← Chapters

အခန်း (၅၈၈)

Vol. 40 Ch. 588

အခန်း (၅၈၈)

Vol. 40 Ch. 588

ကျန်းတယ်ကျွင်းသည် အအေးနန်းတော်၏ တည်နေရာတစ်ခုလုံးတွင် မိုးကြိုးအတွဲလိုက်အစီအရင် ဖန်တီးခဲ့၏။ သို့ဖြစ်၍ သူကိုယ်တိုင် ဖန်တီးသုတေသနလုပ်ထားသောအရာကို ချီးမြှောက်သောအားဖြင့် အားတက်သရော ဖောက်ခွဲချင်စိတ် ရှိနေ၏။ ဤအရာသည် အစွန်းရောက်ခြင်းပင် ဖြစ်ပေသည်။

သို့ပေမဲ့ ၎င်းထက်ပို၍ အစွန်းရောက် သူတစ်ယောက် ရှိနေသေး၏။ ထိုသူမှာတော့ ၎င်း၏ဂိုဏ်းချုပ် ကျွင်းချောင်ရှောင်းပင်ဖြစ်တော့၏။

ကျွင်းချောင်ရှောင်းသည် နဂါးလေး၏ လက်ဝါးထက်တွင် ဝံ့ကြွားစွာရပ်လျက်ရှိပြီး အေးစက်စက် ပြောလိုက်၏။ “ကျုပ်ရဲ့တပည့်ကို လွှဲပေး၊ မဟုတ်ရင် အအေးနန်းတော်တစ်ခုလုံးကို ဒီလောကကြီးထဲကနေ ပျောက်ကွယ် သွားအောင် လုပ်ပစ်မယ်”

အအေးနန်းတော်၏ ခန်းမသခင်သည် သွေးအန်လုမတတ် ဒေါသထွက်လျက်ရှိနေသည်။ အရှေ့တောင်ရန်ကျုးမှ ဂိုဏ်းတစ်ခုသည် လုကျိုးဆီသို့ ရောက်ရှိလာပြီး ခြိမ်းခြောက်ပြောဆိုနေသည်ဆိုသည်မှာ သည်းခံနိုင်စရာ ကိစ္စ တစ်ခုမဟုတ်ချေ။ သို့ပေမဲ့ လက်ရှိအခြေအနေအရဆိုလျှင် သူသည် လိုက်လျောညီထွေ ပြန်လည်ပြောဆိုမှ ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းသည် တစ်စစီ ဖြိုဖျက်ခံရတော့မည့် အခြေအနေသို့ ရောက်ရှိ နေသည်။

“ဂိုဏ်းချုပ်ကျွင်း”

အအေးနန်းတော် ခန်းမသခင်သည် အံကို ကြိတ်ကာ ပြောလိုက်၏။ “ကျုပ်တို့နန်းတော်က ခင်ဗျားရဲ့တပည့်ကို ဖမ်းမထားဘူး၊ ရေခဲပင်လယ်တိုက်ပွဲမှာ ကျုပ်တို့ သူမကို လမ်းစ ပျောက်သွားခဲ့တယ်၊ ခုထိ ရှာနေတုန်းပဲ”

“တော်စမ်း”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်တပည့်ကို ခင်ဗျားဖမ်းထားတယ်ဆိုတဲ့ သတင်းကို ကျုပ်ရပြီးပြီ၊ ဒီတော့ ဆင်ခြေတွေ ပေးနေတုန်းပဲလား၊ ကျုပ်က တကယ်တမ်း အအေးနန်းတော်ကြီးကို မဖျက်ဆီးပစ်ရဲဘူးလို့ ခင်ဗျားထင်နေတာလား”

“ဂိုဏ်းချုပ်”

ကျန်းတယ်ကျွင်းသည် အေးစက်စက် ပြောလိုက်၏။ “ကျုပ် အစီအရင်ကို အရင်ဆုံး ဖောက်ခွဲပစ်ချင်တယ်”

