အခန်း (၅၉၀)
Vol. 40 Ch. 590
ဘုန်း … ဘုန်း။
ပေါက်ကွဲသည့်အသံများသည် မရပ်မစဲပင်ဖြစ်တော့၏။ မိုင်တစ်ထောင်အကွာအဝေးမှာရှိသော သူများအားလုံးသည် ထိုအရာကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၏။ မြေပြင်တစ်ခုလုံးသည် တုန်ခါလျက်ရှိပြီး ရှိရှိနေသမျှသော ကျင့်ကြံသူများအားလုံးသည် အအေးနန်းတော်ဆီသို့ ထိတ်လန့်တကြားဖြင့် ကြည့်လိုက်ကြ၏။
“ဘာတွေဖြစ်နေတာလဲ”
လုကျိုးပြည်နယ်ရှိ ကျင့်ကြံသူများသည် ဆွံ့အသွားကြသည်။ ဤတုန်ခါမှုစွမ်းအင်၏ အဆင့်သည် ကြီးမားသည့် ပေါက်ကွဲမှုကြီးကြောင့် ဖြစ်ပေါ်လာရခြင်းပင်ဖြစ်ပေလိမ့်မည်။
အအေးနန်းတော်တွင်တော့ အအေးနန်းတော်တည်ရှိရာ တောင်၏တစ်ဝက်သည် ဖောက်ခွဲခံလိုက်ရပြီဖြစ်သည်။ သို့ပေမဲ့ ကျန်ရှိနေသေးသော စွမ်းအင်များသည် အလုံးစုံ မပျောက်ကွယ်သွားသေးချေ။
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည်တော့ မယုံကြည်နိုင်မှုများ၏ ပြည့်နှက်လျက်ရှိသည်။ တောင်၏ တခြားတည်နေရာတစ်ခုတွင် လုချင်းချင်း ပေါ်လာခဲ့သည်။ အအေးနန်းတော်ထဲမှာ မဟုတ်ချေ။
နဂါးလေးသည်လည်း အနောက်ဘက်သို့ လွှင့်စင်လာခဲ့သည်။
သူသည် ကျန်းတယ်ကျွင်း၏ အကြံပြုချက်အတိုင်း အစီအရင်အား ဖောက်ခွဲပစ်ရန် ရွေးချယ်ခဲ့လိုက်၏။ သို့ပေမဲ့ ဤကဲ့သို့သော စွမ်းအင်နှင့် ဖျက်ဆီးမှု အားအင်သည် အလွန်တရာ ကြမ်းတမ်းလွန်းလှ၏။ အမြှောက်ပင်လျှင် ထိုကဲ့သို့သော ပေါက်ကွဲမှုမျိုးကို ပြုလုပ်နိုင်လိမ့်မည် မဟုတ်။
လီချင်းယန်၊ ရှောင်ကျီနှင့် တခြားလူများအားလုံးသည်လည်း ဆွံ့အသွား၏။ အထူးသဖြင့် မီးရှူးမီးပန်းများ ဖောက်လိုက်သကဲ့သို့ တစ်ဖောင်းဖောင်းနှင့် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်နေသည်ကို မြင်လိုက်ရသောအခါ သူတို့၏ ကျောရိုးမကြီးတစ်ခုလုံးသည် စိမ့်တက်သွား၏။
“ဟင်း”
ကျန်းတယ်ကျွင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ဒီစွမ်းအင်အဆင့်က ထင်မှတ်ထားတာနဲ့ မကိုက်ညီဘူးပဲ၊ ကျုပ်တို့အနေနဲ့ ပိုပြီးတိုးတက်အောင် ပြုလုပ်ဖို့ လိုအပ်နေသေးတယ်”
