← Chapters

အခန်း (၅၉၅)

Vol. 40 Ch. 595

အခန်း (၅၉၅)

Vol. 40 Ch. 595

“ဖျက်ဆီးခြင်း”

ဤစကားလုံး၏ အဓိပ္ပာယ်သည် ရိုးရှင်းလွန်းလှ၏။ ထို့အတူ အလွန်တရာဝံ့ကြွားစွာဖြင့် မောက်မာလွန်းလှလေ၏။

သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်း၏ ဂိုဏ်းခွဲမှူးနှင့် အကြီးအကဲနှစ်ယောက်တို့သည် မျက်နှာပျက်ယွင်း သွားကြသည်။

အရှေ့တောင်ရန်ကျူးတွင် ၎င်းတို့၏ ဂိုဏ်းခွဲစတင်တည်ထောင်ခဲ့စဉ်ကတည်းက မည်သူမှ ဤကဲ့သို့ဝင်လာ၍ ပေါ်ပေါ်တင်တင် ပြောဆိုသတ်ဖြတ်ခြင်းကို မပြုလုပ်ရဲကြပေ။ မည်သူမှသည်လည်း လာရောက်ရန်စခြင်းကို မပြုလုပ်ရဲခဲ့ကြ။

သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ကျွင်းချောင်ရှောင်းသည် အမှန်အကန်ပဲ ဤတည်နေရာ တစ်ခုလုံးဆီသို့ ဝင်ရောက်ကာ လုပ်ချင်တိုင်းလုပ်လျက် ရှိနေ၏။

ဂိုဏ်းချုပ်ကျွင်းသည် အလွန်တရာ အားကောင်းလွန်းလှ၏။ သို့ပေမဲ့ သူသည် အဆင့်သုံးမိစ္ဆာဂိုဏ်းများနှင့် ယှဉ်ပြိုင်တိုက်ခိုက်ခြင်းကို ပြုလုပ်မည်မဟုတ်ပေ။ သို့ပေမဲ့ ဤကဲ့သို့သော ဂိုဏ်းခွဲမျိုးကိုတော့ ကောင်းကောင်းရင်ဆိုင်ဖြေရှင်းနိုင်သည်။.

“ကျွင်းချောင်ရှောင်း”

အကြီးအကဲဂိုသည် အေးစက်စွာဖြင့် ပြောလိုက်သည်။ “မင်းက ငါတို့သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းကို လာပြီး စစ်ကြေညာတာလား”

“ခင်ဗျား ဒီလိုမျိုးထင်လို့ရပါတယ်” ကျွင်းချောင်ရှောင်းသည် လက်ကိုယမ်းခါလိုက်၏။ ပြီးနောက် သူ၏နောက်မှ တပည့်များအား အချက်ပြလိုက် တော့သည်။

အကြီးအကဲဂို၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုခြင်းဆန္ဒများနှင့် ပြည့်နှက်သွားတော့သည်။ သူသည် ချက်ချင်းဆိုသလိုပဲ သူ၏ သိုင်းဘုရင်အဆင့် ကျင့်ကြံခြင်းအား အသက်သွင်းလိုက်တော့သည်။ လေ့ကျင့်ရေးကွင်းပြင်တစ်ခုလုံးတွင် အလွန်တရာ များပြားပြီး ထည်ဝါလွန်းလှသော အော်ရာများနှင့် ပြည့်နှက် လာ၏။

သို့ပေမဲ့ သူ ဤနေရာသို့ ရောက်ရောက်ချင်းမှာပဲ ရီချင်းရှန်သည် တိမ်ခြေလှမ်းကို အသုံးပြုကာ ၎င်း၏ရှေ့၌ ပေါ်လာတော့သည်။ ပြီးနောက် လက်တစ်ဖက်ကို အသာမြှောက်ကာ ပြောလိုက်တော့သည်။ “သေစမ်း”

ဝှစ်

သက်တန့်ရောင်စဉ် နည်းစနစ်သည် လေထုထဲတွင် ဖြစ်တည်လာတော့သည်။

ရီချင်းရှန်၏ လက်ဝါးဆီမှ စူးရှသည့် အလင်းတန်းများ ဖြစ်တည်သွားပြီးသည့်နောက် အကြီးအကဲဂို၏ ရင်ဘတ်အား အညှာတာ ကင်းမဲ့စွာဖြင့် ခုတ်ပိုင်းသွားတော့သည်။ အကြီးအကဲဂို၏ ရင်ဘတ်ပေါ်တွင်တော့ ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် နက်ရှိုင်းလှသည့် ဒဏ်ရာကြီးတစ်ခု ပေါ်ပေါက်လာ၏။

