အခန်း (၅၈၉)
Vol. 40 Ch. 589
တောင်၏ ဂိတ်တံခါး အပြင်ဘက်တွင် ရှိနေသော ကျွင်းချောင်ရှောင်းသည် နတ်ဆိုးလင်းယုန်နက်မှာ မိန်းကလေးတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်ကို မြင်ရချိန်မှာတော့ မျက်လုံး ပြူးသွားမိ၏။
"ငါ့ရဲ့ ပဋိညာဉ်သားရဲက တိုက်ခိုက်ရေးပုံစံတစ်ခု ရှိနေတာပဲ။ဒါက တကယ့်ကို မိန်းကလေးတစ်ယောက်ပုံစံ ဖြစ်တယ်။"
ကြည့်ရသည်မှာ ချိုသာသော အသံလေးသည် ချစ်ဖို့ကောင်းလွန်းလှ၏။
အထူးသဖြင့် သူသည် ထိုလင်းယုန်ငှက်ကြီး၏ အပေါ်တွင် မတ်တပ်ရပ်၍ အကြီးအကျယ် ဟိတ်ဟန်ထုတ်ခဲ့ဖူးသည်ကို ပြန်လည်စဉ်းစားမိချိန်မှာတော့ ဂိုဏ်းချုပ်ကျွင်းသည် သူ့ကိုယ်သူပင် ပါးပိတ်ရိုက်ချင်စရာ ပေါက်လျက်ရှိ၏။
ဤမျှချစ်စရာကောင်းသော မိန်းကလေး၏ ဦးခေါင်းပေါ်တွင်တက်၍ စီးနင်းသွားလာရသည်မှာ တကယ့်ကို မကောင်းတဲ့ကိစ္စဖြစ်မည်ဟု တွေးတောမိ၏။
နတ်ဆိုးလင်းယုန်ငှက်၏ လူသားပုံစံသည် အသက်အရွယ် ကြီးရင့်လှသည်တော့ မဟုတ်ပေ။
အသက်အရည်များမှာ ပန်းရောင်အဖြစ်သို့ပင် ပြောင်းလျက်ရှိပြီး အရုပ်မလေးတစ်ရုပ်ကဲ့သို့ ချစ်စရာ ကောင်းလွန်းလှ၏။
သို့ပေမဲ့ နဂါးလေးသည် သူ၏ ကြီးမားလှသော မျက်လုံးဝိုင်းဝိုင်းကြီးနှင့် စိုက်ကြည့်ကာ ကြမ်းတမ်းစွာ ပြောလိုက်သည်။ "ဘုရင်မဟုတ်လား … တော်စမ်း"
နတ်ဆိုးလင်းယုန်ငှက်သည် မယုံကြည်နိုင်ဟန်ဖြင့် ပြောလိုက်သည်။ "ငါ့ကို အော်ရဲတယ်ဟုတ်လား"
"ဘာလို့ ငါက မအော်ရဲရမှာလဲ"
နဂါးလေးသည် စိတ်မရှည်သလို ပြောလိုက်၏။ "အခု နို့တောင် မပြတ်လောက်တဲ့ မိန်းကလေးတစ်ယောက်က ဘာလုပ်ချင်တာလဲ သွား မြန်မြန်သွားပြီး နို့စို့စမ်း။ ငါဒီမှာ အားအင်တွေကို ထုတ်ဖော်ပြသနေတယ်။မရှုပ်စမ်းနဲ့"
နတ်ဆိုးလင်းယုန်နက်သည် ကျွင်းချောင်ရှောင်းကို တစ်ချက်ကြည့်ပြီး မကျေနပ်သလို ပြောလိုက်၏။ "ဒီအကောင်လေးက ကျွန်မကို လာပြီးတော့ အနိုင်ကျင့်နေတယ် သခင် ကျေးဇူးပြုပြီးတော့ ကူညီပေးပါ"
"ထားလိုက်တော့"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ဒီအကောင်က တစ်သက်လုံး တစ်ယောက်တည်းနေရမယ့် အကောင်ပဲ...."
