← Chapters

အခန်း (၂၄၀)

Vol. 16 Ch. 240

အခန်း (၂၄၀)

Vol. 16 Ch. 240

“ မဟုတ်သေးဘူး… လက်ထောက်ဌာနမှူး ရာထူးက ဟာသမဟုတ်ဘူးနော်… ရွှမ်ယီက လူသားဘုရင်အဆင့် တိုက်ခိုက်နိုင်စွမ်းရှိတယ်ဆိုပြီး သတင်းတွေထွက်နေပေမယ့်… သူရဲ့အစစ်မှန်အဆင့်က မူလဘုရင်အဆင့်ဘဲရှိသေးတယ်.. ဒီတော့ မေးခွန်းထုတ်စရာတွေဖြစ်လာပြီး ပြသနာတက်နိုင်တယ်…”

ဌာနမှူးနံဘေးတွင်ထိုင်နေသည့် တောင့်တင်းသော ခန္ဓာကိုယ်နှင့် အမျိုးသားတစ်ဦး ခေါင်းယမ်းပြီး ငြင်းဆိုလိုက်သည်။

သူက ဗဟိုသူတော်စင်အကယ်ဒမီ၏ လက်ထောက် ဌာနမှူးများထဲမှ တစ်ဦးဖြစ်ပေသည်။

ဗဟိုသူတော်စင်အကယ်ဒမီတွင် ဌာနမှူး၏ စွမ်းအားက လူသားဘုရင် အထွတ်အထိပ်အဆင့်တွင် ရှိရမည်ဖြစ်ပြီး လက်ထောက်ဌာနမှူးများက အနည်းဆုံး လူသားဘုရင်အဆင့် နှောင်းပိုင်းတွင် ရှိရမည်။

အစောပိုင်းလူသားဘုရင်အဆင့်လား…?

လူထုက သိပ်ပြီး စိတ်ကျေနပ်မည်မထင်ပေ။

၎င်းအားကြားလျှင် ဌာနမှူးက တစ်ခဏမျှ စဉ်းစားလိုက်ပြီး လက်ထောက်ဌာနမှူးအား လှမ်းကြည့်လိုက်သည်။

“ ရွှမ်ယီ သူတော်စင်ဒေသကို ပြန်လာနေပြီလို့ကြားတယ်.. မကြာခင် အကယ်ဒမီကို ပြန်ရောက်လာလိမ့်မယ်.. ရောက်လာရင် သူ့ခွန်အားကို မင်းစမ်းသပ်ကြည့်လိုက်ပါလား….”

ဌာနမှူးနှင့် အပြန်အလှန်စကားပြောနေသည့် လက်ထောက်ဌာနမှူး၏ အမည်က စုကျင်းဖြစ်ပြီး ထိုစကားအားကြားလျှင် ခေါင်းညိတ်လိုက်၏။

သူက တစ်ချိန်တုံးက ကံကောင်းပြီး မူလဘုရင်စာရင်းသို့ တစ်ကြိမ်ရောက်ဖူးခဲ့သည်။

ရွှမ်ယီက တိုက်ခိုက်နိုင်စွမ်းက အမှန်တကယ် လူသားဘုရင်အဆင့်တွင်ရှိသလားဆိုတာ စစ်ဆေးပြီးနောက်သိရမည်။

သူသာ အမှန်တကယ် အဆင့်ကျော်တိုက်ခိုက်နိုင်ပြီး လူသားဘုရင်အစောပိုင်းအဆင့် တိုက်ခိုက်နိုင်စွမ်းရှိပါက ချွင်းချက်ထားပြီး လက်ထောက်ဌာနမှုးအဖြစ် သတ်မှတ်ပေးလိုက်မည်။

ရွှစ်…

လေဟာနယ်အက်ကွဲသွားပြီး ရွှမ်ယီဦးဆောင်သည့် (၇)ယောက်အဖွဲ့က ဗဟိုသူတော်စင် အကယ်ဒမီ၌ ထွက်ပေါ်လာသည်။