ရီချင်းရှန်သည် ထိုသို့ ပြုလုပ်ပြီးသည့်နောက်မှာ ခံစားချက်ကင်းမဲ့စွာ မျက်နှာသေကြီးဖြင့် ရပ်လျက်ရှိနေသည်။

“မင်း”

သူ၏သိစိတ် ပျောက်ကွယ်မသွားခင်မှာပဲ အကြီးအကဲဂို၏ မျက်လုံးများထဲတွင်တော့ ထိတ်လန့်ကြောက်ရွံ့မှုများ နှင့်တော့ ပြည့်နှက်သွားသည်။ သူသည် သံမဏိအရိုးတောင်ဆီသို့ သွား၍ အကြီးအကဲကျန်းနှင့်အတူ ကျွင်းချောင်ရှောင်းအား တိုက်ခိုက်ခဲ့ဖူး၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ကျွင်းရှောင်ချောင်းတပည့်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။

“အကြီးအကဲဂို” အကြီးအကဲကျန်းသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။

“ခင်ဗျားလည်း ငရဲကိုသွားတော့” ရီချင်းရှန်သည် သူ၏လက်ကို မြှောက်လိုက်တော့သည်။ တလက်လက် တောက်ပနေသော မီးတောက်များသည် ထွက်ပေါ်လာပြီးသည့်နောက် အလွန်တရာအားကောင်းလှသော အလင်းခုတ်ပိုင်းချက်တစ်ခုဖြင့် ကောင်းကင်ယံ ထက်ဆီမှ ကျဆင်းလာ၏။

ဘုန်း

အားလုံး၏ အကြည့်အောက်မှာပဲ အကြီးအကဲကျန်းသည် ကောင်းကင်နီဓား ခုတ်ပိုင်းချက်ကြောင့် နှစ်ပိုင်းပြတ် သွားခဲ့ပြီဖြစ်သည်။ သူ၏အနောက်ရှိ အဓိကခန်းမထဲမှာတော့ ကြီးမားလှသည့် အပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ် လာသည်။

သိုင်းဘုရင်နှစ်ယောက်အား တိုက်ခိုက်ချက်နှစ်ချက်တည်းနှင့် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ယခုမှ သိုင်းဘုရင် အဆင့်သို့ ချိုးဖြတ်ရောက်ရှိခဲ့သော ရီချင်းရှန်သည် အလွန်တရာ ကြမ်းရမ်းလွန်းလှ၏။

မီးတောက်၏ အပူလှိုင်းများကြောင့် နောက်ဘက်သို့ လွင့်စင်သွားခဲ့သော သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်း၏ ဂိုဏ်းခွဲမှူးသည်လည်း ထိတ်လန့်တုန်လှုပ်သွားသည်။

လက်ရှိအခြေအနေမှာတော့ သူသည် သူ၏ဂိုဏ်းသားများ အညှာအတာကင်းမဲ့စွာဖြင့် သတ်ဖြတ်ခြင်းခံနေရသည်ကို ကြည့်ရုံသာ တတ်နိုင်၏။ အားလုံးသောတပည့်များသည် ပြိုင်စံရှားဂိုဏ်းသားများ၏ လက်ချက်များဖြင့် တစ်ယောက်ပြီးတစ်ယောက် မြေပေါ်သို့ လဲကျနေကြ၏။

“ပေါက်ကွဲမှုရဲ့ အနုပညာ”

သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်း၏ ဂိုဏ်းခွဲအပြင်ဘက်မှာတော့ ကျန်းတယ်ကျွင်းသည် သူ၏လက်များကို ဖြန့်ကားကာ ဝမ်းမြောက်ဝမ်းသာဖြင့် ပြောလိုက်သည်။ “အားလုံး စိတ်လိုလက်ရနဲ့ ပျော်ရွှင်လိုက်ကြရအောင်”