“...” အားလုံးသောသူများ၏ နှုတ်ခမ်းများသည် တုန်ရင်သွားကြ၏။
တောင်ကြီးတစ်ခုလုံး နီးပါးသည် ဖောက်ခွဲ ခံလိုက်ရ၏။ သို့ပေမဲ့ ထင်မှတ်ထားသလောက် မဖြစ်ခဲ့သောကြောင့် ယခုထက်ပို၍ အားကောင်းအောင် ဆက်လက်၍ သုတေသန ပြုလုပ်ချင်သည်ဟု ဆိုနေ၏။ အမှန်တကယ်တမ်းသာ ဒီထက်ပို၍ အားကောင်းမည် ဆိုလျှင် မိုင်တစ်ထောင်ပတ်ပတ်လည်အတွင်းရှိ အရာအားလုံးသည် ပျက်စီးသေဆုံးကုန်ကြတော့မှာဖြစ်သည်။
“နေအုံး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အကြီးအကဲကျန်း.... အစီအရင်ကို ဖောက်ခွဲပစ်လိုက်မယ်ဆိုရင် မိုင်တစ်ရာပတ်လည်အတွင်းမှာရှိတဲ့ အရာ အားလုံးက ပျက်စီးသွားမယ်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား”
ဤအရာသည် အမှန်ပင်ဖြစ်၏။ အားလုံးသော သူများသည် မှတ်မိနေကြ၏။ အကြီးအကဲကျန်း သည်ဤသို့ အမှန်တကယ် ပြောခဲ့၏။ သို့ပေမဲ့ အအေးနန်းတော်မှ လူများသည် ကြောက်ရွံ့သွားစေရန် ပြောခဲ့ခြင်းပင်ဖြစ်သည်။
ကျန်းတယ်ကျွင်းသည် လက်နှစ်ဖက်ကို နောက်သို့ပစ်လိုက်၏။ အေးစက်နေသော လေများသည် သူ၏မျက်နှာကို ဖြတ်သန်းတိုက်ခတ်လျက်ရှိသည်။ သူသည် အရှက်မဲ့စွာဖြင့် ပြောလိုက်၏။ “အရမ်းအားကောင်းတဲ့ ရန်သူတွေနဲ့ ရင်ဆိုင်တဲ့အချိန်မှာ အကြီးကြီးတွေ ပြောရတယ်၊ အကြီးကြီးတွေပြောမှ သူတို့ ကြောက်သွားမှာလေ”
ချီးတဲ့မှ
အားလုံး၏ မျက်လုံးများသည် ချာချာလည်သွားကြ၏။
သို့ပေမဲ့ အအေးနန်းတော်၏ တစ်ဝက်လောက်ကို ဖောက်ခွဲ ပစ်လိုက်နိုင်သော အစီအရင်သည် အလွန်တရာ အားကောင်းနေသည်ကို သူတို့ သိရှိကြသည်။
လီချင်းယန်နှင့် တခြားသောသူများသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် အဘယ့်ကြောင့် အစီအရင်ဆရာတစ်ယောက်အား ရန်မပြုရဲကြသည်ကို နားလည်မိသွားကြ၏။ အလွန်တရာ ထိတ်လန့်ကြောက်ရွံ့ဖွယ် ကောင်းလွန်းလှ၏။
