← Chapters

အခန်း (၂၃၉)

Vol. 16 Ch. 239

အခန်း (၂၃၉)

Vol. 16 Ch. 239

“ ခေါင်းဆောင်…”

အဓိက အကြီးအကဲက အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်ပြီး…

“ နတ်မြက်ကို ယူသွားတဲ့လူက သခင်မလေး လင်းလုံရဲ့ဆရာဘဲ…”

“ ပြီးတော့ ကောင်းကင်ဘုရင်ကို အလွယ်တကူသတ်ပစ်ခဲ့တဲ့ အမျိုးသမီးက သခင်မလေး လင်းလုံရဲ့ ဆရာ စကားကို နာခံနေတယ်…”

ဘုန်း..

ထိုစကားများက မိသားစုခေါင်းဆောင်၏ ရင်ဘတ်ထဲ၌ ဗုံးပေါက်သွားသလိုဖြစ်သွားခဲ့သည်။

“ ဘာကွ…”

“ ငါ့ကို..အသေးစိတ်ပြောပြ…”

မိသားစုခေါင်းဆောင်၏ မျက်၀န်းများက ကျဉ်းမြောင်းနေရာမှ ပြူးကျယ်လာပြီး သူ၏ စွမ်းအားများပင် ဖရိုဖရဲဖြစ်သွားခဲ့ရသည်။ စိတ်ဝိညာဉ်လှိုင်းလုံးကြီးတစ်ခုက ခန်းမအတွင်း ရိုက်ခတ်သွားပြီး စာရွက်စာတမ်းများအားလုံး လွင့်စင်သွားခဲ့၏။

ယခုအချိန်တွင် သူ့ စိတ်များ အလွန်တုန်လှုပ်နေလေသည်။

အဓိကအကြီးအကဲက ရှေ့အနည်းငယ်တိုးသွားလိုက်ပြီး အရှေ့ငြိမ်းခြမ်းရေးဒေသ၌ ဖြစ်ပျက်ခဲ့သည်များအားလုံး ပြောပြလိုက်၏။

၎င်းတို့အထဲမှ အဓိကစကားများမှာ ရွှမ်ယီက မူလဘုရင်အဆင့်ဖြင့် လူသားဘုရင်အဆင့်တိုက်ခိုက်နိုင်စွမ်း ရှိနေခြင်းနှင့် လျှို့ဝှက်ဆန်းကျယ်သော ကောင်းကင်ဘုရင် အမျိုးသမီးက ရွှမ်ယီ၏ စကားအား နာခံခြင်းဖြစ်ပေသည်။

စကားဆုံးသွားပြီးနောက် အတန်ကြာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့လေသည်။

မိသားစုခေါင်းဆောင်လက်ထဲ၌ ကိုင်ထားသည့် စိတ်ဝိညာဉ်ဘောပင် ‘ဂျွတ်’ ဟူသည့် အသံဖြင့် ကျိုးသွားတော့မှ မိသားစုခေါင်းတောင် ပြန်လည် အသိ၀င်လာ၏။

“ ရွှမ်ယီ…”

မိသားစုခေါင်းဆောင်က အလွန်လေးနက်နေသည့် မျက်နှာဖြင့် ရွှမ်ယီ၏ အမည်အား ရေရွတ်လိုက်သည်။

ယုလင်းလုံ‌အား ဗဟိုသူတော်စင်အကယ်ဒမီသို့ စေလွှတ်ခဲ့ရာတွင် ယုမိသားစုက သူမအတွက် နည်းပြဆရာတစ်ဦး ကြိုတင်စီစဉ်ပြီးသားဖြစ်သည်။ သို့သော် ယုလင်းလုံက ပုန်ကန်လိုသည့်စိတ်ဖြင့် ရွှမ်ယီအား ကျပန်းရွေးချယ်ခဲ့၏။

ထိုအခါ ယုမိသားစုခေါင်းဆောင်က ရွှမ်ယီအကြောင်း စုံစမ်းကြည့်လိုက်သည့်အချိန်တွင် ထိုလူငယ်က အသက်(၂၀)ကျော်သာရှိသေးပြီး တခြားဒေသတစ်ခုမှရောက်လာသည့် ဆရာအသစ်တစ်ဦးဖြစ်ကြောင်း သိခဲ့ရသည်။

ထိုအသက်အရွယ်ဖြင့် ဗဟိုသူတော်စင် အကယ်ဒမီ၌ မည်ကဲ့သို့ ဆရာတစ်ဦးဖြစ်လာခဲ့သနည်း…?

