တုန့်ပြန်မှု
Vol. 006 Ch. 570
ဖန်ကျိယန်ပြောလိုက်သော စကားကြောင့် အခြေအနေသည် တင်းမာသွားကြသည်။
ဖန်လျုန်သည် အမြန်ဆုံးတုန့်ပြန်ကာ ဖန်ကျိယန်၏ ခေါင်းကိုရိုက်လိုက်သည်။ သူသည် ကြိမ်းမောင်း လိုက်သည် “ဘာမဟုတ်တာတွေ ပြောနေတာလဲ”
ရှန်ဂျင်သည် ရှီမာယူယူအား လျင်မြန်စွာပင် ပြောလေသည် “ယန်လေးနဲ့ ရှင်းလေးနဲ့က ငယ်ငယ် ကတည်းက ရင်းနှီးခဲ့တာ၊ သူက ရှင်းလေးရဲ့ လုံခြုံရေးကို စိတ်ပူနေလို့ စကားပြောလောသွားတာပါ၊ စိတ်မရှိပါနဲ့”
သူ့အဖေ၏ အရိုက်ကိုခံရပြီးနောက် ဖန်ကျိယန်သည် ရှီမာယူယူ၏ ရာထူးကို သတိရသွားသည်။ ဖန်ကျိရှင်း၏ တပည့်ပင်ဖြစ်သော်လည်း သူသည် ဂဠုန်ဘုရင်၏ စာချုပ်သခင်ဖြစ်သည်။ ထိုရာထူးသည် သွားထိ ၍မရသော ရာထူးပင်ဖြစ်သည်။
သူသည် အားလုံးရှေ့တွင် သူ့အဖေ၏ ဆူပူကြိမ်းမောင်းမှုကြောင့် ဂုဏ်သိက္ခာအကျမခံနိုင်ပါ။ သူသည် အံကြိတ်ထားရတော့သည်။
ရှီမာယူယူသည် စိတ်ထဲတွင် ဒေါသထွက်သော်လည်း ဖန်လျုန်နှင့် ရှန်ဂျင်းတို့သည် တောင်းပန်ပြီးဖြစ် လေသည်။ သူတို့သည် သူမဆရာ၏ မိဘများဖြစ်ကြသည်။ ထို့ကြောင့် သူမလည်း ဒေါသကို မြိုသိပ်ထားလိုက် တော့သည်။
“ကျွန်တော်က ကျွန်တော့်ဆရာကို စိတ်ပူလို့ပဲ ငှက်မျိုးနွယ်တစ်ခုလုံးကို သူ့သတင်းစုံစမ်းခိုင်းထားတာ၊ ဆရာက ကျွန်တော့်ဆရာရဲ့ အစ်ကိုဆိုပေမယ့် ကျွန်တော့်ကို အပြစ်ရှာလို့မရဘူး” သူမသည် အေးစက်စွာပြော လေသည်။ “ဆရာ့မိဘတွေကြောင့်မို့လို့ ကျွန်တော်ကျော်သွားပေးလိုက်မယ်၊ နောက်တစ်ခါဆိုရင်တော့ ဒီလို မနေဘူး”
“သခင်လေး၊ အကြီးအကဲတွေကို စောင့်လိုက်ကြမယ်” ရှီမာယူယူ ဒေါသထွက်နေသည်ကို မြင် သောအခါ ဘေချင်းသည် သူမသည် ငှက်ဘုရင်ကြီး၏ စာချုပ်သခင်ဖြစ်ရခြင်းအတွက် ဝမ်းသာလျက်ရှိသည်။
“မင်းရဲ့ လုံခြုံမှုအတွက် ငါတို့ နည်းနည်းစောင့်ပါမယ်” ဖန်လျုန်သည် ရှီမာယူယူ ခေါင်းညိမ့်လိုက်သည် ကို တွေ့သည်နှင့် ပြောလိုက်လေသည်။ သူ နောက်လှည့်ကာ ကိုယ်ရံတော်များကို အမိန့်ပေးလေသည် “အခုကို အားလုံးပြင်ဆင်ထားကြတော့ ခဏနေရင်ထွက်မယ်”
“ဟုတ်ကဲ့ပါ သခင်ကြီးလျုန်”
“ယူယူ အဘွားတို့ စခန်းချတဲ့နေရာမှာ သွားနားရအောင်” ရှန်ဂျင်းသည် ရှီမာယူယူအား ဖိတ်ကြားလေ သည်။
