ထူးဆန်းသောအစောင့်
Vol. 006 Ch. 574
ရှီမာယူယူခေါင်းငုံ့ပြီး ကြည့်လိုက်ရာ နတ်ဆိုးလက်ပတ်ထဲမှ ဖြစ်လေ့မရှိသော လှုပ်ရှားမှုဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူမသည် သူမဘေးတွင် ရပ်နေသော ဝူလင်းယူသည် ထူးဆန်းသော အမူအရာဖြစ်နေသည် ကို သတိမထားမိပေ။
“မင်းတို့ ၂ယောက် ဘာမှမဖြစ်ဘူးမလား” သူတို့အနောက်မှ လျှောက်လာသော ဖန်ကျိယန်သည် သူတို့ ၂ယောက် ရပ်နေသေးသည်ကို မြင်သောအခါ မေးလိုက်သည်။
ရှီမာယူယူသည် အိမ်ရှေ့တွင် စောင့်နေသော အစောင့်များကိုတွေ့သောအခါ ပြောလိုက်သည် “ဘာမှ မဟုတ်ပါဘူး ဒီလူကို ကြည့်ရတာရင်းနှီးနေသလိုဖြစ်နေလို့၊ သူ့ကို အရင်ကဘယ်မှာမြင်ဖူးလဲလို့ စဉ်းစားနေတာ ဒါပေမဲ့ သူအပြင်ပုံကသာရင်းနှီးနေတာ သူတို့ရောင်ဝါတွေက လုံးဝမတူဘူး”
ထိုအစောင့်သည် ရှီမာယူယူ ပြောစကားကိုကြားသောအခါ နှာခေါင်းရှုံ့လေသည်။ သူဘာမှမပြောလိုက် နိုင်ခင်မှာပင် ရှီမာယူယူသည် အဝေးသို့လျှောက်သွားပြီဖြစ်သည်။ အားလုံးထွက်သွားသောအခါ သူသည် သက်ပြင်းရှည်ချမိလေသည်။ သူသည် ရှီမာယူယူရှိရာ ဘက်သို့ကြည့်ရာ သူ့မျက်လုံးများသည် နီရဲလျက်ရှိသည်။
“ဟွာရှို မင်းဘာဖြစ်နေတာလဲ” အစောင့်တစ်ယောက်သည် သူကြည့်နေသော ဘက်သို့ကြည့်ပြီး မေး လိုက်သည်။
“ဘာမှမဟုတ်ဘူ အဲလူတွေက ဘယ်သူတွေလဲလို့ သိချင်လို့” ဟွာရှိုသည် သိချင်သည့်ပုံဖြင့် မေးလိုက် သည်။
“မင်းသူတို့ကို မသိဘူးလား” အစောင့်သည် ရယ်မောကာ “သူတို့က ဖန်မျိုးနွယ်ကလေ သခင်ကြီးလျုန် နဲ့ သူ့ဇနီးပဲ”
“သူတို့နဲ့ ပါလာတဲ့ လူငယ်လေးတွေကရော” ဟွာရှုံသည် အထူးသဖြင့် ရှီမာယူယူအကြောင်းကို မေးချင် ရာ သူမ နာမည်ကိုလည်း မသိသဖြင့် ပေါ်တင်လည်း မမေးရဲပေ။
“အဲလူတွေလား တစ်ယောက်ကတော့ သခင်ကြီးလျုန်ရဲ့ သားပဲ နောက်တစ်ယောက်က ပညာရှိ စံအိမ်တော်ရဲ့ မြင့်မြတ်တဲ့သားတော်၊ နောက်ဆုံးတစ်ယောက်ကိုတော့ ငါလည်းမသိဘူး” အစောင့်သည် ခေါင်း ရမ်းလိုက်သည် “အဲလူကြည့်ရတာ အားနည်းနေသေးတဲ့ပုံပဲ သူ့ကိုဘာလို့ဒီကိုခေါ်လာတာလဲမသိဘူး၊ သွေးဂူ လိုနေရာက သူ့လိုကလေးတစ်ယောက်အတွက် မသင့်တော်ဘူး”