မိသားစုခေါင်းဆောင်က ထိုအခြေအနေအား မနှစ်သက်သဖြင့် ယုလင်းလုံအတွက် နည်းပြဆရာပြောင်းလဲပေးချင်ခဲ့သည်။

“ ရှူး…”

၎င်းအား ပြန်တွေးပြီးနောက် အသက်ပြင်းပြင်း ရှိုက်လိုက်မိသည်။ စိတ်ကူးသာရှိပြီး မလုပ်ဖြစ်ခဲ့သည်က အလွန်ကံကောင်းလှ၏။

ထိုသို့ပြုလုပ်ခဲ့ပါလျှင်မူ ယုမိသားစုအနေဖြင့် မယုံကြည်နိုင်စရာကောင်းလောက်အောင် ဆန်းကြယ်သူတစ်ဦးဖြင့် လွဲချော်သွားတော့မည်။

အသက်(၂၀)ကျော်ရုံမျှဖြင့် လူသားဘုရင်အဆင့် စွမ်းအားမျိုး ထုတ်လွှတ်နိုင်သည်အား ကြည့်လျှင် ထိုလူငယ်၏ အနာဂါတ်က အကန့်အသတ်မရှိပေ။

ပိုမိုကောင်းမွန်သည့်အရာမှာ ထိုလူငယ်က ကောင်းကင်ဘုရင်အား အလွယ်တကူ သတ်ဖြတ်နိုင်သည့် ပုဂ္ဂိုလ်အား အမိန်ပေးခိုင်းစေနိုင်ခြင်းဖြစ်၏။

အဆုံးမဲ့သော အနာဂါတ်အလားအလာ ၊ အလွန်ကောင်းမွန်သည့်နောက်ခံ… ရွှမ်ယီက အရာအားလုံးပိုင်ဆိုင်ထားသည်။

“ ဟားဟားဟား… အရမ်းကောင်းတယ်…”

မိသားစုခေါင်းဆောင်က အလွန်စိတ်လှုပ်ရှားနေပြီး တောက်ပသောမျက်၀န်းများဖြင့် ကျယ်လောင်စွာ အော်ရယ်လိုက်၏။

“ လင်းလုံက ငါတို့ ယုမိသားစုကို အရမ်းထူးခြားတဲ့ ဖြစ်တည်မှုတစ်ခုနဲ့ ဆက်သွယ်ပေးထားတယ်… အခြေအနေကောင်းရင် ယုမိသားစု အများကြီးမြင့်တက်သွားနိုင်တယ်…”

“ သွားတော့… အဝေးရောက်နေတဲ့ သား၊ သမီး ၊ မြေး ၊ မြစ် တွေအားလုံး မိသားစုဆီကို ပြန်ပြီး ဆင့်ခေါ်လိုက်…”

“ ပွဲတစ်ခု ကျင်းပပြီး လင်းလုံကို ငါကိုယ်တိုင်ဆုချမယ်….”

…………….

ကျန်းရှန်မြို့မှ ရှောင်မိသားစုခွဲ ဖန်ရှန်းမြို့သို့ ပြောင်းရွှေ့လာသောအခါ ရှောင်ဖန်တို့မောင်နှစ်မ ရှောင်ရုံနှင့် တွေ့ဆုံခဲ့ကြသည်။

ထို့နောက် မကြာခင်တွင် ရွှမ်ယီတို့အဖွဲ့ တောင်(၁)သောင်းဒေသမှ ပြန်လည်ထွက်ခွာလာခဲ့ကြ၏။