အားလုံး ပျော်ရွှင်စွာဖြင့် မိမိ‌တို့နေထိုင်ရာသို့ ပြန်ရန်ပြင်လိုက်စဉ် အနက်ရောင်၀တ်အဘိုးကြီးတစ်ဦး သူတို့အနားရောက်လာပြီး အနည်းငယ်ခေါင်းငုံ့ထားသည်အား တွေ့လိုက်ရသည်။ သူ၏ ပုံစံက အိမ်တော်ထိန်းတစ်ယောက် အလားပင်။

“ သခင်မလေး.. မိသားစုမှာ စုဝေးပွဲတစ်ခုကျင်းပဖို့ရှိတယ်… အဲ့တာ သခင်ကြီးက သခင်မလေးကို ပြန်လာစေချင်နေတယ်…”

သူက ယုလင်းလုံအား လေးစားစွာပြောလိုက်၏။

၎င်းအားကြားလျှင် ယုလင်းလုံက ရွှမ်ယီအား မော့ကြည့်လိုက်သည်။

အိမ်တော်ထိန်းကိုယ်တိုင် သူမထံသို့ တကူးတကလာခေါ်သည်အား ထောက်ချင့်လျှင် ဤမိသားစုတွေ့ဆုံပွဲက အရေးကြီးရပေမည်။

“ ဆရာ.. ကျွန်မ အိမ်ကို ခဏပြန်လိုက်ဦးမယ်…”

ရွှမ်ယီက အဘိုးကြီးအား သေချာစစ်ဆေးကြည့်ရှုလိုက်ပြီး ပြသနာမရှိကြောင်းအတည်ပြုပြီးလျှင် ယုလင်းလုံအား ပြုံးပြီး ခေါင်းညိတ်ပြလိုက်၏။

“ ကောင်းပြီ..”

အိမ်တော်ထိန်းက ရွှမ်ယီအား လေးစားစွာ အရိုအသေပေးလိုက်ပြီး လေဟာနယ်အား ခွဲဖွင့်ကာ ယုလင်းလုံအား အတူတကွခေါ်ဆောင်သွားလေသည်။

ရွှမ်ယီက ရှေ့သို့ လမ်းဆက်လျှောက်လာခဲ့၏။

ထိုအချိန်တွင်

ဝှစ်ရှ်…

သတင်းပို့ကျောက်စိမ်းပြားလေးတစ်ခုက တိုးညှင်းသောအသံနှင့်တကွ လေထဲမှ ဖြတ်သန်းပြီး ရွှမ်ယီထံသို့ ရောက်လာသည်။

“ ဌာနမှူး ရုံးခန်းကို လာခဲ့ဦး…”

ဌာနမှူး၏ အသံက ထိုကျောက်စိမ်းမှတဆင့် ရွှမ်ယီ၏ နားထဲသို့ တိုက်ရိုက်၀င်ရောက်လာခဲ့သည်။

ရွှမ်ယီက ထိုကျောက်စိမ်းပြားလေးအား ကိုင်ထားရင်း တခဏမျှစဉ်းစားလိုက်၏။

‘ ငါပြန်ရောက်တာနဲ့ သူ့ဆီလာဖို့ခေါ်နေတယ်.. တစ်ခုခုအရေးကြီးတာများ ရှိလို့လား…’

တပည့်များနှင့် လမ်းခွဲလိုက်ပြီး ရွှမ်ယီက ဌာနမှူးရုံးခန်းရှိရာသို့ ထွက်လာခဲ့၏။

တံခါးဖွင့်လိုက်လျှင် အခန်းထဲ၌ ဌာနမှုးအပြင် သူအားပြုံးလျက် တိတ်တဆိတ်ကြည့်နေသည့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးအား တွေ့လိုက်ရသည်။

ရွှမ်ယီက ထိုလူအား တစ်ချက်ကြည့်လိုက်လျှင် စုကျင်းအမည်ရသော အကယ်ဒမီမှ လက်ထောက်ဌာနမှူးဖြစ်ကြောင်း သိလိုက်၏။

“ ကျုပ်ကိုခေါ်တာ ဘာကိစ္စရှိလို့များလဲ…”

ရွှစ်..