“မင်းက သခင်ကြီးနဲ့ မကြာခဏ ခရီးသွားတယ်မလား၊ ဘာလို့သူတို့ကို မသိရတာလဲ”
“အဲကောင်လေးက အသက် ၂၀ ၃၀လောက်ပဲရှိသေးတာ၊ အဲအရွယ်လောက်လူတွေကို ငါအများကြီး မသိဘူး”
“အမှန်ပဲ… ဟားဟား”
ရှီမာယူယူ အခန်းသို့ဝင်လိုက်သည်နှင့် ဖန်ကျိရှင်းနှင့် ဟော့ဘာဝူချန်းတို့သည် အိပ်ရာ၂ခုပေါ်တွင်ရှိနေ သည်။ သူမသည် သူတို့အခြေအနေကို စစ်ဆေးရန်သွားရာ သူတို့အခြေအနေမှာ ဆိုးရွားနေသည်။ သူမသည် ဆေးရည်ပုလင်း၂ခုထုတ်ပြီး သူတို့ပါးစပ်ကိုဖွင့်ကာ တစ်ခုစီ လောင်းထည့်လိုက်သည်။
“ယူယူ သူတို့ကို ဘာတိုက်လိုက်တာလဲ” ဖန်ကျိယန် မေးလိုက်သည်။
“ဝိဉာဉ်အရည်က သူတို့ဆေးစုပ်ယူနိုင်မှုကို နှေးသွားစေလိမ့်မယ်” ရှီမာယူယူ ပြောလိုက်သည်။
“သူတို့ကို ဘာလို့အဲဒါတိုက်တာလဲ”
“သူတို့ခန္ဓာကိုယ်က အရမ်းပင်ပန်းထားတာ အပြောင်းအလဲများတာကို လက်မခံနိုင်ဘူး၊ ဆေးကို မြန်မြန် စုပ်ယူလိုက်ရင် ပိုပြီးထိသွားလိမ့်မယ်” သူမ ရှင်းပြသည် “အေးခဲနေတဲ့ နှင်းမုန်တိုင်းကြားမှာ မကျင့်ကြံနိုင်တဲ့လူ က ရေနွေးသုံးတာနဲ့ပဲ ပျက်ဆီးမသွားပါဘူး”
သူမရှင်းပြသည်ကို ကြားလိုက်သည်နှင့် ဆိုလိုရင်းကိုနားလည်ကြသည်။ သူတို့ပေးလိုက်သော ဆေးများ သည် အလွန်အားကောင်းလွန်းနေသည်ဟု သူမ ပြောလိုက်ခြင်းဖြစ်သည်။ သို့သော် ဖန်လျုန်နှင့်တခြားသူများ သည် ထက်မြက်သူများဖြစ်၍ သူမ လုပ်ဆောင်နေသည်ကို ကြည့်နေရုံဖြင့် နားလည်ကြသည်။
“သူတို့နိုးလာအောင် ကျွန်တော် အပ်စိုက်တာကိုလုပ်ပေးမယ်” ရှီမာယူယူသည် အိမ်ထဲမှ လူများကို ကြည့်လိုက်ရာ အားလုံးသည် သူမ အကြည့်အား နားလည်လိုက်ကြသည်။ အားလုံးကို ထွက်သွားခိုင်းခြင်းဖြစ် သည်။
“ဒါဆိုလည်း ငါတို့သွားလိုက်မယ်” ဖန်လျုန်သည် လူအုပ်အား သူနှင့်အတူခေါ်သွားလေသည်။ ဘေချင်း နှင့် တခြားသူများသာ သူတို့ကို စောင့်ရင်းနှင့် ကျန်ခဲ့လေသည်။
