အခန်း (၂၃၃)
Vol. 16 Ch. 233
တခဏအကြာတွင် လူတိုင်း တုန်လှုပ်နေရာမှ ပြန်လည် သက်သာလာလာခဲ့ကြ၏။
“ အဲ့ဒီအဘိုးကြီး.. ဟမ့်.. သူက ဆရာရွှမ်ရှေ့မှာ လာပြီးမောက်မာရိုင်းစိုင်းရဲတယ်.. အခုလိုဖြစ်သွားတာ သူနဲ့ထိုက်တန်တယ်….”
တခဏကြာတိတ်ဆိတ်နေခဲ့နေပြီး ရွှမ်ဘိုးဘေးက မျက်၀န်းက အရောင်အနည်းငယ်လက်သွားပြီး ရှေ့တိုးကာ ရွှမ်ယီအား ကပ်
ဖားလိုက်၏။ သူက ပထမဦးဆုံး တုန့်ပြန်သူဖြစ်လေသည်။
ဒါကိုမြင်လျှင် ဖန်ရှင်းမြို့မှ တခြားသူများလည်း ရှေ့တိုးပြီး ဦးညွှတ်လိုက်ကြ၏။
ထိုသို့သော အစွမ်းထက်ကျင့်ကြံသူတစ်ဦးရှေ့၌ မည်သို့ မရိုမသေပြုရဲမည်နည်း။
ထို့နောက် လူတိုင်း ဖြောင့်မတ်သော မျက်နှာများဖြင့် သေဆုံးသွားသော အဘိုးကြီးအား ဝိုင်း၀န်းဝေဖန်လိုက်ကြသည်။
“ အိုး.. အဲ့ဒီလူက ဒီလိုစိတ်ဓာတ်မျိုးရှိမယ်လို့ မထင်ခဲ့ဘူး… သူက ဆရာရွှမ်ရဲ့ ဓားနဲ့ ထိုက်တန်တယ်…”
ပုံရိပ်ကျောက်စိမ်းအားကြည့်ခဲ့ပြီးနောက် ထိုအဘိုးအို ဘာလုပ်ရန်ကြိုးစားခဲ့ကြောင်း လူတိုင်းအသိပင်။
သူက သူ့ကိုယ်သူ အလွန်သန်မာသည်ဟုရှုမြင်ခဲ့ပြီး ရွှမ်ယီ၏ စိတ်ဝိညာဉ်မီးတောက်နှင့် တခြားလျှို့ဝှက်ရတနာများအပေါ် လောဘတက်ခဲ့သည်။
သို့သော် သူက ရွှမ်ယီထံမှ ဓားတစ်ချက်ကိုပင် ခုခံနိုင်စွမ်းမရှိခဲ့ပေ။
လူတို့သည် လောဘကြောင့်သေ၏ ဆိုသော စကားအမှန်ပင်။
အဘိုးအိုက သေဆုံးသွားပြီးဖြစ်ပြီး သူတို့ရှေ့၌ ရပ်နေသည်မှာ ရွှမ်ယီဖြစ်၏။ ထို့အပြင် ပုံရိပ်ကျောက်စိမ်းမှ မြင်လိုက်ရသည်များအား အခြေခံ၍ ထိုအဘိုးကြီးအား ပြင်းထန်စွာ ရှုံ့ချဝေဖန်ရမည်။
မှန်ပေသည်။ သူတို့ရှေ့၌ အသက်ရှင်လျက် ရပ်နေသူမှာ ရွှမ်ယီ မဟုတ်ဘဲ ထိုအဘိုးအိုဆိုပါက သူတို့၏ သဘောထားများ ပြောင်းသွားပေလိမ့်မည်။
လက်သီးပိုကြီးသောသူက အမှန်ဖြစ်၏။
ယခုတွင် ရွှမ်ယီ၏ လက်သီးက ပိုကြီးကြောင်း ထင်ရှားသည်။
