အခန်း (၂၃၇)
Vol. 16 Ch. 237
ဘုန်း...
ရှောင်ရှန်းက အလွန်ဂရုတစိုက်နားထောင်နေခဲ့ပြီး စကားဆုံးသွားလျှင် သူ၏ တစ်ကိုယ်လုံး တုန်ခါသွားခဲ့ရသည်။
မိသားစုခွဲ တစ်ခုချင်းဆီမှ ခေါင်းဆောင်များ၏ အဓိက ရည်ရွယ်ချက်မှာ ပင်မ မိသားစုနှင့် ပြန်လည်ပေါင်းစပ်နိုင်ရန်ဖြစ်သည်။
ထို ရည်ရွယ်ချက်က ရှောင်ရှန်း အတွက်လဲ အဓိက အိပ်မက်ကြီး တစ်ခုဖြစ်၏။
ထို အိပ်မက် နှင့် မျှော်လင့်ချက်များ ရုတ်တရက်ကြီး ပြည့်သွားပြီလော...?
“ဘာ... ဘာလို့လဲ...”
ရှောင်ရှန်းက သူ၏ စိတ်များအား တည်ငြိမ်စေရန် ကြိုးစားလိုက်ပြီး ရှောင်မိသားစု ခေါင်းဆောင်အား မေးခွန်းများပြည့်နေသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
သူက ကျန်းရှန်မြို့ ရှောင်မိသားစုတွင် တစ်ချိန်လုံး ရှိနေခဲ့ခြင်းဖြစ်ပြီး သူတို့မိသားစုတွင် အခြေတည်ဝိညာဥ် အဆင့် (၇) ကျင့်ကြံသူ မရှိကြောင်း သူအသိဆုံးပင်။ ရှောင်မိသားစု ခေါင်းဆောင်ပြောသော ထိုအလွန်ကြီးမားသည့် ထောက်ပံ့မှုက မည်သည့်နေရာမှ ရောက်လာခဲ့သနည်း။
ခန်းမ အတွင်းရှိ ကျန်လူများအားလုံး ကလည်း ရှောင်မိသားစု ခေါင်းဆောင်ကို မေးခွန်းများ အပြည့်ဖြင့် ငေးကြည့်နေကြသည်။
“အင်း... ရှောင်ဖန် နဲ့ ရှောင်ဟောင် တို့က ပြိုင်ဘက်ကင်း ဘုရင်တစ်ယောက်ကို သူတို့ဆရာအဖြစ် အသိအမှတ်ပြုနိုင်ခဲ့တယ်... မင်းတို့က နဂါးတစ်ကောင်ကို မွေးထုတ်နိုင်ခဲ့တာပဲ...”
“ဂုဏ်ယူပါတယ်... ဂုဏ်ယူပါတယ်...”
ရှောင်မိသားစု ခေါင်းဆောင်က ပြုံးပြီး ပြောလိုက်သည်။
ပြိုင်ဘက်ကင်း ဘုရင်လား...?
တောင် (၁) သောင်းဒေသတွင် အလွန်အစွမ်းထက်သော ဘုရင်အဆင့်ကျင့်ကြံသူများသာ ထိုကဲ့သို့သော ဘွဲ့အားပိုင်ဆိုင်နိုင်ပေသည်။
ရှောင်ရှန်း က တံတွေး အလုတ်ကြီးတစ်လုတ် မျိုချလိုက်ပြီး သူ့အား နောက်ပြောင်နေခြင်းမဟုတ်ကြောင်း အတည်ပြုလိုဟန်ဖြင့် ရှောင်မိသားစု ခေါင်းဆောင်အား မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ငေးကြည့်နေခဲ့သည်။
ရှောင်ဖန် တို့မောင်နှမက တကယ်ပဲ ပြိုင်ဘက်ကင်းဘုရင်ကို ဆရာအဖြစ် အသိအမှတ်ပြုနိုင်ခဲ့တာလား...?
ကျန်းရှန်မြို့တွင် အခြေတည်ဝိညာဥ်အဆင့် ကျင့်ကြံသူများက ထိပ်ဆုံးနေရာမှ ကျင့်ကြံသူများဖြစ်၏။
ဘုရင်အဆင့် ကျွမ်းကျင်သူ...