ဒေသတချို့သို့ ခရီးဆက်သွားပြီးနောက် သူတို့ခရီးစဉ်က လုံလောက်ပြီဟု ရွှမ်ယီ ခံစားမိလိုက်သည်။

သူ၏ တပည့်များ နှစ်၀က်ကျော်အတွင်း စုဆောင်းရရှိခဲ့သည့် ဗဟုတများ ‌အတွေ့အကြုံများအား ဗဟိုသူတော်စင်အကယ်ဒမီသို့ပြန်ပြီး ချေဖျက်ရန်အချိန်ရောက်ချေပြီ။

ထို့အပြင် ရွှမ်ယီ အနေဖြင့်လည်း လူသားဘုရင်အဆင့်အားချိုးဖျက်ရန်အတွက် အာရုံစိုက်ရန်လိုအပ်၏။

ရီဝေဝေပန်း လီလီမြက်မှ သန့်စင်ထားသည့်ဆေးလုံးက သူ့အား မူလဘုရင်အထွတ်အထိပ်အဆင့်သို့ တွန်းပို့ခဲ့ပြီး လူသားဘုရင်အဆင့်နှင့် ခြေတစ်လှမ်းသာဝေးတော့သည်။

တပည့်များနှင့် တောင်(၁)သောင်းဒေသမှ ထွက်ခွာလာချိန်၌ အဆင့်ချိုးဖျက်ရန် ကြိုးစားခဲ့သေး၏။

သူက ဇန်ယွမ်ဆေးလုံးများအား သောက်သုံးခဲ့သည်။

သူ့ လက်ထဲတွင် ဇန်ယွမ်ဆေး(၈)လုံးရှိပြီး ထိုအထဲမှ (၅)လုံးက အဆင့်မြင့်ဆေးများဖြစ်၏။

ဆေးတစ်လုံးအား သောက်သုံးလိုက်လျှင် ဘုရင်အဆင့်ကျင့်ကြံသူတစ်ဦး၏ ကျင့်ကြံမှုအား ဆယ်စုနှစ်များစွာမြှင့်တင်ပေးမည်ဖြစ်သော်လည်း ဒုတိယမြောက်ဆေးလုံးထပ်သောက်လျှင် ပထမအကြိမ်ထက် အာနိသင်နည်းပါးသွားပေလိမ့်မည်။

ရွှမ်ယီက အာနိသင်ကျဆင်းသွားခြင်းအား ဂရုမစိုက်ဘဲ အားလုံးကုန်သည်အထိ တစ်လုံးပြီးတစ်လုံး သောက်သုံးလိုက်၏။

ဆေး(၈)လုံး၏ စွမ်းအားများအား ချေဖျက်ပြီးချိန်တွင် ရွှမ်ယီ၏ ခန္ဓာကိုယ်၌ လူသားဘုရင်အဆင့်ရောက်တော့မည့် လက္ခာများ ထွက်ပေါ်လာလေသည်။

ဇန်ယွမ်ဆေးလုံးများက ဘုရင်အဆင့်ကျင့်ကြံသူတစ်ဦးအတွက် နှစ်ပေါင်းများစွာသော ကျင့်ကြံမှုကိုပေးစွမ်းပြီး ရွှမ်ယီ အဆင့်အမြန်တက်ထားခြင်းကြောင့် တည်ငြိမ်မှုမရှိသည့် အခြေခံအုတ်မြစ်အား တည်ငြိမ်သွားစေခဲ့သည်။

သူက လက်ရှိအချိန်တွင် အဆင့်မချိုးဖျက်နိုင်ခဲ့သေးသော်လည်း သူ၏ တိုက်ခိုက်နိုင်စွမ်းက လူသားဘုရင်အဆင့်နှောင်းပိုင်း၏အထွတ်အထိပ်သို့ရောက်သွားခဲ့သည်။ လူသားဘုရင်အဆင့် အထွတ်အထိပ်နှင့် အနည်းငယ်မျှသာ ကွာဝေးတော့၏။

