← Chapters

အခန်း (၂၃၆)

Vol. 16 Ch. 236

အခန်း (၂၃၆)

Vol. 16 Ch. 236

ဖန်ရှင်းမြို့ ရှောင်မိသားစုခေါင်းဆောင် ရောက်လာသည်အားမြင်လျှင် တန်မိသားစုခေါင်းဆောင် တည်ငြိမ်မနေနိုင်တော့ပေ။

သူက တန်မိသားစု၏ အကြီးအမှုးတစ်ယောက်အနေဖြင့် ကျန်းရှန်မြို့ ရှောင်မိသားစုခွဲနှင့် ဖန်ရှင်းမြို့မှ ပင်မ ရှောင်မိသားစုတို့အကြောင်း သဘာဝကျကျနားလည်ထားခဲ့သည်။

ရှောင်မိသားစုတွင် မိသားစုခွဲပေါင်းများစွာရှိပြီး ဖန်ရှင်းမြို့မှ ရှောင်မိသားစုက ပင်မ မိသားစုကြီးဖြစ်သည်။ဖန်ရှင်းမြို့၌နေထိုင်ခွင့်ရသည့် မိသားစုခွဲများမှာ မိသားစုခွဲများကြား၌ အားအကောင်းဆုံး မိသားစုခွဲများဖြစ်သည်။ထိုသို့ ပင်မ ရှောင်မိသားစုနှင့် ပေါင်းစပ်ခွင့်ရစေရန် မိသားစုခွဲမှ အမြင့်ဆုံး ကျင့်ကြံသူက အခြေတည်ဝိညာဥ် အဆင့် (၇) သို့ရောက်ရှိရမည်။

သူတို့ တန်မိသားစုမှ ဘိုးဘေး၏ကျင့်ကြံမှုက အခြေတည်ဝိညာဥ် အဆင့် (၇) ၌သာရှိသေးပြီး ဖန်ရှင်းမြို့ ရှောင်မိသားစုထက် သိသိသာသာအားနည်းပေသည်။

မှန်ပေသည်။ တန်မိသားစုက ဖန်ရှင်းမြို့မှ ရှောင်မိသားစုနှင့် မယှဥ်နိုင်သော်လည်း ကျန်းရှန်မြို့မှ ရှောင်မိသားစုထက် သန်မာပေသည်။

ကျန်ရှန်မြို့ ရှောင်မိသားစု၏ အသန်မာဆုံးကျင့်ကြံသူမှာ အခြေတည်ဝိညာဥ် အဆင့် (၅) ၌သာရှိသေးသည်။၎င်း၏ ခွန်အားက လိုအပ်ချက်မပြည့်မှီသဖြင့် ဖန်ရှင်းမြို့ ရှောင်မိသားစုနှင့် ပေါင်းစပ်နိုင်ခြင်း မရှိပေ။

တန်မိသားစုကလည်း ထိုအချက်ကို ထည့်သွင်းစဥ်းစားပြီး တန်ရှုယီ နှင့် ရှောင်ရုံ တို့၏လွန်ခဲ့သော (၅) နှစ်က လက်ထပ်ပွဲကို ဆန့်ကျင်ခဲ့ခြင်းဖြစ်သည်။

ရှောင်မိသားစုခွဲများတွင် ကျန်းရှန်မြို့ ရှောင်မိသားစုခွဲထက် သန်မာသော ရှောင်မိသားစုခွဲများစွာရှိသည်။ထို့ကြောင့် တန်မိသားစုမှ ခေါင်းဆောင်များ၏ အမြင်တွင် ကျန်းရှန်မြို့ ရှောင်မိသားစုခွဲက ကောင်းမွန်သော ရွေးချယ်မှုမဟုတ်ပေ။

ဖန်ရှင်းမြို့ ရှောင်မိသားစုလောက် အားကောင်းရန် မမျှော်လင့်ထားသော်လည်း အနည်းဆုံး အခြေတည်ဝိညာဥ် အဆင့် (၆) ၊ အဆင့် (၇) လောက်တော့ရှိသင့်သည်။

ထို့အပြင် ရှောင်မိသားစုခွဲတွင် အခြေတည်ဝိညာဥ် အဆင့် (၇) ကျင့်ကြံသူ ပေါ်ထွက်လာပါက ဖန်ရှင်းမြို့ ရှောင်မိသားစုနှင့် ပြန်လည်ပေါင်းစပ်နိုင်ပေလိမ့်မည်။ထိုအခါ ၎င်းတို့က တန်မိသားစုနှင့် အဆင့်တူ ဒါမှမဟုတ် တန်မိသားစုထက် သာလွန်သွားပေလိမ့်မည်။