သူတို့အနေဖြင့် စဥ်းစား၍ပင်မရချေ။
ခန်းမအတွင်းရှိ ရှောင်မိသားစုဝင်များ အားလုံး အိပ်မက်ထဲသို့ ရောက်နေသည့်အလား မှင်သက်စွာငေးကြည့်နေမိကြ၏။
သူတို့အတွက် ပျော်ရွှင်မှုက အစစ်အမှန်မဟုတ်သည့် အလား ရောက်ရှိလာခဲ့သည်။
………
ရှောင်မိသားစုခွဲတစ်ခုလုံး အလွန်ထိတ်လန့်သွားခဲ့ပြီး ပထမဆုံးတုန့်ပြန်လာသူက ရှောင်ရုံဖြစ်သည်။
သူမက တန်ရှုယီအား ပျော်ရွှင်မှုများပြည့်နှက်နေသည့် မျက်၀န်းများဖြင့် ကြည့်လိုက်၏။
သူမက ရှောင်ဖန်တို့ မောင်နှစ်မ အလွန်ဇွဲကြီးကာ ရည်မှန်းချက်လည်းကြီးကြောင်းသိသဖြင့် ဂရုတစိုက်ပြုစုပျိုးထောင်ပေးခဲ့သည်။ လွန်ခဲ့သော နှစ်အနည်းငယ်က ထိုမောင်နှစ်မ ဒေသဖြတ်ကျော်လှေပျံကြီးဖြင့် တောင်(၁)သောင်းဒေသမှ ထွက်သွားရန် သူမကိုယ်တိုင်လိုက်ပို့ခဲ့၏။
ယခု အခြေအနေကမည်သို့နည်း။
ထိုမောင်နှစ်မက အလွန်တိုးတက်လာပြီး ဘုရင်အဆင့်ကျင့်ကြံသူ၏ တပည့်များပင်ဖြစ်နေကြချေပြီ။
ရှောင်ရုံ၏ မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီရဲလာပြီး တန်ရှုယီ၏ လက်အား တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်၏။
တန်ရှုယီလည်း မှင်သက်နေရာမှ သတိ၀င်လာခဲ့ပြီး ပြုံးနေသော မိသားစုခေါင်းဆောင် ရှောင်အား တုန်လှုပ်နေသော မျက်၀န်းများဖြင့် ကြည့်လိုက်သည်။
သူက တန်မိသားစု၌ မွေးဖွားခဲ့သူဖြစ်ပြီး ကျန်းရှန်မြို့ ရှောင်မိသားစုခွဲက ပင်မရှောင်မိသားစုကြီးသို့ ပြန်လည်ပေါင်းစည်းခွင့်ရခြင်း အဓိပ္ပါယ်ကို ကောင်းစွာ နားလည်ထား၏။
ကျန်းရှန်မြို့ ရှောင်မိသားစုခွဲ အကြီးအကျယ် တိုးတက် ပြောင်းလဲပေတော့မည်။
ထို့အပြင် ရှောင်ဖန်တို့ မောင်နှစ်မ၌ ဘုရင်အဆင့် ဆရာသခင်တစ်ဦး ရှိနေ၏။ ကျန်းရှန်မြို့မှ သူတို့ရှောင်မိသားစုခွဲတွင် အခြေတည်ဝိညာဉ်အဆင့်(၇) ကျင့်ကြံသူမရှိသော်လည်း ဖန်ရှင်းမြို့သို့ရောက်လျှင် မိသားစုခွဲများအကြား၌ ဂုဏ်အရှိဆုံး မိသားစုခွဲဖြစ်နေပေလိမ့်မည်။
ရှောင်ရုံက ထိုကဲ့သို့တွေးမိလိုက်ပြီး သူမ မျက်၀န်းများပင်နီရဲလာခဲ့ကာ လက်ဖက်ရည်ခွက်ကိုင်ကာ ထိုင်နေသည့် တန်မိသားစုခေါင်းဆောင်အား လှမ်းကြည့်လိုက်သည်။
ရှောင်ရုံ၏ နှုတ်ခမ်းက ခပ်ဖွဖွပြုံးလိုက်ပြီး နှလုံးသားထဲ၌ အတိုင်းမသိ ၀မ်းသာနေ၏။
“ ရှောင်ဖန် ၊ ရှောင်ဟောင်.. မင်းတို့က ဒေါ်လေးအတွက် အတိုင်းမသိ၀မ်းသာစရာတစ်ခု ယူဆောင်လာပေးတာဘဲ…”
