အခန်း (၅၉၁)
Vol. 40 Ch. 591
လုချင်းချင်းသည် ကျောက်စိမ်းပြားအား ထုတ်ပြလိုက်သည့် အချိန်မှာတော့ ဂိုဏ်းချုပ်ရှစ်ယောက်တို့သည် ၎င်းတို့၏ အော်ရာများကို မြန်မြန်ဆန်ဆန်နှင့် ပြန်လည်ရုတ်သိမ်းလိုက်၏။ စည်းဖွင့်ခြင်းအဆောင်အား ချိုးဖြတ်ရန် ပြင်ဆင်လိုက်သည့် ကျွင်းချောင်ရှောင်းသည် ရုတ်တရက်ဆွံ့အသွား၏။ ရီချင်းရှန်၏ နှလုံးသားများသည်လည်း တုန်ခါသွားမိ၏။
စီနီယာအစဉ်လိုက် ပြောရမည်ဆိုလျှင် ရေခဲအင်ပါယာသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အထက်ပိုင်း မျိုးဆက်များထဲတွင် အလွန်တရာအားကောင်းသည့် ထိပ်တန်းတည်ရှိသူတစ်ယောက်ဖြစ်သည်။ သူမသည် သိုင်းအင်ပါယာအဖြစ်သို့ ရောက်ရှိလာသည့်အချိန်တွင် အချိန်အတော်ကြာ တံခါးပိတ် ကျင့်ကြံနေခဲ့၏။ ထို့ကြောင့် ရီချင်းရှန်သည် သူမအား တစ်ကြိမ်မျှ မမြင်ခဲ့ရဖူးချေ။
သို့ပေမဲ့ လုချင်းချင်းတစ်ယောက် သူမ၏အမွေကို ဆက်ခံခဲ့လိမ့်မည် ဟု သူမထင်မှတ်မိခဲ့ပေ။ ဤအရာသည် ကျိန်းသေပေါက် ရှားပါးလှသည့် အခွင့်အရေးပင်ဖြစ်တော့၏။
“မိန်းကလေး”
ရွှမ်လင်ဂိုဏ်းမှ ဂိုဏ်းချုပ်က ပြောလိုက်သည်။ “မင်းအမှန်ကို ပြောနေတာလား”
“ရေခဲအင်ပါယာရဲ့ ကျောက်စိမ်းပြားကို သံသယဝင်နေတာလား”
လုချင်းချင်း၏ အသံသည် ထုံးစံအတိုင်း အေးစက်လျက်ရှိနေသေး၏။ မည်သည့်ခံစားချက်မှ မရှိပေ။ ပြိုင်စံရှား ဂိုဏ်းမှ တပည့်များသည် သူမ၏အသံကို နားထောင်ကြည့်ပြီးသည့်နောက်မှာတော့ စိတ်သက်သာရာ ရသွားကြ သည်။ အရင်တုန်းကလိုပင် သူတို့၏ စီနီယာအစ်မကြီးသည် တစ်စက်ကလေးမှ မပြောင်းလဲခဲ့ချေ။
မဟုတ်ပေ။ သူမသည် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
စီနီယာအစ်မကြီး ထုတ်လွှတ်လိုက်သော အေးစက်သည့်အော်ရာများသည် အရင်ကထက်ပိုမို၍ အားကောင်းနေ၏။ သူမ၏အော်ရာများနှင့် အမူအရာများသည် ပိုမို၍ အေးစက်လာသည်။ သူမသည် တဖြည်းဖြည်းနှင့် ကမ္ဘာခြားမှ နတ်မိမယ်တစ်ပါးလိုပင် ဖြစ်လာတော့သည်။