မြှောက်ပင့်ပြောဆိုမှုများအောက်၌ ရွှမ်ယီ ရှောင်မိသားစုသို့ပြန်ရောက်လာခဲ့၏။ တပည့်(၆)ယောက်တို့၏ အံ့အားသင့်နေသောအကြည့်များအောက်တွင် ရှောင်ဘိုးဘေးအား လျှို့ဝှက်အခန်းတစ်ခု တောင်းဆိုလိုက်သည်။
သူ့လက်ထဲတွင် သင့်တော်သောဆေးမီးဖိုတစ်ခု ရှိနေပြီဖြစ်ရာ ရီဝေဝေပန်း လီလီမြက်အား ဆေးအဖြစ် သန့်စင်ရန်အချိန်ရောက်ချေပြီ။
ရွှမ်ယီ လျှို့ဝှက်ခန်းအတွင်း ၀င်သွားချိန်တွင် ရှောင်ဟောင်က သက်ပြင်းချလိုက်၏။
“ ငါတို့ ဆရာက အရမ်းအစွမ်းထက်တာပဲ… ဘယ်သူဖြစ်ဖြစ် ရန်စလာရင် ဖျက်ဆီးခံရလိမ့်မယ်…”
မင်ယွဲ့ရှုနှင့် ကျန်းချန်တို့က တစ်ယောက်ကိုတစ်ယောက်ကြည့်လျက် ပြုံးပြီး ခေါင်းအနည်းငယ်ယမ်းလိုက်ကြသည်။
၎င်းက ရွှမ်ယီ၏ အစစ်အမှန်ပုံစံပင်။ သူက အဇူရာဒေသ၌ ရှိစဉ် ဘုရင်အဆင့်သို့မရောက်သေးသည့်တိုင်အောင် ယခုကဲ့သို့ပင်ဖြစ်၏။
ယုလင်းလုံ၏ မျက်၀န်းများက တဖျတ်ဖျတ်လက်နေသည်။ သူမက ဖြစ်ပျက်ခဲ့သည်များအား နားလည်ဟန်ရ၏။
ရွှမ်ယီက ရှောင်မိသားစု လျှို့ဝှက်အခန်းအား လှည့်ပတ်ကြည့်လိုက်ပြီး စိတ်ကျေနပ်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
ဘုန်း..
လက်ဝှေ့ယမ်းလိုက်ပြီး အဆင့်(၅) ရွှမ်ယိုနတ်ဘုရားမီးတောက် ဆေးမီးဖိုအား ကြမ်းပြင်ပေါ်သို့ ကျဆင်းစေလိုက်သည်။
၎င်းအား စောနလေးကပင် စိတ်ဝိညာဉ်မီးတောက်ဖြင့် အသုံးပြုခဲ့ခြင်းဖြစ်၏။ နဂိုက နက်မှောင်နေသည့် ဆေးမီးဖိုက ယခုတွင် ရံဖန်ရံကာ အရောင်များ လင်းလက်လာနေ၏။ ကိုယ်ထည်၌ ထွင်းထုထားသည့် ရွှမ်ယိုပန်းပွင့်၏ အူတိုင်နေရာမှလည်း ဆေးရနံ့များ ဖျတ်ကနဲ ထွက်ပေါ်လာနေသည်။
ရွှမ်ယီ၏ မျက်ခုံးနှစ်ခုကြားမှ စိတ်ဝိညာဉ်မီးတောက် ထွက်ပေါ်လာပြီး လျှို့ဝှက်အခန်းအား လင်းထိန်သွားစေသည်။
ဝုန်း..
မီးတောက်အား ဆေးမီးဖိုအတွင်း ထည့်သွင်းလိုက်လျှင် ဆေးမီးဖိုပတ်လည်ရှိ ထွင်းထုထားသော ပုံရိပ်များတောက်ပလာပြီး လျှို့ဝှက်ဆန်းကျယ်သည့် ပုံရိပ်ယောင် မီးငှက်တစ်ကောင် ပျံတက်လာကာ စက်ဝိုင်းပုံလှည့်ပတ်လိုက်ပြီး အော်ဟစ်သံပေး၍ ဆေးမီးဖိုအတွင်း ၀င်ရောက်သွား၏။
ဝှစ်..