“ကောင်းပါပြီ”
ရှီမာယူယူသည် ရှန်ဂျင်းနှင့် တဲတစ်ခုအတွင်းတွင် စကားပြောနေရာ ဘေချင်းသည် သူမ၏ ကိုယ်ရံတော် တာဝန်အား ထမ်းဆောင်လေသည်။
နောက်နေ့တစ်ဝက်အကြာတွင် ဗျိုင်းမျိုးနွယ်မှ အကြီးအကဲများ ရောက်လာမည်ဟု ဘေချင်းပြောလေ သည်။ ရှီမာယူယူသည် ငှက်လေးအား ဆင့်ခေါ်လိုက်သည်။ သူတို့သည် သူ့အား အရိုအသေပေးကြလေသည်။
“သခင်လေး ဒီသွေးလိုဏ်ဂူက အရမ်းအန္တရာယ်များတယ်၊ သခင်လေးနဲ့ ဘုရင်ကြီး အန္တရာယ်တွေ့လိမ့် မယ်၊ အပေါ်မှာပဲစောင့်တာ ပိုကောင်းလိမ့်မယ်” ဗျိုင်းမျိုးနွယ်မှ အကြီးအကဲသည် ဖန်မိသားစုရှေ့တွင် ပေါ်တင် ပြောလေသည်။
ဖန်မိသားစုသည် အနည်းငယ် ရှက်ရွံ့သွားလေသည်။ ဗျိုင်းမျိုးနွယ်မှ အကြီးအကဲသည် ဖြစ်ခဲ့သော ကိစ္စ ကိုသိပြီးဖြစ်ရာ ဖန်မိသားစုအား မကျေမနပ်ဖြစ်လေသည်။
“စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးပါ အကြီးအကဲ ဒါပေမဲ့ ကျွန်တော် သွေးဂူကို သွားမှဖြစ်မှာ” ရှီမာယူယူ ပြုံး လိုက်သည်။
“ဘာလို့လဲ” မျိုးနွယ် အကြီးအကဲသည် နားမလည်နိုင်ပေ။ သူမအားသည် မကောင်းသေးပေ။ ပိုဆိုး သည်မှာ အခန့်မသင့်လျှင် သူမသည် တခြားသူများကိုပါ ဆွဲချသွားနိုင်သည်။ သူမ အပေါ်တွင် ရှိနေခြင်းက အကောင်းဆုံးဖြစ်မည်။
“အဲနှစ်က ဆရာက ကျွန်တော့်ကိုကာကွယ်ဖို့ ဝိဉာဉ်အမှတ်အသားထားခဲ့တယ်၊ အခု အဲဒါတစ်ခုတည်း ကပဲ သူ့ကိုအာရုံခံလို့ရမှာ” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော်ဆင်းသွားလိုက်တာနဲ့ပဲ ဆရာ့ကို မြန်မြန်ရှာ နိုင်လောက်တယ်”
“ဒါပေမဲ့…”
“မစိုးရိမ်ပါနဲ့၊ ကျွန်တော့်မှာ ကာကွယ်ဖို့ ကိုယ်ပိုင်နည်းလမ်းရှိပါမယ်၊ တခြားသူူတွေကို ဒုက္ခရောက် အောင် မဆွဲချပါဘူး” ရှီမာယူယူ ကတိပေးလိုက်သည်။
“သခင်လေးက ဆုံးဖြတ်ပြီးမှတော့၊ ကျွန်တော်တို့ လိုက်ဆင်းပြီး စောင့်ရှောက်ပေးပါမယ်” ဗျိုင်းမျိုးနွယ် အကြီးအကဲသည် ကတိပြုလေသည်။
“အဘိုးဖန်၊ ကျွန်တော်တို့သွားလို့ရပြီ” ရှီမာယူယူသည် ဖန်လျုန်အား ပြောလိုက်သည်။
“ကောင်းပြီ ချက်ချင်းဆင်းလို့ရအောင် ပြင်လိုက်မယ်” ဖန်လျုန်သည် ထွက်သွားပြီးနောက် ခဏအကြာ တွင် သွားလို့ရပြီဖြစ်ကြောင်း လာပြောလေသည်။