ရှီမာယူယူသည် ၁လက်မတောင် ရွေ့လျားခြင်းမရှိပဲ ရပ်နေသော ဝူလင်းယူအား ကြည့်ပြီး မျက်ခုံးပင့် ကာ မေးလေသည် “စီနီယာအစ်ကို မသွားဘူးလား”
“မင်း အကူလိုမယ်ထင်တယ် ဟုတ်တယ်မလား” ဝူလင်းယူ ပြောလိုက်သည်။
အကူဟုတ်လား။ သူက သူမအတွက်အကူလုပ်ပေးဖို့ နေခဲ့တာလား။
သူ၏ စိတ်ပိုင်းဖြတ်ထားသော အကြည့်ကိုကြည့်ရာ သူသည် တစ်စုံတစ်ခုကို ဆုံးဖြတ်ပြီးလျှင် အလွယ် တကူ စိတ်ပြောင်းတတ်သည့်လူမဟုတ်မှန်း သူမ သိသည်။ သည်လိုနှင့် သူမသည် သူ့အားဖိအားမပေးတော့ပဲ ဖန်ကျိရှင်း၏ အဝတ်အစားများကို ချွတ်လိုက်သည်။ ထို့နောက်တွင် အပ်ထုတ်ကာ သူမ အလုပ်ကို လုပ်နေတော့ သည်။
သူမ ညာဘက်လက်ဖြင့် အပ်ကိုင်ကာ ဘယ်ဘက်လက်ဖြင့် ဖန်ကျိရှင်း၏ ခန္ဓာကိုယ်ကို စမ်းသပ်နေ သည်ကို ဝူလင်းယူမြင်လိုက်သောအခါ အလျင်စလိုပြေးသွားပြီး ပြောလိုက်သည် “တကယ်တော့ မင်း ဘယ် နေရာကို အပ်စိုက်ချင်လဲဆိုတာသာ ပြောလိုက်၊ ငါကူပေးမယ်”
ရှီမာယူယူသည် အပ်စိုက်ပြီးနောက်တွင် မျက်လုံးလှန်ကာ ဝူလင်းယူအား ကြည့်ပြီး ပြောလိုက်သည် “အစ်ကိုသာ အပ်စိုက်တာကိုသင်ခဲ့တယ်ဆိုရင် လုပ်ခိုင်းမှာပဲ၊ ဒါပေမဲ့ အပ်ဘယ်လိုစိုက်ရလဲဆိုတာ သိလား”
ထိုစကားအဆုံးတွင် သူ ကြက်သေသေသွားသည်။ အချိန်ကြာမှပင် သူသည် အောက်ကျို့စွာဖြင့် ပြော လေသည် “ငါသင်နိုင်ပါတယ်”
“ဒါပေမဲ့ ကျွန်တော် အစ်ကို့ကို သင်ပေးဖို့အချိန်မရှိဘူး” ထို့နောက်တွင် ရှီမာယူယူသည် သူ့ကို လျစ်လျူ ရှုပြီး ဖန်ကျိရှင်းတို့အား အပ်စိုက်ကုပေးလေသည်။
“ဟုတ်တယ်၊ အချိန်ကသွားနေတာ..” ဝူလင်းယူ သက်ပြင်းချလေသည် “ညီလေး နောက်ကို ငါတို့မှာ တစ်ခုခုဖြစ်လာရင် မင်းငါ့နားမှာ နီးနီးကပ်ကပ်နေရမယ် နားလည်လား”
“နားလည်ပါတယ် ဒီစကားကိုပဲ ပြောတာ ၂ခါရှိနေပြီ” ရှီမာယူယူသည် နိုးကြားစွာဖြင့် ပြောလေသည် “အစ်ကို စကားဆက်ပြောနေရင် နှင်ထုတ်မိတော့မယ်”