ကျွင်းချောင်ရှောင်းသည် ထိုသူအား ပြေး၍ ကန်ချင်စိတ်ပင် ပေါက်သွားမိသည်။ သူ၏ တန်ဖိုးကြီးမားလှသော တပည့်သည် ယခုအချိန်အထိ ရှာဖွေမတွေ့ရှိသေးချေ။ အစီအရင်အား ဖောက်ခွဲပစ်လိုက်မည်ဆိုလျှင် အထဲတွင် လုချင်းချင်းရှိနေပါက မည်သို့ဖြစ်သွားမည်နည်း။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် အပြင်ပန်းမှာတော့ အလွန် တရာ တည်ငြိမ်လျက်ရှိနေသည်။ တကယ်တမ်း အထဲတွင် လုချင်းချင်းသာ မရှိပါက သူ့အနေနှင့် ဤမျှလောက် ဒုက္ခခံ၍ တိုက်ခိုက်နေမည် မဟုတ်ချေ။ အပြင်ဘက်မှ အမြှောက်နှင့်ထိုင်၍ ပစ်နေပေလိမ့်မည်။

“ဂိုဏ်းချုပ်ကျွင်း”

အအေးနန်းတော်၏ ခန်းမသခင်သည် ရှက်ရွံ့သည် မျက်နှာဖြင့်ပြောလိုက်၏။ “ခင်ဗျားတပည့်က တကယ်ပဲ အအေးနန်းတော်ထဲမှာ မရှိဘူး၊ ခင်ဗျားရထားတဲ့သတင်းတွေက ကောလဟလတွေ ဖြစ်လိမ့်မယ်၊ သတင်းအမှားတွေပဲ”

ကျွင်းချောင်ရှောင်းသည် မယုံကြည်နိုင်ပေ။ ထို့ကြောင့် ပြောလိုက်သည်။ “ခင်ဗျားက အခေါင်းကိုမြင်မှ မျက်ရည်ကျမယ့်ပုံပဲ၊ အားလုံးကို သတ်ပစ်လိုက်တော့”

သတ် သတ်

ကျုံးရီနှင့် တခြားသောသူများသည် ဟာရီကိန်းဝံပုလွေကို စီးနင်းကာ လေ့ကျင့်ရေးကွင်းပြင်ထဲတွင် ရူးရူးမူးမူး ဆက်လက်ကာ သတ်ဖြတ်တော့သည်။ အအေးနန်းတော်၏ တပည့်များသည် ၎င်းတို့ကို မည်သို့မှ မယှဉ်နိုင်ခဲ့ပေ။

“ကျုပ်တို့ သူ့ကို ဒီအတိုင်း အဆင်အခြင်မဲ့ လျှောက်လုပ်စေလို့ မဖြစ်ဘူး၊ မဟုတ်ရင် လုကျိုးက လူတွေ အကုန်လုံး အုတ်အော်သောင်းနင်း ဖြစ်ကုန်လိမ့်မယ်”

အမှောင်ထဲတွင် ပုန်းအောင်းနေသော ကောင်းကင်ဘုံကျောင်းမှ ကျင့်ကြံသူတစ်ယောက်သည် ရုတ်တရက် ထွက်ပေါ်လာပြီး ဟန့်တားရန် ပြင်လိုက်သည်။ သို့ပေမဲ့ သူသည် နောက်ကျသွားပြီဖြစ်၏။ အဘယ်ကြောင့် ဆိုသော် ကောင်းကင်ထက်တွင်တော့ အလင်းတန်းရှစ်ခု ဖြစ်တည်လာပြီး အချိန်တိုအတွင်း အအေးနန်းတော်ဆီသို့ ရောက်ရှိလာတော့သည်။