ကြမ်းရမ်းလှပါသည်ဆိုသော နဂါးလေး၏ မျက်လုံးများတွင်တော့ ကြောက်လန့်သည့် အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။ သူ၏ခန္ဓာကိုယ်ဆီမှ ထုတ်လွှင့်နေသော မီးတောက်များသည်ပင် အနည်းငယ် အားပျော့သွား၏။ သူ၏ဘဝတစ်သက်တာတွင် ကြီးမားသည့် အရိပ်မဲကြီး တစ်ခုသည် ကြီးစိုးလျက်ရှိသည်။ ထိုအရာသည် ရေခဲထဲတွင် စည်းခတ်ခံခဲ့ရခြင်းပင်ဖြစ်တော့၏။
လုချင်းချင်းက ပြောလိုက်၏။ “ကျွန်မရဲ့ စကားကို ရှင်တို့ သံသယဝင်နိုင်တယ်၊ ဒါပေမဲ့ ရေခဲအင်ပါယာရဲ့ ကျောက်စိမ်းပြားကို ဘာလို့ သံသယဝင် ရဲရတာလဲ”
မဟုတ်သေးပေ။ ဤကျောက်စိမ်းပြားဆီမှ ထုတ်လွှတ်လိုက်သော အအေးဓာတ်များသည် နှိုင်းတု၍ မရနိုင်အောင် ကြီးကျယ်ခမ်းနားလွန်းလှ၏။ သိုင်းအုပ်စိုးသူ ရှစ်ယောက်တို့သည် ဤရေခဲအင်ပါယာ၏ ကျောက်စိမ်းပြားမှာ ကျိန်းသေပေါက် အတုမဟုတ်နိုင်ကြောင်း တွေ့ရှိခဲ့ပြီးဖြစ်သည်။
လုချင်းချင်းက ပြောလိုက်သည်။ “ရှင်တို့က ရေခဲအင်ပါယာ ဖန်တီးခဲ့တဲ့ ဂိုဏ်းတွေရဲ့ ဂိုဏ်းခွဲတွေ မဟုတ်လား၊ အခု ကျွန်မက သူ့ရဲ့ အမွေဆက်ခံသူ ဖြစ်သွားပြီဆိုတော့ ဘာလို့အားလုံးက ကျွန်မကို ဂါရဝ မပြုကြတာလဲ”
သိုင်းအုပ်စိုးသူရှစ်ယောက်တို့၏ အမူအရာများသည် ချက်ချင်းဆိုသလို ပြောင်းလဲသွားသည်။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်ရှုလိုက်ကြသည်။ သူတို့၏ စိတ်ထဲတွင် မပြုလုပ်ချင် ဆိုလျှင်တောင်မှ သူတို့သည် လက်သီးကိုဆုပ်ကာ ပြောလိုက်သည်။ “မယဉ်မကျေး ပြုလုပ်မိတဲ့အတွက် တောင်းပန်ပါတယ်”
“ကျယ်ကျယ်ပြောလေ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သေသေချာချာ မကြားရဘူး”
ဤဂိုဏ်းချုပ်များ အဖွဲ့သည် သူ့တပည့်၏ ကျောက်စိမ်းပြားကို အလွန်တရာ ကြောက်ရွံ့နေသည်ကို မြင်လိုက်ရချိန် မှာတော့ သူသည် ဝင်ရောက်ကာ ဟောက်ဟမ်းပြောဆိုလိုက်သည်။ သူသည် လက်ထဲတွင်ရှိသော စည်းဓားမော့ကိုတော့ အစောကြီးကတည်းက သိမ်းဆည်းခဲ့ပြီးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အသုံးပြုရန် မလိုသောကြောင့်ပင် ဖြစ်သည်။ မည်သို့ပင်ဆိုဆို စည်းဖွင့်ခြင်းအဆောင်တစ်ခု သက်သာသွားသည်ဟု ဆိုရမည်။
