အခန်း (၅၉၈)
Vol. 40 Ch. 598
နဂါးလေးသည် ကျဆင်းလာသော လက်ဝါးရိုက်ချက်ကြီးကြောင့် အောက်သို့လွှင့်စင်ပြုတ်ကျကာ သတိလစ် မေ့မျောသွားခဲ့သည်မဟုတ်ပေ။ မူချန်းဟုန်၏ ကန်ချက်ကြောင့် အောက်သို့ပြုတ်ကျလာခြင်းဖြစ်သည်။ သူသည် အဘယ်ကြောင့် သတိလစ်မေ့မျောသွားခြင်းဖြစ်သနည်းဆိုသော် တစ်ဖက်မှ လက်ဝါးကြီးသည် စည်းအစီအရင်ကို ချိုးဖြတ်တိုက်ခိုက်လိုက်ချိန်တွင် ပေါက်ကွဲမှုကြီးဖြစ်သွားခဲ့သည်။ ထိုသို့သော ပေါက်ကွဲမှုကြီးအား နဂါးလေး ခန္ဓာကိုယ်သည် မခံနိုင်ခဲ့ပေ။ ထို့ကြောင့်သာ သတိလစ်မေ့မျောသွားရခြင်းဖြစ်၏။
ကျွင်းချောင်ရှောင်းသည် စိတ်သက်သာရာ ရသွားသလို သက်ပြင်းချပြီး ကောင်းကင်ထက်တွင် ပေါ်လာသော သက်လတ်ပိုင်းအရွယ် လူတစ်ယောက်အား လှမ်းကြည့်လိုက်၏။ အဆင့်လေးဂိုဏ်းတစ်ခုဖြစ်သော အအေး နန်းတော်တွင် အဘယ်ကြောင့် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက်ရှိနေရသနည်း။ အကြီးအကဲဝေနှင့် အကြီးအကဲကျန့်တို့သည်လည်း ဇဝေဇဝါ ဖြစ်မိနေသည်။
သာမန်အခြေအနေအရဆိုလျှင် အဆင့်ငါးဂိုဏ်းတစ်ခုသည် သိုင်းဘုရင်တစ်ဦးရှိသည်ဖြစ်သည်။ အဆင့်လေးဂိုဏ်း တစ်ခု၏ အမြင့်ဆုံး အကန့်အသတ်မှာတော့ သိုင်းအုပ်စိုးသူဖြစ်၏။ သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူတစ်ယောက် အစစ်အမှန်ဆိုလျှင် အဆင့်သုံးဂိုဏ်းများမှာသာရှိသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေ၏။
စောနတုန်းက အကြီးအကဲဝေ စိတ်ပူလျက်ရှိနေသည် ဆိုသည်မှာ သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းနှင့် နတ်ဆိုးမိစ္ဆာဂိုဏ်းမှ လူများသည် ဤကဲ့သို့ အားကောင်းလှသော ကျင့်ကြံသူကို ပို့လွှတ်လိုက်မည်ကို စိတ်ပူပင် နေခြင်းပင်ဖြစ်သည်။ အဆုံးသတ်မှာတော့ အရင်ဦးဆုံး ဝင်ရောက်လှုပ်ရှားလာသူမှာ အအေးနန်းတော်ဆီမှ ကျင့်ကြံသူတစ်ယောက် ဖြစ်လို့နေသည်။
မူချန်းဟုန် သည် ဇဝေဇဝါ ဖြစ်သွားမိ၏။ သို့ပေမဲ့ ဒီတစ်ကြိမ်မှာတော့ ပိုမို၍ ဒေါသထွက်လာသည်။ သိုင်းနယ်မြေ တစ်ပိုင်း ကျင့်ကြံသူသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ထိပ်ဆုံးအဆင့်တွင်ရှိသော ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ အဘယ်ကြောင့် သတိပေးချက်များကို မပြုလုပ်ဘဲ သူ၏ နယ်မြေအတွင်းသို့ဝင်၍ လှုပ်ရှားရသနည်း။ ကြည့်ရသည်မှာ အရှေ့တောင်ရန်ကျူးမှ လူများအား အထင်သေးစော်ကားချင်စိတ် ရှိပုံပေါ်နေ၏။
