အခန်း (၂၃၈)
Vol. 16 Ch. 238
တန်မိသားစုခေါင်းဆောင်တစ်ယောက် ရှုပ်ထွေးနေသည့် အမူအရာဖြင့် အိမ်ပြန်လာခဲ့ပြီး တန်ဘိုးဘေးရှိရာ အဓိခန်းမကြီးဆီသို့ တိုက်ရိုက်သွားပြီး တံခါးခေါက်လိုက်သည်။
“ ၀င်ခဲ့…”
တန်ဘိုးဘေးက အော်ပြောလိုက်ပြီး ၀င်လာသော တန်မိသားစုခေါင်းဆောင်အား မျက်မှောင်ကြုတ်ပြီး ကြည့်နေခဲ့သည်။
“ ဒေါင်ဒေါင်ကိစ္စ ဘယ်လိုလဲ.. အဆင်ပြေခဲ့လား…”
တန်ဒေါင်ဒေါင်က ပါရမီကောင်းရုံမျှမက စိတ်ဓာတ်လေးလည်း မဆိုးလှချေ။ ထို့ကြောင့် သူက ဒေါင်ဒေါင်က တန်မိသားစုသို့ခေါ်ယူပြီး လေ့ကျင့်ပေးချင်ခဲ့သည်။ ရှောင်မိသားစု၌ ဆက်ထားပါက နှမျောစရာဖြစ်သွားပေလိမ့်မည်။ ဒေါင်ဒေါင်ရှိနေလျှင် မိသားစုနှစ်ခုကြားမှ ဆက်ဆံရေးလည်း ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်၏။
ယခု မိသားစုခေါင်းဆောင်၏ အမူအရာအရ ရှောင်မိသားစုက ငြင်းဆန်လိုက်သလော…?
“ ဘိုးဘေး… ရှောင်မိသားစုက အကြီးအကျယ်ပြောင်းလဲသွားပြီ…”
ခေါင်းဆောင်တန်က အောင့်သက်သက်ပြုံးလိုက်ပြီး ခေါင်းငုံ့လျက် ရှောင်မိသားစု၌ ဖြစ်ပျက်ခဲ့သမျှအားလုံးကို ပြန်လည်ပြောပြလိုက်သည်။
စကားများနားထောင်ရင် တန်ဘိုးဘေး တုန်လှုပ်သွားခဲ့၏။
ပင်မမိသားစုနှင့် ပြန်လည်ပေါင်းစပ်တော့မည်လော။
ဤတစ်ချက်ဖြင့်ပင် ကျန်းရှန်မြို့ ရှောင်မိသားစုခွဲက အနာဂါတ်တွင် သူတို့တန်မိသားစုထက် လွှမ်မိုးနိုင်စွမ်း ပိုကြီးသွားတော့မည်။
ရှောင်ဘိုးဘေးက ဖန်ရှင်းမြို့၏ အစွမ်းထက်ဆုံး လူ(၃)ဦးထဲတွင် အပါအ၀င်ဖြစ်ပြီး အဆင့်မြင့် အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူ(၉)ဦးလည်း ရှိသေး၏။
၎င်းတို့၏ ခွန်အားဖြစ်စေ ၊ ဩဇာအာဏာတွင်ဖြစ်စေ တန်မိသားစုထက် အပြတ်အသတ် သာလွန်နေသည်။