သိုလှောင်လက်စွပ်အတွင်းမှ လိုအပ်သော စိတ်ဝိညာဉ်ပစ္စည်းများ တစ်ခုပြီးတစ်ခုထုတ်ယူလိုက်သည်။ ရွှမ်ယီ၏ မျက်၀န်းများက အာရုံစိုက်နေဟန်ရပြီး လိုအပ်သော ပမာဏအတိုင်း သေချာခွဲခြမ်းစိတ်ဖြာပြီး ဆေးမီးဖိုအတွင်း ပစ်ထည့်လိုက်၏။
စိတ်ဝိညာဉ်မီးတောက်က ပါ၀င်ပစ္စည်းများအတွင်းမှ အနှစ်သာရများကို ထုတ်ယူပြီး ပေါင်းစပ်စေလိုက်သည်။
ထို့နောက် ရွှမ်ယီက အဆင့်(၅) စိတ်ဝိညာဉ်ဆေးပင်ဖြစ်သည့် ရီဝေဝေပန်း လီလီမြက်အား ထုတ်ယူလိုက်၏။
၎င်းက အသက်ရှိနေသည့်အလား လွတ်မြောက်ရန် ရုန်းကန်နေသည်။ အကယ်၍ သာမန်အဆင့်(၅) ဆေးဘုရင်တစ်ဦးဆိုပါက ၎င်းအား ကိုင်တွယ်တားဆီးရန် မဖြစ်နိုင်ပေ။
သို့သော် ရွှမ်ယီက အဆင့်(၇)မှော်ဆေးပညာရှင် ဒန်ချင်ဇီ၏ မှတ်ညာဏ်များအား အမွေဆက်ခံထားသည်ဖြစ်ရာ ထိုကဲ့သို့ စိတ်ဝိညာဉ်ရတနာများအား ကိုင်တွယ်ရာ၌ အလွန်ကျွမ်းကျင်ပေသည်။
ဝှစ်..
စိတ်ဝိညာဉ်မီးတောက်က ရီဝေဝေပန်း လီလီမြက်ထံသို့ ချဉ်းကပ်လာ၏။
ရွှမ်ယီက ၎င်းကို တည်ငြိမ်စေရန် ထိန်းချုပ်ထားခဲ့သည်။
အဆင်သင့်ဖြစ်သည်နှင့် ဆေးမီးဖို့အတွင်း ထည့်သွင်းလိုက်၏။
ဘုန်း…
ဆေးမီးဖိုပတ်လည်မှ ပုံရိပ်များအားလုံးတောက်ပလာပြီး သိမ်မွေသော မီးငှက်များစွာ ထွက်ပေါ်လာခဲ့သည်။ ထို့အပြင် ကျန်ပုံရိပ်များလည်း လင်းလက်တောက်ပနေပြီး ဆေးစွမ်းအင်များ အပြင်သို့စိမ့်မထွက်သွားစေရန် တားဆီးထား၏။
တခဏအကြာတွင် ဆေးမီးဖို တဖြည်းဖြည်းတည်ငြိမ်လာပြီး ဆေးလုံးပုံစံ ဖြစ်တည်လာခဲ့သည်။
ထို့နောက် လျှို့ဝှက်ခန်းတစ်ခုလုံး တုန်ခါသွား၏။
ဘုန်း…
ရှောင်မိသားစု ကောင်းကင်ထက်၌ တိမ်မည်းများ ရုတ်တရက်စုဝေးလာပြီး လူတိုင်း ထိတ်လန့်တကြားမော့ကြည့်မိလိုက်ကြသည်။ ထို့နောက် မိုးကြိုးမြွေများ ဖြစ်တည်လာပြီး ကောင်းကင်ထက်၌ ရစ်ဝဲနေ၏။
အခြေတည်ဝိညာဉ်အဆင့်(၉) ကျင့်ကြံသူဖြစ်သည့် ရှောင်ဘိုးဘေးပင် ဖိအားများ ခံစားနေရသည်။
သူ၏ နှဖူးမှ ချွေးများစီးကျနေပြီး ဖျော့တော့သောမျက်နှာဖြင့် လျှို့ဝှက်ခန်းရှိရာသို့ လှမ်းကြည့်လိုက်၏။
ဤလှုပ်ရှားမှုများက ဆရာရွှမ်ကြောင့်ဖြစ်သည်ဟု ပင်ကိုယ်သိစိတ်ကပြောပြနေခဲ့သည်။
ဒါပေမယ့် သူ ဆေးဖော်နေတာမဟုတ်ဘူးလား…?