သိုင်းဘုရင်အဆင့်အထက် ကျင့်ကြံသူများသည် နိုင်ငံများ၏ စစ်ပွဲတွင် ပါဝင်ပတ်သက်ခွင့် မရှိကြချေ။ ဤအရာသည် ပြည်နယ် အချင်းချင်း သီးသန့်ထုတ်ပြန်မထားသည့် စည်းမျဉ်းတစ်ခုသာဖြစ်သည်။ ထိပ်တန်း ကျင့်ကြံသူများသာ စိတ်သဘောကျ ဝင်ရောက်တိုက်ခိုက်မည်ဆိုလျှင် အားအင်အဆင့်မှာ ပြင်းထန်လွန်း သောကြောင့် မထင်မှတ်ထားသည့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်မည်ကို စိုးရိမ်ကြသောကြောင့် ဤကဲ့သို့ နားလည်မှု ထားရှိကြခြင်းပင်ဖြစ်သည်။ ယနေ့တွင် ပြိုင်စံရှားဂိုဏ်းကြောင့် မဟုတ်ဘူးဆိုလျှင်တောင်မှ မူချန်းဟုန်သည် လက်လွှတ်ပေးလိမ့်မည် မဟုတ်။
“ခင်ဗျားဘယ်သူလဲ” အအေးနန်းတော်ရဲ့ ဘိုးဘေးအကြီးအကဲကြီးသည် ခပ်မာမာမေးလိုက်၏။
မူချန်းဟုန်က ပြောလိုက်သည်။ “ကောင်းကင်ဘုံမြို့ရဲ့မြို့တော်ဝန်”
“ဒါဆို မြို့တော်ဝန်မူပေါ့”
အအေးနန်းတော်မှ ဘိုးဘေးအကြီးအကဲကြီးသည် တီးတိုးပြောလိုက်၏။ သို့ပေမဲ့ သူ၏စိတ်ထဲမှာတော့ တီးတိုး ရေရွတ်နေသည်။
မြို့တော်ဝန်သည် မည်သည့်အချိန်တုန်းက သိုင်းနယ်မြေအဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိခဲ့ သနည်း။ ဤကဲ့သို့သာ ဖြစ်မည်မှန်း အစောကသိလျှင် သူသည် အရှိန်အဟုန်ပြင်းပြင်းနှင့် ဤနေရာဆီသို့ ရောက်ရှိ လာမည်မဟုတ်ချေ။ ဤအရာမှာ တိုက်ဆိုင်မှုတစ်ခုလည်း ဖြစ်၏။ ၎င်းတို့နှစ်ယောက်စလုံး သိုင်းနယ်မြေ တစ်ပိုင်း ကျင့်ကြံသူအဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိခဲ့သည်မှာ မကြာမြင့်ကြသေးချေ။
လက်ရှိအခြေအနေမှာတော့ ကျွင်းချောင်ရှောင်းကြောင့် သူတို့သည် ချင်းယန်နိုင်ငံ၏ အထက်ကောင်းကင်ယံ ထက်တွင် တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင် ရပ်နေကြရပြီဖြစ်၏။
“မြို့တော်ဝန်မူ”
အအေးနန်းတော်၏ ဘိုးဘေးအကြီးအကဲက ပြောလိုက်၏။ “ဒီလူက အရှေ့မြောက်လုကျိုးပြည်နယ်ကို လူတွေခေါ်လာပြီးတော့ ကျုပ်ရဲ့အအေးနန်းတော်ကို ပျက်စီးလုနီးပါး တိုက်ခိုက်ခဲ့တယ်၊ ဒီတော့ ကျုပ်မေးချင်တာက သူ့ကို ဘယ်သူက သတ္တိတွေပေးထားလဲ ဆိုတာပဲ”
ပြောပြီးသည့်နောက်မှာတော့ သူသည် သူ၏အော်ရာများကို ရုတ်သိမ်းလိုက်၏။ သတ်ဖြတ်လိုသည့်ဆန္ဒများ မှာလည်း ကောင်းကင်ယံထက်တွင် ရုတ်လျော့သွားတော့သည်။ နှစ်ယောက်စလုံးသည် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူများဖြစ်သည်။ တစ်ဖက်မှလူသည် မြို့တော်ဝန်တစ်ယောက်လည်းဖြစ်နေသည်။ ထို့ကြောင့် သူ့အနေနှင့် စိတ်ထင်တိုင်း ပြုမူဆောင်ရွက်၍မရပေ။ သို့ပေမဲ့ ဤနေရာသို့ ရောက်ရှိလာပြီး သတ်ဖြတ်လိုခြင်း ဆန္ဒများကို ထုတ်ဖော်ပြီးပြီ ဆိုမှတော့ အဘယ်ကြောင့် အကျိုးမရှိဘဲ ပြန်သွားရမည်နည်း။ ထို့ကြောင့် မေးခွန်းထုတ်ခဲ့ခြင်းပင် ဖြစ်သည်။