ထိုအလင်းတန်းများ ပျောက်ကွယ်သွားပြီးသည့်နောက်မှာတော့ သိုင်းအုပ်စိုးသူ ရှစ်ယောက် ပေါ်လာတော့သည်။ ထိုသူများသည် အဆင့်လေး ရွှမ်လင်ဂိုဏ်း၏ ဂိုဏ်းချုပ်၊ အဆင့်လေး ရေခဲတောင်ထွဋ်၏ သခင်၊ အဆင့်လေး နှင်းမြူဂိုဏ်းချုပ်နှင့်၊ အဆင့်လေး ရေခဲဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်တို့လည်း ပါဝင်နေ၏။

“ကြောက်စရာပဲ”

ကောင်းကင်ဘုံကျောင်းမှ ကျင့်ကြံသူသည် မျက်မှောင်ကုတ်လိုက်မိ၏။ ဂိုဏ်းအသိအမှတ်ပြုဗဟိုဆီမှ စေလွှတ် လိုက်သော ကျွမ်းကျွင်သူများအားလုံးသည် နှလုံးသားထဲတွင် နာကျင်သွားကြသည်။ အရှေ့မြောက်ဘက် လုကျိုး ပြည်နယ်ရှိ ဂိုဏ်းတော်တော်များများသည် လွန်ခဲ့သည့်နှစ်ပေါင်းတစ်သောင်းကျော်ထဲက ရေခဲအင်ပါယာ၏ သွေးမျိုးဆက်ကို လက်ဆင့်ကမ်းလာခဲ့ခြင်းပင်ဖြစ်သည်။ ၎င်းတို့သည် အဆင်မသင့်ဘဲ တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်တတ်ကြသည် ဆိုသော်လည်း ယခုလို ပြင်ပမှ လူများနှင့် တွေ့ဆုံသည့်အချိန်မှာတော့ အတူတကွ ပူးပေါင်း၍ တိုက်ခိုက်ရန် လမ်းကို ရွေးချယ်လိုက်ကြ၏။

“ဂိုဏ်းချုပ်”

ကျန်းတယ်ကျွင်းသည် လေးလေးနက်နက် ပြောလိုက်သည်။ “နောက်ဆုတ်ရအောင်”

အတွေ့အကြုံရင့်ကျက်သော လူတစ်ယောက်ဖြစ်သည်မို့ မည်သည့်အချိန်တွင် ဟိတ်ဟန်ထုတ်ပြီး မည်သည့် အချိန်တွင် သိုသိုသိပ်သိပ်နေရမည်ကို ကျန်းတယ်ကျွင်း ကောင်းကောင်းသိ၏။ လက်ရှိလေထုထဲတွင် ပေါ်ပေါက် လာခဲ့သော သိုင်းအုပ်စိုးသူ ရှစ်ယောက်တို့သည် တည်နေရာတစ်ခုလုံးအား မျက်မှောင်ကုတ်ကာ ကြည့်ရှုလျက် ရှိသည်။ ၎င်းတို့သည် အအေးနန်းတော်မှ တပည့်များ သတ်ဖြတ်ခံနေရသည်ကို ဒေါသတကြီးဖြင့် ကြည့်လျက် ရှိသည်။

“ကောင်လေး”

ရွှမ်လင်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် အေးစက်စက်ဖြင့် ပြောလိုက်သည်။ “ဘယ်လိုရန်ငြှိုးတွေရှိလို့ အအေးနန်းတော်ကို လာပြီးတော့ တိုက်ခိုက်ရတာလဲ”

ဝှစ် ဝှစ်

အပြင်ဘက်ခြံဝန်းတစ်ခုလုံးတွင် သိုင်းအုပ်စိုးသူရှစ်ယောက်၏ အော်ရာများသည် ပျံ့နှံ့သွားသည်။