ယခင်က ရှောင်မိသားစုခွဲ၌ ဒေါင်ဒေါင်အတွက် အရင်းအမြစ်မလောက်ငှသည့်အပေါ် စိတ်ပူနေခဲ့ရသည်။ သို့သော် ယခုတွင် စိတ်ပူစရာမရှိတော့ချေ။
သူမတို့ရှောင်မိသားစုခွဲက မကြာခင် ဖန်ရှင်းမြို့ အဓိက ရှောင်မိသားစုထံလိုက်သွားတော့မည်။ အဓိကရှောင်မိသားစုထံတွင် အခြေတည်ဝိညာဉ် အဆင့်မြင့်ကျင့်ကြံသူ(၉)ဦးရှိ၏။
ထို့အပြင် ရှောင်မိသားစု ခေါင်းဆောင်၏ သူအပေါ်ဆက်ဆံမှုအား ထောက်ချင့်တွေးတောကြည့်လိုက်လျှင် ထိုနေရာသို့ရောက်သွားပါက သူမတို့ ကောင်းမွန်စွာ ဆက်ဆံခံရနိုင်သည် မဟုတ်ပေလော။
ထို အံ့ဩဖွယ်သတင်းအား ရှောင်မိသားစုခွဲတစ်ခုလုံး ၀မ်းမြောက်စွာ တုံ့ပြန်လိုက်ကြ၏။
ပင်မမိသားစုနှင့် ပြန်လည် ပေါင်းစည်းရန်…
၎င်းက စကားလုံး(၄)လုံးမျှသာဖြစ်သော်လည်း မိသားစုခွဲမှ လူတိုင်းအတွက် အတိုင်းမသိ ၀မ်းသာစေရန် လုံလောက်သည်။
ထိုအချိန်တွင် တန်မိသားစုခေါင်းဆောင်က မိန်းမောနေသာ အခြေအနေတွင်ရှိနေသေးပြီး ဆူညံသံများကြားမှ ပြန်လည်သတိ၀င်လာ၏။
သူ၏ စိတ်ထဲတွင် မရေမတွက်နိုင်သည့် အတွေးများ ဖြစ်ပေါ်လာခဲ့ပြီး အလွန်ပျော်ရွှင်နေကြသည့် ရှောင်မိသားစု၀င်များအားကြည့်ကာ လက်ဖက်ရည်ခွက်အား ပြန်လည်ချထားလိုက်သည်။
ဒီရှောင်မိသားစုခွဲ ကောင်းကင်ထက် ပျံတက်သွားတော့မယ်…
တန် မိသားစုခေါင်းဆောင် တုန်လှုပ်သွားပြီး မချိပြုံးပြုံးလိုက်မိ၏။
သူက တန်ဒေါင်ဒေါင်က တန်မိသားစုထံသို့ ခေါ်ဆောင်ရန် ရောက်လာခဲ့သော်လည်း ရှောင်မိသားစု၏ အခြေအနေက ယခင်ထက် အလွန်မြင့်တက်သွားချေပြီ။ ဤကိစ္စဖြစ်မြောက်ရန် မလွယ်ကူနိုင်တော့ချေ။
ရှောင်မိသားစုခွဲခေါင်းဆောင် ရှောင်ရှန်းက ချက်ချင်းပင် ဟင်လျာများ တည်ခင်းပြီး ဤနေရာမှ လူတိုင်းအား ဧည့်ခံလိုက်လေသည်။
တန်မိသားစုခေါင်းဆောင်တစ်ယောက် ရှောင်ရှန်းနှင့် ဝိုင်ခွက်ချင်းတိုက်ကာ သောက်နေခဲ့ပြီး စိတ်ထဲ၌ ပြောရမလား မပြောရလား ဝေခွဲမရဖြစ်နေခဲ့၏။
တစ်ဖက်တွင် ရှောင်ရှန်းက တန်မိသားစုခေါင်းဆောင်၏ ပုံစံအား ရိပ်မိသဖြင့် ခပ်ဖွဖွပြုံးလိုက်ပြီး ဝိုင်တစ်ခွက် ထည့်ပေးလိုက်ရင်း
“ ခေါင်းဆောင် တန်.. ကျုပ်တို့ရှောင်မိသားစုက ဖန်ရှင်းမြို့ကို လိုက်သွားတော့မယ်.. ဒေါင်ဒေါင်ကို တန်မိသားစုမှ ချန်ထားခဲ့ဖို့တော့ အဆင်မပြေလောက်ဘူး… ကျုပ်တို့နဲ့ပဲ ထည့်လိုက်ရင်ရော..? ဘယ်လိုလဲ…”
တန်မိသားစုခေါင်းဆောင်က စိတ်ထဲမှ ကြိတ်ကာ သက်ပြင်းချလိုက်ပြီး ၀ိုင်ခွက်အား ကောက်မော့လိုက်သည်။
“ ခေါင်းဆောင် ရှောင်… စိတ်တော့မရှိနဲ့… ကျုပ် ဒီကိစ္စကို ဘိုးဘေးနဲ့ ပြန်ပြီး တိုင်ပင်ရဦးမယ်…”