မူချင်းဟုန်သည် အေးစက်စက် ပြန်ပြောလိုက်၏။ “အဆင့်လေးဂိုဏ်းတစ်ခုဖြစ်ပြီး အဆင့်ငါးဂိုဏ်းတစ်ခုရဲ့ ရိုက်နှက်မှုကို မခံနိုင်တာ၊ ဒီတော့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးတော့ မေးခွန်းထုတ်ဖို့ မလိုဘူးလား”
အအေးနန်းတော်၏ ဘိုးဘေးအကြီးအကဲကြီးသည် အလွန်တရာ ဒေါသထွက်သွား၏။ သူ၏ မျက်နှာတစ်ခုလုံး သည် နီမြန်းသွားသည်။
မူချင်းဟုန်သည် အေးစက်စက်ပြောလိုက်သည်။ “ကျုပ်တို့နယ်မြေမှာရှိတဲ့ဂိုဏ်းက အအေးနန်းတော်ကို အားနည်းတဲ့အခြေအနေမှာတောင် လာပြီးတော့ စိန်ခေါ်ရဲ သေးတယ်၊ ဒါပေမဲ့ ခင်ဗျားတို့က အနိုင်မတိုက်ခိုက်တဲ့ ကိုယ့်ရဲ့အားနည်းမှုကို ကိုယ်ဘာကိုယ် အပြစ်တင်သင့် တယ်မဟုတ်ဘူးလား၊ ဒါတောင်မှ တခြားဂိုဏ်းချုပ် ရှစ်ယောက်နဲ့ ပူးပေါင်းပြီးတော့ ကျုပ်တို့ကို အနိုင်ကျင့်ခဲ့သေးတယ်၊ အခုလည်း သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူတစ်ယောက်က သတ်ဖြတ်ဖို့လာခဲ့တယ်၊ ခင်ဗျားတို့က မလွန်လွန်းဘူးလား”
အမှောင်ထဲတွင်ရှိနေသော ကောင်းကင်ဘုံကျောင်းနှင့် ဂိုဏ်းအသိအမှတ်ပြုဗဟိုမှ ကျွမ်းကျင်သူများ၏ နှုတ်ခမ်းသည် တုန်ယင်သွားကြသည်။ ဤအရာသည် စိန်ခေါ်ပွဲတစ်ခုသာဖြစ်မည်ဆိုပါက မြို့တော်ဝန် ပြောသလို အလွန်အကျွံ ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် စိန်ခေါ်မှုကို ပြုလုပ်ခဲ့ခြင်း မဟုတ်ပေ။ သွား၍ ပြဿနာရှာ သတ်ဖြတ်ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ ကိုယ်တိုင် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက် ဖြစ်နေမည်ဆိုလျှင် သည်းခံနိုင်လိမ့်မည် မဟုတ်။
မြို့တော်ဝန်မူ... အခုပုံစံကြီးက သူ့ကို တိုက်ရိုက်ကာကွယ်ပေးနေတဲ့ ပုံစံကြီး မပေါ်ဘူးလား။
ဤအရာသည်လည်း ကောင်းမွန်လွန်းသည်ဟု ပြောရမည်။ ထို့အပြင် ၎င်းသည် အရှေ့တောင်ရန်ကျူး တော်ဝင်မြို့၏ မြို့တော်ဝန်ဖြစ်သည်။ ထို့ကြောင့် အရှေ့သို့ထွက်လာပြီး သူ၏နယ်မြေအတွင်းရှိသော ဂိုဏ်းတစ်ခု အား ကာကွယ်ပေးရသည်ဆိုခြင်းမှာ ပို၍ သင့်လျော်ပေလိမ့်မည်။ တစ်စုံတစ်ယောက်က မေးမြန်းစရာရှိသည်မှာ လက်ရှိအချိန်တွင် မူချန်းဟုန်သည်သာ တံခါးပိတ်ကျင့်ကြံခြင်းမှ မထွက်လာပါက ပြိုင်စံရှားဂိုဏ်းသည် တစ်ခါတည်း နေဝင်သွားလိမ့်မည်လား ဆိုသည့်မေးခွန်းရှိနေ၏။