အထူးသဖြင့် အကြီးအကဲကျန်းကဲ့သို့ အစွန်းရောက်လူဆိုးများသည် ပို၍ ဆိုးရွားပေသည်။ ၎င်းအား ရန်စခဲ့သော သူ၏ အိမ်ရှေ့တွင် ဆောင့်ကြောင့်ထိုင်၍ တစ်နှစ်ပတ်လုံး ဖောက်ခွဲနိုင်သည့် အစီအရင်များ စီရင်ထားမည်ဆိုလျှင် တွေးကြည့်ရုံဖြင့် ကြက်သီးထစရာ ကောင်းပေလိမ့်မည်။
“အကြီးအကဲကျန်း”
စုရှောင်မိုသည် ကိုယ်ကိုဦးညွတ်၍ အသာပြုံးကာ ပြောလိုက်၏။ “ကျုပ်ကို သင်ပေးပါ့လား၊ အနာဂတ်မှာ ကျုပ်ကို ရန်ပြုတဲ့လူတွေရှိလာရင် သူတို့ရဲ့အိမ်သာရှေ့နားကိုသွားပြီး အစီအရင်ကို ဖန်တီးလိုက်မယ်။ ဒီကောင်တွေ အီးပါနေတုန်း ဖောက်ခွဲလိုက်ရင် တစ်ခါတည်း လူလည်းသေမယ်၊ အရှက်လည်းကွဲမယ်၊ ဒါက ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်တာပဲ”
ကျန်းတယ်ကျွင်းသည် မျက်လုံးများ ချာချာလည်သွား၏။ ပြီးနောက် ပြောလိုက်သည်။ “မင်းဆီမှာ အစီအရင်နဲ့ပတ်သတ်တဲ့ ပါရမီမရှိဘူး၊ ဒီတော့ ဘောလုံးပဲသွားကန်နေ”
ရွှီး…. ရွှီး
နတ်ဆိုးလင်းယုန်နက်ကြီးသည် ၎င်း၏ အတောင်ပံကို ဖြန့်ကျက်လိုက်ပြီးသည့်နောက်မှာတော့ အနောက်ဘက်သို့ ပျံသန်းလာတော့သည်။ ပြီးနောက်သူသည် အသာဆွဲယူလာခဲ့သော နဂါးလေးအား လှမ်းပစ်လိုက်၏။ “သခင်... ဒီကောင်ကတော့ ပေါက်ကွဲမှုတွေကြားထဲမှာ အသတ်ခံရတော့မလို့”
ချီးတဲ့မှ
နဂါးလေးသည် ဒေါသတကြီးနှင့် မတ်တပ်ထရပ်လိုက်သည်။ ပြီးနောက် ပြောလိုက်သည်။ “မင်း ငါ့ကိုဆွဲခေါ်မလာရင်လည်း ငါရှောင်နိုင်ပါသေးတယ်”
ကျွတ်
လင်းယုန်နက်ကြီး တဖြစ်လဲ မိန်းကလေး သည် နှာခေါင်းကိုရှုံ့လိုက်၏။ ပြီးနောက် ကျွင်းချောင်ရှောင်းရှေ့သို့ ဆင်းသက်လာသည်။ ပြီးနောက် သူသည် ချိုသာစွာ ပြုံးလိုက်၏။ “သခင်... ကျွန်မလုပ်ခဲ့တာ တော်တယ်မလား”
“မဆိုးဘူး၊ မဆိုးဘူး”
ကျွင်းချောင်ရှောင်းသည် သူမ၏ ခေါင်းလေးကို အသာပွတ်လိုက်၏။ နတ်ဆိုးလင်းယုန်ငှက်သည် အသက်ဆယ့်တစ်နှစ်၊ ဆယ့်နှစ်နှစ်လောက်သာ ရှိနိုင်သေး၏။ သူမသည် တစ်ဒဿမရှစ်မီတာခန့် အရပ်ရှည်သော ကျွင်းချောင်ချောင်း၏ အရှေ့တွင် မတ်တပ်ရပ်လိုက်သည့် အချိန်မှာတော့ အဖေနှင့်သမီးကဲ့သို့ပင် ထင်မှတ်မှားရတော့၏။
ဟုတ်ပေသည်။ သူမ၏ကျောဘက်တွင် အမဲရောင် ပြောင်လက်လျက်ရှိသော တောင်ပံတစ်စုံ တည်ရှိလို့နေပြီး အလွန်တရာ ကြည့်လို့ ကောင်းလွန်းသည်။