ဘုန်း

အလင်းတန်းများ ဖြစ်တည်လာပြီးသည့်နောက်မှာတော့ မြေတည်နေရာတစ်ခုလုံး တုန်ခါသွားတော့သည်။ တိမ်ပုံ သဏ္ဍာန်ဖုန်လုံးများ၏ အောက်မှာတော့ ကျွင်းချောင်ရှောင်းသည် တပည့်များကို ဦးဆောင်ကာ အပြင်ဘက်ဆီသို့ ထွက်လာတော့သည်။

သူတို့သည် လျင်လျင်မြန်မြန်နှင့် ဝင်ရောက်လာခဲ့ကြပြီး လျင်လျင်မြန်မြန်နှင့်ပင် ထွက်သွား ကြတော့သည်။ သူတို့ ယူဆောင်သွားခဲ့သည်မှာတော့ တစ်ဖက်လူများ၏ ရေတွက်လို့မရအောင် များပြားလှသော ရတနာများပင်ဖြစ်တော့သည်။

“ဂိုဏ်းချုပ်”

လီလိုရှု၏ အသံသည် သူ၏နားထဲသို့ ဝင်လာသည်။ “ကျွန်မတို့ နတ်ဆိုးမိစ္ဆာဂိုဏ်းရဲ့စိတ်ဝိညာဉ်မိုင်းတွင်းကို ရှာတွေ့ပြီ”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် ကော့တက်သွား၏။ ပြီးနောက် သူသည် သူ၏တပည့်တစ်ထောင် ကျော်အား ဦးဆောင်၍ စိတ်ဝိညာဉ်မိုင်းတွင်း တည်နေရာဆီသို့ ဦးတည်သွားတော့သည်။ စိတ်ဝိညာဉ်မိုင်းတွင်း တစ်ခုမှာတော့ နတ်ဆိုးမိစ္ဆာဂိုဏ်းကြီးဆီမှ ရစရာရှိသော အတိုးများပင် ဖြစ်ပေလိမ့်မည်။

.........

ယနေ့မှာတော့ အရှေ့တောင်ရန်ကျူးတွင်ရှိသော တတိယအဆင့် မိစ္ဆာဂိုဏ်းများ၏ ဂိုဏ်းခွဲများသည် ပြိုကျ ပျက်စီး သွားခဲ့ရပြီဖြစ်၏။ ဤအရာသည် အရှေ့တောင်ရန်ကျူး တစ်ခုလုံးအား လှုပ်ခါသွားစေခဲ့၏။

“ဘာ”

သတင်းများကို ရရှိပြီးသည့်နောက်မှာတော့ ရီထျန်းချန်သည် အလန့်တကြားဖြစ်သွားခဲ့၏။ “နတ်ဆိုးမိစ္ဆာဂိုဏ်းနဲ့ သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်း ဂိုဏ်းခွဲတွေက ပြိုင်စံရှားဂိုဏ်းရဲ့ ဖျက်ဆီးခြင်းကို ခံလိုက် ရတယ် ဟုတ်လား”

“ဟုတ်တယ်”

အကြီးအကဲကျိုး၏ နှုတ်ခမ်းများသည် တုန်ရင်နေ၏။ “အဲဂိုဏ်းခွဲတွေက ဘာအဆောက်အဦမှ မကျန်တော့တဲ့အထိ ဖျက်ဆီးခံလိုက်ရတာ။ သူက အဆင်ခြင်မဲ့လွန်းတယ်”

ရီထျန်းချန်သည် မျက်မှောင်ကုတ်လိုက်မိ၏။

အကြီးအကဲကျန်းသည် နာနာကျင်ကျင်ဖြင့် ပြောလိုက်သည်။ “ဒီကောင်လေးက အဆင်ခြင်မဲ့သာ မပြုလုပ်ရဲဘူးဆိုရင် ဘယ်လိုလုပ် အရှေ့မြောက်ဘက် လုကျိုးဆီကို သွားပြီး အအေးနန်းတော်ကို ဖျက်ဆီးရဲမှာလဲ၊ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် ရှိသမျှလူတွေအားလုံး ဒေါသတွေ သူ့အပေါ် ပုံကျလာနိုင်တယ်”