ရုတ်တရက် စိတ်ဝိညာဉ်အလင်းတန်းများထွက်ပေါ်လာပြီး လေဟာနယ်အား ဖြတ်သန်းကာ ရွှမ်ယီထံသို့ ရောက်ရှိလာ၏။

ရွှမ်ယီ၏ မျက်လုံးများ အနည်းငယ်ကျဉ်းမြောင်းသွားခဲ့သည်။ သူက တောက်ပသောမျက်၀န်းများဖြင့် စုကျင်းအား လှည့်ကြည့်လိုက်၏။

ရွှမ်ယီ ပြောခဲ့သော စကားမှ အသံမဆုံးခင် စုကျင်း၏ တိုက်ခိုက်မှုက ရွှမ်ယီထံသို့ ရောက်လာလေသည်။

“ ဟမ့်…”

ရွှမ်ယီက မျက်လုံးများအား မှေးကျဉ်းလိုက်ပြီး အေးစက်စက်အသံတစ်ချက်ပြုကာ ဓားဖြင့် ခုတ်ချလိုက်သည်။

ဘုန်း…

ကြီးမားပြီး စွမ်းအားပြည့်၀သော ဓားအလင်းတစ်ခု ထွက်ပေါ်လာပြီး စုကျင်း၏ တိုက်ခိုက်မှုအား ချေဖျက်ကာ ပျောက်ကွယ်သွားစေသည်။

သို့သော် ဓားအလင်းက လုံး၀အားမလျော့သွားဘဲ စုကျင်း‌ထံသို့ ဆက်လက်ပြေး၀င်သွား၏။

“ အိုး…”

စုကျင်း အလွန်အံ့ဩသွားပြီး မျက်ခုံးပင့်လိုက်မိသည်။

သူက မူလဘုရင်အဆင့်မှ တခြားလူများနှင့် တိုက်ခိုက်ဖူးပြီး ထိုလူများအား အစောပိုင်းလူသားဘုရင်အဆင့်များကြားတွင်ပင် အားကောင်းသူများအဖြစ်သတ်မှတ်နိုင်၏။

စုကျင်းက မတိုက်ခိုက်မီ တွက်ချက်ပြီး စွမ်းအား (၃)ပုံ (၁)ပုံသာထည့်သွင်းခဲ့သည်။

သူက လူသားဘုရင် နှောင်းပိုင်းအဆင့်များကြားတွင်ပင် အလွန်သန်မာသူတစ်ဦးဖြစ်၏။ သူ့အမြင်တွင် အစောပိုင်းလူသားဘုရင်အဆင့် ဂျူနီယာတစ်ဦးအား ကိုင်တွယ်ရန် စွမ်းအား (၃)ပုံ (၁)ပုံက လုံလောက်နေချေပြီ။

သို့သော် ရွှမ်ယီ၏ တိုက်ခိုက်မှုကြောင့် သူ၏ တိုက်ခိုက်မှု ပျက်ပြယ်သွားသည်အပြင် ၎င်းက သူ့ထံသို့ ဆက်လက်၀င်ရောက်လာနေသည်။

စုကျင်း၏ အမူအရာက အလွန်လေးနက်လာ၏။

သူ၏ လက်များပင့်မြှောက်လိုက်ပြီး ထိုတိုက်ခိုက်မှုအား ကာကွယ်ရန် ကြိုးစားလိုက်သည်။

‘ (၃) ပုံ (၁)ပုံက မလုံလောက်သေးဘူးဆိုရင် တစ်၀က်ကွာ…. ချ…’

ဘုန်း..

ဓားအလင်းတန်းက ရပ်တန့်သွားခဲ့သည်။ သို့သော် စုကျင်းခြေထောက်အောက်ရှိ အနက်ရောင်ကျောက်သားကြမ်းပြင်က အစိတ်စိတ်အမွှာမွှာကွဲထွက်သွား၏။

“ ဘာဖြစ်သွားတာလဲ…”

စုကျင်း အလွန်အံ့အားသင့်သွားဟန်ဖြင့် မော့ကြည့်လိုက်သည်။

“ မင်း ဘယ်လိုလုပ်ခဲ့တာလဲ…”