သန်မာသော မဟာမိတ်အားမည်သူက မလိုချင်မည်နည်း။

ဤသို့ဖြင့် ကျန်းရှန်မြို့ ရှောင်မိသားစုက တန်မိသားစု၏ ရွေးချယ်ခြင်းကို မခံခဲ့ရပေ။

သို့သော် တန်ရှုယီ က ၎င်းတို့၏ သဘောထားများကို လုံးဝ ဂရုမစိုက်ပဲ မိသားစုမှ ထွက်ခွာလာခဲ့ကာ ရှောင်ရုံ နှင့်လက်ထပ်ပြီး ရှောင်မိသားစု၌ နေထိုင်နေခဲ့သည်။

တန်မိသားစု ခေါင်းဆောင်က ရှောင်ရှန်း တစ်ယောက် ဖန်ရှင်းမြို့ ရှောင်မိသားစု ခေါင်းဆောင်အား ကြိုဆိုနေသည်ကို တိတ်တဆိတ် စောင့်ကြည့်နေလေသည်။

ဖန်ရှင်းမြို့ ရှောင်မိသားစုမှ လူများ ဘာလုပ်ရန် ရောက်လာသနည်း…?

ထို့အပြင် ရှောင်မိသားစုခွဲ၌ အခြေတည်ဝိညာဥ် အဆင့် (၇) ကျင့်ကြံသူ ရှိကြောင်း သူမကြားမိပေ။

“ ဟား..ဟား..ဟား….ဂုဏ်ပြုပါတယ်…”

ဖန်ရှင်းမြို့ ရှောင်မိသားစုခေါင်းဆောင် က နွေးထွေးစွာ ပြုံးပြပြီး ဂုဏ်ပြုစကားဆိုလိုက်သည်။

ရှောင်ရှန်း တစ်ယောက် တိတ်ဆိတ်သွားပြီး မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို နားမလည်တော့ပေ။

ဂုဏ်ပြုတာလား…?

မည်သည့်အရာက ဂုဏ်ပြုစရာဖြစ်နေသနည်း…?

ရှောင်ရှန်း ကသွေးတိုးစမ်းသည့် သဘောဖြင့်

“မိသားစုခေါင်းဆောင်ကို မေးပါရစေ… ဘယ်ကိစ္စကို ဂုဏ်ပြုတာလဲ မသိဘူး…”

ရှောင်မိသားစု ခေါင်းဆောင်က ပြုံးလိုက်ပြီး ပြန်ဖြေရန်ပြင်လိုက်၏။

ထိုအချိန်တွင် တန်ရှုယီနှင့် ရှောင်ရုံတို့က (၅) နှစ် အရွယ်သူတို့၏ သား ဒေါင်ဒေါင် နှင့် အတူ ပင်မ အဓိက ခန်းမရှိရာသို့ လျှောက်လာခဲ့ကြသည်။

သူတို့ နှစ်ယောက်လုံး အလွန်လေးနက်နေကြ၏။

ဒေါင်ဒေါင် ၏ အရည်အချင်းအား စမ်းသပ်ပြီးနောက် တန်မိသားစုမှလူများ အဆက်မပြတ်ရောက်လာကြပြီး မိသားစုနှစ်ခု၏ ဆက်ဆံရေး အနည်းငယ်တိုးတက်လာခဲ့သည်။

သူတို့ လင်မယား နှစ်ယောက်လုံး တုံးအ သူများမဟုတ်ပေ။ ဒေါင်ဒေါင်က မိသားစု နှစ်ခုအကြား ဆက်ဆံရေးကို တိုးတက်စေမည့် သော့ချက်ဖြစ်ကြောင်း နားလည်ထားကြ၏။ ဒေါင်ဒေါင်၏ ပါရမီက ကောင်းကင်အဆင့် ပါရမီရှင် မဟုတ်သော်လည်း ကျန်းရှန်မြို့ကဲ့သို့ မြို့ငယ်လေးတွင် ရှားပါးသော ပါရမီရှင် အဖြစ်သတ်မှတ်၍ရသည်။

သူ ကြီးပြင်းလာသည်နှင့်အမျှ အစွမ်းထက်ကျင့်ကြံသူ တစ်ဦး ဖြစ်လာမည်ဖြစ်ပြီး မိသားစုအား ကျန်းရှန်မြို့၌ ထိပ်ဆုံးသို့ ပံ့ပိုးပေးနိုင်မည်ဖြစ်၏။

တန်မိသားစုက တန်ဒေါင်ဒေါင် ၏ အလားအလာကို နားလည်သောကြောင့် ၎င်းအား တန်မိသားစုသို့ ခေါ်ဆောင်လိုနေခြင်းဖြစ်သည်။