ရှီမာယူယူ သွားရန်ပြင်ဆင်သည်နှင့် ဝူလင်းယူသည် သူမလက်အား ဆွဲလိုက်သည်။ “မင်းဆင်းသွားရင် ငါ့နားမှာပဲနေ၊ ငါ့ဘေးကထွက်မသွားနဲ့”
အောက်မှ အခြေအနေများကို သူမ မမြင်ဖူးသော်လည်း သူမမိသားစုမှ ပြောစကားများကို ကြားဖူးသည်။ သူမတွင် အကြံရှိသော်လည်း တည်နေသော ဝူလင်းယူ၏ မျက်နှာကိုတွေ့လိုက်သောအခါ ခေါင်းညိမ့်လိုက် သည်။
ထိုအချိန်တွင် ချောက်ဘေးနှစ်ဖက်တွင် လူအများရှိနေသော်လည်း အများစုမှာ မဆင်းကြပေ။ ရှီမာယူယူ သည် လှည့်ပတ်ကြည့်လိုက်သည်။ လူ ၁၂ယောက်လောက်သာ ဖန်လျုန်နှင့်အတူ လိုက်ဆင်းမည်ဖြစ်သည်။
“သွားကြမယ်” ဖန်လျုန်၊ ရှန်ဂျင်းနှင့် ဖန်ကျိယန်တို့သည် ဝိဉာဉ်မိစ္ဆာပျံများစီးကာ ရှီမာယူယူနှင့် ဗျိုင်းမျိုးနွယ်မှ အကြီးအကဲများနှင့်အတူ ဟာစွန်ပါ လိုက်ပါလေသည်။
ငှက်မျိုးနွယ် နှစ်စုလုံးသည် ချောက်အတွင်း ပျံဆင်းကြလေသည်။
ရှီမာယူယူသည် ဟာစွန်ပေါ်တွင်ထိုင်နေသည်။ သူတို့သည် အနည်းဆုံး ကီလိုမီတာ ၁၀၀ ဆင်းရမည်ဟု ခံစားရသော်လည်း သူတို့တစ်ခဏနှင့် ရောက်သွားလေသည်။
“ငါတို့် သွေးဂူထဲဝင်နေပြီ” ဝူလင်းယူသည် သူမ သံသယဝင်နေမှုအား ရှင်းပြလေသည်။
“ကျွန်တော်တို့် သွေးဂူထဲ တိုက်ရိုက်ဝင်လာတာလား” သူမသည် ထူးခြားမှုတစ်စုံတစ်ရာ မခံစားမိပေ။
“အနီရောင်ချောက်တွေရဲ့ အောက်ခြေမှာ ဘာကမ်းပါးမှမရှိဘူး၊ သွေးဂူနဲ့ တိုက်ရိုက်ဆက်ထားတာပဲ” ဝူလင်းယူ မှတ်ချက်ပေးလေသည် “သူ အဲမှာရှိလားလို့ မင်း အာရုံခံကြည့်”
ရှီမာယူယူ ခေါင်းညိမ့်ကာ မျက်လုံးမှိတ်လိုက်သည်။ သူမသည် ဖန်ကျိရှင်း၏ တည်ရှိမှုကို အာရုံပြုလိုက် သည်။ သို့သော် ခန္ဓာကိုယ်အတွင်းမှ အရိပ်သည် တုန့်ပြန်မှုမရှိပေ။
ထိုနေရာတွင် ဖန်ကျိရှင်း ရှိမည်မဟုတ်ဟု သံသယဝင်လာသည်။ သူမ လက်လျော့မည်အလုပ်တွင် ဖျော့တော့သော အရိပ်သည် လှုပ်ခါလာသည်။
ရှီမာယူယူသည် ပျော်ရွှင်စွာ မျက်လုံးဖွင့်လိုက်သည်။
“မင်းသူ့ကို အာရုံခံလို့ရပြီလား” ဝူလင်းယူ မေးလိုက်သည်။
“အင်း” ရှီမာယူယူ ပြုံးလိုက်သည် “ဝိဉာဉ်က နည်းနည်းပဲလှုပ်လိုက်ပေမယ့် တုန့်ပြန်မှုရှိတယ်၊ အဲတော့ ဆရာက တကယ်ပဲဒီမှာရှိနေတာပဲ၊ ပြီးတော့ အသက်ရှိသေးတယ်”
ဖန်မိသားစုသည် ရပ်တန့်သွားလေသည်။ ရှီမာယူယူသည် သူတို့အား ပြောပြလိုက်သည်။