“လှလိုက်တာ”
စုရှောင်မိုသည် ရှေ့သို့လှမ်းတက်လာပြီး ပြုံးကာ ပြောလိုက်၏။ “မိန်းကလေး... ငါဒါကို ထိကြည့်လို့ရလား”
ဝှစ်
လင်းယုန်နက်သည် အနောက်သို့ လှည့်ကြည့်လိုက်၏။ သူမ၏ မျက်နှာပေါ်ရှိ အပြုံးများ ပျောက်ကွယ်သွားတော့ သည်။ တောက်ပသည့်မျက်လုံးများတွင် အေးစက်မှုများ လွှမ်းခြုံသွားပြီး ပြောလိုက်၏။ “မှတ်ထား၊ ကျွန်မကို ဘုရင်မလို့ခေါ်”
သူမ၏ မျက်နှာအပြောင်းအလဲသည် မြန်ဆန်လွန်းလှသည်။ စုရှောင်မိုသည် အသာပခုံးတွန့်၍ မြန်မြန်ဆန်ဆန် ပြောလိုက်၏။ “ကောင်းပါပြီ ဘုရင်မ”
ဝှစ်
ထိုအချိန်မှာတော့ ကြမ်းတမ်းလှသော စွမ်းအင်လှိုင်းများကြောင့် ပေါက်ကွဲပျက်စီးသွားပြီဖြစ်သော တောင်၏ အပြင်မှ ဖုံများတထောင်းထောင်း ထလာသည်။ ဂိုဏ်းချုပ်ရှစ်ယောက်တို့သည် ပုံပျက်ပန်းပျက် ပုံပန်းသွင်ပြင်များနှင့်အတူ မိုးပေါ်သို့ ပျံတက်လာကြသည်။ ပေါက်ကွဲမှုကြီးသည် ရုတ်တရက်ဆန်လွန်းလှပြီး သူတို့သည် မည်သို့မှ မရှောင်ရှား နိုင်ခဲ့ချေ။သူတို့၏ အားအင်အဆင့်သည် အလွန်အားကောင်းလွန်းသောကြောင့် အသက် မသေနိုင်ဟု ဆိုလျှင်တောင်မှ ပြာနှမ်းနေအောင်တော့ ထိခိုက်ခံခဲ့ရ၏။
ပို၍ဆိုးရွားသည်မှာ အအေးနန်းတော်သခင်ပင် ဖြစ်တော့သည်။ သူသည် ကျွင်းချောင်ရှောင်းနှင့် တခြားသူများ ဘက်သို့ မျက်နှာလှည့်ကာ လေထဲတွင် မေ့မျောလုမတတ်ဖြစ်အေဓိကဟောခန်း ကြီးကို ကာကွယ်ခဲ့ရ၏။ အဘယ်ကြောင့်ဆိုသော် သူ၏စိတ်ဓာတ်အရဆိုလျှင် လူတွေသည် သေဆုံးသွားနိုင်၏။ သို့ပေမဲ့ ဂိုဏ်း၏ ဂုဏ်သိက္ခာတော့ အပျက်အစီး မခံနိုင်ချေ။
အအေးနန်းတော်၏ အထက်ပိုင်းအကြီးအကဲများသည် အဆောက်အဦ အပျက်အစီးများဆီသို့ တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာကြသည်။ သူတို့သည် မပျံသန်းနိုင်သော်လည်း သူတို့ဂိုဏ်း၏ ဂုဏ်သိက္ခာအတွက် သူတို့၏ ခန္ဓာကိုယ်များကို အသုံးပြုကာ ကာကွယ်ခဲ့ရသည်။ သူတို့သည် အဓိကဟောခန်း၏ အရှေ့တွင် လူသားနံရံ အဖြစ်သို့ ဖန်တီးကာ သူတို့၏ အသက်သွေးများကို ပေးအပ်၍ ဂိုဏ်း၏ အဓိကဟောခန်းကြီးကို ကာကွယ်ခဲ့ခြင်းပင် ဖြစ်တော့သည်။
