ ဖြစ်တည်လာ၏။ ချက်ချင်းဆိုသလိုပဲ အမဲရောင်အမွေးများသည် ထက်မြက်လှသည့် ဓားများကဲ့သို့ ရှေ့ဆီသို့ တိုးထွက်သွားသည်။

ဘုန်း ဘုန်း

ထိုဓားသွားများကဲ့သို့သော အမွေးများသည် လက်ဝါးရိုက်ချက်လေးချက်နှင့် တွေ့ဆုံသွားပြီး သည့်နောက်မှာတော့ ကောင်းကင်တစ်ခုလုံး ပေါက်ကွဲထွက်သွားတော့သည်။ တလက်လက် တောက်ပနေသော အလင်းတန်းများသည် ကောင်းကင်တစ်ခုံလုံး ဖုံးလွှမ်းသွားပြီးသည့်နောက်မှာတော့ ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများအားလုံးကို ပါးစပ်အဟောင်းသား ဖြစ်သွားစေ၏။

ဝှစ် ဝှစ်

ထိုအချိန်မှာတော့ ရီချင်းရှန်သည် ရှေ့သို့ ပျံသန်းလာပြီးသည့်နောက်မှာတော့ အအေးနန်းတော်၏ သိုင်းလေ့ကျင့် ရေးကွင်းပြင်ဆီသို့ ဆင်းသက်လိုက်တော့သည်။ သူသည် လက်ထဲတွင် အအေးဓားအား ထုတ်ဖော်ကိုင်ဆောင် ထားပြီး ဖြစ်၏။ သူ၏ မျက်လုံးများသည် အေးစက်နေ၏။ သူက ပြောလိုက်၏။ “အမှိုက်ကောင်တွေ လာခဲ့ကြစမ်း”

ဝှစ် ဝှစ်

အအေးနန်းတော်၏ အကြီးအကဲတစ်ယောက်သည် ပျံသန်းလာသည်။ မည်သည့်စကားမှ မဆိုဘဲ စိတ်ဝိညာဉ် စွမ်းအင်များကို စုစည်းကာ လက်သီးဖြင့် ထိုးလွှတ်လိုက်၏။

ရီချင်းရှန်၏ နှုတ်ခမ်းထောင့်များသည် ကော့တက် သွားတော့သည်။ သူ့လက်ထဲတွင်ရှိသော အအေးဓားသည် လေဟာနယ်ထဲကို ဖြတ်သန်းပြီးသည့်နောက်မှာတော့ ထိုအကြီးအကဲ၏ လက်သီးရိုက်ချက်ကို ပထမဦးဆုံး ချိုးဖြတ်ပြီးသည့်နောက် မြန်မြန်ဆန်ဆန်ပဲ ထိုသူဆီသို့ ချဉ်းကပ်သွား၏။ ပြီးနောက် တမဟုတ်ချင်း လင်းကျန့်ဓားသိုင်းအား ထုတ်ဖော်အသုံးပြုလိုက်တော့သည်။

ဝှစ် ဝှစ်

ဓားချီများသည် ဓားရိပ်များကဲ့သို့ တည်နေရာတစ်ခုလုံးကို လွှမ်းခြုံ ပြည့်နှက်သွား၏။ ရီချင်းရှန်သည် မတ်မတ်ရပ်လျက်ရှိ၏။ သူ့လက်ထဲရှိ အအေးဓားမှာတော့ လေထဲတွင် လှုပ်ရှားသွား၏။

ဓားသွား ၏ထိပ်မှာတော့ သွေးစသွေးနများပင် ဖြစ်ပေါ်လာတော့သည်။ သူ့၏ရှေ့တွင်ရှိသော အအေးနန်းတော်မှ အကြီးအကဲမှာတော့ ခေါင်းစောင်းငဲ့ကာ သေဆုံးလျက်ရှိနေပြီဖြစ်၏။ ၎င်း၏ ရင်ဘတ်တွင်လည်း ဓားထိုးစိုက်ရာ အရာကြီးတစ်ခု ရှိလို့နေသည်။

“သေစမ်း”