နဂိုကတည်းက ကျန်းရှန်မြို့ ရှောင်မိသားစုက ဖန်ရှင်းမြို့မှ ပင်မရှောင်မိသားစုနှင့် ပေါင်းစပ်နိုင်ပါက သူတို့တန်မိသားစုအနေဖြင့် တန်ရှုယီတို့ မင်္ဂလာပွဲအပေါ် ဆန့်ကျင်စရာမလိုပေ။
တန်မိသားစုခေါင်းဆောင် ပြောပြသည့်အထဲမှ ဘုရင်အဆင့်ကျွမ်းကျင်သူအတွက်မူ တန်ဘိုးဘေး တစ်ကိုယ်လုံးတုန်လှုပ်သွားခဲ့ရသည်။
ဘုရင်အဆင့်…
ထိုအဆင့်ကျင့်ကြံသူက တောင်(၁)သောင်း ဒေသ၌ပင် အနည်းငယ်သာရှိ၏။ တစ်ဦးထွက်ပေါ်လာတိုင်း သူတို့ဒေသ၌ အုပ်စိုးရှင်များဖြစ်သွားလေ့ရှိသည်။
ရှောင်မိသားစုသာ ထိုကဲ့သို့ လူမျိုးနှင့် အမှန်တကယ် အဆက်သွယ်ရှိမည်ဆိုလျှင် ၎င်းတို့အနာဂါတ်က တောက်ပနေမည်မှာ မလွဲပေ။
တန်ဘိုးဘေး လေးနက်စွာ တွေးတောလိုက်၏။
လွန်ခဲ့သော (၅)နှစ်အတွင်း ရှောင်မိသားစုနှင့် တန်မိသားစုအကြား ဆက်ဆံရေးက တိုးတက်ခြင်းမရှိသလို ယိုယွင်းပျက်စီးသွားခြင်းလည်း မရှိခဲ့ပေ။
သို့သော် တန်ရှုယီတွင် သားတစ်ယောက် ဖွားမြင်လာပြီးနောက် လွန်ခဲ့သော(၅)နှစ်အတွင်း မိသားစုနှစ်ခုအကြားမှ ဆက်ဆံရေး အနည်းငယ်အဆင်ပြေလာ၏။
သို့သော် တန်ဒေါင်ဒေါင်၏ ကျင့်ကြံမှု ပါရမီက ကောင်းမွန်ကြောင်း သိလိုက်ရလျှင် တန်မိသားစုနှင့် ရှောင်မိသားစုအကြားဆက်ဆံရေး ယခင်ထက် အနည်းငယ်ပိုပြီး တိုးတက်လာခဲ့သည်။
“ မိသားစု နှစ်ခုကြားက ဆက်ဆံရေးကို ပိုပြီးခိုင်ခံ့အောင်လုပ်…”
တန်ဘိုးဘေးက လေးနက်စွာပြောလိုက်၏။
“ အခုကစပြီး တန်မိသားစုနှင့် ရှောင်မိသားစုကြား ဆက်သွယ်မှုတွေ အများကြီးပိုလုပ်ဖိုလိုတယ်…”
“ ရှုယီ ၊ ရုံအာတို့နဲ့ ပတ်သက်ပြီး ငါတို့က မိသားစုတွေလို့ သတ်မှတ်လို့ရတယ်… မိသားစုတွေဆိုမှတော့ အချင်းချင်း ဆက်သွယ်မှုတွေ ပိုရှိသင့်တယ်မဟုတ်လား… ပြီးတော့ မင်း.. ရှောင်မိသားစုဆီကို လက်ဆောင်တွေသွားပို့ဖို့မမေ့နဲ့… ရုံအာတို့ဆီ ၀င်လည်ပတ်ရင်း ရှုယီကိုလည်းပြောခဲ့.. မိသားစုကို ပြန်မရောက်တာနှစ်တွေကြာပြီ.. အိမ်ဘက်လည်း ပြန်လာဦးလို့….”