ကျွင်းချောင်ရှောင်း၏ မောက်မာမှုနှင့် ဆောင့်ကြွားကြွား ရုပ်ရည်ကို မြင်ရသောအခါ သိုင်းအုပ်စိုးသူ ရှစ်ယောက်တို့ သည် အင်္ကျီလက်ကို ခေါက်တင်ကာ ဝင်ရောက်ရိုက်နှက်ရန် စဉ်းစားနေမိကြ၏။ သို့ပေမဲ့ ရေခဲအင်ပါယာ၏ အမွေ ဆက်ခံသူသည် သူတို့၏ရှေ့တွင် ရောက်ရှိနေသည်။ ထို့ကြောင့် သူတို့သည် အသက်ပင် ရဲရဲ မရှူရဲချေ။
လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းလောက်က ရေခဲအင်ပါယာသည် အကြွင်းမဲ့အာဏာကို ပိုင်ဆိုင်သူတစ်ယောက် ဖြစ်သည်။ မည်သူမှ သူမကို ကလန်ကဆန် မပြုလုပ်ရဲချေ။ အထူးသဖြင့် အရှေ့မြောက်လုကျိုးတွင်ရှိသော အင်အားစုများအတွက်ဆိုလျှင် ပို၍ မှန်ပေလိမ့်မည်။ ယခု အစိတ်စိတ် အမွှာမွှာ တစ်ဂိုဏ်းပြီးတစ်ဂိုဏ်း ကွဲ၍ တည်ရှိနေကြသော ဂိုဏ်းများအားလုံးသည် ရေခဲအင်ပါယာဖန်တီးခဲ့သော ဂိုဏ်းဆီမှ ခွဲထွက်လာသည့် ဂိုဏ်းများသာ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် သူတို့၏ ဘိုးဘေးဖြစ်သော ရေခဲအင်ပါယာအား အလွန်တရာ လေးစားမှုနှင့် ကိုးကွယ်တတ်ကြသည်။ ထို့ကြောင့် လက်သီးကိုဆုပ်ကာ ထပ်မံပြောဆိုလိုက်သည်။ “မယဉ်မကျေး ပြုမူမိတဲ့အတွက် တောင်းပန်ပါတယ်”
သူတို့၏အသံသည် အလွန်တရာ ကျယ်လောင်ပြီး ရှင်းလင်းလှ၏။
ကျွင်းချောင်ရှောင်းသည် သဘောတကျဖြင့် ပြောလိုက်သည်။ “ဒါမျိုးမှ ကြိုက်တာ”
သူသည် အမှန်တကယ်ပင် ရိုက်နှက်ဖို့ ကောင်းသော သူတစ်ယောက်ဖြစ်သည်။
လုချင်းချင်းသည် ထူးမခြားနားသလို ပြောလိုက်၏။ “ထွက်မသွားသေးဘူးလား”
“...”