ဤကဲ့သို့သော ကိစ္စရပ်မျိုးမဖြစ်လာနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံကျောင်းနှင့် ဂိုဏ်းအသိအမှတ် ပြုဗဟိုမှ ကျင့်ကြံသူများ ကြိုတင်၍ ရောက်ရှိနေကြပြီးဖြစ်သည်။ ဤအရာသည် အရှေ့မြောက်လုကျိုး မဟုတ်သည်မို့ တစ်ဖက်လူပေါ်လာသည်ဆိုသည်နှင့် အတင်းဝင်ရောက်တားဆီးကာ ဖျန့်ဖြေပေးရပေလိမ့်မည်။
အအေး နန်းတော်မှ ဘိုးဘေးအကြီးအကဲကြီးသည် တီးတိုးပြောလိုက်၏။ “မြို့တော်ဝန်မူ... ခင်ဗျားက ပြိုင်စံရှားဂိုဏ်းကို ရှင်းရှင်းလင်းလင်း ကာကွယ်ပေးဖို့ ကြိုးစားနေတာလား”
“ပေါက်ကရတွေ”
မူချန်းဟုန်က ပြောလိုက်သည်။ “အရှေ့တောင်ရန်ကျူးထဲမှာရှိတဲ့ ဂိုဏ်းတစ်ခုကို ကျုပ်မှ မကွယ်ပေးရင် ဘယ်သူက ကာကွယ်ပေးသွားမှာလဲ”
အောက်တွင်ရပ်လျက်ရှိသော ကျွင်းချောင်ရှောင်းသည် ထိုစကားကို ကြားလိုက်ချိန်မှာတော့ တော်ဝန်ကြျွင်းချောင်ရှောင်းက ပြောလိုက်၏။ “မြို့တော်ဝန်မူ... ဒီကိစ္စက ပြိုင်စံရှားဂိုဏ်းနဲ့ အအေးနန်းတော်ကြားက ပြဿနာပါ၊ ဒီတော့ ဒီကျွင်းကပဲ ကိုယ့်ကိစ္စ ကိုယ်ဖြေရှင်းပါ့မယ်”
မူချန်းဟုန် ကြောင်သွား၏။ တစ်ဖက်လူသည် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက်ဖြစ်သည်ကို ဤကောင်လေး သိရဲ့လား။
ကျွင်းချောင်ရှောင်းသည် အရှေ့သို့လှမ်းတက်ပြီးသည့်နောက်မှာတော့ အအေးနန်းတော် ဘိုးဘေးအကြီးအကဲအား စူးစိုက်ကြည့်လိုက်သည်။ ပြီးနောက် ပြောလိုက်၏။ “ဒီနေ့မှာတော့ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက်နဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ချင်တယ်”
အကြီးအကဲဝေနှင့် အကြီးအကဲကျန့်တို့သည်လည်း ဆွံ့အသွားမိ၏။ ဂိုဏ်းချုပ်သည် ရူးများသွားလေပြီလား။ သိုင်းနယ်မြေ တစ်ပိုင်း ကျင့်ကြံသူတစ်ယောက်နှင့် ထိပ်တိုက်ရင်ဆိုင်ရန် ပြောဆိုလျက်ရှိသည်။
မူချန်းဟုန်၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။ သူသည် အသံပို့လွှတ်လိုက်၏။ “ကောင်လေး... ဒီနေရာမှာ ဟိတ်ဟန်ပြမနေနဲ့၊ ငါဒီမှာရှိနေမှတော့ မင်းရဲ့ပြိုင်စံရှားဂိုဏ်းကို ဘယ်သူမှ မထိခိုက် စေရဘူး”