ဂိုဏ်းချုပ်ကျွင်းသည် မသိလျှင် သူ့၌ များပြားလှသည့် ကောင်မလေးများ ရှိသည့် ဟန်ပန်ဖြင့် ပြောဆိုလျက် ရှိသည်။။
ဟူး ဟူး။
ထိုအချိန်မှာပဲ ရွှန်လင်ဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် တစ်ခြားသော သူများသည် ပျံသန်းရောက်ရှိလာကြသည်။ စိတ်ဝိညာဉ်စွမ်းအင်များသည် တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းလျက်ရှိပြီး လေအဟုန်များပင်လျှင် ကြမ်းတမ်းစွာ တိုက်ခတ်လာ၏။
"သွားစမ်း"
နဂါးလေးသည် နတ်ဆိုးလင်းယုန်နက်ကို တွန်းထုတ်ပြီးသည့်နောက်မှာတော့ သူ၏ လက်များကို မြှောက်လိုက်တော့၏။ လက်များထဲတွင်တော့ အလွန်တရာ ပူပြင်းလှသည့် မီးတောက်များ ဖြစ်တည်လာပြီး လေဟာနယ်တစ်ခုလုံးကိုပါ ကျွမ်းလောင်သွားသည်။
ဘုန်း
တည်နေရာကြီးတစ်ခုလုံး တုန်ခါသွားပြီး အပူလှိုင်းများသည်ပင်လျှင် ပျံ့နှံ့သွား၏။
သိုင်းအုပ်စိုးသူ နှစ်ယောက်၏ စွမ်းအင်များသည် တိုက်ရိုက်ဆိုသလိုပဲ ကျိုးပြတ်သွားသည်။ ၎င်းတို့သည် ထိတ်လန့် တုန်လှုပ်စွာဖြင့် နောက်သို့ ခြေနှစ်လမ်း ဆုတ်လိုက်ရသည်။
ဤမီးတောက်နှင့် လူကြီးသည် တကယ်ပင် အားကောင်းလွန်းလှ၏။
သိုင်းအုပ်စိုးသူတစ်ယောက်သည် ရှေ့ဘက်သို့ ပျံသန်းလာပြီး အလွန်အေးစက်သည့် အော်ရာများကို ထုတ်ဖော်လိုက်သည်။ တည်နေရာတစ်ခုလုံးသည် အေးခဲသွားပြီး ရေခဲ မှန်ကြီးတစ်ခု ကဲ့သို့ ပြောင်းလဲသွားသည်။
ဤလူသည် ပါရမီရှင် ရေခဲကျင့်ကြံသူဖြစ်ပြီး သူသည် လက်ရှိအခြေအနေမှာတော့ ရေခဲသိုင်းနည်းစနစ်များကို ထုတ်ဖော်အသုံးပြုလိုက်ခြင်းပင် ဖြစ်သည်။ ဆိုးဝါးသည်မှာ ရေခဲဘယ်လောက်ပင် အားကောင်းသည်ဆိုဆို အပူနှင့်တွေ့လျှင် အရည်ပျော်သွားရမည်မှာ သဘာဝပင် ဖြစ်၏။
နဂါးလေးသည် နှင်းတောထဲတွင် ရှိနေသော မီးတောက်ကြီးတစ်ခု ကဲ့သို့ပင် အားလုံး၏ နှလုံးသားကိုပင် နွေးထွေးသွားစေသည်။
အမ်း
သူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးသည့်နောက် လက်တစ်ဖက်ကို အပေါ်ဘက်ဆီသို့ ဖြန့်လိုက်၏။ မီးတောက်များသည် ကြမ်းတမ်းစွာဖြင့် တောက်လောင်လာပြီးသည့်နောက် ပတ်ဝန်းကျင်တစ်ခုလုံးရှိ အပူချိန်များသည်လည်း တစ်ဖြည်းဖြည်းချင်း တိုးလာတော့၏။