ပြိုင်စံရှားဂိုဏ်း၏ တပည့်များသည် ခုခံနိုင်သည်ဆိုသော်လည်း ၎င်းတို့၏ လှုပ်ရှားသွားလာမှုများသည် ရပ်တန့်သွားရ၏။ သူတို့သည် မြန်မြန်ဆန်ဆန်ဆိုသလိုပဲ ပျက်စီးသွားသော ဂိတ်တံခါးရှိရာသို့ ပြန်ဆုတ်သွားကြ၏။ လက်ရှိအခြေအနေမှာတော့ အဆင့်လေး ဂိုဏ်းကိုးဂိုဏ်း၏ ဂိုဏ်းချုပ်များဖြစ်သော သိုင်းအုပ်စိုးသူကိုးယောက်တို့သည် ပြိုင်စံရှားဂိုဏ်း၏ ရှေ့တည့်တည့်တွင် ရှိနေကြပြီ ဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် ဤမျှများပြားသော သိုင်းအုပ်စိုးသူများနှင့် ရင်ဆိုင်ရသည်ဆိုလျှင်တောင်မှ တစ်ချက် ကလေးမျှ ကြောက်ရွံ့စိတ်မရှိပေ။ သူက ပြောလိုက်၏။ “ကျုပ်တပည့်ကို အနိုင်ကျင့်တယ်ဆိုတာက ရန်ငြှိုးပဲလေ”

“အားလုံးပဲ”

အအေးနန်းတော်၏ ခန်းမသခင်သည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “ဒီကောင်က အရှေ့တောင်ရန်ကျူးရဲ့ ပြိုင်စံရှားဂိုဏ်း ဂိုဏ်းချုပ်ပဲ၊ သူက အအေးနန်းတော်ကို လာပြီး ဖျက်ဆီး တာလို့ ပြောခဲ့တယ်”

ယခု အခြားသောဂိုဏ်းတို့မှ ဂိုဏ်းချုပ်ရှစ်ယောက်တို့ ရောက်ရှိလာပြီး သူ့အား ကူညီပေးသည်ကို မြင်တော့ ကြိတ်ကာ စိတ်သက်သာရာ ရမိ၏။ အရိုးသားဆုံးပြောရမည်ဆိုလျှင် အအေးနန်းတော်သည် လက်ရှိအခြေအနေ တွင် အကြီးအကျယ် ဒုက္ခရောက်နေပြီဖြစ်၏။ ယခုလို ပြင်ပမှ တပ်ကူများသာ ရောက်ရှိမလာလျှင် ယနေ့တွင် အလုံးစုံ ပျက်စီးသွားတော့မှာ သေချာသည်။

“ဪ”

ရေခဲတောင်ဂိုဏ်းချုပ်က နှာခေါင်းရှုံ့လိုက်၏။ “ဒါက အလားအလာနဲ့ပတ်သက်ရင် ထိပ်ဆုံးသုံးခုစာရင်းထဲကို ဝင်တယ်ဆိုပြီး ဂိုဏ်းရဲ့ နာမည်ကို ပြောင်းလိုက်တဲ့ ဂိုဏ်းမဟုတ်လား၊ အဲဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ဓားနဲ့ သိုင်းဘုရင်တစ်ယောက်ဖြစ်တယ်လို့ ကျုပ်ကြားထားတယ်၊ ဒီနေ့မှာတော့ လူကိုယ်တိုင်တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး”

အေးခဲခြင်းဂိုဏ်း၏ ဂိုဏ်းချုပ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ သူတို့သည် ပြင်ပ အမူအရာအားဖြင့် တည်ငြိမ် နေကြသည်ဆိုသော်လည်း နှလုံးသားထဲတွင် ထိတ်လန့်လျက်ရှိနေသည်။ ပြိုင်စံရှားဂိုဏ်းသည် မကြာသေးသော အချိန်ကာလအတွင်း ထွန်းတောက်လာသော ဂိုဏ်းတစ်ခုဖြစ်သည်။ သို့ပေမဲ့ လက်ရှိအခြေအနေတွင် အအေး နန်းတော်၏ ဂိတ်တံခါးကိုပင် ဖျက်ဆီးပစ်နိုင်၏။ ဤသို့သော ကိစ္စရပ်များကို အားအင်မရှိဘဲ ပြုလုပ်၍ မရချေ။