သာမန်လူသားဘုရင်များအား စက္ကန့်ပိုင်းအတွင်း သတ်ဖြတ်နိုင်စွမ်းရှိသည်။

ရွှမ်ယီက သူဤအတိုင်း ဆက်လက်ကျင့်ကြံနေလျှင် မကြာမီ လူသားဘုရင်အဆင့်ကို ချိုးဖျက်နိုင်တော့မည်ဟု ခံစားနေရ၏။

‘ ဗဟိုသူတော်စင်အကယ်ဒမီကိုပြန်သွားပြီး အဆင့်တက်မယ့် အချိန်ကို စောင့်ရမယ်…’

……

ထိုအချိန်တွင် ဗဟိုသူတော်စင် အကယ်ဒမီ၌ ဌာနမှူး၏ စိတ်အခြေအနေက ရွှမ်ယီကြောင့် ပြောင်းလဲနေချေပြီ။

သူနှင့် ရွှမ်ယီ လွန်ခဲ့သော နှစ်၀က်ကျော်က ဆုံတွေ့ခဲ့ခြင်းဖြစ်၏။ ထိုလူငယ်က ဒုကျောင်းအုပ် ဒန်လင်းဇီ( ဆေးစိတ်ဝိညာဉ်) ၏ ထောက်ခံမှုဖြင့် အကယ်ဒမီသို့ရောက်လာခဲ့သည်။

ထိုသို့ဖြစ်ရာ ကျောင်းသားများအား စိတ်ဒုက္ခမပေးနိုင်ရန် ရွှမ်ယီအား ဟန်ပြ ရာထူးတစ်ခုသာပေးရန် ဌာနမှူး ဆုံးဖြတ်ခဲ့၏။

ထို့ကြောင့် မှော်ဆေးတာအိုဌာနတွင် တပည့်သစ်လက်ခံခြင်းမရှိသေးသောကြောင့် ရွှမ်ယီအား လွတ်လပ်စွာနေရန် ပြောကြားခဲ့သည်။

သို့သော် ရွှမ်ယီက ရုတ်တရက် ကျင့်ကြံမှုအခြေခံ ၊ ဓားရည်ရွယ်ချက် ၊ ဓားနယ်မြေတို့အား ထုတ်ဖော်ပြသခဲ့သည်။

၎င်းက ဗဟိုသူတော်စင်အကယ်ဒမီ သိုင်းတာအိုဌာန၌ နည်းပြအဖြစ်တာ၀န်ထမ်းဆောင်ရန် လိုအပ်သည်ထက်ပိုပေသည်။

အသက်(၂၀)၀န်းကျင်တွင် ထိုမျှအစွမ်းထက်သည်က မယုံနိုင်စရာပင်။

ထို့နောက် ရွှမ်ယီက မှော်ဆေးတာအိုဌာန၌ တံခါးဖွင့်အတန်းပို့ချခဲ့၏။ သို့သော် အတန်းတက်ရန် လာရောက်သူ အနည်းငယ်မျှသာရှိပေသည်။ ဤသို့ဖြင့် ရွှမ်ယီက သူ့ထံသို့ရောက်လာပြီး အတန်းချိန်အား ဖယ်ရှားပေးရန်ပြောခဲ့သည်။

ထိုအခါ ဌာနမှူးကလည်း မငြင်းဘဲ လက်ခံခဲ့၏။ သူ၏ အမြင်တွင် ရွှမ်ယီက ထိုအသက်အရွယ်မျှဖြင့် သိုတာအို၌ ဤမျှအောင်မြင်နေပြီဖြစ်ဂာ ၎င်း၏ အချိန်အများကြီးသုံးစွဲခဲ့ရပေလိမ့်မည်။ ဆေးတာအို၌ မအောင်မြင်ခြင်းက သိပ်ပြီး အထူးအဆန်းမဟုတ်ချေ။

ရလဒ်အနေဖြင့် ရွှမ်ယီ သူ၏ တပည့်များနှင့် ပြင်ပကမ္ဘာသို့ လေ့လာရေးခရီးထွက်သွားချိန်တွင် ဌာနမှူးရုံးခန်းသို့ မှော်ဆေးတာအိုဌာနမှ ကျောင်းသားများစုရုံးရောက်ရှိလာပြီး တံခါးခေါက်ခဲ့သည်။

