အခန်း (၅၉၉)
Vol. 40 Ch. 599
မြစ်ကိုဖြတ်လျှောက်တော့မှ ဖိနပ်ကို ရေမစိုဘဲ ဘယ်ရှိမည်နည်း။ အအေးနန်းတော်တွင် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက်ရှိနေမည်ဟု ကျွင်းချောင်ရှောင်း မထင်မှတ်မိခဲ့ချေ။ မူချန်းဟုန်သာ မကူညီခဲ့လျှင် ဂိုဏ်းနှင့် နဂါးလေးတို့ပါ ပြဿနာထဲသို့ ကျရောက်ပေတော့မည်။
အရာကိစ္စအားလုံးကို အစီအစဉ်ချကာ တော်လွန်းလှသည် ဆိုသောလူများအနေဖြင့် အမှားအယွင်း ပြုလုပ်တတ်ကြသည်။ သူ့ကဲ့သို့ သာမန်လူတစ်ယောက်အဖြစ်ကနေ ဝိညာဉ်ကူးပြောင်း ရောက်ရှိလာသူ တစ်ယောက် အသေို့ပေမဲ့ တစ်ဖက်လူသည် သူ့အား ရုတ်တရက်သတ်ဖြတ်မှုကို စဉ်းစားကြည့်ပြီးနောက်မှာတော့ ကျွင်းချောင်ရှောင်းသည် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက်နှင့် တကယ်ပဲတိုက်ခိုက်ရန် စဉ်းစားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်း အဆင့်မြင့်တက်ပြီးသည့်နောက်မှာ သူ၏ဝှက်ဖဲသည် ပေါ်လာခဲ့ ပြီဖြစ်၏။
ထိုသို့သော ကြီးမားသည့်ဝှက်ဖဲကြီးကို ပိုင်ဆိုင်သောကြောင့် ကျွင်းချောင်ရှောင်းသည် အရှေ့မြောက်လုကျိုးဆီသို့ သွား၍ စိန်ခေါ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ မိစ္ဆာဂိုဏ်းခွဲနှစ်ခုကိုလည်း ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
အရိုးသားဆုံး ပြောရမည်ဆိုလျှင် သူသည် ဤကိစ္စကို အရင်တုန်းက မစဉ်းစားခဲ့ချေ။ ဂိုဏ်းစုဆောင်းမှတ်နှစ်သောင်းကို အသုံးပြု၍ ဂိုဏ်းအား ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ချင်မိသည်။
သို့ပေမဲ့ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူ တစ်ယောက် ရောက်ရှိလာပြီး ဂိုဏ်းအား ထိခိုက်နာကျင်အောင် ပြုလုပ်ခဲ့သည့်အချိန်မှာတော့ သူသည် ဂိုဏ်းစုဆောင်းမှတ်အားလုံးကို အသုံးပြုရမည်ဆိုလျှင်တောင်မှ ထိုသူအား ရိုက်နှက်နိုင်မှ ဖြစ်တော့မည်။
အဆင့်မြင့်စတိုးထဲတွင် အလွန်တရာများပြားလှသော ပစ္စည်းများရှိနေသည်။ သို့ပေမဲ့ တကယ်တမ်း တိုက်ပွဲတွင် တော့ သိုင်းနည်းစနစ်၊ ကျင့်ကြံခြင်းနည်းစနစ်နှင့် ဆေးလုံးများသည်သာ အကျုံးဝင်၏။ ထို့ပြင် ကျွင်းချောင်ရှောင်း အနေဖြင့် ထိုအရာများကို နားလည်အောင် ကြိုးစား၍ လေ့ကျင့်ချိန်လည်းမရှိချေ။ ထို့ကြောင့် ချက်ချင်း အသုံးပြု နိုင်သည့်အရာမျိုးသည်သာလျှင် အသုံးဝင်ပေလိမ့်မည်။