အကြီးအကဲကျိုးသည် စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်၏။

အရှေ့မြောက်လုကျိုး၏ ကိစ္စသည် အဆုံးမသတ်သေးခင် မှာပဲ တစ်ဖက်လူများသည် တတိယအဆင့်မိစ္ဆာဂိုဏ်းနှစ်ဂိုဏ်းအား သွား၍ ရန်စတိုက်ခိုက်ခဲ့လေသည်။ ကျွင်းချောင်ရှောင်းသည် မိမိကိုယ်ကို သေလမ်းသို့ တွန်းပို့နေသည်နှင့်ပင် ဆင်တူ၏။ သို့ပေမဲ့ သူတို့ မသိသည်မှာ ဂိုဏ်းချုပ်ကျွင်းသည် သံဆိုသည်မှာ ပူတုန်း ထုနှက်ရသည်ဆိုသော အဓိပ္ပာယ်ကို ကောင်းကောင်းနားလည်နေခြင်းပင်။ သူသည် တစ်စုံတစ်ခုကို လုပ်စရာရှိသည်ဆိုလျှင် အကြီးကြီး ပြုလုပ်မှ ဖြစ်ပေလိမ့်မည်။

“သောက်ကျိုးနည်း... မိစ္ဆာဂိုဏ်းခွဲနှစ်ခုလုံးက ပြိုင်စံရှားဂိုဏ်းရဲ့ ဖျက်ဆီးခြင်းကို ခံလိုက်ရတယ် ဟုတ်လား၊ ဒါက နတ်ဆိုးမိစ္ဆာဂိုဏ်းနဲ့ သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းတို့ကို ပေါ်ပေါ်ထင်ထင် စိန်ခေါ်လိုက်တာပဲ”

“ငါကတော့ မကောင်းတဲ့အန္တရာယ်အငွေ့အသက်တွေကို ခံစားနေရတယ်၊ မကြာခင်မှာ ရေတွက်လို့မရအောင် များပြားတဲ့ ကျင့်ကြံသူတွေက အရှေ့တောင်ရန်ကျူးဆီ ရောက်လာတော့မယ်”

“ချီးတဲ့မှ... ဒါကို မင်းက မကောင်းတဲ့အငွေ့အသက်လို့ ဆိုသေးတာလား၊ သူတို့ ကျိန်းသေပေါက် လာကိုလာလိမ့် မယ်”

..........

အဆုံးအစမဲ့ ရေခဲပင်လယ်ထဲမှာတော့ အအေးနန်းတော်သခင်သည် ရေခဲချိုင့်ဝှမ်းကြီး တစ်ခုထဲတွင် ဒူးထောက် လျက် အားရပါးရ အော်ဟစ်လိုက်သည်။

“အအေးနန်းတော်က ကျွင်းချောင်ရှောင်းကြောင့် ဖျက်ဆီးရခံလုနီးပါး ဖြစ်ခဲ့တယ်၊ ဘိုးဘေးကြီး ကျေးဇူးပြုပြီး တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီး တရားမျှတမှုကို ဆောင်ကျဉ်းပေးပါ”

ဘုန်း

ရေခဲတောင်ကြားထဲမှာရှိသော ရေခဲလှိုင်းကြီးတစ်ခုသည် ပေါက်ကွဲထွက်လာခဲ့တော့သည်။ ပြီးနောက် အဖြူရောင် အလင်းတန်းတစ်ခုသည် ပျံသန်းထွက်ပေါ်လာပြီး သူ၏ရှေ့သို့ ရောက်ရှိလာ၏။ ထိုသူသည် တစ်ခေါင်းလုံး ဆွတ်ဆွတ်ဖြူလျက်ရှိပြီး အသက်ခုနှစ်ဆယ်ခန့်ရှိသော အဘိုးအိုတစ်ယောက်ဖြစ်၏။

အလွန်တရာ အေးစက် လှသော အော်ရာများသည် သူ၏အနားပတ်ဝန်းကျင်တွင် ပြည့်နှက်လျက်ရှိသည်။ သူသည် အေးစက်စက်ဖြင့် ပြောလိုက်သည်။ “ဒီမောက်မာလှတဲ့ ဂျူနီယာလေးကို ငါကိုယ်တိုင်သွားတွေ့မှဖြစ်မယ်”