သိုင်းအုပ်စိုးသူရှစ်ယောက်တို့၏ မျက်နှာများသည် ချက်ချင်းဆိုသလို မဲမှောင်သွား၏။ အရှေ့မြောက်လုကျိုးဆီသို့ ရောက်လာပြီး ပြဿနာရှာခဲ့သောလူအား သူတို့ တစ်စက်ကလေးမှ ပြန်လည် မတိုက်ခိုက်ရသေးချေ။ သူတို့အနေနှင့် နာကျင်ထိခိုက်အောင် တစ်ခုမှ ပြန်လည် မပြုလုပ်ရသေးချေ။ ဤအတိုင်း ပြန်လည်ထွက်ခွာသွား ရမည်ကို သူတို့စိတ်ထဲ သဘောမတွေ့သလို ဖြစ်နေမိသည်။
“ခင်ဗျားတို့ မသွားသေးဘူးလား”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါဆို ကျုုပ်တို့ သွားတော့မယ်”
သူ၏အကြီးဆုံးတပည့်သည် အအေးနန်းတော်တစ်ခုလုံးကို ဖြေရှင်းပေးနိုင်ကြောင်း သိရှိပြီးသည့်နောက်မှာတော့ မည်သည်စိတ်ပူပန်မှုမှ မရှိတော့ချေ။ တပည့်များနှင့်အတူ ငြိမ်းငြိမ်းချမ်းချမ်း ထွက်ခွာသွားရန် စဉ်းစားလိုက်၏။
“ဒီလိုမျိုး ထွက်သွားချင်နေတာလား”
“ဟုတ်တယ်၊ ဒီအမျိုးသမီးက ရေခဲအင်ပါယာရဲ့ ကျောက်စိမ်းပြားရှိတယ်၊ ကျောက်စိမ်းပြားကို တွေ့တာက လူကိုတွေ့တာနဲ့ တူတူပဲ၊ ဒီတော့ သိုင်းအုပ်စိုးသူ ရှစ်ယောက်တို့က မျက်ကန်းတောတိုး ပြုလုပ်ရဲမှာ မဟုတ်ဘူး”
“ဒီပြိုင်စံရှားဂိုဏ်းက အရမ်းကို အံ့အားသင့်ဖို့ ကောင်းတာပဲ၊ သူတို့ရဲ့ တပည့်တစ်ယောက်က ရေခဲအင်ပါယာရဲ့ အမွေကို ဆက်ခံနိုင်ခဲ့တယ်”
အရှေ့မြောက်လုကျိုးတွင်ရှိသော သိုင်းကျင့်ကြံသူများ အားလုံးသည် တီးတိုးဆွေးနွေးနေမိကြ၏။ တစ်ချိန်တည်း မှာပဲ အအေးနန်းတော်သည် ယနေ့မှာတော့ အလုံးစုံရှုံးနိမ့်ခဲ့သည်ဖြစ်ကြောင်း သူတို့ နားလည်ခဲ့မိ၏။
အမှောင်ထဲမှာ ပုန်းအောင်းလျက်ရှိသော အဖွဲ့အစည်းကြီးနှစ်ခုမှ ကျွမ်းကျင်သူများ အားလုံးသည်လည်း အနည်းငယ် ဇဝေဇဝါ ဖြစ်မိနေသည်။
ပထမတုန်းက ကျွင်းချောင်ရှောင်း အန္တရာယ်ရှိချိန်တွင် သူတို့ဝင်ရောက်ကူညီရန် စဉ်းစားခဲ့၏။ သို့ပေမဲ့ ထိုသို့ ကူညီရန် အခွင့်အလမ်းပင် မရခဲ့ချေ။ ဤအရာသည်မှာလည်း ကောင်းမွန်သည်ဟု ဆိုရပေမည်။ သူတို့သာ ဝင်ပါ သည်ဟု ဆိုပါက ဤကိစ္စသည် နယ်မြေကြီးနှစ်ခုကြား ရန်ငြှိုးများ ပိုမို၍ ဖြစ်တည်လာတော့မှာဖြစ်သည်။ ပြဿနာ သည် ပို၍ပင် ဆိုးရွားသွားနိုင်သေး၏။
..........