ဥပမာအားဖြင့် နတ်ဘုရားအဆင့် အဆင့်မြှင့်တင်ထားသော RBG လောင်ချာကဲ့သို့အရာမျိုး၊ မိတ်ဆက်တွင် ပြောကြား ထားသည်မှာ ဤလောင်ချာသည် ကိုယ်နှင့်မကွာ သယ်ဆောင်သွား၍ရနိုင်သည်။ နတ်ဘုရားအဆင့် အဆင့်မြှင့်တင် ပြီးသည့်နောက်မှာတော့ သလင်းအမြူတေများ ထည့်သွင်းပစ်ခတ်ရသည့်အားအင်သည် တည်နေရာ ကိုပင် စုတ်ပြတ်သတ်သွားစေ၏။
နတ်ဘုရားအဆင့် အဆင့်မြှင့်တင်ထားသော ပစ္စည်းများအားလုံးသည် အထူးအကျိုးသက်ရောက်မှုလည်း ရှိနေသေး၏။ ထိုအရာကို အသက်သွင်း၍ ပစ်ခတ်မည်ဆိုလျှင် အချိန်မရွေး တစ်ရာ ရာခိုင်နှုန်း ထိမှန်ပေလိမ့်မည်။ ရန်သူသည် ကမ္ဘာမြေ၏အဆုံးအထိ တည်နေရာဖြတ်သန်းသွားမည် ဆိုလျှင်တောင်မှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။
အတိတ်တုန်းကသာဆိုလျှင် ကျွင်းချောင်ရှောင်းသည် ထိုကဲ့သို့ အံ့အားသင့်စရာပစ္စည်းမျိုးကို တစ်ခါ တည်း တိုက်ရိုက်ဝယ်ယူပေလိမ့်မည်။ သို့ပေမဲ့သူသည် မြန်မြန်ဆန်ဆန်ပဲ တခြားအရာများကို ကျော်၍ ကြည့်ရှု လိုက်၏။
“ဂိုဏ်းစုဆောင်းမှတ်က နှစ်သောင်းပဲရှိတာ၊ ငါ ဒါတွေအကုန်လုံးကို အသုံးပြုလိုက်မယ်ဆိုရင် တခြားဘယ်နေရာမှာ သွားသုံးရမလဲ”
ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် နတ်ဘုရားအဆင့်မြှင့်တင်ထားသော စက်အတောင်ပံ ဆိုသည့်အရာအား မြင်လိုက်ရသည်။ ထိုအရာကို ဝတ်ဆင်ထားသည်ဆိုလျှင် သိုင်းကျင့်ကြံသူများအနေနှင့် အတောင်ပံတစ်စုံ ဝတ်ဆင် ထားသကဲ့သို့ပင် ဖြစ်နေလိမ့်မည်။ လောကကြီး၏ နိယာမများကို လျစ်လျှူရှုပြီး လွတ်လွတ်လပ်လပ် ပျံသန်း သွားလာနိုင်သည်။ ထို့အပြင် အသုံးပြုသူ အနေဖြင့် မတူညီသည့် တိုက်ခိုက်မှုပုံစံများကို ထုတ်ဖော်နိုင်၏။
“ဒါက Iron Man ရဲ့ ချပ်ဝတ်နဲ့တောင် တူနေတယ်”
ကျွင်းချောင်ရှောင်းသည် ပြောလိုက်သည်။ “မဖြစ်ဘူး၊ မဖြစ်ဘူး၊ ဒီလိုအဆင့်မြင့်တဲ့ပစ္စည်းတွေကို လူလယ်ခေါင်မှာ ထုတ်ဖော်ပြသလို့ မဖြစ်သေးဘူး”
ကျွင်းချောင်ရှောင်းသည် စဦးနှင့် အလယ်အလတ်စတိုးတွင် ပစ္စည်းကောင်းများ ရှိပါစေဟု ဆုတောင်းခဲ့ရ၏။ သို့ပေမဲ့ အဆင့်မြင့်စတိုးထဲတွင်တော့ ဆုတောင်းနေစရာပင်မလို၊ ကြည့်ရှုသမျှ အရာအားလုံးသည် ကောင်းမွန်သည့် ပစ္စည်းများဖြစ်နေသည်။
အဓိက ပြဿနာမှာ လက်ရှိဖြစ်နေသော အခြေအနေနှင့် လိုက်လျော ညီထွေရှိသည့် တိုက်ခိုက်ရေးပစ္စည်းတစ်ခုခုကို ရှာမတွေ့ခြင်းပင်ဖြစ်သည်။ သူ့အနေနှင့် အခုတွေ့ရှိသမျှ ပစ္စည်း များကို ဝယ်ယူမည်ဆိုလျှင် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက်ကို အနိုင်ယူနိုင်မည်ဟု မသေချာသေးပေ။ ထို့ကြောင့် သူသည် ဆက်လက်ကာ ရှာဖွေလိုက်၏။