ဝှစ်

အဖြူရောင်အလင်းတန်းများသည် ကောင်းကင်ဆီသို့ ပျံတက်ပြီး ချက်ချင်းဆိုသလိုပဲ မိုင်တစ်ထောင်အဝေးဆီသို့ ရောက်ရှိသွားသည်။ ထိုသူဖြတ်သန်းသွားရာ လမ်းတစ်လျှောက်မှာတော့ အလွန်တရာ အေးစက်သည့် အရှိန်အဝါနှင့် ခံစားချက်များကို အားလုံးက ရရှိလိုက်ကြသည်။

“ဒီအော်ရာ”

ရွှမ်လင်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ဒီအရာကို အာရုံခံမိ၏။ ထို့ကြောင့်အလန့်တကြားဖြင့် ပြောလိုက်သည်။ “ဒါက သိုင်းနယ်မြေကို ခြေတစ်ဝက်လှမ်းပြီးသားသူလား၊ ဒီလိုဆိုရင် အအေးနန်းတော်ရဲ့ ဘိုးဘေးကြီးပဲ ဖြစ်ရမယ်”

“သူ့ရဲ့ဒေါသနဲ့ဆိုရင် အရှေ့တောင်ရန်ကျူးဆီ ကျိန်းသေပေါက်သွားပြီး ပြိုင်စံရှားဂိုဏ်းနဲ့ ပြဿနာရှင်းမှာပဲ” တခြားသောဂိုဏ်းချုပ်တစ်ယောက်ကလည်း မျက်မှောင်ကုတ်ကာ ဝင်ပြောလိုက်မိ၏။

အဆင့်လေးဂိုဏ်းကြီးတွင် အလွန်တရာ အားကောင်းလွန်းလှသော ဘိုးဘေးအကြီးအကဲကြီးများရှိသည်။ သို့ပေမဲ့ ၎င်းတို့သည် ဂိုဏ်း၏ ကိစ္စဝိစ္စများကို ဝင်ရောက်မပါဝင်ဘဲ တံခါးပိတ်ကျင့်ကြံကာ ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့် တိုးတက်ရန်သာ ကြိုးစားလျက်ရှိကြသည်။ ထို့ကြောင့် ဂိုဏ်းတစ်ခုလုံး အန္တရာယ်ကြီးကြီးမားမား မကြုံသေးသရွေ့ ပေါ်မလာခဲ့ကြချေ။

အအေးနန်းတော်သည် ကပ်ဘေးကြီးတစ်ခုနှင့် ကြုံဆုံခဲ့ရပြီး ဖျက်ဆီးခံရလုနီးပါးပင်ဖြစ်ခဲ့သည်။ တံခါးပိတ် ကျင့်ကြံနေသော ဘိုးဘေးအကြီးအကဲကြီးသည် မည်သို့မှ မပြုလုပ်ဘူးဆိုလျှင် အကျိုးအကြောင်း မဆီလျော်ဘဲ ဖြစ်ပေလိမ့်မည်။ သူ၏ဂုဏ်သိက္ခာ ဘယ်ရောက်သွားမည်နည်း။

သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်း၏ တပည့်သည် ရေခဲ အင်ပါယာ၏ အမိန်ကျောက်စိမ်းပြားအား ပိုင်ဆိုင်လို့နေ၏။ ထို့ကြောင့် ပြိုင်စံရှားဂိုဏ်းအား သွား၍ ပြဿနာရှာ သည်မှာ သင့်လျော်သည့်ကိစ္စတော့ မဟုတ်ပေ။

ရေခဲပင်လယ်ထဲတွင် လေ့ကျင့်နေသော လုချင်းချင်းသည် အလွန်တရာ အေးစက်သည့်အော်ရာများကို အာရုံခံမိချိန် မှာတော့ မျက်မှောင်ကုတ်မိသွား၏။

..........

နတ်ဆိုးမိစ္ဆာဂိုဏ်း၏ ဌာနချုပ်

ဂိုဏ်းချုပ် ရင်ရှန်းရီသည် အေးစက်သည့် အကြည့်ဖြင့်ကြည့်ကာ ပြောလိုက်၏။

“ဘယ်လိုလုပ်ပြီး အရှေ့တောင်ရန်ကျူးမှာရှိတဲ့ ကျုပ်ရဲ့ဂိုဏ်းခွဲကို ဖျက်ဆီးရဲရတာလဲ၊ ကျွင်းချောင်ရှောင်း... မင်းက အရမ်းကို ရဲတင်းလွန်းနေပြီ”

“သတင်းပို့ပါတယ်”