“ အင်း…”
ရှောင်ရှန်းက အနည်းငယ်ပြုံးလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
“ ကျေးဇူးတင်ပါတယ်…”
တန်မိသားစု ခေါင်းဆောင်က နှုတ်ဆက်စကားဆိုလိုက်ပြီး ပြန်ရန်ပြင်လိုက်၏။
ခန်းမအတွင်းမှ ထွက်ခွာကာနီးတွင် သူ၏ နောက်ဘက်မှ ရှောင်ရှန်းနှင့် ပင်မရှောင်မိသားစုခေါင်းဆောင်တို့၏ စကားပြောသံ သဲ့သဲ့ကို ကြားလိုက်ရသည်။
“ ခေါင်းဆောင်ရှောင်.. ဘာတွေ အဆင်မပြေတာများရှိလို့လဲ… ကျန်းရှန်မြို့ရှောင်မိသားစုက ကျုပ်တို့ ရှောင်မိသားစုတစ်ခုလုံးအတွက် သိသိသာသာအကျိုးရှိစေခဲ့တယ်… ပြီးတော့ အားလုံးက မိသားစု၀င်တွေပဲလေ.. ပြောစရာရှိရင် ကျုပ်ကို ပွင့်ပွင့်လင်းလင်းပြောပါ…”
ပင်မရှောင်မိသားစုခေါင်းဆောင်က ရှောင်ရှန်းအား ဝိုင်တစ်ခွက်ကမ်းပေးရင်း မေးလိုက်သည်။
ရှောင်ရှန်းက အလျင်အမြန်လက်ခံလိုက်ပြီး ခေါင်းယမ်းရင်း အနည်းငယ်ပြုံးကာ
“ ဒါက ကိစ္စကြီးတော့မဟုတ်ပါဘူး…တန်ဒေါင်ဒေါင်ရဲ့ ကျင့်ကြံမှုလမ်းကြောင်းအတွက် ပြသနာတစ်ခုပါဘဲ… သူက ရုံအာရဲ့သားလေ.. ပြီးတော့ သူက ပါရမီတော်တော်လေးကောင်းတယ်… သူရဲ့ ကျင့်ကြံမှုလမ်းကြောင်း ၊ အရင်းအမြစ်တွေနဲ့ပတ်သက်ပြီး ဘယ်လိုစီစဉ်ရင်ကောင်းမလဲ ဆွေးနွေးနေတာပါ…”
ရှောင်ရုံ၏ သားဟူသော စကားအား ကြားလိုက်လျှင် ရှောင်မိသားစုခေါင်းဆောင်၏ မျက်၀န်းများ တောက်ပလာခဲ့သည်။
ကျန်းရှန်မြို့ ရှောင်မိသားစုခွဲ ပင်မရှောင်မိသားစုသို့ ပြန်လည်ပေါင်းစပ်နိုင်ခြင်းမှာ ရှောင်ဖန်တို့ မောင်နှစ်မကြောင့်ဖြစ်ပြီး ထိုမောင်နှစ်မက ရှောင်ရုံနှင့် အရင်းနှီးဆုံးဖြစ်ပေသည်။
“ အဲ့ကိစ္စအတွက်ဆို စိတ်မပူနဲ့တော့… ရှောင်ရုံရဲ့ သားဖြစ်တဲ့အတွက် သူ့ကို အစွမ်းကုန်ကူညီပေးမှာပါ… ပြီးတော့ ဘိုးဘေးကိုယ်တိုင်တောင် သင်ကြားစောင့်ရှောက်ပေးလိမ့်မယ်…”
ရှောင်ခေါင်းဆောင်က လျှင်မြန်စွာ ကတိပေးလိုက်ပြီး ဤကိစ္စအား ရှောင်ဘိုးဘေးထံသို့ သတင်းပို့ရန်ပြင်ဆင်လိုက်၏။
ရှောင်မိသားစုမှ ကလေးများအနေဖြင့် အရည်အချင်းရှိနေသ၍ အရင်းအမြစ်အတွက် စိတ်ပူစရာမလိုပေ။
သူ၏ စကားများကြောင့် ရှောင်ရှန်းသာမက တံခါး၀၌ရောက်နေသော တန်မိသားစုခေါင်းဆောင်ပါ ထိတ်လန့်သွားခဲ့ရသည်။
ရှောင်ဘိုးဘေး..
ထိုလူက အခြေတည်ဝိညာဉ် အထွတ်အထိပ်အဆင့်မှ ကျင့်ကြံသူဖြစ်၏။
တန်ဘိုးဘေးထက် များစွာအစွမ်းထက်သည်။
ရှောင်မိသားစုခွဲ များစွာ တိုးတက်လာပေတော့မည်။