“ဒါဆို သူက ဘယ်ဘက်မှာရှိနေတာလဲ” ရှန်ဂျင်းမေးလိုက်သည်။
“အခုတော့ ခံစားလို့မရသေးဘူး၊ ဒါပေမဲ့ အခုချိန်ကစပြီး ဆရာ့ရဲ့ ဝိဉာဉ်ပုံရိပ်က ပိုပိုပြီး သန်မာလာနေ ပြီ” ရှီမာယူယူ ပြောလိုက်သည်။
“အဲဒါဆိုရင် ငါတို့ ရှင်းလေးနဲ့ နီးနီးလာပြီပဲ” ရှန်ဂျင်းသည် စိတ်လှုပ်ရှားစွာ ပြောလေသည် “ရှင်းလေးက ဒီမှာပဲရှိမှာ”
ဖန်လျုန်၏ မျက်လုံးများ မှောင်မိုက်သွားပြီး သူ့ဘေးမှမြူခိုးများပြည့်နေသော နေရာကိ ကြည့်ကာ သက်ပြင်းချလေသည် “ရှင်းလေး အတွင်းထဲထိသွားမှားကိုပဲ စိုးရိမ်တာ”
“ရှင်းလေး ဘယ်ရောက်နေနေ နတ်ဆိုးမျိုးနွယ်ရှိနေရင်လည်း ကျွန်မသူ့ကိုကယ်မှာပဲ” ရှန်ဂျင်းသည် လက်သီးဆုပ်ကာ ပြောလေသည်။
“အဘိုးဖန် အရမ်းလည်း စိုးရိမ်ဖို့မလိုပါဘူး၊ ဆရာ့အခြေအနေက ငြိမ်နေတယ်၊ ကျွန်တော်ထင်တာတော့ သူ ဒီမှာ ထောင်ချောက်မိနေတယ်ထင်တယ်” ရှီမာယူယူ ပြောလိုက်သည်။
“ရှင်းလေးဒီမှာရှိလားလို့ ဆက်ရှာကြတာပေါ့” ဖန်လျုန် ပြောလိုက်သည် “ယူယူ မင်းကိုပဲ အားကိုးရတော့ မှာပဲ”
“ဒါက ကျွန်တော့်တာဝန်ပါ” ရှီမာယူယူ ပြန်ဖြေလိုက်သည်။
သူတို့သည် ခရီးဆက်နှင်ကြသည်။ သူမ ဝိဉာဉ် အမှတ်အသားကို ထိလိုက်သည်နှင့် ဝိဉာဉ်ပုံရိပ် ၏တုန့်ပြန်မှုသည် ပိုပိုပြီးသန်မာလာသည်ကို ခံစားမိသည်။ ဖန်ကျိရှင်းသည် သွေးဂူအတွင်းပိုင်းတွင် ရှိနေသည်။
တစ်ချိန်တည်းမှာပဲ သွေးဂူ၏ ကျောက်ပုံ၏အနောက်တွင် သွေးများရွှဲနေသော အမျိုးသားတစ်ယောက် သည် ထွက်ပေါက်အား ဘဝင်မကျစွာကြည့်နေလေသည်။
သူ့ဘေးမှ အမျိုးသားသည် ထွက်ပေါက်အား အံ့သြစွာကြည့်နေသော်လည်း အပြင်ဘက်တွင် ပိတ်ဆို့ ထားသော နတ်ဆိုးများအပြင်ဘာမှမရှိပေ။
“ကျိရှင်း ဘာဖြစ်လို့လဲ” ဟော့ဘာဝူချန်းသည် မေးလိုက်သည်။
“ငါရင်းနှီးနေတဲ့ ရောင်ဝါကိုခံစားမိလိုက်လို့” ဖန်ကျိရှင်းသည် မသေချာစွာ ပြန်ပြောလေသည် “ငါ့ ဝိဉာဉ် ပုံတူနဲ့ တူနေတယ်”
“မင်းဝိဉာဉ်ပုံတူဟုတ်လား ဘယ်မှာခံစားမိတာလဲ သူတို့က ငါတို့ကိုလာရှာတာလား” ဟော့ဘာဝူချန်း သည် စိတ်လှုပ်ရှားစွာ မေးလေသည်။
ဖန်ကျိရှင်းသည် စဉ်းစားပြီးနောက် စိတ်ပျက်စွာ ပြောလေသည် “ငါမှားတာဖြစ်မှာပါ သူ…က အနိမ့်ပိုင်း တိုင်းပြည်မှာပဲဖြစ်လောက်တယ်”