သူတို့တန်မိသားစုနှင့် ရှောင်မိသားစုတို့က တန်ရှုယီနှင့် ရှောင်ရုံတို့၏ လက်ထပ်ခြင်းဖြင့် မိသားစု၀င်များအဖြစ် သတ်မှတ်၍ရသည်။
တန်ဘိုးဘေးက တောက်ပသော မျကိ၀န်းများဖြင့် မိသားစုခေါင်းဆောင်အား အဆက်မပြတ် တိုက်တွန်းစကားဆိုလိုက်၏။
ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး၏ အရှိန်အဝါက အရာအားလုံးကို ပြောင်းလဲစေနိုင်စွမ်းရှိသည်။
……………
ရွှမ်ယီက ရီဝေဝေပန်း လီလီမြက်အား လက်၀ယ်ရရှိပြီးနောက် တောင်(၁)သောင်းဒေသသို့ထွက်သွားချိန်တွင် အရှေ့ငြိမ်းချမ်းရေးဒေသသို့လာရောက်ခဲ့သူများ ထိတ်လန့်စွာဖြင့် ၎င်းတို့အင်အားစုများထံ အကြောင်းကြားရန် ပြန်ပြေးလာကြ၏။
…
သူတော်စင်ဒေသအား နယ်မြေ(၅)ခုအဖြစ် အပိုင်း(၅)ပိုင်းခွဲခြားထား၏။
နှစ်ထောင်ပေါင်းများစွာကြာမှ တစ်ကြိမ်ပေါ်သည့် ရီဝေဝေပန်း လီလီမြက်သတင်းက တောင်ပိုင်းတိုက်ကြီးတစ်ခုလုံး နီးပါးသို့ ပျံ့နှံ့သွားခဲ့သည်။
ယုမိသားစု ဦးဆောင်သည့် သူတော်စင်ဒေသအရှေ့ပိုင်းနယ်မြေမှ အဖွဲ့တစ်ခုလည်း လရောင်တောင်စောင်းသို့ သွားရောက်ခဲ့သည်။ သူတို့ရောက်သွားချိန်တွင် ရွှမ်ယီက ဓားတစ်ချက်ဖြင့် အဆင့်မြင့် မူလဘုရင်ကျင့်ကြံသူတစ်ယောက်အား သတ်ဖြတ်လိုက်သည်ကို တွေ့လိုက်ရ၏။
ထိုအခါ ယုမိသားစုအဖွဲ့ တုန်လှုပ်သွားခဲ့ရသည်။
သူတို့ ယုမိသားစုမှ သခင်မလေး ယုလင်းလုံက ဗဟိုသူတော်စင်အကယ်မီသို့ ၀င်ရောက်ခဲ့၏။ သူတော်စင်ဒေသ၏ လွှမ်းမိုးနိုင်စွမ်းရှိသော အဖွဲ့တစ်ခုအနေဖြင့် သူမ၏ ဆရာမည်သူဖြစ်ကြောင်း သူတို့ကောင်းစွာ သိထားကြသည်။
ထို့ကြောင့် ရွှမ်ယီက လူအားလုံးနှင့် တစ်ယောက်ဖြစ်နေချိန်တွင် သူတို့ထိတ်လန့်သွားပြီး ရွှေဘုရင်လင်း ရောက်လာသော်အခါ ပို၍ပင် ထိတ်လန့်သွားခဲ့ကြသည်။
သူတို့ တုံ့ပြန်ချိန်မရသေးမီ ရွှေဘုရင်လင်း ထွက်ပြေးသွားခဲ့၏။ ထိုလူက ရွှမ်ယီနံဘေးမှ လျှို့ဝှက်ဆန်းကျယ်သော အဖြူ၀တ် အမျိုးသမီး၏ လက်ဖဝါးချက်အား ခံယူရဲခြင်းမရှိပေ။
ထို့နောက် ပို၍ပင် ကြောက်စရာကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့၏။ ထို လျှို့ဝှက်ဆန်းကျယ်သော အမျိုးသမီးက ကောင်းကင်ဘုရင်တစ်ယောက်အား အလွယ်တကူ သတ်ဖြတ်ပစ်လိုက်သည်။