“ငါငြိမ်နေပါ့မယ်” ဝူလင်းယူသည် အမှန်တကယ်ပင် ငြိမ်သွားကာ သူမ လုပ်သမျှကို ကြည့်နေခဲ့သည်။
နာရီဝက်အကြာတွင် ရှီမာယူယူသည် အပ်စိုက်ခြင်းပြီးသွားလေသည်။ ဖန်ကျိရှင်းနှင့် ဟော့ဘာဝူချန်းတို့ ၂ယောက်လုံး သတိပြန်လည်လာသည်။
“ဆရာ အခုဘယ်လိုနေလဲ” ရှီမာယူယူသည် အိပ်ရာဘေးသွားပြီး ထိုင်ချကာ မေးလိုက်သည်။
“ပိုကောင်းလာပြီ” ဖန်ကျိရှင်းသည် သူမအား ကျေးဇူးတင်စွာဖြင့်ကြည့်လေသည်။ ဒီလောက်နှစ်တွေ ကြာပြီးတော့ သူတို့ ၂ယောက်က ဒီလိုအခြေအနေမျိုးမှာ ပြန်တွေ့မယ်လို့ ဘယ်သူထင်မိမှာလဲ။ ထိုအချိန်က သူ သည် ခမ်းနားကာ တင့်တယ်သော ပုံစံဖြင့် ထွက်လာခဲ့သည်။ မထင်မှတ်ပဲ နှစ်အနည်းပင်ကြာချိန်တွင်တော့ သူမ သည် သူ့ကိုကယ်ခဲ့သည်။
သူလှည့်ပတ်ကြည့်ရာ သူမနှင့် ဝူလင်းယူတို့သာ ရှိနေသည်ကို တွေ့လိုက်ရသည်။ ရှီမာယူယူ ပညာရှိ စံအိမ်တော်သို့ ဝင်သွားသည်ဟု သူ တိတ်တဆိတ် ကောက်ချက်ချလိုက်သည်။
“ဆရာ ဒါကကျွန်တော့် စီနီယာအစ်ကို ဝူလင်းယူပါ” ဖန်ကျိရှင်းသည် ဝူလင်းယူအား ကြည့်နေရာ ဖန်ကျိ ရှင်းသည် သူ့ကို သိချင်နေမည်ဟု အထင်နှင့် ရှီမာယူယူ မိတ်ဆက်ပေးလိုက်သည်။
သူမ မိတ်ဆက်ပေးသည်ကို ကြားသောအခါ သူ့အမူအရာပြောင်းသွားသည်။ သူ အေးစက်စွာ သက်ပြင်း ချကာ “ငါ ပညာရှိစံအိမ်တော်က မြင့်မြတ်တဲ့သားတော်ကို သိပါတယ်”
ရှီမာယူယူသည် သူ့အမူအရာပြောင်းသွားရခြင်း အကြောင်းအရင်းကို နားမလည်ပေ “ဆရာ”
“ယူယူ မင်း ပညာရှိစံအိမ်တော်အကြောင်းကို ဘယ်လောက်သိလဲ”
“သိသင့်သလောက်တော့ သိပါတယ်” ရှီမာယူယူ ပြောလိုက်သည်။ သူမသည် ဝူလင်းယူထံမှ ပညာရှိ စံအိမ်တော်အကြောင်းကို ကြားခဲ့သည်။ ထို့ကြောင့်ပင် သူတို့အကြောင်းပြောရလျှင် သူမသည် တော်တော် များများ သိသည်ဟု ပြောရမည်။
“ဒါဆိုရင် သူတို့က ရိုးသားတဲ့မျက်နှာဖုံးနောက်ကွယ်မှာ မကောင်းတာတွေလုပ်နေတဲ့ ဂိုဏ်းဆိုတာကို ရော သိထားသင့်တယ်”
“ကျွန်တော်သိပါတယ်”