ဘယ်လိုဆေးမျိုးက ဒီလို လှုပ်ခတ်မှုကို ဖြစ်ပေါ်စေနိုင်တာလဲ…!
ဝုန်း…
မိုးကြိုးမြွေများက တခဏမျှ လှည့်ပတ်ဟိန်းဟောက်နေပြီးနောက် ပြန်လည်ပျောက်ကွယ်သွားတော့သည်။ အသက်ရှုကြိမ်အနည်းငယ်ကြာပြီးနောက် ကောင်းကင်က ပြန်လည်ကြည်လင်လာပြီး နေရောင်ပြန်လည်ထွက်ပေါ်လာ၏။
ရှောင်ဘိုးဘေး ထိုင်ခုံပေါ်သို့ ဖြည်းညှင်းစွာ ထိုင်ချလိုက်မိသည်။
သို့သော် ဖင်နှင့် ထိုင်ခုံမထိသေးမီ နှာသီးဖျားလေး တုန်ခါသွားပြီး ရုတ်တရက် ခုန်ထမိလိုက်၏။
အရမ်းမွှေးတယ်…!
အလွန်ထူးဆန်းပြီး သင်းပျံ့သည့် ရနံ့က လေထဲ၌ လွင့်ပျံလာလေသည်။
ရှောင်ဘိုးဘေး အသက်ပြင်းစွာရှုလိုက်ရာ နှစ်ပေါင်းများစွာ ပိတ်ဆို့နေသည့် ကျင့်ကြံမှု အတားအဆီးက ပြေလျော့သွားသလို ခံစားလိုက်ရ၏။
“ ဒါက.. ဘယ်လိုဆေးမျိုးလဲ…”
သူက နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့ပြီးဖြစ်သော်လည်း ဤကဲ့သို့ အနံ့ရရုံနှင့် ကျင့်ကြံခြင်းအား တိုးတက်စေနိုင်သည့် ဆေးမျိုး မတွေ့ခဲ့ဖူးပေ။
သူက ယခုတွင် အခြေတည်ဝိညာဉ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူဖြစ်နေပြီဖြစ်၏။
နောက်တစ်ဆင့်ဆိုလျှင် ဘုရင်တစ်၀က်နယ်မြေသို့ရောက်သွားမည်ဖြစ်ပြီး နောက်ထပ်တစ်ဆင့်ဆိုလျှင် ဘုရင်အဆင့်ဖြစ်၏။
ထိုအချိန်တွင် ရွှမ်ယီက ပြုံးရွှင်နေသောမျက်နှာဖြင့် တောက်ပပြီး အလွန်ဖိုးတန်ဟန်ရသော ဆေးလုံးအား ကိုင်ထားခဲ့သည်။
အဆင့်မြင့်ဆေးမီးဖိုတစ်ခုရှိခြင်းက ကိုယ်တတ်ကျွမ်းသမျှ မှော်ဆေးပညာအား စိတ်တိုင်းကျ ထုတ်ဖော်နိုင်စွမ်းရှိသည်။
ယခင် သာမန်ဆေးမီးဖိုများအား အသုံးပြုခဲ့စဉ်က အလယ်အလတ်အဆင့်ဆေးများကိုသာ ဖော်စပ်နိုင်ခဲ့ပြီး ရံဖန်ရံခါမှ အဆင့်မြင့်ဆေးများအား ဖော်နိုင်ခဲ့သည်။
ယခု ရွှမ်ယိုနတ်ဘုရားမီးတောက် ဆေးမီးဖိုအား အသုံးပြုပြီးနောက် အဆင့်မြင့်ဆေးလုံးများသာမက ထိပ်တန်းအဆင့် ဆေးပင်ဖြစ်တည်လာခဲ့သည်။