“အရမ်းမိုက်တယ်”
ကျွင်းချောင်ရှောင်းသည် လက်သီးကိုဆုပ်ကာ ပြောလိုက်မိ၏။ အအေးနန်းတော်အား ဖောက်ခွဲဖျက်ဆီးပစ်ဖို့ ဆုံးဖြတ်ချက်အား သူဘယ်တော့မှ နောင်တမရခဲ့ချေ။ ထို့အပြင် သနားခြင်းလည်း မရှိချေ။
သို့ပေမဲ့ ဤကဲ့သို့သော အခိုက်အတန့်မျိုးတွင် တစ်ဖက်လူများ၏ ၎င်းတို့၏ ခန္ဓာကိုယ်ကို အသုံးပြု၍ ဂိုဏ်း၏ဂုဏ်သိက္ခာကို ကာကွယ်ခဲ့ ရ၏။ ထိုသို့သော လုပ်ရပ်သည် လေးစားမှုနှင့် ထိုက်တန်လှ၏။
“ကျွင်းချောင်ရှောင်း”
အအေးနန်းတော်၏ ခန်းမသခင်သည် အားပျော့စွာဖြင့် အဓိကဟောခန်း၏ ရှေ့သို့ ဆင်းသက်လာခဲ့သည်။ သူ၏ မျက်လုံးများသည် မီးလို နီရဲလျက်ရှိသည်။
“မင်း ဒီနေ့ အအေးနန်းတော်ကို လုပ်ခဲ့တဲ့အလုပ်က အနာဂတ်မှာ အဆတစ်ရာ ပြန်ပြီးပေးဆပ်ရမယ်ဆိုရင်တောင် လုံလောက်မှာ မဟုတ်ဘူး”
ကျွင်းချောင်ရှောင်းသည် အသာလှည့်၍ မောက်မာစွာပြောလိုက်၏။ “သံမဏိအရိုးတောင်မှာ စောင့်နေမယ်”
“ခွေးကောင်”
ရွှမ်လင်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “ဒီနေရာကနေ ထွက်ခွာသွားနိုင်မယ်လို့ မင်းထင်နေတာလား”
ဝှစ်
သူပြောပြီးပြီးချင်းမှာပဲ နဂါးလေးသည် လေထဲသို့ ခုန်တက်၍ လက်ဝါးနှင့် ရိုက်ထုတ်လိုက်တော့သည်။ အလွန်တရာ အားကောင်းလှသော မီးတိုင်ကြီးနှစ်ခုသည် ၎င်း၏ဆီသို့ ဝင်ရောက်လာတော့သည်။ သူသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် မြန်မြန်ဆန်ဆန် နောက်သို့ဆုတ်ခွာ ရှောင်ရှားလိုက်ရသည်။
ဝှစ် ဝှစ်
အခြားသော သိုင်းအုပ်စိုးသူ ခုနှစ်ယောက်တို့သည်လည်း လေထဲသို့ ခုန်တက်လာကြပြီး ကျွင်းချောင်ရှောင်းနှင့် တခြားသောသူများ ထွက်ပြေးသွားနိုင်သည့် လမ်းကြောင်းများကို ပိတ်ဆို့ထားကြသည်။ ကျွင်းချောင်ရှောင်း တို့သည် အရှေ့မြောက်ပိုင်း လုကျိုးဆီသို့ ရောက်ရှိလာခဲ့ပြီး ပြဿနာရှာခဲ့ကြသည်။ ထို့ပြင် အအေးနန်းတော် တစ်ခုလုံးကိုလည်း ပျက်စီးသွားစေရန် ဖောက်ခွဲခဲ့သေး၏။ ပြိုင်စံရှားဂိုဏ်းသည် ဤကဲ့သို့ ငြိမ်းငြိမ်းချမ်းချမ်းနှင့် ပြန်လည်ထွက်ခွာသွားမည်ဆိုပါက ၎င်းတို့၏ ဂုဏ်သိက္ခာသည် မည်သို့ဖြစ်သွားမည်နည်း။