ရှီမာယူယူ အလျင်အမြန်ပင် ဝန်ခံလိုက်သည်ကို ဖန်ကျိရှင်းမြင်သောအခါ စိတ်တိုစွာဖြင့် ပြောလိုက် သည် “သူတို့က အဲလိုဂိုဏ်းဆိုတာသိရဲ့သားနဲ့ မင်းက ဝင်ချင်တုန်းပဲလား”
“ပညာရှိစံအိမ်တော်ကို ဝင်မယ်ဟုတ်လား” ရှီမာယူယူသည် မှင်တက်သွားသည် “ကျွန်တော် ပညာရှိ စံအိမ်တော်ကို မဝင်ပါဘူး”
“မဝင်ဘူးလား ဒါဆို ဘာလို့ သူ့ကို စီနီယာအစ်ကိုလို့ခေါ်တာလဲ” ဖန်ကျိရှင်းသည် အံ့သြသွားသည်။
သူ့အတွေးများ ဘယ်အထိရောက်ပြီးပြီလဲဆိုသည်ကို ရှီမာယူယူ အခုမှပင် နားလည်သွားတော့သည် “ဆရာ စီနီယာရဲ့ ဆရာက အံ့ဖွယ်နတ်ဆိုးတောင်ကြားရဲ့ ဆရာပါ၊ အခုဆိုရင် သူက ကျွန်တော့်ဆရာလည်း ဟုတ်တယ်၊ သူက ကျွန်တော့်ကို အဂ္ဂိရတ်ပညာသင်ပေးခဲ့တယ်၊ အဲဒါကြောင့် ကျွန်တော်က ပညာရှိစံအိမ်တော် ရဲ့ အဖွဲ့ဝင်မဟုတ်ပဲ သူနဲ့ စီနီယာ ဂျူနီယာဆက်ဆံရေးဖြစ်နေတာ”
“မင်းတကယ်ပဲ မဝင်ဘူးမလား” ဖန်ကျိရှင်းသည်ထပ်ပြီး အတည်ပြုလေသည်။
ရှီမာယူယူသည် အခိုင်အမာဖြင့် ခေါင်းညိမ့်လေသည်။
“အဲဒါဆိုလည်းပြီးတာပဲ အဲလိုဂိုဏ်းက မင်းသေချာပေါက် ဝင်လို့မဖြစ်ဘူး၊ မဟုတ်ရင်…”
ဝူလင်းယူသည် အားလျော့သွားသည်။ မည်သို့ပင်ဖြစ်စေကာမူ သူသည် ပညာရှိစံအိမ်တော်၏ မြင့်မြတ် သော သားတော်ဖြစ်နေသည်။ သူတို့က သူ့ကို အဲလောက်တောင် လျစ်လျူမရှုနိုင်ဘူးလား။
“ဆရာစိတ်ချပါ ကျွန်တော် ပညာရှိစံအိမ်တော်ကို မဝင်ပါဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် ဝင်ချင်တိုင်း လည်း ဝင်လို့မရပါဘူး”
“ဘာလို့လဲ”
“ဘာလို့လဲဆိုတော့ ကျွန်တော် မှီခိုကင်းတိုင်းပြည်က သူတို့ရဲ့ ဂိုဏ်းခွဲကို အမြစ်ဖြုတ်ခဲ့လို့”
ဖန်ကျိရှင်းနှင့် ဟော့ဘာဝူချန်းသည် မှင်တက်သွားပြီးနောက် ဟော့ဘာဝူချန်းသည် ရယ်မောလေသည် “ဟားဟား မဆိုးဘူး မင်းက ဒီလောက်ငယ်ငယ်လေးနဲ့ ဂိုဏ်းခွဲတစ်ခုလုံးကို အမြစ်ဖြုတ်ခဲ့တယ်ဆိုတော့ ဘယ်လောက်တောင် သတ္တိရှိလိုက်လဲ”
ဖန်ကျိရှင်းသည်လည်း ပြုံးသွားကာ မေးလိုက်သည် “ယူယူ မင်းဘာလို့ မှီခိုကင်းတိုင်းပြည်သွားလိုက်တာ လဲ အဲမှာဘာတွေလုပ်ခဲ့တာလဲ”