“ကျွင်းဂိုဏ်းချုပ်”
အအေးနန်းတော်၏ ဘိုးဘေးအကြီးအကဲကြီးသည် လေးနက်စွာပြောလိုက်၏။ “ဒီအဘိုးကြီးက မင်းရဲ့စိန်ခေါ်မှုကို လက်ခံလိုက်ပြီ၊ ဘာလို့ ထွက်လာပြီး မတိုက်ခိုက်သေးတာလဲ”
“စိတ်မပူနဲ့” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
“ကျုပ်က ခင်ဗျားကို ပျော်ပျော်နေစေဖို့ အချိန်ပေးထားတာ၊ ဘာလို့လဲဆိုတော့ နောက်ဆို အဲလိုအခွင့်အရေးမျိုး ရတော့မှာ မဟုတ်လို့ပဲ”
“မောက်မာလိုက်တာ”
အအေးနန်းတော်၏ ဘိုးဘေးအကြီးအကဲကြီးသည် အေးစက်စက် ပြောလိုက်၏။ အစီအရင်၏ အပြင်ဘက်တွင် မြို့တော်ဝန်မူသည်သာ ရပ်တန့်နေသည်မဟုတ်ပါက သူသည် ဂိုဏ်း၏ အစီအရင်အကာအကွယ်အား တစ်ခါတည်း ချိုးဖြတ်ဝင်ရောက်သွားမည်မှာ သေချာ၏။ အရိုးသားဆုံး ပြောရမည်ဆိုလျှင် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူ တစ်ယောက်အနေနှင့် သူသည် တစ်ဖက်လူများ၏ ဂိုဏ်းအကာအကွယ်အစီအရင်အား ချိုးဖြတ်နိုင်စွမ်း ရှိနေသည်။
ကျွင်းချောင်ရှောင်း၏ အမြင်အရဆိုလျှင် ဤဂိုဏ်းအကာအကွယ်အစီအရင်သည် အလွန်တရာခိုင်မာပြီး ဖြစ်သည်ဟု ထင်မှတ်မိ၏။ အဘယ်ကြောင့်ဆိုသော် နတ်ဆိုးမိစ္ဆာဂိုဏ်းနှင့် သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်း ဂိုဏ်းခွဲတို့သည် ဖျက်ဆီးခံရပြီးသည့်နောက် လက်စားချေချင်သည်ဆိုပါက သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူ တစ်ယောက်ကို စေလွှတ်လိုက်လိမ့်မည် မဟုတ်ချေ။
သူ၏ခန့်မှန်းချက် မှန်သည်ဟု ဆိုရမည်။ နတ်ဆိုးမိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်သည် အလွန်တရာ ဒေါသထွက်နေသည် ဆိုလျှင်တောင်မှ သိုင်းအုပ်စိုးသူထိပ်ဆုံးအဆင့် ကျင့်ကြံသူနှစ်ယောက်ကိုသာ စေလွှတ်လိုက်၏။ ၎င်းတို့၏ ရည်ရွယ်ချက်သည် ပြိုင်စံရှားဂိုဏ်းအား ဖျက်ဆီးရန်မဟုတ်ဘဲ စိတ်ဝိညာဉ်ကျောက်တုံးတစ်သိန်းအား ပြန်လည် ရယူရန်ပင်ဖြစ်သည်။
အအေးနန်းတော်မှ ဘိုးဘေးအကြီးအကဲကြီးမှာတော့ သိုင်းနယ်မြေတစ်ပိုင်းအဆင့်ကို ချိုးဖြတ်ဝင်ရောက်ခဲ့ပြီး ဤနေရာသို့ ရောက်ရှိလာသည်။ ဤအရာသည် မထင်မှတ်ထားသည့်ကိစ္စဖြစ်သောကြောင့် ကျွင်းချောင်ရှောင်း သည် တစ်ခါမှ တွေးထားခဲ့ခြင်းမရှိပေ။
အကယ်၍သာ မိစ္ဆာဂိုဏ်းနှစ်ခုမှ သိုင်းအုပ်စိုးသူထိပ်ဆုံးအဆင့် ကျင့်ကြံသူ လေးယောက်တို့ ရောက်ရှိလာပြီး ဂိုဏ်းအား တိုက်ခိုက်မည်ဆိုလျှင်တောင်မှ သူသည် ကျိန်းသေပေါက် ဂိုဏ်း၏ အတားအဆီးအကာအကွယ် အစီအရင်နှင့် သက်တောင့်သက်သာ နေထိုင်နိုင်သည်။
.........