လုချင်းချင်းသည် ရေခဲအင်ပါယာ၏ ကျောက်စိမ်းပြားကို ထုတ်ဖော်လိုက်ချိန်မှာတော့ ပဋိပက္ခများ အဆုံးသတ်သွား ခဲ့ပြီဖြစ်၏။ ကျွင်းချောင်ရှောင်းနှင့် သူ၏တပည့်များအားလုံးသည် ယနေ့မှာတော့ ပြန်လည်လွှတ်မြောက်သွားခဲ့ပြီ ဟု ဆိုရမည်။
“ဒင်... လက်ခံသူသည် ဖုံးကွယ်ထားသည့်တာဝန် (မရှုံးနိမ့်နိုင်ခြင်း) ကို ပြည့်စုံစေခဲ့သည့်အတွက် ဂိုဏ်းစုဆောင်းမှတ် နှစ်ထောင်အား ရရှိသည်”
“ဒင်... လက်ခံသူသည် ဖုံးကွယ်ထားသည့်တာဝန် (မရှုံးနိမ့်နိုင်ခြင်း) ကို ပြည့်စုံစေခဲ့သည့်အတွက် ဂိုဏ်းစုဆောင်းမှတ် သုံးထောင်ကို ရရှိသည်”
“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၂၀၀၀၀ / ၂၀၀၀၀”
“ဒင်... လက်ခံသူသည် ဖုံးကွယ်ထားသည့်တာဝန် (မရှုံးနိမ့်နိုင်ခြင်း) ကို ပြည့်စုံစေခဲ့သည့်အတွက် ဖုံးကွယ်ထားသည့် ဆုလာဘ်များဖြစ်သော အသိအမြင်အဆောင်တစ်ခု၊ အထူးအဆင့် ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်းဆေးရည် ငါးခု ရရှိပါသည်”
“ဒင်... လက်ခံသူသည် ဖုံးကွယ်ထားသည့်တာဝန် မရှုံးနိမ့်နိုင်ခြင်းကို ပြည့်စုံစေခဲ့သည့်အတွက် ဖုံးကွယ်ထားသည့် ဆုလာဘ်များ ရရှိသည်။ အသိအမြင်အဆောင် တစ်၊ အထူးအဆင့် ဓားတာအို ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်း ဆေးရည်ပုလင်း တစ်ပုလင်း”
မရှုံးနိမ့်နိုင်ခြင်းဟု ဆိုလိုသည်မှာ အအေးနန်းတော်သည် သူ့ကို နည်းလမ်းမျိုးစုံ အသုံးပြု၍ သတ်ဖြတ်ခဲ့သည် ဆိုသော်လည်း သူသည် ရှိရှိသမျှသော နည်းလမ်းပေါင်းစုံကို အသုံးပြု၍ ခုခံနိုင်ခဲ့၏။ သိုင်းအုပ်စိုးသူ ရှစ်ယောက် တို့၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းအောက်တွင်လည်း သူသည် မရှုံးနိမ့်ခဲ့ချေ။
“အံ့အားသင့်စရာပဲ”
ရေခဲပြင်ကျယ်ကြီးထဲတွင် လှမ်းလျှောက်လျက်ရှိသော ကျွင်းချောင်ရှောင်းသည် ကျယ်လောင်စွာ အော်ဟစ် လိုက်၏။ အသိအမြင်အဆောင်နှစ်ခု ရရှိခြင်းနှင့် အထူးအဆင့် ဓားတာအိုပင်ကိုယ်ဆေးရည် ရရှိခဲ့ခြင်းသည် အကောင်းဆုံးသော အရာပင်ဖြစ်သည်။ သူ၏ အရင်အတွေ့အကြုံများအရဆိုလျှင် ထိုအရာများကို ထုတ်သုံးသည်ဆိုပါက သူသည် အဆင့်ကိုး ဓားနှင့်သိုင်းဘုရင်အဆင့်သို့ ရောက်ရှိမည်ဖြစ်သည်။
အချိန်အတော်ကြာ လေ့ကျင့်ပြီးသည့်နောက်တွင် သူသည်ထိပ်ဆုံးအဆင့်ကို ရောက်ရှိပေလိမ့်မည်။ ထိုသို့ဆိုလျှင် အထူးတာဝန်သည် လည်း ပြန်၍ ပေါ်လာတော့မှာဖြစ်၏။ သိုင်းအုပ်စိုးသူတစ်ယောက်ဖြစ်ဖို့အတွက် အခွင့်အရေး တစ်ခုသည် သူ၏ရှေ့တွင် ရောက်ရှိနေပြီဖြစ်သည်။ အထူးသဖြင့် ဓားတာအိုပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း ဆေးရည်ကို အသုံးပြုပြီးနောက်တွင် သူသည် သိုင်းအုပ်စိုးသူတစ်ယောက်အဖြစ်သို့ လွယ်လွယ်ကူကူ ရောက်ရှိ သွားနိုင်သေး၏။
……….