အေးခဲနေတဲ့ တည်နေရာအတွင်းတွင် ဖြစ်တည်နေသော ရေခဲ မှန်ကြီးသည် ရုတ်တရက် ပြောင်းလဲသွားသော အပူချိန်ကြောင့် ချက်ချင်းဆိုသလိုပဲ အရည်ပျော်ကျသွားတော့သည်။
"သောက်ကျိုးနည်း"
အဝေးတွင် ရှိနေသော သိုင်းပညာရှင်များအားလုံးသည် ဆွံ့အသွားကြ၏။ လက်တစ်ဖက်တည်းနှင့် ဤကဲ့သို့ အားကောင်းလှသည့် ရေခဲနည်းစနစ်ကို ဖျက်စီးဖို့ ဆိုသည်မှာ မည်မျှအားကောင်းလိုက်သနည်း။
ဤအရာသည် သိုင်းအုပ်စိုးသူများအကြားတွင် ကြောက်မက်ဖွယ်ရာ ကောင်းသည့် တိုက်ပွဲပင် ဖြစ်တော့သည်။
ဝူး
ထိုအချိန်မှာတော့ တစ်ခြားသော ဂိုဏ်းချုပ်တစ်ယောက်သည် သူ၏ လက်များကို ကြက်ခြေခတ်ပုံစံမျိုး ပြုလုပ်ပြီး ရေခဲ ပုံစံ စိတ်ဝိညာဉ် စွမ်းရည်များကို စုစည်းလိုက်သည်။ ပြီးနောက် အော်လိုက်သည်။ "ရေခဲစိတ်ဝိညာဉ် အအေးအလင်း"
ရွှီ
လေအေးများသည် ပတ်ဝန်းကျင်တစ်ခုလုံးဖြစ်တည်လာပြီးသည့်နောက် ကြီးမားသည့် ရေခဲ ပြင်ကြီးများကဲ့သို့ ပြောင်းလဲသွားသည်။ ထိုရေခဲပြင်ကြီးများသည် အလွန်ကြီးမားသော အားအင်များနှင့်အတူ ရှေ့ဘက်သို့ တိုးဝင်သွားတော့သည်။
ယခုမှ သိုင်းအုပ်စိုးသူတစ်ယောက်၏ နည်းစနစ်ကို ဖျက်စီးလက်စဖြစ်သော နဂါးလေးသည် သူ့ကိုယ်သူ ကာကွယ်ရန်အတွက် ဂရုမပြုနိုင်တော့ချေ။
ထို့ကြောင့် ရေခဲ ဓာတ်သဘာဝနည်းစနစ်သည် သူ့ဆီရောက်ရှိလာသည်ကို စောင့်ကြည့်ရန်သာ တတ်နိုင်တော့၏။
ဝှစ် ဝှစ်။
ထိုနောက် သူ၏ နောက်တွင် လေပွေလှိုင်းတစ်ခု ပေါ်လာပြီး ရှေ့သို့ ရိုက်ခတ်သွားတော့သည်။
ချက်ချင်းဆိုသလိုပဲ ဝင်ရောက်လာသည့် ရေခဲချပ်များအားလုံးသည် အပိုင်းပိုင်း ပျက်စီး သွား၏။
နတ်ဆိုးလင်းယုန်နက်သည် ခြေဖျားကို ထောက်၍ ရှေ့သို့ လှမ်းတက်လာပြီး သူ၏ အတောင်ပံများကို ဖြန့်ကားလိုက်သည်။ ပျံတက်ပြီးသည့်နောက်မှာတော့ လေထဲတွင် အထူးအစီအရင်ပုံစံ တစ်ခုကို သူမ၏ လက်သေးသေးလေးနှင့် ရေးဆွဲလိုက်တော့သည်။ ပြီးနောက် ပြောလိုက်သည်။ "ကောင်လေး ဒီလူတွေကို ရင်ဆိုင်ပြီးရင် နင်နဲ့ ငါနဲ့ တွေ့မယ်"
ဖြောင်း
ကလေးမလေးသည် လက်ခုပ်တီးလိုက်၏။
ပြီးနောက် အစီအရင်သည် ပုံရိပ်ယောင် သို့မဟုတ် အစစ်အဖြစ်သို့ ဖြစ်တည်လာပြီးနောက်မှာတော့ ထိုမှတစ်ဆင့် အမဲရောင် ငှက်မွေးများ ပေါ်ပေါက်လာတော့သည်။
“ပုံရိပ်ယောင် ငှက်မွေး ….”