ကျွင်းချောင်ရှောင်းသည် ဆက်လက်ရှာဖွေပြီးသည့်နောက်မှာတော့ လောကအဆောင် ဟူသည့်အရာတစ်ခုကို မြင်လိုက်ရသည်။ အသေးစိတ်ကို သူထောက်၍ ကြည့်ရှုလိုက်၏။
“ပစ္စည်း - လောကအဆောင်”
မိတ်ဆက် - ဤအဆောင်သည် တာအိုဘိုးဘေးတစ်ယောက် ဖန်တီးခဲ့သည့်အရာဖြစ်ပြီး လောကကြီးတွင် ရှိနေသော စွမ်းအင်များကို စုစည်း၍ ရယူခြင်းပင်ဖြစ်သည်။
အကျိုးသက်ရောက်မှု - အသုံးပြုပြီးသည့်နောက်မှာတော့ လူ၏ ခန္ဓာကိုယ်အကန့်အသတ်ကို ကျော်ဖြတ်ပြီး ကျင့်ကြံခြင်းအဆင့်ကြီး တစ်ဆင့် ပိုမို၍ တိုးပွားနိုင်သည်၊ အသုံးပြုသူ၏ အလားအလာအရ ကျင့်ကြံခြင်းအဆင့် သည် ထိုထက်ပို၍ပင် ကြီးထွား လာနိုင်သေး၏။
အကျိုးမသက်ရောက်မှု - မိနစ်ခြောက်ဆယ်သာလျှင်ခံ၏၊ အကျိုးသက်ရောက်မှု ကုန်ဆုံးသွားပြီးသည့်နောက် အသုံးပြုသူသည် ကြက်ကလေးတစ်ကောင်ကိုပင် ကောက်၍ မ မနိုင်သော လူတစ်ယောက်ကဲ့သို့ အားနည်းပျော့ခွေသွားပေလိမ့်မည်။
“ဂိုဏ်းစုဆောင်းမှတ် - ၁၀၀၀၀”
“အဆင့်ကြီးတစ်ဆင့် တိုးတက်သွားမယ် ဟုတ်လား”
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွား၏။ “ငါက အခု ဓားနဲ့သိုင်းဘုရင် အဆင့်ကိုး၊ ဒါကိုသုံးပြီဆိုရင် ဓားနှင့်သိုင်းအုပ်စိုးသူ အဆင့်ကိုးကို ရောက်သွား မှာလား”
“အမှန်ပဲ”
စနစ်က ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါဆိုရင် ဒီပစ္စည်းက အကောင်းဆုံးပစ္စည်းပဲ၊ ဟိုလူကို ရိုက်နှက်ဖို့အတွက် ပြဿနာ မရှိတော့ဘူး”
သိုင်းနယ်မြေတစ်ပိုင်းအဆင့်ကို ချိုးဖြတ်ဝင်ရောက်သွားသည်ဆိုသည်မှာ သိုင်းအုပ်စိုးသူထိပ်ဆုံးအဆင့်ထက် အနည်းငယ်သာ ပို၍ အားကောင်းပေလိမ့်မည်။ ထို့ပြင် သူသည်သာ ဓားနှင့်သိုင်းအုပ်စိုးသူ အဆင့်ကိုးဆိုလျှင် သာမန်စွမ်းရည်နှင့် လူတစ်ယောက် မဟုတ်တော့ချေ။ ပြောနေစရာပင်မလိုချေ။ အလွန်တရာအားကောင်းလှသည် အဆောင်ပင်ဖြစ်ပေလိမ့်မည်။