“အားလုံးပဲ”

ကျွင်းချောင်ရှောင်းသည် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “ကျုပ်တို့က ရန်ငြှိုးရှိတဲ့ လူတွေ မဟုတ်ဘူးဆိုရင် အရင်ဆုံး ကျုပ်ရဲ့ အကြီးဆုံးတပည့်ကြီးကို လွှတ်ပေး၊ ဒီကိစ္စ အားလုံးကို မေ့ပစ်လိုက်မယ်”

“…...” ထိုစကားသံကို ကြားတော့ အမှောင်ထဲတွင် ပုန်းအောင်းလျက်ရှိသော ကျွမ်းကျင်သူများ၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။

ဂိုဏ်းချုပ်ကျွင်း... ခင်ဗျားက သူများရဲ့ ဂိတ်တံခါးကိုလည်း ဖျက်ဆီးခဲ့တယ်၊ ပြီးတော့ သူတို့ရဲ့ တပည့်တွေ ကုန်သလောက်နီးပါးကိုလည်း သတ်ဖြတ်ပြီးနေပြီ၊ အခု တခြားဂိုဏ်းရဲ့ ဂိုဏ်းချုပ်တွေ လာပြီး ကူညီတဲ့ အချိန်ကြမှ ပေါ့ပေါ့ပါးပါးပြောပြီး ပြန်ထွက်သွားဖို့ စီစဉ်နေတာလား။

“မေ့လိုက်မယ် ဟုတ်လား”

အအေးနန်းတော်၏ နန်းတော်သခင်သည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “ကျွင်းချောင်ရှောင်း... မင်းနဲ့ မင်းတပည့်တွေ အသက်တွေ ဒီမှာထားခဲ့ပြီးမှ ထွက်သွားလို့ရမယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

“ခင်ဗျားဆိုလိုတာက ကျုပ်တပည့်ကို မလွှတ်ပေးဘူးလို့ ဆိုလိုတာလား”

ချီးကိုလွှတ်၊ ချီးကိုလွှတ်၊ မင်းတပည့်က အအေးနန်းတော်ထဲမှာ ရှိကို မရှိဘူးကွ။

တခြားသော တပ်ကူများသာ ရောက်ရှိမလာလျှင် သူသည် ထိုစကားကို ပြောလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ လက်ရှိ အခြေအနေမှာတော့ သူသည် ယုံကြည်ချက်အပြည့် ရှိနေ၏။ သူသည် နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ “သံမဏိအရိုးဂိုဏ်းတပည့်က အအေးနန်းတော်ထဲမှာ ရှိနေတယ်ဆိုရင်တောင် ကျုပ်က လွှတ်ပေးမှာ မဟုတ်ဘူး”

“ခင်ဗျား သတ္တိကောင်းသားပဲ”

ကျွင်းချောင်ရှောင်းသည် သူ၏လက်ကိုမြှောက်ကာ အသံပို့လွှတ်လိုက်၏။ “အနောက်ကိုဆုတ်ကြ”

အားလုံးသည် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ သိုင်းအုပ်စိုးသူ ရှစ်ယောက်တို့သည် သူ့အား အဆက်မပြတ် ကြည့်ရှုနေသည်။ ထို့ကြောင့် ရွေးချယ်စရာမရှိဘဲ အနောက်ကို ပြန်လည်ဆုတ်ခွာမှ ဖြစ်ပေလိမ့်မည်။

“ချီးတဲ့မှ … ငါနည်းလမ်းရှာပြီး ငါ့အကြီးဆုံးတပည့်ကို လာပြီးကယ်တင်တဲ့အထိ စောင့်နေလိုက်၊ ငါက မင်းတို့ အားလုံးကို သေတာထက်ဆိုးတဲ့ နာကျင်ခံစားမှုတွေ ပေးမယ်”