နဂါးလေး သည် လေထဲမှ ပြုတ်ကျလုမတတ်ဖြစ်သွားသည်။ "ဘာလဲ ပုံရိပ်ယောင် ငှက်မွေးဆိုတာ"
ဝှစ် ဝှစ် ဝှစ်။
အမဲရောင်ငှက်မွေးများသည် ကောင်းကင်တစ်ခုလုံးပြည့်နှက်သွားပြီး ကျည်ဆံများကဲ့သို့ပဲ အအေးနန်းတော်၏ အပြင်ဘက်ခြံဝန်းဆီသို့ ပြေးဝင်သွားကြတော့သည်။
သိုင်းအုပ်စိုးသူ ရှစ်ယောက်တို့၏ မျက်နှာများသည် ပျက်ရွင်းသွားကြသည်။
အအေးနန်းတော်မှ ခန်းမသခင်သည် ရုတ်ရက် ထအော်လိုက်၏။ "ကျုပ်ရဲ့ နန်းတော်ကို ကာကွယ်ကြ"
ဝှစ် ဝှစ်။
နန်းတော်သခင်သည် ပြောပြီးပြီးချင်းမှာပဲ များပြားလှသော သိုင်းပညာရှင်များသည် ရှေ့သို ပျံသန်းလာကြတော့သည်။
အအေးတန်းများ ဖြစ်တည်လာပြီးသည့်နောက် ရေခဲ နံရံကြီးတစ်ခုလုံးသည် ကောင်းကင်၏ ရှေ့၌ ပေါ်လာ၏။
ဘုန်း ဘုန်း
အမဲရောင် ငှက်မွှေးများသည် ရေခဲနံရံကြီးကို ထိမှန်ပြီးသည့်နောက် ကြောက်မက်ဖွယ်ရာ ကောင်းသော ပေါက်ကွဲသံကြီးများဖြစ်တည်လာသည်။
အဝေးဆီမှ ကြည့်မည်ဆိုလျှင် တည်နေရာတစ်ခုလုံးတွင် လှိုင်းများပင် ဖြစ်တည်လာပြီး လောကကြီးတစ်ခုလုံး တုန်ခါနေသည်ကို ထင်ထင်ရှားရှား မြင်နေရ၏။
"အားကောင်းလိုက်တာ"
အအေးနန်းတော်မှ ဆုတ်ခွာပြီးဖြစ်သော ကျွင်းချောင်ရှောင်းသည် စိတ်ထဲတွင် အလွန်တရာ ပျော်ရွင်နေမိ၏။
ဟား ဟား ဟား
"ငါ့ရဲ့ ပဋိညာဉ်သားရဲက ချစ်ဖို့ ကောင်းရုံတင်မဟုတ်ဘူး တိုက်ခိုက်တဲ့နေရာမှာလည်း အရမ်းတော်တာပဲ"
ဝှစ်
မိန်းကလေးတစ်ယောက်၏ ကျော်တက်ခြင်းကို မခံချင်သော နဂါးလေးသည် သူ၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးကို ရှေ့သို့တိုးပြီး မီးတောက်များနှင့် အတူ လောကကြီးတစ်ခုလုံးကို ကျွမ်းလောင်တော့မည့်ပုံစံ ဖြင့် တိုက်ခိုက်တော့သည်။
လက်ရှိအခြေအနေမှာတော့ အအေးနန်းတော်၏ ကောင်းကင်ထက်တွင် ကြမ်းရမ်းပြီးအားကောင်းလှသော စွမ်းအင်လှိုင်းများသည် ပေါက်ကွဲလျက်ရှိနေပြီး တည်နေရာတစ်ခုလုံးသည်လည်း တုန်ခါနေ၏။ ကြည့်ရသည်မှာ လောကကြီးတစ်ခုလုံး အဆုံးသတ်တော့မည့် ပုံစံမျိုးပင်။
အင်း
ကျန်းတယ်ကျွင်းသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ပြောလိုက်သည်။ "ဘာလို့ ဂိုဏ်းချုပ်က အအေးနန်းတော်ကို ဖောက်ခွဲဖို့ အတွက် ခွင့် မပြုရသေးတာလဲ။"
ထိုအချိန်မှာတော့ အတွဲလိုက် မိုးကြိုးစုစည်းခြင်း အစီအစဉ်သည် တုန်ခါနေပြီဖြစ်သည်။ ယခုအချိန်မှ မဖောက်ခွဲလျှင် အခွင့်အရေးရှိမည် မဟုတ်ပေ။
"သွားကြစို့"
ကျွင်းချောင်ရှောင်းသည် တပည့်များကို အနောက်သို့ ဆုတ်ရန် အမိန့်ပေးလိုက်၏။