“အားလုံးပဲ”
ကျွင်းချောင်ရှောင်းသည် တည်ငြိမ်စွာ ပြောလိုက်၏။ “ကျုပ်ရဲ့ အကြီးဆုံးတပည့်ကို ရှာတွေ့ပြီ၊ ဒီတော့ အချိန်အတိုင်းအတာတစ်ခုအထိ သူမကို အဆင်ပြေရဲ့လားလို့ ငါမေးစရာရှိသေးတယ်၊ ဒါပေမဲ့ ခင်ဗျားတို့က ဒီမှာလာပြီး ယင်ကောင်တွေလို တဝီဝီနဲ့ လုပ်နေတယ်၊ တကယ့်ကို စိတ်တိုစရာပဲ”
“သခင်”
နဂါးလေးက ပြောလိုက်သည်။ “ဒီကိစ္စတွေအားလုံးကို ကျုပ်တာဝန်ထားလိုက်”
“မလိုဘူး”
ကျွင်းချောင်ရှောင်းသည် လက်ကို အသာမြှောက်လိုက်၏။ သူ၏လက်ထဲမှာတော့ အိတ်ကပ်အရွယ်အစားခန့် ရှိသော စည်းဓားမော့သည် ပေါ်လာတော့၏။ သူသည် အေးစက်စွာကြည့်၍ ပြောလိုက်သည်။ “ကျုပ်က အရင်တုန်းက သိုင်းအုပ်စိုးသူကို မသတ်ဖူးဘူး၊ ဒီနေ့မှာတော့ သိုင်းအုပ်စိုးသူ ရှစ်ယောက်လုံးကို သတ်ပစ် ရမယ်ဆိုလည်း စိတ်ပူနေမှာမဟုတ်ဘူး”
“ဒီဓားမော့”
လီချင်းယန်နှင့် တခြားသောသူများ၏ အမူအရာများသည် ချက်ချင်းပင် ပြောင်းလဲသွားကြသည်။ သေမင်းတောင် ကြားထဲရှိ စိတ်ဝိညာဉ်မိုင်းတွင်းတွင်ရှိသော မြွေများအားလုံးနှင့် ရင်ဆိုင်ရသည့် အချိန်တွင် ဤနတ်ဘုရား လက်နက်အား ဂိုဏ်းချုပ်ထုတ်ဖော်အသုံးပြုသည်ကို သူတို့မြင်ခဲ့ဖူး၏။ ထိုဓားမော့သည် သူတို့အား ထိတ်လန့် ကြောက်ရွံမှုများကို ဖြစ်စေခဲ့သော ဓားမော့ပင်ဖြစ်သည်။ ယနေ့မှာတော့ ဂိုဏ်းချုပ်သည် ဤဓားမော့ကို ထပ်မံ၍ ထုတ်ဖော်နေပြန်သည်။ သိုင်းအုပ်စိုးသူ၏ သွေးများနှင့် ဓားမော့ကို ယစ်ပူဇော်ချင်နေပုံပေါ်၏။
ဟမ့်
ရွှမ်လင်ဂိုဏ်းမှ ဂိုဏ်းချုပ်သည် အေးစက်စက် ပြောလိုက်၏။ “ငါတို့ ရှစ်ယောက်ကိုသတ်မယ်ဟုတ်လား၊ ဂိုဏ်းချုပ်ကျွင်း လျှာကိုက်မိပြီး အနာဖြစ်မှာ မစိုးရိမ်ဘူးလား”
ဟူး ဟူး