ဝှစ် … ဝှစ်

အအေးနန်းတော်၏ အကြီးအကဲနှစ်ယောက်တို့သည် ဘေးတစ်ဖက်တစ်ချက်ဆီမှ ဝင်ရောက်လာပြီး အလွန်တရာ အားကောင်းလှသော စွမ်းအင်များနှင့် ထုတ်ဖော်တိုက်ခိုက်တော့သည်။ သို့ပေမဲ့ သူတို့တိုက်ခိုက်မှု မပြုနိုင်ခင်မှာပဲ ချက်ချင်းဆိုသလို အမူအရာများ ပြောင်းလဲသွားပြီး အနောက်ဘက်သို့ ပြန်လည်ဆုတ်ခွာလိုက်ရသည်။ သူတို့ ခန္ဓာကိုယ်၏ရှေ့တွင် စိတ်ဝိညာဉ်စွမ်းအင်များနှင့် ဖြစ်တည်ထားသည့် အကာအကွယ်နံရံတစ်ခုကို ဖန်တီးလိုက်ကြ ၏။

ဘန်း ဘန်း ဘန်း

ကျည်ဆံသည် ထိုအတားအဆီးအား ထိမှန်သွား၏။ ကျည်ဆန်သည် သိုင်းဘုရင်နှစ်ယောက်ကို ဘာမှပြုလုပ်နိုင်စွမ်း မရှိဟု ဆိုသော်လည်း အနောက်ဘက်သို့ ယိုင်ထွက်သွားစေ၏။

ခရက်

တောင်၏ ဂိတ်တံခါး အပျက်အစီးရှေ့တွင်တော့ ရှောင်ကျီသည် AWM စနိုက်ပါအား ကိုင်ဆောင်ပြီး ပစ်ခတ်လျက် ရှိ၏။ ရှစ်ဆမှန်ဘီလူးကို အသာမှီရင် အေးစက်စက်ပြောလိုက်သည်။ “လှုပ်တဲ့လူကို ပစ်ရမှာပဲ”

အနောက်ဘက်သို့လွင့်စင်သွားသော သိုင်းဘုရင်နှစ်ယောက်တို့သည် သွေးများပွက်ပွက်ဆူသွားကြ၏။ သူတို့၏ အမူအရာများသည် အလွန်တရာဆိုးဝါးသွားချေ၏။

တစ်ဖက်လူ၏ လက်ထဲတွင် မည်သည့်အရာကို ကိုင်ဆောင် ထားသနည်း။ အလွန်တရာ အားကောင်းလှသည့် တိုက်ခိုက်ချက်ကို ထုတ်ဖော်နိုင်သည့် လက်နက်ဖြစ်သည်ကို သူတို့ ကောင်းကောင်းခံစားလိုက်မိကြသည်။

ဝှစ် ဝှစ်

ရှောင်ကျီနှင့် လီဖေးတို့သည် တိမ်ခြေလှမ်းကို အသုံးပြုကာ ရှေ့သို့ ရောက်ရှိလာကြသည်။ သူတို့နှစ်ယောက်သည် ရီချင်းရှန်၏ အနောက်ဘက်ဆီသို့ ဆင်းသက်လာပြီး ကြက်သီးထလောက်စရာ အသံဖြင့် အော်ဟစ်လိုက်၏။

“စီနီယာအစ်မကြီး... ကျုပ်တို့ရောက်လာပြီ”

“စီနီယာအစ်မကြီးကို အနိုင်ကျင့်တဲ့လူတွေအားလုံးကို ကျုပ်တို့ ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး”

ဟုတ်ပေသည်။

ပြိုင်စံရှားဂိုဏ်းမှလူများအားလုံးသည် ဒီနေရာသို့ ရောက်ရှိလာခဲ့ကြပြီဖြစ်သည်။ လက်ရှိအခြေ အနေမှာတော့ လုချင်းချင်းကို တိုက်ခိုက်ခဲ့ကြသည့် မည်သူ့ကိုမဆို သဘောတူသည်ဖြစ်စေ၊ သဘောမတူသည်ဖြစ်စေ ဂျူနီယာညီအစ်ကို မောင်နှမများ အားလုံးသည် ကျိန်းသေပေါက် သတ်ဖြတ်တော့မည် ဖြစ်၏။

သူတို့သည် သူတို့၏ စီနီယာအစ်မကြီး အတွက် လောကကြီတစ်ခုလုံးနှင့် ရန်သူဖြစ်ရမည်ဆိုလျှင်တောင်မှ ဂရုစိုက်လိမ့်မည် မဟုတ်ချေ။

All Chapters