ပြိုင်စံရှားဂိုဏ်းမှ တပည့်များအားလုံးသည် ခေတ္တနားနေရန် ရပ်တန့်လိုက်ကြသည်။ သူတို့သည် ရေခဲတောင်ကြီး တစ်ခုအပေါ်သို့ ရောက်ရှိနေကြပြီး လေအေးများသည် တဟူးဟူးနှင့် တိုက်ခတ်လျက်ရှိသည်။ အအေးနန်းတော်နှင့် တိုက်ပွဲအား ရင်ဆိုင်ခဲ့ရပြီးသည့်နောက်မှာတော့ ၎င်းတို့သည် ပျော်ရွှင်စရာ၊ စိတ်ကျေနပ်စရာ အရာများကို ရရှိခဲ့ သည်ဆိုသော်လည်း သံချပ်ကာဝံပုလွေတပ်သားတချို့မှာ ဒဏ်ရာ ရရှိခဲ့ကြ၏။ ကံကောင်းစွာဖြင့် ၎င်းတို့၏ စိတ်ဝိညာဉ်ချပ်ဝတ်အစွမ်း နင့် ခန္ဓာကိုယ် အလွန်အမင်းအားကောင်းမှုတို့ကြောင့် အပေါ်ယံ ဒဏ်ရာများသည် ရရှိခဲ့ကြသည်။
“စီနီယာအစ်ကိုတို့”
လီထျန်းထျန်းသည် ရေခဲဂမူပေါ်တွင် ထိုင်ရင်း သူ၏ခေါင်းကို ကိုင်ကာ တုန်ရင်စွာဖြင့် ပြောလိုက်၏။ “ဖြည်းဖြည်းလုပ်ကြပါ”
စုရှောင်မို၊ လီဖေးနှင့် တခြားသူများသည် ထိုသူအား ဝန်းရံရင်း လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကြ သည်။ သူတို့၏ မျက်လုံးများသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းစွာဖြင့် နီမြန်းလျက်ရှိသည်။
အအေး နန်းတော်၏ တိုက်ပွဲအတွင်းမှာတော့ ၎င်းတို့သည် ရန်သူနှင့် တိုက်ခိုက်ရန် အာရုံကို စူးစိုက်ရသည်ကတစ်မျိုး၊ လီထျန်းထျန်းပစ်ခတ်လိုက်သော ကျည်ဆံများကို ရှောင်တိမ်းရသည်ကတစ်လုပ် ဖြစ်ခဲ့၏။
စုရှောင်မိုသည် မိစ္ဆာဆန်ဆန် ပြုံးလိုက်၏။ “ငါလေးကြိမ်တိတိ ပစ်ခံရတယ်၊ ဒီတော့ လေးချက်ထိုးမယ်”
“ချီးတဲ့မှ... ငါခြောက်ကြိမ်တောင် အပစ်ခံရတယ်” လီဖေးသည် ဝင်၍ ပြောဆိုလိုက်၏။
ထျန်းချီသည် အံကိုကြိတ်ထားသည်။ “ကျုပ်ကနှစ်ကြိမ်ပဲ အပစ်ခံရတယ်ဆိုပေမဲ့ ဖင်ကိုမှန်တာ၊ သတိထားလိုက်မိလို့ ကြိုတင်ကာကွယ်မိလိုက်တာပဲ၊ မဟုတ်ရင် ဖြစ်နိုင်လာနိုင်တဲ့ အကျိုးဆက်က ခန့်မှန်းလို့တောင် မရနိုင်ဘူး”
“ဒါဆိုရင် ဘာကိုစောင့်နေတာလဲ”
စုရှောင်မိုသည် ရှေ့သို့လှမ်းတက်လိုက်ပြီး လီထျန်းထျန်း၏ ခန္ဓာကိုယ်ကို ချုပ်ကိုင်လိုက်သည်။ ပြီးနောက် အော်လိုက်သည်။ “ရိုက်ကြတော့”