သူသည် သာမန်ကျင့်ကြံသူတစ်ယောက်မဟုတ်ခြင်းကြောင့် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိမည်ဆိုလျှင် သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူတစ်ယောက်အား သေးထွက်ကျသည့်အထိ ရိုက်နှက်နိုင်စွမ်း ရှိပေလိမ့်မည်။
စနစ်ကပြောလိုက်သည်။ “မမေ့နဲ့အုံး ….. ဒါက တစ်နှစ်တိတိ ဘေးထွက်ဆိုးကျိုးရှိတဲ့အရာ”
“သိုင်းနယ်မြေတစ်ပိုင်းအဆင့်ကို တိုက်ခိုက်အနိုင်ယူနိုင်မယ်ဆို ငါတို့ ပြိုင်စံရှားဂိုဏ်းရဲ့စွမ်းရည်က ကြယ်ကြွေ ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ထိတ်လန့်သွားစေမှာလေ၊ ဒါက တစ်နှစ်ဆိုတဲ့ အချိန်ကာလနဲ့ လဲလှယ်ရမယ် ဆိုရင်တောင် အရှုံးရှိမှာ မဟုတ်ဘူး” ကျွင်းချောင်ရှောင်းသည် တွေးလိုက်မိ၏။
သူထိုသို့ပြောနေသည်ဆိုသော်လည်း တခြားသော ပစ္စည်းများကို ဆက်လက်ကာ ရှာဖွေမိနေသေးသည်။ အထဲတွင် များပြားလှသည့် နည်းစနစ်၊ ကျင့်ကြံခြင်းနည်းစနစ်နှင့် အဆင့်မြင့် အမျိုးအစား ဆေးလုံးများလည်း တည်ရှိနေသည်။ သို့ပေမဲ့ ထိုအရာများသည် လက်ရှိ ချက်ချင်း အသုံး ပြုလို့ရသည့် ပစ္စည်းများမဟုတ်ပေ။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် အဆောင်၊ RBG လောင်ချာနှင့် စက်အတောင်ပံဆိုသည့်အရာကို ဝယ်ယူရန်သာ စဉ်းစားနိုင်သည်။
ပထမနှစ်ခုသည် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက်ကို အနိုင်ယူနိုင်စွမ်း ရှိပေလိမ့်မည်။ သို့ပေမဲ့ ပြင်ပ ပစ္စည်းများကို အကူအညီ ရယူထားသောကြောင့် သိပ်၍ စိတ်မချရပေ။ အဆောင်ကိုသာ အသုံးပြုမည်ဆိုပါက သူ့အနေနှင့် အလွန်တရာအားကောင်းသော ကိုယ်ပိုင်စွမ်းရည်ကို ထုတ်ဖော်နိုင်စွမ်း ရှိပေလိမ့်မည်။
“ဆုံးဖြတ်လိုက်ပြီ”
“ဒင်... လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် တစ်သောင်းအား အသုံးပြု၍ လောကအဆောင်အား ဝယ်ယူခဲ့၏။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ”
“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၁၀၀၀၀ / ၂၀၀၀၀”
..........