စုကျင်းက ရွှမ်ယီအား ထိတ်လန့်စွာကြည့်နေ၏။

သူက ဗဟိုသူတော်စင်အကယ်ဒမီမှ လက်ထောက် ဌာနမှူးတစ်ဦးဖြစ်ပြီး လူသားဘုရင် နှောင်ပိုင်းအဆင့်ကျင့်ကြံသူလည်းဖြစ်၏။ သူ၏ တိုက်ခိုက်ရေးစွမ်းအားက နှောင်ပိုင်း လူသားဘုရင်အဆင့်တွင် ထိပ်တန်းဖြစ်သည်။

သာမန်အတိုင်းဆိုလျှင် သူ၏ ခွန်အား (၃)ပုံ(၁)ပုံက အစောပိုင်းလူသားဘုရင်အဆင့်တစ်ဦးအား ဖိနှိပ်ရန် လုံလောက်၏။

ရွှမ်ယီက မူလဘုရင်အဆင့်ကျင့်ကြံသူတစ်ဦးသာဖြစ်သေးသည့်အတွက် ထိုစွမ်းအားက လုံလောက်သည်ဟု ထင်မှတ်ခဲ့သည်။

ရွှမ်ယီက မူလဘုရင်အဆင့်ဇယား၌ နံပါတ်(၁)ဖြစ်သဖြင့် စုကျင်း လျှော့တွက်ခဲ့ခြင်းမရှိပေ။

သူ၏ တိုက်ခိုက်မှုကြောင့် ရွှမ်ယီ၏ ဓားအလင်းအားလျော့မသွားသောအခါ ခွန်အားထက်၀က်အထိ တိုးမြှင့်ခဲ့သည်။

သူက တားဆီးနိုင်လိုက်သော်လည်း ဌာနမှူးရှေ့၌ မျက်နှာပျက်လုနီးပါးဖြစ်သွားခဲ့သည်။

စုကျင်း ထိတ်လန့်သွားပြီး ရွှမ်ယီအား မယုံကြည်နိုင်စွာ ငေးကြည့်နေမိ၏။

ထိုလူငယ်က မူလဘုရင်အဆင့်ကျင့်ကြံသူတစ်ဦးမျှသာဖြစ်သော်လည်း ဓားတစ်ချက်က သူအား စွမ်းအားတစ်၀က်ထုတ်သုံးရန် ဖိအားပေးနိုင်ခဲ့သည်။

“ မင်းမှာ ဘယ်လိုခွန်အားမျိုးရှိနေတာလဲ….”

စုကျင်းက ရွှမ်ယီအား ပဟေဠိဆန်စွာကြည့်လိုက်ပြီး ရေရွတ်မိလိုက်သည်။ ထို့နောက် သူ့ထံမှ စိတ်ဝိညာဉ်စွမ်းအားများ တွန်းကန်ထွက်ပေါ်လာပြီး ဌာနမှူးရုံးခန်းတစ်ခုလုံးအား တုန်ခါသွားစေ၏။

ရွှမ်ယီက အလွန်ပဟေဠိဆန်လွန်းနေသည်ဖြစ်ရာ စုကျင်းအနေဖြင့် ထိုလူငယ်၏ ကန့်သတ်ချက်အား မြင်ချင်လာခဲ့သည်။

စမ်းသပ်ကြည့်ရမယ်…

သေချာပေါက် စမ်းကြည့်မှဖြစ်မယ်…

ဝှစ်ရှ်…

ဌာနမှူးက လေးနက်သောအမူအရာဖြင့် လက်တစ်ချက်ဝှေ့ယမ်းလိုက်၏။ တိုက်ပွဲရလဒ်များ အပြင်သို့ပေါက်ကြားမသွား‌စေရန် ဌာနမှူးရုံးခန်းအား ပိတ်ဆို့တားဆီးထားလိုက်ခြင်းဖြစ်သည်။

သူက လူသားဘုရင်အဆင့် အထွတ်အထိပ်၌ရှိနေသည်ဖြစ်ရာ စုကျင်း စွမ်းအားကုန်သုံးနေပြီဖြစ်ကြောင်း သိထားသည်။