ဤတစ်ကြိမ်တွင် တန်မိသားစုခေါင်းဆောင်ကိုယ်တိုင်ရောက်လာကြောင်း သူတို့သိခဲ့ရပြီး ၎င်းတို့၏အဓိကရည်ရွယ်ချက်ကို ထုတ်ဖော်ရန်ဖြစ်နိုင်ကြောင်း သူတို့နှစ်ယောက်လုံးနားလည်ထားကြသည်။

မှန်ပေသည်။ တန်မိသားစု ခေါင်းဆောင်ရောက်လာပြီး သိပ်မကြာခင်တွင် သူတို့ထံသို့ အစောင့်တစ်ယောက်ရောက်လာပြီး သူတို့အား အဓိကခန်းမရှိရာသို့ ခေါ်ဆောင်လာခဲ့သည်။

သူတို့နှစ်ယောက် တစ်ခဏမျှ စဥ်းစားလိုက်ပြီး ဒေါင်ဒေါင်အား သူတို့နှင့် အတူခေါ်ဆောင်လာခဲ့၏။

တန်ရှုယီ နှင့် ရှောင်ရုံ တို့၏ ကိုယ်ပိုင်ခံစားချက်များအရဆိုလျှင် ရှောင်မိသားစု၌ နေထိုင်သည်က ပိုကောင်းပေလိမ့်မည်။

သို့သော် ကျန်းရှန်မြို့မှ ရှောင်မိသားစု၏ အရင်းအမြစ်များက တန်မိသားစုလောက် ကောင်းမွန်ခြင်းမရှိပေ။ တန်ဒေါင်ဒေါင် ၏ အနာဂါတ်အတွက်ဆိုလျှင် ၎င်းအား တန်မိသားစုသို့ စေလွှတ်လိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။

သူတို့နှစ်ယောက် ညှိုးငယ်သော မျက်ဝန်းများဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။

နောက်ဆုံးတွင် သူတို့မိသားစုက ထိုမျှသန်မာခြင်းမရှိခဲ့ပေ။ အကယ်၍ ဖန်ရှင်းမြို့၏ ပင်မမိသားစုနှင့် အတူ နေထိုင်နိုင်ပါက ၎င်းတို့၏ ဆန္ဒအား မည်သူကငြင်းပယ်နိုင်လိမ့်မည်နည်း။

သူတို့က ဒေါင်ဒေါင်၏ လက်အားကိုင်ဆွဲပြီး အဓိကခန်းမထဲသို့ဝင်လိုက်သည်နှင့် ထိတ်လန့်သွားကြ၏။

အဓိကခန်းမကြီးက အနည်းငယ်ထူးဆန်းနေဟန်ရသည်။

တန်မိသားစုနှင့် ခေါင်းဆောင်က သူတို့နှင့် အကျွမ်းတဝင်ရှိသော်လညိး ခန်းမ၏ အဓိကနေရာတွင် ထိုင်နေသူမှာ ကျန်းရှန်မြို့မှလူ ဟုတ်ဟန်မတူပေ။

“ရှုယီ.. ရုံအာ.. မင်းတို့ရောက်လာပြီလား…အရင်ဆုံး မိသားစုခေါင်းဆောင်ကို နှုတ်ဆက်လိုက်ကြဦး…”

ရှောင်ရှန်းက ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီး တန်ရှုယီ နှင့် ရှောင်ရုံတို့အား အတွင်းသို့ဝင်လာရန်လှမ်းခေါ်လိုက်သည်။

မိသားစုခေါင်းဆောင်လား…?

တန်ရှုယီတို့နှစ်ယောက်လုံး အံ့ဩသွားကြသည်။ သူတို့ ရှောင်မိသားစု ခေါင်းဆောင်က ဤကဲ့သို့ ဆက်ဆံနေပုံအား ထောက်ချင့်ကြည့်လျှင် ထိုပင်မနေရာတွင်ထိုင်နေသူက ဖန်ရှင်းမြို့ ရှောင်မိသားစုမှ ခေါင်းဆောင်ဖြစ်နိုင်သည်။

“မလုပ်ပါနဲ့.. ကျုပ်မခံယူရဲပါဘူး…”

တန်ရှုယီ တို့ လင်မယားနှစ်ယောက် ဦးညွှတ်အရိုအသေပြုခါနီးတွင် ရှောင်မိသားစုခေါင်းဆောင်က သူ၏လက်အား ဝှေ့ယမ်းပြီး ငြင်းပယ်လိုက်သည်။