အတွေ့အကြံရင့်သော အဆင့်(၆) မှော်ပညာရှင်ပင်လျှင် ယခုကဲ့သို့ ဖြစ်စေရန် ခက်ခဲပေလိမ့်မည်။
သို့သော် သူက လုပ်နိုင်ခဲ့၏။
“ စားလိုက်ရအောင်…”
ရွှမ်ယီ၏ မျက်၀န်းများ လက်သွားပြီး အဆင့်(၅) ထိပ်တန်းအဆင့် ဆေးလုံးအား ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။
ဘုန်း…
ပါးစပ်ထဲသို့ရောက်သည်နှင့် ဆေးလုံးက ချက်ချင်းအရည်ပျော်သွားပြီး သူ၏ ကိုယ်တွင်းသို့ တိုက်ရိုက်၀င်ရောက်သွားကာ တစ်ဟုန်ထိုးထွက်ပေါ်လာသည့် စွမ်းအားများက သူ့ကိုပင် ထိတ်လန့်သွားစေ၏။
ရွှမ်ယီက အင်ပါယာအဆင့် ဟွမ်ဂျီ ဘီရန်ကျင့်စဉ်အား အသုံးပြုလိုက်ရာ သူ၏ ခန္ဓာကိုယ်အတွင်းမှ မရီဒန်များအားလုံး တောက်ပသွားသည်။
ရွှမ်ယီ မျက်လုံးမှိတ်လိုက်ပြီး စိတ်ဝိညာဉ်စွမ်းအင်များအား အပ်စိုက်မှတ်များထံသို့ ပို့လွှတ်လိုက်ရာ အပ်စိုက်မှတ်များအားလုံး နေလုံးငယ်လေးများအလား တောက်ပလာခဲ့သည်။
ဘုန်း..
ရွှမ်ယီ၏ ခန္ဓာကိုယ်အတွင်းမှ တစ်ခုခုကျိုးပျက်သွားသော အသံတစ်ခု ထွက်ပေါ်လာ၏။
တခဏအကြာတွင် ရွှမ်ယီမျက်လုံးဖွင့်လိုက်ရာ မျက်၀န်းများအတွင်းမှ တောက်ပသော အလင်းတန်းတစ်ခု ပြေးထွက်လာပြီး ရှေ့မှ လေဟာနယ်အား အက်ကွဲသွားစေသည်။
“ ရီဝေဝေပန်း လီလီမြက်ကို သန့်စင်ထားတဲ့ဆေးလုံးက တကယ်ကို ထူးခြားတာပဲ…”
ရွှမ်ယီက တိုးလာသော ခွန်အားများအ ခံစားကြည့်လိုက်သည်။
ဆေးလုံး၏ အာနိသင်ကြောင့် သူအံ့ဩသွားခဲ့ရ၏။
ဆေးမသောက်မီ သူက မူလဘုရင်အလယ်အလတ်အဆင့်၌သာရှိသေးသည်။ သို့သော် ယခုတွင် မူလဘုရင်အထွတ်အထိပ်အဆင့်သို့ ရောက်နေပြီဖြစ်၏။
လူသားဘုရင်အဆင့်နှင့် ခြေတစ်လှမ်းသာဝေးတော့သည်။
“ အရမ်း သန်မာလာတာပဲ…”
ရွှမ်ယီက ကိုယ်တွင်းမှ စွမ်းအားများကို ခံစားကြည့်ရင်း လက်သီးဆုပ်လိုက်၏။ ယခုအချိန်တွင် သူက လူသားဘုရင် နှောင်းပိုင်းအဆင့်ကျင့်ကြံသူအား သတ်ဖြတ်နိုင်သည်ဟု ခံစားနေမိသည်။
သူ၏ တိုက်ခိုက်နိုင်စွမ်းက လူသားဘုရင်နှောင်းပိုင်းအဆင့်သို့ ရောက်သွားချေပြီ။