ထို့အပြင် ရွှမ်ယီ၏ စွမ်းအားကလည်းပေါ့သေးသေးမဟုတ်ရာ ၎င်းတို့တိုက်ခိုက်ပြီး တိုက်ပွဲအပြီးတွင် ရလဒ်များ အပြင်သို့ပေါက်ကြားသွားပါက တော်တော်လေး လှုပ်ခတ်မှု ကြီးမားပေလိမ့်မည်။

ဌာနမှူးက အခန်းအား အတားအဆီးချလိုက်သည်ကို ရွှမ်ယီ သတိပြုမိလိုက်၏။

စုကျင်း၏ ယခင်တိုက်ခိုက်မှုက လူသားဘုရင်အစောပိုင်းအဆင့်သာရှိပြီး သူ့အတွက် အန္တရာယ်မရှိပေ။

ရွှမ်ယီ အနည်းငယ်ခေါင်းညိတ်လိုက်၏။

စုကျင်းက သူ့တိုက်ခိုက်နိုင်စွမ်းကို စမ်းသပ်ချင်နေကြောင်း နားလည်ပေသည်။

“ ခင်ဗျား ကျုပ်ခွန်အားကို စမ်းသပ်ချင်နေတာလား…”

ရွှမ်ယီက လေးနက်တည်ကြည်သော မျက်၀န်းများဖြင့် စုကျင်းအား စိုက်ကြည့်လိုက်၏။

လက်ထောက် ဌာနမှူးက သူ၏ တိုက်ခိုက်နိုင်စွမ်းအား စမ်းသပ်ချင်နေသလို သူကိုယ်တိုင်လည်း သူ၏ တိုက်ခိုက်နိုင်စွမ်းအား သိချင်နေသည်။

လူသားဘုရင် နှောင်းပိုင်းအဆင့် ကျင့်ကြံသူအား တိုက်ကွက်အနည်းငယ်ဖြင့် အနိုင်ယူနိုင်မည်လော။

ရွှစ်..

ရွှမ်ယီအား သူ၏ ‌ဓားရှည်အား ရှေ့သို့ဆန့်ထုတ်လိုက်၏။

ဘုန်း…

အဆင့်(၄) ဓားရည်ရွယ်ချက် စွမ်းအားများ ထွက်ပေါ်လာပြီး ပုံရိပ်ယောင် ဓားရှည်ကြီးတစ်ချောင်း ဖြစ်ပေါ်လာခဲ့သည်။ ၎င်းက လေဟာနယ်ကိုပင် ပိုင်းဖြတ်နေပြီး အကန့်အသတ်မဲ့သော စွမ်းအားလှိုင်းလုံးကြီး ထွက်ပေါ်နေလေသည်။

တစ်ချိန်တည်းပင် ရွှမ်ယီ၏ ခန္ဓာကိုယ်တစ်ဝိုက်၌ အနက်ရောင်စွမ်းအားနယ်မြေကြီးတစ်ခုဖြစ်ပေါ်လာပြီး အနက်ရောင် ဓားပင်လယ်ကြီးတစ်ခုအလားဖြစ်နေ၏။ ရွှမ်ယီက ဓားပင်လယ်ကြီး၏ အလယ်ဗဟို၌ ရပ်နေခဲ့ပြီး သူ၏ မျက်ခုံးနှစ်ခုကြားမှ စိတ်ဝိညာဉ်မီးတောက် ထွက်ပေါ်လာကာ ပြင်းထန်သော စွမ်းအားများ ထွင်ပေါ်လာသည်။

သူ၏ တိုက်ခိုက်နိုင်စွမ်းများအား မြှင့်တင်ပြီးနောက် စမ်းသပ်ရန် အခွင့်အရေးမရခဲ့ပေ။

ယခု နှောင်းပိုင်း လူသားဘုရင်အဆင့်ကျင့်ကြံသူတစ်ဦးက တိုက်ခိုက်ရန်ဖိတ်ခေါ်နေသည်ဖြစ်ရာ အဘယ်ကြောင့် ငြင်းဆန်ရမည်နည်း။

“ လာခဲ့…”

ရွှမ်ယီက ညင်သာစွာ အသံပေးလိုက်ပြီး စုကျင်းအား စူးရှစွာ စိုက်ကြည့်လိုက်၏။

All Chapters