တန်ရှုယီတို့ လင်မယားနှစ်ယောက် ထိတ်လန့်သွားခဲ့ကြ၏။

ရှောင်မိသားစုခေါင်းဆောင် က အဘယ်ကြောင့် ဤမျှယဥ်ကျေးနေရသနည်း။

သူတို့ နားမလည်သည်က ရှောင်မိသားစုခေါင်းဆောင်အနေဖြင့် သူတို့ ဦးညွှတ်အရိုအသေ ပြုခြင်းအား အမှန်တကယ် လက်မခံဝံ့ခြင်းဖြစ်သည်။ ရှောင်ဖန်တို့ မောင်နှမက သူတို့လာခဲ့သော ရှောင်မိသားစုခွဲ ၊ အထူးသဖြင့် ရှောင်ရုံ၏ အကြောင်းကို ရှောင်ဘိုးဘေးထံသို့ ပြောကြားထားသောကြောင့် သူက ဖန်ရှင်းမြို့မှ ရောက်လာခြင်းဖြစ်သည်။

ရှောင်ဘိုးဘေးက သူ၏ လက်အောက်ငယ်သားတစ်ယောက်အား စုံစမ်းရန်စေလွှတ်ခဲ့သည်။ ထိုအခါ ရှောင်ဖန် တို့မောင်နှမက ငယ်စဥ်ကတည်းက မိဘများမရှိပဲ အဒေါ်ဖြစ်သူ ရှောင်ရုံက ပြုစုပြိုးထောင်ပေးခဲ့ခြင်းဖြစ်ကြောင်းသိခဲ့ရသည်။

ရှောင်ဖန် တို့ မောင်နှမ ကျန်းရှန်မြို့ ရှောင်မိသားစုအကြောင်းပြောပြရခြင်းမှာ ရှောင်ရုံကြောင့် ဖြစ်နိုင်၏။

ပင်မ မိသားစုခေါင်းဆောင်က ရှောင်ဖန်တို့အတွက် ရှောင်ရုံက မည်မျှအရေးပါကြောင်းနားလည်ထားသည်။ထို့ကြောင့် သူမအား လက်လွတ်စံပယ်မဆက်ဆံဝံ့ချေ။

ဤအခြေအနေက တန်မိသားစုခေါင်းဆောင်အား အလွန် အံ့အားသင့်သွားစေခဲ့ပြီး ရှောင်ရုံအား တအံ့တဩငေးကြည့်မိလိုက်စေသည်။ ထို ရှောင်ရုံတွင် ဆန်းကြယ်သော နောက်ခံများရှိနေသလော။

ရှောင်ရှန်း ကိုယ်တိုင်လဲ အလွန်စိတ်ရှုပ်ထွေးသွားပြီး ရှောင်မိသားစုခေါင်းဆောင်အား သံသယ မျက်ဝန်းများဖြင့်ကြည့်နေမိ၏။

ပင်မရှောင်မိသားစုမှခေါင်းဆောင် ရောက်လာကြောင်းကို ကြားသိခဲ့ရပြီးနောက် ရှောင်မိသားစုအဖွဲ့ဝင် ထက်ဝက်ကျော်လောက်က အဓိက ခန်းမအတွင်းသို့ရောက်ရှိလာခဲ့ကြသည်။ပင်မ ရှောင်မိသားစု ၏ ရည်ရွယ်ချက်က အဘယ်နည်း။

“ကျုပ် ဒီနေ့ ဒီကိုရောက်လာတာက ကြေငြာစရာ တစ်ခုရှိလို့ပဲ...”

လူတိုင်း၏ မျက်လုံးများက သူ့အားစိုက်ကြည့်နေသည်ကို မြင်လိုက်ရသောကြောင့် ရှောင်မိသားစု ခေါင်းဆောင်က သူပြောရမည့် အချိန်ကိုရောက်လာပြီဟုတွေးကာ အနည်းငယ်ချောင်းဟန့်ပြီး လေးနက်သော အမူအယာဖြင့် စကားဆိုလိုက်သည်။

ရှောင်မိသားစုခွဲမှ လူတိုင်း ထိုမြင်ကွင်းအား မြင်လိုက်ရလျှင် အသက်ပင်မရှူဝံ့တောာ့ပဲ ရှောင်မိသားစု ခေါင်းဆောင်အား အသေချာအာရုံစိူက်လိုက်ကြ၏။

“ပြောရမယ်ဆိုရင်... ကျန်းရှန်မြို့ ရှောင်မိသားစုခွဲက ရှောင်မိသားစုကြီးတစ်ခုလုံး အတွက် ကြီးမားတဲ့ ထောက်ပံ့မှုပေးအပ်ခဲ့တယ်... ဒါကြောင့်မို့ ရှောင်မိသားစုရဲ့ ဘိုးဘေးက အထူးအခွင့်ရေးတစ်ခုအနေနဲ့ ကျန်းရှန်မြို့ ရှောင်မိသားစုကို ဖန်ရှင်းမြို့က ပင်မ ရှောင်မိသားစုနဲ့ ပေါင်းစပ်ခွင့်ပြုလိုက်ပြီ...”

All Chapters