ထိုအချိန်မှာပဲ နောက်လိုက်တစ်ယောက်သည် အဓိကဟောခန်းထဲသို့ ဝင်ရောက်လာကာ ပြောလိုက်၏။ “အရှေ့တောင်ရန်ကျူးမှာရှိတဲ့ မိုင်းတွင်းကြီးတစ်ခုလုံးကို ပြိုင်စံရှားဂိုဏ်းက ယူသွားပြီ၊ မိုင်းတွင်းမှာရှိတဲ့ တပည့်တစ်ထောင်ကျော်လုံးကလည်း သတ်ဖြတ်ခံလိုက်ရတယ်”

လက်ရှိအချိန် ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို မနည်းကြိုးစား၍ သည်းခံနေရသော ဂိုဏ်းချုပ် ရင်ရှန်းရီသည် သူ၏ ဦးခေါင်းတွေ ပေါက်ကွဲလုမတတ် ခံစားလိုက်ရ၏။

“တတိယအကြီးအကဲ၊ စတုတ္ထအကြီးအကဲ”

သူသည်ပြောလိုက်၏။ “အရှေ့တောင်ရန်ကျူးဆီသွား၊ ပြိုင်စံရှားဂိုဏ်းဆီ သွားကြတော့”

“ဂိုဏ်းချုပ်”

အကြီးအကဲတစ်ယောက်သည် အလောတကြီးနှင့် ပြောလိုက်၏။

“ပြိုင်စံရှားဂိုဏ်းက ဂိုဏ်းအသိအမှတ်ပြုဗဟိုနဲ့ ကောင်းကင်ဘုံကျောင်းရဲ့ ကာကွယ်ပေးခြင်းကို ခံထားရတယ်၊ ကျုပ်တို့အနေနဲ့ လူတွေကို လွှတ်လိုက်မယ်ဆိုရင် မသင့်လျော်မှာ စိုးရတယ်”

“ဒီလောက်အရှက်ကွဲခံရတာကို မတုန့်ပြန်လို့ရှိရင် ဘာကိစ္စ ငါတို့က ဂိုဏ်းထောင်နေရတော့မှာလဲ”

ရင်ရှန်းရီ ဒေါသတကြီးဖြင့် ပြောလိုက်၏။

သူ၏ဂိုဏ်းခွဲ ဖျက်ဆီးခံရမှုကို သူကြိုးစား၍ သည်းခံနိုင်သေး၏။ သို့ပေမဲ့ မိုင်းတွင်းတစ်ခုလုံးကို အပိုင်သိမ်းသွားသည်ဆိုသည်မှာတော့ အလွန်တရာ ကြီးမားသည့် ဆုံးရှုံးမှုပင်ဖြစ်သည်။ ဤအရာအား သူဆက်လက်၍ သည်းခံနေမည်ဆိုလျှင် သူဆီသို့ လာရောက်ကာ မျက်နှာအား သေးနှင့်ပင် ပန်းပေလိမ့် မည်။

ဝှစ်….. ဝှစ်

နတ်ဆိုးမိစ္ဆာဂိုဏ်း၏ ဌာနချုပ်တွင်ရှိသော သိုင်းအုပ်စိုးသူ နှစ်ယောက်တို့သည် မြန်မြန်ဆန်ဆန်ဆိုသလိုပဲ သူတို့၏ ဂိုဏ်းဆီမှ ထွက်ခွာလာကြသည်။ ပြိုင်စံရှားဂိုဏ်း အရှေ့မြောက်လုကျိုးတွင် ပြုလုပ်ခဲ့သည့်အရာများကို ကောင်းကောင်းသိသည့်မို့ ဂိုဏ်းချုပ်သည် သိုင်းအုပ်စိုးသူနှစ်ယောက်ကို တစ်ခါတည်းလွှတ်လိုက်ခြင်းပင် ဖြစ်၏။ အလွန်တရာအားကောင်းလှသော လူစာရင်းပင်ဖြစ်တော့သည်။