သူတို့ ယုမိသားစု၌ပင် ကောင်းကင်ဘုရင်တစ်ဦးတည်းသာရှိ၏။
သခင်မလေး လင်းလုံ၏ ဆရာက မည်ကဲ့သို့ တည်ရှိမှုမျိုးနည်း။
ရောက်ရှိလာသော ယုမိသားစုမှလူတိုင်း အလွန်အံ့ဩသွားခဲ့ရသည်။ အရှေ့ငြိမ်းချမ်းရေးဒေသမှ ထွက်ခွာလာပြီးနောက် ချက်ချင်း သတင်းပို့တင်ပြခဲ့၏။ ဤကိစ္စက အလွန်အရေးကြီးပြီး မိသားစုခေါင်းဆောင်ထံသို့ ချက်ချင်းတင်ပြရန် လိုအပ်သည်။
သူတော်စင်ဒေသ ၊ အရှေ့ပိုင်းနယ်မြေ ၊ ယုမိသားစု…
ယုမိသားစုသို့ ပြန်ရောက်လာသူများ ပြောကြားသည့်စကားများကြောင့် အဓိကအကြီးအကဲ မျက်လုံးများပြူးကျယ်သွားပြီး မိသားစုခေါင်းဆောင်ရှိရာသို့ ချက်ချင်းပြေးသွားပြီး တံခါးခေါက်လိုက်သည်။
“ ၀င်ခဲ့…”
မိသားစုခေါင်းဆောင်က ခေါင်းမော့ပြီး အဓိကအကြီးအကဲအား ကြည့်လိုက်သည်။ ထိုလူ၏ အမူအရာအရ အရေးကြီးသော တစ်စုံတစ်ရာဖြစ်ပျက်နေပြီဖြစ်ကြောင်း နားလည်လိုက်၏။
မိသားစု ခေါင်းဆောင်တစ်ယောက်အနေဖြင့် သူ့ထံတွင် လုပ်စရာများတောင်လိုပုံနေပြီး အလွန်အလုပ်များသူတစ်ဦးဖြစ်သည်။ ထို့ကြောင့် သာမန်အသေးအဖွဲ့ကိစ္စများအား အကြီးအကဲများကို ကိုင်တွယ်စေလိုက်ပြီး အရေးကြီးသော ကိစ္စများကိုသာ သူ့ထံသို့တင်ပြရန် ပြောကြားထား၏။
“ ဘာဖြစ်လို့လဲ…”
အဓိကအကြီးအကဲက စိတ်တည်ငြိမ်အောင်ကြိုးစားလိုက်ပြီး ရှေ့တိုးကာ လက်ယှက်လိုက်သည်။
“ အရှေ့ငြိမ်းချမ်းရေးဒေသက ရီဝေဝေပန်း လီလီမြက်အကြောင်းပါ ခေါင်းဆောင်… အဲ့ဒီ နတ်မြက်ကို တစ်စုံတစ်ယောက်က ရသွားပါပြီ…”
ထိုစကားအားကြားလျှင် မိသားစုခေါင်းဆောင်က ခေါင်းတစ်ချက် ညိတ်ပြလိုက်၏။
ရီဝေဝေပန်း လီလီမြက်က အလွန်အရေးကြီးပြီး ဘုရင်အဆင့်ကျင့်ကြံသူများအပေါ် တော်တော်လေး အကျိုးသက်ရောက်မှုရှိသည်။ အဖွဲ့အစည်းတစ်ခု၏ စုပေါင်းအင်အားကို မြှင့်တင်ရန် အလွန်အသုံး၀င်သော ရတနာတစ်ခုဖြစ်၏။
ထိုသတင်းအား ကြီးမားသည့်အဖွဲ့အစည်းတိုင်းနီးပါး သိကြသည်။ ယုမိသားစုထံသို့ သတင်းရောက်လာချိန်က စောလည်းမစောသလို နောက်လည်းမကျပေ။
သို့သော် ထိုနတ်မြက်ထွက်ပေါ်လာသည့်နေရာက သူတို့ဒေသနှင့် အလွန်ဝေးကွာပြီး ယုမိသားစု လက်လှမ်းမီသော နေရာမဟုတ်ပေ။ ဤသို့ဖြင့် အခြေအနေအားစောင့်ကြည့်ရန် အဖွဲ့ငယ်လေးတစ်ခုသာ စေလွှတ်ခဲ့၏။