လောကအဆောင်အား ဝယ်ယူပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းက ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။
“ကျုပ်တို့ ပြိုင်စံရှားဂိုဏ်းက ထွန်းတောက်လာမယ့် ကြယ်တစ်ပွင့်လို့ လောကကြီးက တွေးနေတာ၊ ဒါပေမဲ့ ကျုပ်တို့က ရှေးတုန်းကတည်းက ရှိခဲ့ဖူးတဲ့အမွေအနှစ်တွေနဲ့ ကြီးထွားပြီးသား ဂိုဏ်းတစ်ခုဆိုတာ ဘယ်သူကမှ မသိကြဘူး”
ဝှစ်
သူသည် လက်ကို မိုးပေါ်သို့မြှောက်လိုက်၏။ ပြီးသည့်နောက် မည်သည့်လေမှ မတိုက်ခတ်လာပဲ သူ၏ အဝတ်အစားများသည် လှုပ်ခါသွားသည်။ “ဒီနေ့မှာတော့ ပြိုင်စံရှားဂိုဏ်းက ဘယ်လိုအမွေအနှစ်တွေ ပိုင်ဆိုင်သွားမလဲဆိုတာ လောကကြီးကို သိစေရမယ်၊ ပြိုင်စံရှားဂိုဏ်းရဲ့ ဘိုးဘေးတို့ ကျေးဇူးပြုပြီး ကျုပ်ကို စွမ်းအားတွေ ပေးသနားပါ၊ ဒီနေ့ကျူးကျော်လာသူကို ကောင်းကောင်း အပြစ်ပေးပါရစေ”
စနစ် “…....”
လက်ခံသူသည် အလွန်တရာ သရုပ်ဆောင် ကောင်းလွန်းလှ၏။ ပြိုင်စံရှားဂိုဏ်းအား ရှေးယခင်ကတည်းက ဆင်းသက်လာခဲ့သော ဂိုဏ်းတစ်ခုဟု အခြားသူများ ထင်မှတ်မှားစေရန် ပြုလုပ်လျက်ရှိနေသည်။
ကျွင်းချောင်ရှောင်းအနေနှင့်လည်း မပြုလုပ်၍ မရချေ။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းစုဆောင်းမှတ် တစ်သောင်း ကိုတောင် အသုံးပြုခဲ့ရပြီးဖြစ်သည်။ ထို့ကြောင့် တခြားသော တစ်နည်းနည်းဖြင့် ဂိုဏ်းဂုဏ်သိက္ခာကို ထပ်မံ တိုးမြှင့်အောင် ပြုလုပ်မှ ဖြစ်ပေလိမ့်မည်။
ဖျောက်
သိုလှောင်လက်စွပ်ထဲတွင်ရှိသော လောကအဆောင်သည် ကျိုးကြေသွား၏။ အလွန်တရာ ပြင်းထန်လှသော အော်ရာများသည် ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်ပေါ်လာသည်။ ထိုအော်ရာများ အားလုံးသည် သံမဏိအရိုးတောင်တစ်ခုလုံးဆီသို့ ဖုံးလွှမ်းသွား၏။ ဤမျှ ကြောက်မက်ဖွယ်ရာကောင်းလှသော စွမ်းအားများကို အာရုံခံမိသည့်နောက်မှာတော့ မူချန်းဟုန်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်၏။
“သိုင်းနယ်မြေလား”
ဤအရာမှာ အမှန်ပင်ဖြစ်သည်။ ကျွင်းချောင်ရှောင်းသည် အဆောင်အား ချိုးဖြတ်ပြီးသည့်နောက်မှာတော့ သူ၏ ကြွက်သားများ၊ မရီဒန်များ၊ စိတ်ဝိညာဉ်အမြူတေများနှင့် ခန္ဓာကိုယ်၏ အမွေးအမျှျင်တစ်ခုချင်းစီတိုင်း အားလုံး သည် တိုးတက်ပြောင်းလဲသွားကြပြီး သူ၏ ကျင့်ကြံခြင်းအဆင့်သည်လည်း ချက်ချင်းဆိုသလိုပဲ သိုင်းနယ်မြေ အဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိသွား၏။ သိုင်းနယ်မြေတစ်ပိုင်းမဟုတ်ပဲ အစစ်အမှန် သိုင်းနယ်မြေကျင့်ကြံသူ တစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သည်။