၎င်းတို့က ဒေါသတကြီးဖြင့် ရွှမ်ယီအား ပြန်ခေါ်ပေးရန် လာရောက်တောင်းဆိုကြခြင်းဖြစ်၏။

ဌာနမှူး အလွန်အံ့ဩသွားခဲ့ရသည်။

ဤသို့ဖြင့် သူက ကျောင်းသားတစ်ဦးဆီမှ စာအုပ်တောင်းယူပြီး ရွှမ်ယီပို့ချခဲ့သော သင်ခန်းစာအား ဖတ်ကြည့်လိုက်လျှင် တဒင်္ဂမိန်းမောသွားခဲ့၏။

ဌာနမှူး အလွန်ထိတ်လန့်သွားခဲ့လေသည်။

ထိုရွှမ်ယီက ကမ္ဘာကြီး၌ နောက်တစ်ယောက်ရှိရန် မဖြစ်နိုင်သော လူစားမျိုးဖြစ်ပေသည်။

ဤသို့ဖြင့် မှော်ဆေးတာအိုဌာနမှ ကျောင်းသားများက ချော့မော့ဖြောင်းဖျပြီး ထိုအရေးကိစ္စများအား အချိန်ယူဖြေရှင်းလိုက်ရ၏။

ဌာနမှူး အေးဆေးအနားယူရန်ကြံလိုက်စဉ် ရွှမ်ယီက နန်မင်မျှော်စင်မှ ပြုလုပ်ထားသည့် မူလဘုရင်အဆင့်ဇယားတွင် နံပါတ်(၁)နေရာသို့ တိုက်ရိုက်ခုန်တက်သွားသည့်သတင်း အကယ်ဒမီသို့ရောက်လာခဲ့သည်။

ရွှမ်ယီနှင့်ပတ်သက်ပြီး သူ အမြဲတမ်း လျှော့တွက်မိခဲ့ကြောင်း ၀န်ခံရပေလိမ့်မည်။

ထိုလူက သာမန်အသိများဖြင့် ဆုံးဖြတ်၍မရပေ။

“ ဒီနှစ်အနည်းငယ်အတွင်းမှာ အကယ်ဒမီကြီး(၅)ခုက လူအနည်းငယ်ဘဲ စာရင်းထဲ၀င်ရောက်နိုင်ခဲ့တယ်… ပြီးတော့ ဒီနှစ်ပိုင်းမှာ ငါတို့ အကယ်ဒမီက စာရင်းထဲမှာ နေရာတစ်ခုရဖို့တောင် တော်တော်လေးခက်ခဲလွန်းနေတယ်….”

ဌာနမှူး အနည်းငယ်ညည်းညူလိုက်၏။

ရွှမ်ယီက ငယ်ရွယ်ပြီး အလွန်အစွမ်းထက်ကာ ပါရမီကောင်းလွန်းလှသူဖြစ်သော်ကြောင့် ကျန်အကယ်ဒမီများက ဖိတ်ခေါ်ပြီး သူက လက်ခံလိုက်လျှင် မည်သို့လုပ်မည်နည်း။

ဌာနာမှူးက သူ့အနီးအနားတွင် ထိုင်နေသူအား လှမ်းမေးလိုက်၏။

“ ဟင်း… ရွှမ်ယီကို လက်ထောက်ဌာနမှူးနေရာပေးလိုက်ရင် ကောင်းမလား….?”

ဗဟိုသူတော်စင်အကယ်ဒမီက အကယ်ဒမီကြီး(၅)ခုတွင် အဆင့်(၄)နေရာ၌ရှိနေ၏။ ရွှမ်ယီအား ဗဟိုသူတော်စင်အကယ်ဒမီမှ နည်းပြဆရာတစ်ဦးအဖြစ် ဆက်လက်ထိန်းသိမ်းထားနိုင်မည်လော ဆိုသည့်‌အတွေးများက ဌာနမှူးအား စိတ်ဒုက္ခပေးနေခဲ့သည်။

All Chapters