“ သိပြီ.. တခြား ဘာရှိသေးလဲ…”
သာမန်အတိုင်း တစ်စုံတစ်ယောက်က နတ်မြက်အား ပိုင်ဆိုင်သွားခြင်းဆိုလျှင် သူအပြင်သို့ ထွက်လာချိန်ထိ စောင့်၍ရသည်။
သို့သော် တံခါးခေါက်ပြီး ၀င်လာသည်ဖြစ်ရာ ကျန်အရေးကြီးကိစ္စတစ်ခု ရှိရဦးမည်။
“ ခေါင်းဆောင်.. အဲ့တိုက်ပွဲမှာ ကောင်းကင်ဘုရင်တစ်ယောက် ကျဆုံးသွားသေးတယ်… ရှစ်နယ်မြေတံခါးက ကောင်းကင်ဘုရင် အရှေ့ငြိမ်းချမ်းရေးဒေသမှ သေဆုံးသွားပါပြီ…”
အဓိကအကြီးအကဲက သာမန်ထက် အနည်းငယ်တိုးသော လေသံဖြင့်ပြောလိုက်၏။
ထိုစကားအားကြားလျှင် ယုမိသားစုခေါင်းဆောင်၏ မျက်၀န်းများ အနည်းငယ်မှေးကျဉ်းသွားခဲ့သည်။ သူ၏ မျက်နှာ၌ မည်သည့် အမူအရာမှပေါ်မလာသော်လည်း နှလုံးသားထဲ၌ သိသိသာသာတုန်လှုပ်သွားခဲ့၏။
သူတို့ ယုမိသားစုတွင်လည်း ကောင်းကင်ဘုရင်အဆင့် တစ်ယောက်တည်းသာရှိပေသည်။
ရီဝေဝေပန်း လီလီမြက်အတွက် ကောင်းကင်ဘုရင်တစ်ဦး အသက်ပေးလိုက်ရသည်။ ဤတစ်ကြိမ် ရှစ်နယ်မြေတံခါး တော်တော်ေလး ဆုံးရှုံးမှုကြီးသွားခဲ့၏။
မိသားစုခေါင်းဆောင်က ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး အဓိကအကြီးအကဲအား ထွက်သွားရန် လက်ယမ်းပြလိုက်သည်။
သူ့တွင် လုပ်စရာများစွာရှိသေး၏။ ကောင်းကင်ဘုရင်တစ်ဦး၏ သေဆုံးခြင်းက အလွန်ကြီးမားသော ကိစ္စကြီးဖြစ်သည့်တိုင် ရှစ်နယ်မြေတံခါးက ယုမိသားစုနှင့် အလွန်ဝေးကွာသော အရပ်တွင်တည်ရှိသည်ဖြစ်ရာ သူတို့အတွက် ဘာအကျိုးကျေးဇူးမှမရှိပေ။
အဓိက အကြီးအကဲက ထွက်မသွားသေးဘဲ မတ်တပ်ရပ်လိုက်၏။
နတ်မြက် တခြားသူလက်ထဲပါ၀င်ခြင်း ၊ ကောင်းကင်ဘုရင်တစ်ဦး ကျဆုံးခြင်းတို့က ကိစ္စကြီးများဖြစ်သည်မှန်သော်လည်း ယခုပြောမည့် ကိစ္စက အားလုံးထက် ပိုအရေးကြီးပေသည်။
တစ်ခဏအကြာတွင် မိသားစုခေါင်းဆောင်က ခေါင်းမော့ပြီး မျက်မှောင်ကြုတ်ကာ အဓိကအကြီးအကဲအားစိုက်ကြည့်လိုက်ပြီး
“ မင်း.. ဘာလို့ ထွက်မသွားသေးတာလဲ.. နောက်ထပ် ပြောစရာရှိသေးလို့လား…”
ကောင်းကင်ဘုရင်တစ်ဦးက နတ်မြက်တစ်ပင်အတွက် ကျဆုံးသွားခဲ့ရသည်။ ထိုကိစ္စက သူ့အမြင်တွင် အလွန်ကြီးမားသော ကိစ္စကြီးတစ်ခုဖြစ်နေချေပြီ။
၎င်းကိစ္စထက် ပိုအရေးကြီးသောအရာ ရှိနေသေးသလော…?