ကြောက်မက်ဖွယ်ရာ စွမ်းအားများ ထွက်ပေါ်လာပြီးသည့်နောက် တည်နေရာတစ်ခုလုံးသည် အချိန်မရွေး ရှိရှိသမျှအရာအားလုံး ပြိုကျပျက်စီးသွားမည့်ပုံ တုန်ခါလျက်ရှိ၏။ တောင်၏အခြေတွင်ရှိနေသော ဂိုဏ်းအကာအကွယ် အစီအရင်နှင့် များပြားလှသော အစီအရင်များအားလုံးသည် ဤကြမ်းတမ်းလှသော တည်နေရာလှုပ်ခါမှု၏ အောက်မှာတော့ အစွမ်းသက်ရောက်မှု ကင်းမဲ့သွားကြသည်။ ၎င်းတို့သည် အလုပ်လုပ်နိုင်စွမ်း ပျောက်ကွယ်သွားပြီ ဖြစ်၏။
ဝုန်း
ကျွင်းချောင်ရှောင်းသည် ရှေ့သို့လှမ်းတက်လိုက်၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး လျှပ်စီးအလင်းတန်းများ လွှမ်းခြုံ၍ ဆံပင်များသည်လည်း ရွှေရောင် ပြောင်းလဲသွား၏။ သူသည် ခေါင်းကိုမော့ကာ တီးတိုးပြောလိုက်၏။ “ပြိုင်စံရှားဂိုဏ်းကို လာရဲတယ်ဆိုမှတော့ အသက်ရှင်ရတာ ပျင်းနေလို့ဖြစ်မယ်”
အအေးနန်းတော် ဘိုးဘေးအကြီးအကဲ၏ အမူအရာသည် ပြောင်းလဲသွားတော့သည်။ ကြောက်မက်ဖွယ် ကောင်းလှသော စွမ်းအင်များ၏ လွှမ်းမိုးမှုအောက်မှာတော့ သူ၏စိတ်သည် မတည်ငြိမ်နိုင်တော့ပေ။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း ဟန်ချက်ပျက်သွားပြီး ကောင်းကင်ပေါ်မှာ ပြုတ်ကျလာတော့သည်။ ရုတ်တရက် ဆိုသလိုပဲ တည်နေရာတစ်ခုလုံး အက်ကွဲသွားသည်။
ကျွင်းချောင်ရှောင်း တည်နေရာဖြတ်သန်းသွားလာရင်း ဘိုးဘေးအကြီးအကဲကြီး ပြုတ်ကျသွားသည့်နေရာသို့ ရောက်ရှိလာသည်။ သူသည် လက်တစ်ဖက်ကို ဆန့်တန်း လိုက်၏။
ဘုန်း
တည်နေရာကြီးတစ်ခုလုံးပင် ချိုင့်ဝင်သွား၏။
ဘုန်း ဘုန်း ဘုန်း
အအေးနန်းတော်၏ ဘိုးဘေးအကြီးအကဲသည် အမြှောက်ဆံတစ်ခုကဲ့သို့ လွှင့်စင်သွားပြီး တောင်နံရံနှင့် တိုက်မိကာ မြေကြီးပေါ်သို့ ပြုတ်ကျလာတော့သည်။ မြေပေါ်မှာတော့ မိုင်တစ်ရာလောက်ကျယ်ဝန်းသော တွင်းကြီးတစ်ခု ဖြစ်ပေါ် သွားသည်။ ဤအရာသည် စကြဝဠာထဲမှ ဥက္ကာခဲတစ်ခု ကျဆင်းလာသည်ထက်ပင် ပို၍အားပြင်းနေသည်။
ကျွင်းချောင်ရှောင်းသည် ချက်ချင်းဆိုသလို ထိုနက်ရှိုင်းလှသော တွင်းကြီးအထက်ဆီသို့ ရောက်ရှိသွားသည်။ သူသည် လက်ကိုမြှောက်ကာဖြင့် ထပ်မံ၍ ထိုးနှက်တော့သည်။
ဘုန်း ဘုန်း ဘုန်း
ကြောက်မက်ဖွယ်ရာ စွမ်းအင်များ၏ ပေါက်ကွဲသံသည် ချင်းယန်နိုင်ငံတစ်ခုလုံးကို တုန်ခါသွားစေ၏။