ဝှစ် ဝှစ်

ပြိုင်စံရှားဂိုဏ်းတပည့်များသည် အမိန့်ကို လက်ခံရရှိပြီးသည့်အချိန်၌ အအေးနန်းတော်ဆီမှ အမြန်ဆန်ဆုံး နှုန်းထားဖြင့် နောက်ကို ဆုတ်လိုက်ကြသည်။ သိုင်းအုပ်စိုးသူရှစ်ယောက်တို့သည် ထိုကဲ့သို့ နောက်သို့ ဆုတ်သည် ကို လက်ပိုက်ကြည့်နေသည်လား။ ဘယ်တော့မှ မဖြစ်နိုင်ချေ။

ဟူ ဟူး

ချက်ချင်းဆိုသလိုပဲ သိုင်းအုပ်စိုးသူရှစ်ယောက်တို့၏ အော်ရာများသည် ပေါက်ကွဲထွက်လာတော့သည်။ ထိုအော်ရာ များအားလုံးသည် ပြိုင်စံရှားဂိုဏ်းမှ တပည့်များအားလုံးကို လွှမ်းခြုံသွား၏။

ဂီး

နတ်ဆိုးလင်းယုန်ငှက်ကြီးသည် တောင်၏ ဂိတ်တံခါးထိပ်သို့ ဆင်းသက်လာတော့သည်။ သူသည် အတောင်ပံကြီးကို ယမ်းခါပြီး သိုင်းအုပ်စိုးသူများ၏ အော်ရာများအား လွှင့်စင်သွားအောင် ပြုလုပ်လိုက်၏။ ထိုသို့ ဆိုလျှင်တောင်မှ အော်ရာများသည် အလုံးစုံပျောက်ကွယ်မသွားချေ။ တချို့ကျန်သောအော်ရာများသည် ရှေ့သို့ ဆက်လက်တိုးသွား၏။ ပြိုင်စံရှားဂိုဏ်းများ တပည့်များသည် ထိုအော်ရာများ လွှမ်းခြုံပြီးသည့်နောက်မှာတော့ အလွန်တရာပြင်းထန်သည့်ဖိအားကို ခံစားလိုက်ရ၏။ နဂါးလေးနှင့် လင်းယုန်နက်တို့သည် သိုင်းအုပ်စိုးသူ ရှစ်ယောက်၏ အော်ရာများနှင့် ရင်ဆိုင်ယှဉ်ပြိုင်လျက်ရှိနေ၏။ အလွန်တရာ အားကောင်းလှသည်ဟု ပြောရမည်။

ကျွင်းချောင်ရှောင်းသည် အေးစက်စက်နှင့် ပြောလိုက်၏။ “ကျုပ်တပည့်သာ တစ်ခုခုဖြစ်သွားရင် အအေးနန်းတော်မှာရှိတဲ့ လူတွေ အကုန်လုံးရဲ့ လည်ချောင်းသွေးနဲ့ ခြေဆေးပစ်မယ်”

ဝှစ်

နဂါးလေးသည် သူ့အား သယ်ဆောင်ရင်း ထွက်ခွာသွား၏။

“ကောင်လေး”

ရွှမ်လင်ဂိုဏ်းချုပ်သည် သူ့လက်ကို ယမ်းခါလိုက်၏။ အလွန်တရာ ကြီးမားသော အားအင်များသည် ကောင်းကင် တွင် ဖြစ်တည်လာပြီး သူသည် အေးစက်စက်နှင့် အော်လိုက်၏။ “ထွက်သွားလို့မရဘူး”

သူသည် သိုင်းအုပ်စိုးသူ အဆင့်ခုနှစ်ဖြစ်သည်။ ထို့ကြောင့် အလွန်အမင်း အားကောင်းလွန်း၏။

“သခင်”