ကျွင်းချောင်ရှောင်းသည် သူ့ကိုယ်သူ အပြင်တင်စွာ ပြောလိုက်၏။ “အဆင့်လေးဂိုဏ်းတစ်ခုက အများဆုံး သိုင်းအုပ်စိုးသူတစ်ယောက်ပဲ ရှိမယ်ထင်လို့ ကျုပ်တွေးခဲ့မိတာ၊ ဒါကြောင့် တပည့်တွေကိုခေါ်ပြီး အအေးနန်းတော်ကို သွားရောက်တိုက်ခိုက်ခဲ့တာပါ၊ ဒါပေမဲ့ သူတို့ဆီမှာ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူရှိနေမယ်လို့ မထင်ခဲ့မိဘူး၊ ဒါက ကျုပ်ရဲ့ အမှားပါပဲ”
သူ့အနေနှင့် အရှေ့မြောက်လုကျိုးဆီသို့သွား၍ တိုက်ခိုက်လိုက်သည့် အဓိကအကြောင်းရင်းသည် စည်းဓားမော့ ပေါ်တွင် မှီခိုထား၍ဖြစ်သည်။ သို့ပေမဲ့ လက်ရှိ သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူ၏ ရှေ့မှာတော့ စည်းဓားမော့သည် သုံး၍မရချေ။ ဤအရာသည် သူထင်မှတ်ထားသည့်ကိစ္စမဟုတ်ချေ။
ဒါကသင်ခန်းစာပဲ၊ တစ်ချို့အခြေခံကောင်းမွန်တဲ့ဂိုဏ်းတွေကို သူတို့ရဲ့ အသွင်အပြင်အဆင်နဲ့ သတ်မှတ်ဆုံးဖြတ် ထားလို့မရဘူး။
ကျွင်းချောင်ရှောင်းသည် သူ့ကိုယ်သူ ပြောဆိုလိုက်ပြီးသည့်နောက်မှာတော့ အတွေ့အကြုံများကို သေချာမှတ်သား ထားမိနေ၏။
ဟုတ်ပေသည်။ သူသည် ထိုအတောအတွင်းတွင် အဆင်ခြင်မဲ့ ပြုလုပ်ခဲ့မိ၏။ ထို့အပြင် သူသည် တခြားသူများ၏ တည်နေရာဆီသို့သွား၍ ပြဿနာရှာခဲ့သည့်အပြင် မိမိ၏ နယ်မြေဆီသို့ ပြန်ရောက်ပြီးသည့် နောက်မှာတော့ တတိယအဆင့်ဂိုဏ်းများ၏ ဂိုဏ်းခွဲနှစ်ခုကို ဖျက်ဆီးချေမှုန်းခဲ့သေးသည်။
ဤအရာသည် ကျိန်းသေပေါက် သေလမ်းရှာခြင်းပင်ဖြစ်၏။ သူအရင် သေလမ်းရှာခဲ့သည့် ကိစ္စရပ်များအတွက် သိုင်းနယ်မြေ တစ်ပိုင်းကျင့်ကြံသူသည် ဤအချိန်တွင် အကြွေးလာတောင်းနေခဲ့ပြီဖြစ်၏။
ကျွင်းချောင်ရှောင်းသည် ကိစ္စရပ်များကို အစီအစဉ်ချမှတ် ပြုလုပ်ရခြင်းကိုနှစ်သက်၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ သူသည် အမှားအယွင်း ပြုလုပ်ခဲ့သည်။ သူသည် သတိလစ်မေ့မျောနေသည့် နဂါးလေးအား ကြည့်လိုက်သည်။ “ဒုတိယအကြိမ် အမှားထပ်လုပ်လို့ မဖြစ်တော့ဘူး”
ဝှစ်
ပြောပြီးသည့်နောက်မှာတော့ သူသည် တောင်၏ဂိတ်တံခါးအပြင်ဘက်တွင် ရောက်ရှိသွား၏။ ဂိုဏ်း၏ အကာ အကွယ်အစီအရင်ရှေ့တွင် မတ်တပ်ရပ်လိုက်သည်။ ပြီးနောက် အအေးနန်းတော်မှ အကြီးအကဲအား မော့ကြည့်ကာ လေးလေးနက်နက်ပြောလိုက်သည်။
“ကျုပ်နဲ့ တိုက်ခိုက်ရဲ့လား”
ဝှစ် ဝှစ်
အဆင့်ကိုး ဓားနှင့်သိုင်းဘုရင်တစ်ယောက်၏ အော်ရာများသည် ထွက်ပေါ်လာတော့သည်။ ဤအဆင့် အားအင်သည် သိုင်းဘုရင်နှင့် သာမန်သိုင်းအုပ်စိုးသူတစ်ယောက်၏ရှေ့တွင်တော့ အလွန်တရာ ထိတ်လန့်ဖို့ ကောင်းသည့် အားအင်အမျိုးအစားမျိုးဖြစ်သည်။ သို့ပေမဲ့ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက် အတွက်တော့ ပြုံးပြုံးကြီး ကြည့်နေရမည့် ကျင့်ကြံခြင်းအဆင့်ပင်ဖြစ်တော့သည်။