တစ်ချိန်တည်းမှာပဲ သတ်ဖြတ်ခြင်းနတ်ဘုရား ကျောင်းဌာနချုပ်မှ သူများကလည်း ကျွမ်းကျင်သူများကို စေလွှတ်လိုက်ကြသည်။ ၎င်းတို့သည် နတ်ဆိုးမိစ္ဆာဂိုဏ်း နှင့်နှိုင်းယှဉ်မည်ဆိုလျှင် ဆုံးရှုံးမှု နည်းပါးလှသည် ဆိုသော်လည်း သိုင်းအုပ်စိုးသူ ထိပ်ဆုံးအဆင့် ကျင့်ကြံသူ နှစ်ယောက်အား စေလွှတ်ခဲ့၏။

ဟုတ်ပေသည်။ မိစ္ဆာဂိုဏ်းချုပ်နှစ်ယောက်တို့သည် ဂိုဏ်းအသိအမှတ်ပြုဗဟိုနှင့် ကောင်းကင်ဘုံကျောင်းတို့မှ ပြိုင်စံရှားဂိုဏ်းအား ကာကွယ်ပေးနေသည်ဆိုကြောင်းကို ကောင်းကောင်းသိကြ၏။ ထို့ကြောင့် သူတို့အနေနှင့် ပြိုင်စံရှားဂိုဏ်းအား မဖျက်ဆီးနိုင်ဘူးဆိုလျှင်တောင် အပြင်းအထန် ဖိအားပေးရန် စဉ်းစားထားကြသည်။

သိုင်းအုပ်စိုးသူ ထိပ်ဆုံးအဆင့် ကျင့်ကြံသူလေးယောက်တို့သည် ကြီးမားလွန်းလှသည့် ဖိအားပင် ဖြစ်ပေလိမ့်မည်။

အစစ်အမှန်လည်း ဤဖိအားသည် အလွန်တရာ ကြီးမားလွန်းလှ၏။ သတင်းကို ကြားလိုက်ချိန်တွင် ရီထျန်းချန်နှင့် စစ်တုဟောင်ယွင်တို့သည် မျက်မှောင်ပင် ကုတ်မိသွားကြ၏။

ဝှစ် …. ဝှစ်

ထိုအချိန်မှာပဲ အလွန်တရာအားကောင်းလှသော အော်ရာတစ်ခုသည် မြို့တော်ဝန်၏ ရုံးခန်းထဲမှ ထွက်ပေါ်လာ တော့သည်။ သူတို့နှစ်ယောက်သည် အလန့်တကြားဖြင့် ထ၍ အော်လိုက်ကြ၏။ “မြို့တော်ဝန်မူ တံခါးပိတ်ကျင့်ကြံရကာနေ ထွက်လာပြီပဲ”

“ဒီအော်ရာတွေ”

စစ်တုဟောင်ယွင်သည် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ “သူ သိုင်းနယ်မြေအဆင့်ကို ဝင်ရောက်သွားပြီထင်တယ်”

ရီထျန်းချန်သည် မယုံကြည်နိုင်စွာဖြင့် ပြောလိုက်၏။ “အရှေ့တောင်ရန်ကျူးမှာ ဒီလိုမျိုးကျင့်ကြံသူတွေ ပေါ်မလာခဲ့တာ တော်တော်ကြာခဲ့ပြီ၊ မြို့တော်ဝန်မူကတော့ တကယ့်ကို ကျုပ်တို့နယ်မြေရဲ့ ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပြီပဲ”

“အဖေ”

ကောင်းကင်ဘုံကျောင်းထဲတွင်ရှိသော မင်းသမီးလေး ကြာပန်းနီ၏ မျက်လုံးများထဲတွင်တော့ ပျော်ရွှင်မှုများနှင့် ပြည့်နှက်သွားတော့သည်။

ရုတ်တရက်ဆိုသလိုပဲ ဂုဏ်သိက္ခာထည်ဝါလွန်းလှသော အသွင်အပြင်နှင့် သက်လတ်ပိုင်း လူတစ်ယောက်သည် ကောင်းကင်ယံထက်တွင် ပျံသန်းလာနေ၏။ သူသည် အသံပို့လွှတ် လိုက်သည်။ “တံခါးပိတ် ကျင့်ကြံနေတုန်း အရှေ့တောင်ရန်ကျူးတစ်ခုလုံးက တည်ငြိမ်အေးချမ်းရဲ့လား”

ကျွင်းချောင်ရှောင်း ရှိနေမှတော့ သောက်ကျိုးနည်း ငြိမ်းချမ်းမှုကို ဘယ်သူက ရတော့မှာလဲ။

All Chapters