သိုင်းအုပ်စိုးသူ ရှစ်ယောက်သည် ဤနေရာသို့ ရောက်ရှိလာမည်ဟု သူ မထင်မှတ်မိချေ။ ၎င်းတို့အား အနိုင်ယူ၍ မရနိုင်သည်ဆိုမှတော့ ပြန်လည်ထွက်ခွာဖို့ သာ ရွေးချယ်ရတော့မည်။
ပြီးလျှင် လုချင်းချင်းကို မည်သို့ ကယ်တင်ရမည်ကို စဉ်းစားဖို လိုသေး၏။
“ဂိုဏ်းချုပ်”
ထိုအချိန်မှာပဲ စုရှောင်မိုက ထအော်လိုက်၏။ "ကြည့် ဟိုမှာ စီနီယာအစ်မကြီးပဲ ဟိုမှာ ဟိုမှာ"
ကျွင်းချောင်ရှောင်းသည် အမြန်အဆန်ဆိုသလိုပဲ လက်ညိုးညွှန်ရာသို့ လှမ်းကြည့်လိုက်သည့် အချိန်မှာတော့ သူ၏ အရှေ့ဘက် အဆုံးစွန်ရှိ ထီးထီးကြီး ရှိနေသော တောင်ထိပ်လေးတစ်ခုပေါ်တွင် မတ်မတ်ရပ်လျက်ရှိသော လုချင်းချင်းအား မြင်လိုက်ရ၏။
သူမ၏ မျက်လုံးများသည် ရှုပ်ထွေးလှသည့် စိတ်ခံစားချက်များနှင့် ပြည့်နှက်နေသည်။
ဂိုဏ်းချုပ်နှင့် သူမ၏ ဂိုဏ်းတူ မောင်လေးများသည် အရှေ့တောင်ရန်ကျူးမှ တစ်ဆင့် အရှေ့မြောက် လုကျိုးဆီသို့ ရောက်ရှိလာကြသည်။ ထိုသို့ ရောက်ရှိလာကြသည်မှာ သူမအတွက် ဖြစ်ပြီး လက်ရှိအချိန်တွင် အအေးနန်းတော်တစ်ခုလုံးကိုပင် တိုက်ခိုက်လျက်ရှိနေ၏။
ထိုအချိန်မှာတော့ သူမ၏ ရေလိုကြည်လင်နေသော နှလုံးသားသည် လှုပ်ခါသွားရသည်။
အင်း …. ဒါက ခက်ခဲလွန်းတယ်။
"စီနီယာအစ်မကြီး … စီနီယာအစ်မကြီး"
တပည့်များအားလုံးသည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြသည်။
သူ၏ အကြီးဆုံးတပည့် လုံလုံခြုံခြုံနှင့် ဘေးအန္တရာယ်ကင်းစွာ ပေါ်လာသည်ကို မြင်ရချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် သက်ပြင်းအရှည်ကြီးချကာ တီးတိုး ရေရွတ်လိုက်၏။
"မင်း နည်းနည်းပိန်သွားတာပဲ။"
နေအုံး …. သူမကို အအေးနန်းတော်က ဖမ်းသွားတာမဟုတ်လား။ဘယ်လိုဖြစ်ပြီး ဒီမှာ ပေါ်လာတာလဲ။
လီလိုရှုက ပြောလိုက်သည်။ “ဂိုဏ်းချုပ် ကျွန်မရခဲ့တဲ့ သတင်းက နည်းနည်း မှားနေတာပဲ။အအေးနန်းတော်က လုချင်းချင်းကို ရှာလို့တောင် မတွေ့ခဲ့ဘူး..."
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ရင်သွားသည်။ "ခန်းမသခင်လီ ….. သတင်းအချက်အလက်ကို သေသေချာချာ တိတိကျကျ ပေးလို့ မရဘူးလား"
သတင်းအချက်အလက် မှားယွင်းမှုကြောင့် လီလိုရှုကို အပစ်တင်၍တော့မရချေ။
သတင်းကွန်ယက်သည် အပြည့်အဝ ဖွံ့ဖြိုးတိုးတက်မှု မရှိသေးချေ။ ထို့ကြောင့် သတင်းအချက်အလက် မှားယွင်းလာသည်ဆိုသည်မှာ ရှောင်လွှဲ၍ မရနိုင်သော ကိစ္စပင် ဖြစ်၏။
ဘုန်း။
သူ၏ နောက်ဘက်တွင် ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ဖြစ်ပေါ်လာသည်။