အအေးနန်းတော်မှ ဘိုးဘေး အကြီးအကဲကြီးသည် မျက်မှောင်ကုတ်သွားသည်။ ဤကောင်လေးသည် ငယ်ငယ် ရွယ်ရွယ်နှင့် ဤမျှကြောက်မက်ဖွယ်ကောင်းသော အားအင်အဆင့်ကို ပိုင်ဆိုင်နေသည်။ ဒီထက်သာ ပို၍ ကြီးထွားလာမည်ဆိုပါက မည်မျှ ကြောက်မက်ဖွယ်ကောင်းသည့် လူတစ်ယောက်ဖြစ်လာမည်နည်းဆိုသည်ကို ခန့်မှန်း၍တောင်မရနိုင်ချေ။
သူ၏ဂိုဏ်းသည်သာ ဖျက်ဆီးလုနီးပါး မရောက်ခဲ့သည်ဆိုပါက ဤသိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူသည် ပြိုင်စံရှားဂိုဏ်းဆီသို့ လူကိုယ်တိုင်ရောက်ရှိလာပြီး ပဋိပက္ခများ ဖြစ်ပွားခံလိမ့်မည် မဟုတ်ချေ။
“မြို့တော်ဝန်မူ”
အအေးနန်းတော်မှ ဘိုးဘေးအကြီးအကဲသည် အေးစက်စွာဖြင့် ပြောလိုက်သည်။ “ဒီအဘိုးကြီးက လက်ခံရမှာလား၊ လက်မခံရဘူးလား”
မူချန်းဟုန်က ပြောလိုက်သည်။ “ဒီကောင်လေး ခေါင်းထဲမှာ တစ်ခုခု မှားယွင်းနေတာ ဖြစ်ရမယ်၊ ဒီတော့ သူ့ကို ဂရုစိုက်မနေနဲ့၊ ဒီမြို့တော်ဝန်ကပဲ ခင်ဗျားနဲ့ ကောင်းကောင်းတိုက်ခိုက်ပေးမယ်”
သိုင်းဘုရင်တစ်ယောက်သည် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက်နှင့် ယှဉ်ပြိုင်တိုက်ခိုက်လိမ့်မည်။ ဤအရာကို ခေါင်းနှင့်မစဉ်းစားဘဲ၊ ခြေထောက်နှင့်စဉ်းစားမည်ဆိုပါက အနိုင်ရရန်မရှိကြောင်း သိရှိကြမည် ဖြစ်သည်။
“မြို့တော်ဝန်မူ”
ကျွင်းချောင်ရှောင်းသည် စိတ်ဆုံးဖြတ်ပြီးသား လေသံဖြင့် ပြောလိုက်၏။ “ဒီနေ့မှာ ကျုပ်က သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက်နဲ့ တိုက်ခိုက်ဖို့ စီစဉ်ထားတယ်”
မူချန်းဟုန်သည် ထ၍ ကန်ချင်စိတ်ပင် ပေါက်နေ၏။ သို့ပေမဲ့ သူသည် ထွက်ပေါ်လာသည့် ဒေါသများကို ဖိနှိပ်ကာ အသံပို့လွှတ်လိုက်၏။ “ကောင်လေး... မင်းရူးနေတာလား၊ တစ်ဖက်လူက သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူလေ၊ ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ် စိမ်စိမ်နေလိုက်၊ ကျန်တာ ငါ့ကိစ္စထားလိုက်တော့”
မြို့တော်ဝန်မူသည် အကြီးအကျယ် ကူညီလျက်ရှိသည်။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းက ခိုင်မာစွာ ပြောလိုက်သည်။ “ကျုပ်မရူးပါဘူး၊ ဆေးလည်းသောက်ထားတယ်၊ သူနဲ့တိုက်ခိုက်ချင်တယ်”
မူချန်းဟုန်က ပြောလိုက်သည်။
“ဘယ်လောက်ထိ ယုံကြည်ချက်ရှိလဲ”