တခြားသော သိုင်းအုပ်စိုးသူ ခုနှစ်ယောက်တို့သည် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်များကို ထုတ်လွှင့်လိုက်ကြ၏။ အလွန်တရာ အားကောင်းလှသော ဖိနှိပ်ခြင်းစွမ်းအင်များသည် ကျဆင်းလာ၏။ ကျွင်းချောင်ရှောင်းသည် စည်းဓားမော့ပေါ်တွင် လက်တင်လိုက်၏။ ပြီးနောက် သူ၏သိုလှောင်လက်စွပ်ထဲတွင်ရှိသော စည်းဖွင့်ခြင်း အဆောင်အား ချိုးဖြတ်ရန် ပြင်ဆင်လိုက်၏။ သို့ပေမဲ့ သူသည် ထိုအရာကို ချိုးဖြတ်ရန် ပြင်ဆင်နေတုန်းမှာပဲ လုချင်းချင်းသည် ကျွင်းချောင်ရှောင်း၏ ရှေ့သို့ ရောက်ရှိလာခဲ့တော့သည်။ သူမသည် ဂိုဏ်းချုပ်အား အရှေ့မှရပ်၍ ကာကွယ်ပေးလိုက်၏။ ပြီးနောက် လက်ကိုမြှောက်ကာ အရာဝတ္ထုတစ်ခုကို ထုတ်ဖော်ပြသလိုက်၏။ “ရေခဲအင်ပါယာရဲ့ ကျောက်စိမ်းပြား ဒီမှာပဲ၊ ဘယ်သူက ရှေ့ကိုတက်လာရဲလဲ”
ဤအရာသည် ရွှေရောင်အနားသတ်များကွပ်ထားသော ကျောက်စိမ်းပြားတစ်ခုပင်ဖြစ်၏။ ထို့ကျောက်စိမ်းပြား ပေါ်တွင်တော့ ရေခဲအင်ပါယာဟု ရေးသားထားသည်။
“မင်း”
ရွှမ်လင်ဂိုဏ်းမှ ဂိုဏ်းချုပ်သည် ထိတ်လန့်တုန်လှုပ်သွား၏။ “ဘာလို့ ရေခဲအင်ပါယာရဲ့ ကျောက်စိမ်းပြားက မင်းဆီမှာ ရှိနေရတာလဲ”
တခြားသော ဂိုဏ်းချုပ်ခုနှစ်ယောက်တို့၏ မျက်နှာများသည်လည်း ပြောင်းလဲသွားကြ၏။ သို့ပေမဲ့ သူတို့သည် မြန်မြန်ဆန်ဆန်ဆိုသလိုပဲ ၎င်းတို့၏ အော်ရာများကို ရုပ်သိမ်းလိုက်ကြ၏။ သူတို့သည် ရေခဲအင်ပါယာ၏ ကျောက်စိမ်းပြားရှေ့တွင် စိတ်ထင်ရာကို မပြုလုပ်ရဲကြချေ။
“ရေခဲအင်ပါယာရဲ့ အမွေအနှစ်”
လုချင်းချင်းသည် တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ “ကျွန်မ အမွေဆက်ခံခဲ့တယ်”
“ဘာ၊ ဘယ်လိုဖြစ်နိုင်မှာလဲ”
ဂိုဏ်းချုပ်ခုနှစ်ယောက်တို့၏ မျက်လုံးများသည် မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်သွား၏။ ရေခဲအင်ပါယာသည် လွန်ခဲ့သည့်နှစ်တစ်ထောင်က ပျောက်ကွယ်သွားခဲ့၏။ သူမ သေသလား၊ ရှင်သလား ဆိုသည်ကိုပင် မည်သူမှ မသိရှိခဲ့ကြ။ သို့ပေမဲ့ ရုတ်တရက်ဆိုသလိုပဲ တစ်စုံတစ်ယောက်သည် ရေခဲအင်ပါယာ၏ ကျောက်စိမ်းပြားအား ထုတ်ယူလာပြီး သူမ၏ အမွေများကို ဆက်ခံခဲ့သည်ဟု ဆိုနေသည်။ မယုံကြည်နိုင်စရာ ကောင်းလွန်းလှ၏။