သိုင်းအုပ်စိုးသူ လေးယောက်တို့၏ တိုက်ခိုက်ချက်ကြောင့် နဂါးလေးသည် နောက်ဘက်သို့ လွင့်စင်လာတော့သည်။ သူ၏ ကြီးမားလာသော လေအဟုန်ကြောင့် တောင်ခြေဆီသို့ ကျဆင်းလာသည်။ သူသည် အံကို ကြိတ်ကာ ပြောလိုက်၏။ "ချီးတဲ့မှ နာလိုက်တာ။"
ဝုန်း … ဝုန်း
အအေးနန်းတော်၏ ကောင်းကင်ယံထက်မှာတော့ တစ်ခြားသော သိုင်းအုပ်စိုးသူ လေးယောက်တို့သည် နတ်ဆိုးလင်းယုန်နက် ကောင်မလေးနှင့် တိုက်ခိုက်လျက်ရှိသည်။ ၎င်းတို့သည် အရေအတွက် များပြားလွန်းသောကြောင့် တစ်ဖြည်းဖြည်းနှင့် အထက်စီးမှ တိုက်ခိုက်လာနိုင်သည်။
"ဂိုဏ်းချုပ်"
ကျန်းတယ်ကျွင်းက ထပ်ပြီး မေးလိုက်သည်။ "ဒါကြီးကို ဖောက်ခွဲပစ်မှာလား မဖောက်ခွဲပစ်ဘူးလား"
ကျွင်းချောင်ရှောင်း၏ နှဖူးကြောများသည် ထောင်ထသွား၏။ ပြီးနောက် ဒေါသတကြီးဖြင့် အော်လိုက်သည်။ "ဖောက်ခွဲလိုက်တော့"
"ကောင်းပါပြီ"
ကျန်းတယ်ကျွင်းသည် သူ၏ မျက်နှာကို လက်တစ်ဖက်ဖြင့် အုပ်ကိုင်၍ အရူးတစ်ယောက်ကဲ့သို့ အော်ရယ်လိုက်သည်။
ဝှစ်။
ရုတ်တရက်ဆိုသလိုပဲ သူ၏ လက်များသည် ဖြန့်တန်းပြီးနောက်မှာတော့ အလွန်တရာ ကြမ်းတမ်းသည့် အမူအရာများ ဖြစ်ပေါ်လာ၏။ "နောက်ထက် မီးပန်းဖောက်ပွဲကြီးကို ကြည့်ရှုကြတာပေါ့"
ဒွီ … ဒွီ။
အအေးနန်းတော်၏ တည်နေရာကြီးသည် ရုတ်တရက်ဆိုသလိုပဲ စည်းချက် ညီညီ တုန်ခါသွားသည်။
အထဲတွင် ဖုံးကွယ်လျက်ရှိသော အစီအရင်အတားအဆီးသည် အလွန်တရာ ပူလောင်ပြီး တောက်ပသည့် အလင်းတန်းများနှင့် အတူ ထွက်ပေါ်လာတော့သည်။
စိတ်ဝိညာဉ်သားရဲတစ်ယောက် ဖြစ်သည်မို့ နတ်ဆိုး လင်းယုန်ငှက်သည် အန္တရာယ်နှင့် ပတ်သက်လျှင် လူသားများထက် ပိုမို အားကောင်းသည့် အသိရှိနေသည်။
ထို့ကြောင့် လေလှိုင်းများကို ဖန်တီးပြီး သိုင်းအုပ်စိုးသူတစ်ယောက်ကို နောက်ဘက်သို့ ဆုတ်ခွာသွားအောင် တိုက်ခိုက်ပြီးနောက် သူမ၏ အတောင်ပံများကို ဖြန့်ကျက်ကာ လေနှင့် အတူ မြန်မြန်ဆန်ဆန် နောက်သို့ ဆုတ်လိုက်၏။
ထိုသို့ ဆုတ်နေစဉ်တွင် သူမသည် နဂါးလေး၏ ကြီးမားသည့် နားရွက်ကြီးကို လက်မှကိုင်ဆွဲကာ သူ၏ သခင်ဆီသို့ ပြန်လည် ပျံသန်းလာသည်။
ဝှစ်။
"မဟုတ်ဘူး။"
သိုင်းအုပ်စိုးသူ ရှစ်ယောက်တို့သည် အန္တရာယ်၏ အငွေ့အသက်ကို ခန့်မှန်းမိလိုက်ကြသည်။ သို့ပေမဲ့ နောက်ကျသွားခဲ့ပြီဖြစ်သည်။ အစီအရင်သည် အလင်းတန်းများ ဖြစ်ပေါ်လာပြီးသည့်နောက်မှာတော့ ချက်ချင်းဆိုသလိုပဲ ပေါက်ကွဲမှုကြီးများ ဖြစ်ပေါ်လာတော့၏။
အအေးနန်းတော်ကို ထောက်ပံ့ပေးထားသော တောင်ကြီးတစ်ခုလုံးသည် ရုတ်တရက် အားလုံး၏ မျက်စိရှေ့မှာပဲ ဖောက်ခွဲခံလိုက်ရပြီဖြစ်သည်။
ဝုန်း ….။