သိုင်းဘုရင်တစ်ယောက်အနေနဲ့ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် မည်မျှ ယုံကြည်ချက်ရှိသနည်းဟု မေးမြန်းနေမိသည်။ သူသည်ပါ ဦးနှောက်ချောင်သွားပြီလား မသိချေ။
“တစ်ရာ ရာခိုင်နှုန်းပါ”
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
“...” မူချန်းဟုန်၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွား၏။ လက်ရှိအခြေအနေမှာတော့ ဤကောင်လေးသည် အဘယ်ကြောင့် မောက်မာစွာဖြင့် အဆင်ခြင်မဲ့ လုပ်ချင်တာ လုပ်တတ်ကြောင်း နားလည်သွားခဲ့ပြီဖြစ်၏။
တကယ့်ကို အစွန်းရောက် တစောက်ကန်းသမားလေး ဖြစ်နေတာပဲ။
အအေးနန်းတော်မှာ ဘိုးဘေးအကြီးအကဲသည် ခဏလောက် စဉ်းစားကာ ပြောလိုက်၏။
“မြို့တော်ဝန်မူ ... ခင်ဗျားတို့နိုင်ငံရဲ့လူက ဒီလောက်တောင် သတ္တိကောင်းနေပြီဆိုတော့ ဒီအဘိုးကြီးက စိန်ခေါ်မှုကို လက်ခံဖို့ပဲ ရှိတော့တယ်”
ကျွင်းချောင်ရှောင်းသည် အေးစက်စွာ ပြုံးလိုက်သည်။ ပြီးနောက် သူသည် စနစ်၏ စတိုးဆီသို့ ဖွင့်၍ အဆင့်မြင့် စတိုးကို နှိပ်ကာ ဝင်ကြည့်လိုက်တော့သည်။
ဝှစ်
စတိုးကို ဖွင့်ပြီးသည့်နောက် အဆင့်မြင့် ပစ္စည်းများ အားလုံးသည် သူ၏ မျက်စိရှေ့၌ ပေါ်လာတော့သည်။
“ရိုးတွင်းခြင်ဆီသန့်စင်ခြင်းကိုးမျိုးဆေးလုံး၊ ဆင်နဂါးလက်ဝါး၊ နဂါးခြေလှမ်း၊ နှစ်တစ်ထောင် အအေးချပ်ဝတ်၊ နတ်မီးခန္ဓာကိုယ်...”
ဤပစ္စည်းများအားလုံးသည် သူဝိညာဉ်ကူးပြောင်းလာစက ပထမဦးဆုံး တွေ့မြင်ခဲ့ရသည့် ပစ္စည်းများဖြစ်သည်။ အဆင့်မြင့်စတိုးသည် အဆင့်ငါးဂိုဏ်းအဖြစ်သို့ ရောက်ရှိသည်ဆိုမှ အသုံးပြု၍ရနိုင်၏။ အဆင့်မြင့်စတိုးဆီမှ ပစ္စည်း များအားလုံးသည် အနည်းဆုံး ဂိုဏ်းစုဆောင်းမှတ်တစ်သောင်း ကုန်ကျ၏။
ကျွင်းချောင်ရှောင်းသည် လက်ရှိ အချိန်တွင် ဂိုဏ်းစုဆောင်းမှတ် နှစ်သောင်းရှိနေသည်ဆိုသောကြောင့် အသုံးပြု၍ရသည်ဆိုရမည်။ စည်းဓားမော့ သည် သူ၏ဝှက်ဖဲတစ်ခုဖြစ်သည်။ သို့ပေမဲ့ အဆင့်ငါးဂိုဏ်းသို့ ရောက်ရှိပြီးသည့်နောက်မှာတော့ အဆင့်မြင့်စတိုး သည် ကျွင်းချောင်ရှောင်း၏ အစစ်အမှန်ဝှက်ဖဲ ဖြစ်လာခဲ့သည်။ ထို့ပြင် ဝှက်ဖဲက တစ်ခုတည်းပင် မဟုတ်ပေ။ ဝှက်ဖဲ ဂိုထောင်ကြီးပင် ဖြစ်သည်။
ဂိုဏ်းစုဆောင်းမှတ်နှစ်သောင်း၊ သူ့အနေဖြင့် အဆင့်မြင့်စတိုးဆီမှ ပစ္စည်းနှစ်မျိုး ဝယ်ယူ၍ ရနိုင်သည်။ ထိုသို့ဆိုလျှင် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက်ကို အနိုင်ရရှိနိုင်မည်လား။
“အမြန်၊ ငါသေချာရှာမှဖြစ်မယ်”