ဘန်း ဘန်း ဘန်း ဘန်း
အား …။
ထိုအချိန်မှာတော့ လီထျန်းထျန်း၏ ခေါင်းတွင် ဘုများ ထွက်လို့လာခဲ့၏။ ၎င်း၏ မျက်လုံးများသည်လည်း ဖူးရောင်လျက်ရှိ၏။
“ချီးတဲ့မှ... ငါနောက်ကို ဘယ်တော့မှ သေနတ်နဲ့ မဆော့တော့ဘူး”
ရေခဲတောင်ထွတ်ပေါ်မှာတော့ လုချင်းချင်းသည် ပျော်ရွှင်စွာ ဆော့ကစားလျက်ရှိသော သူမ၏ ဂျူနီယာမောင်လေး များအား လှမ်းကြည့်နေရာမှ အသာအကြည့်လွှဲလိုက်၏။ “မင်းတို့အားလုံးကိုရော၊ ဂိုဏ်းချုပ်ကို ပူပန်စေမိတဲ့အတွက် တောင်းပန်ပါတယ်”
ဤစကားလုံးသည် အားလုံးကို အံ့အားသင့်စေခဲ့၏။
“အဆင်ပြေရင် ပြီးတာပဲ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါပေမဲ့ မှတ်ထား၊ ငါတို့က အဆင့်ငါးဂိုဏ်းတစ်ခု ဖြစ်တယ်”
“နားလည်ပါပြီ”
လုချင်းချင်းက ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းသည် စိတ်ဝင်တစားဖြင့် မေးလိုက်၏။ “ရေခဲအင်ပါယာရဲ့ အမွေကို ဘယ်လိုဆက်ခံခဲ့တာလဲ”
လုချင်းချင်းက ပြောလိုက်၏။
“အအေးနန်းတော်ရဲ့ လက်ရွေးစင်တွေက အကန့်အသတ်မဲ့ ရေခဲပင်လယ်ထဲမှာ ကျွန်မကို လာပြီးတိုက်ခိုက်ခဲ့ ကြတယ်၊ ဒီတော့ ကျွန်မ ဒဏ်ရာရပြီး ရှုံးနိမ့်သွားခဲ့တယ်၊ မဖြစ်မနေ ထွက်ပြေးခဲ့ရတာပေါ့၊ အမှတ်မထင်ပဲ ရေခဲ အင်ပါယာရဲ့ တံခါးပိတ် ကျင့်ကြံရာနေရာထဲကို ရောက်သွားခဲ့တယ်”
“ဒဏ်ရာတွေနဲ့ ထွက်ပြေးခဲ့ရတယ် ဟုတ်လား”
ကျွင်းချောင်ရှောင်းရဲ့ အကြည့်များသည် အေးစက်သွား၏။ “သူတို့က ငါ့ရဲ့အကြီးဆုံးတပည့်ကို ဒဏ်ရာရအောင် လုပ်ခဲ့တာပဲ၊ ငါ အအေးနန်းတော် တစ်ခုလုံးကို မဖျက်ဆီးခဲ့ရတာ ဆိုးတာပဲ”
သူမ၏ရှေ့မှ အလွန်တရာ ဒေါသထွက်နေသူကို ကြည့်ရှုပြီးသည့်နောက် လုချင်းချင်း၏ နှလုံးသားထဲတွင် နွေးထွေး သည့် ခံစားချက်များ ရရှိလာ၏။ သူမ၏ စိတ်အခြေအနေသည် အစောကြီးကတည်းက ပြိုပျက်တော့မလို ဖြစ်နေ၏။ လက်ရှိအခြေအနေတွင် ရေလိုတည်ငြိမ်လျက်ရှိနေသည့် သူမ၏ စိတ်အခြေအနေ သည် အလုံးစုံဖျက်ဆီး ခံလိုက်ရ၏။