နဂါးလေးသည် သူ၏ လက်ကိုယမ်းခါကာ ကျွင်းချောင်ရှောင်းအား ဘေးတစ်ဖက်ဆီသို့ လှမ်းပစ်လိုက်၏။ သူ၏ မျက်လုံးထဲတွင်တော့ တိုက်ခိုက်လိုခြင်းဆန္ဒများနှင့် ပြည့်နှက်လျက်ရှိသည်။ “အရှေ့ကို သွားလိုက်မယ်”

ဟူး ဟူး

တောက်ပလွန်းသော မီးတောက်များ ထွက်ပေါ်လာသည်။ မကြာခင်မှာပဲ ထိုမီးတောက်များသည် လေပွေကဲ့သို့ ဖြစ်တည်နေသော စွမ်းအင်လှိုင်းများနှင့် ထိပ်တိုက်ရင်ဆိုင်မိသွား၏။

ဘုန်း

နဂါးလေးသည် ရွှမ်လင်ဂိုဏ်းချုပ်၏ တိုက်ခိုက်ချက်ကို လက်သီးချက်တစ်ချက်တည်းနှင့် ဖျက်ဆီးပစ်လိုက် တော့သည်။ ပြီးနောက် သူသည် တောင်၏ ဂိတ်တံခါးဆီသို့ ခုန်ဆင်းလိုက်သည်။

ဟူး

သူ၏ ခန္ဓာကိုယ်ပတ်လည်ရှိ မီးတောက်များသည် အလွန်တရာကြမ်းရမ်းစွာဖြင့် တောက်ပလျက်ရှိသည်။

ဘုန်း

နဂါးလေးသည် မြေပေါ်သို့ ဆင်းသက်ပြီးသည့်နောက်မှာတော့ သူ၏ခန္ဓာကိုယ်သည် ကလေးလေးတစ်ယောက် အနေအထားမှ အလွန်တရာကြီးမားလှသော လူ့ဘီလူးကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွား၏။ သူသည် လေးနက်သည် အသံဖြင့် ပြောလိုက်သည်။

“အားလုံးပဲ ခမ်းခြောက်စမ်း”

ဂီး

နတ်ဆိုးလင်းယုန်နက်သည် သူ၏ ဦးခေါင်းကို မော့ကာ အော်လိုက်တော့၏။ ကြီးမားသော တောင်ပံကြီးသည် ရုတ်တရက်နောက်ကို တွန့်သွား၏။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အမဲရောင်အော်ရာဖြင့် ဖုံးလွှမ်းသွား၏။ နောက်ဆုံးမှာတော့ ထိုအမဲရောင်အော်ရာများထဲမှ ရယ်သံတစ်ခု ထွက်လာသည်။ “မင်းတို့လူသားတွေက စိတ်တိုစရာကောင်းလိုက်တာ”

နဂါးလေးသည် ကြောင်သွား၏။ သူအသာကြည့်လိုက်သည့်အချိန်မှာတော့ ဆံပင်အမဲရောင်နှင့် သေးငယ်လှသည့် မိန်းကလေးတစ်ယောက်သည် အမဲရောင်အော်ရာများကြားမှ ထွက်လျှောက်လာသည်။ သူမသည် ခြေဖလာနှင့် ဖြစ်၏။ သို့ပေမဲ့ အမဲရောင် ငှက်မွှေးကုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး မျက်လုံးများသည် ကြယ်များကဲ့သို့ တောက်ပလွန်း နေ၏။ အလွန်အမင်းချစ်ဖို့ကောင်းသော ကလေးမလေးတစ်ယောက်ဖြစ်၏။

“မင်း … မင်းက”

နဂါးလေးက ကြောင်သွား၏။ “ခုနက ငှက်ကြီးလား”

အမဲရောင်ဆံနွယ်များနှင့် မိန်းကလေးသည် သူမ၏ ဆံပင်များကို သပ်တင်ကာ ဂုဏ်ယူစွာ ပြောလိုက်၏။ “ငါ့ကို ဘုရင်မလို့ ခေါ်စမ်း”

All Chapters