အခန်း (၆၀၄)
Vol. 41 Ch. 604
အရှေ့မြောက် လုကျိုး ဆီသို့ သွားရာခရီးတွင် ကျန်းတယ်ကျွင်းသည် ကျွင်းချောင်ရှောင်းနှစ်သက် သဘောကျလောက်သည့် အပြုအမူမျိုး စွမ်းဆောင်ရည်မျိုးကို ထုတ်ဖော်ပြသခဲ့၏။
ထို့ကြောင့် ဂိုဏ်းချုပ်ကျွင်းသည် အလွန်တရာ နှစ်သက်ခဲ့၏။ ထို့အပြင် အစီအရင်ဟောခန်း၏ ခန်းမသခင်အဖြစ် ခန့်အပ်ပြီးကတည်းက သူသည် ဆန်းကြယ်ဂိတ်တံခါး သုံးဆယ့်နှစ် စာအုပ်အား ပေးအပ်ရန် ပြင်ဆင်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် လက်ရှိအချိန်တွင် တစ်ခါတည်းပေးအပ်လိုက်ခြင်းပင် ဖြစ်တော့သည်။
ဆန်းကြယ်ဂိတ်တံခါး သုံးဆယ့်နှစ် စာအုပ်၏ မိတ္ထူကို ရရှိပြီးသည့်နောက် ကျန်းတယ်ကျွင်းသည် စတင်ကာ လေ့ကျင့်တော့၏။
သူသည် လျိုဝမ်ရှစ် ချက်ပြုတ်ပေးသော အစားအစာများကို တစ်နေကုန် မထိတွေ့ခဲ့ပေ။ အလွန်တရာ စိတ်ကိုနှစ်၍ လေ့လာနေသည်မှာ သိသာလှသည်။
သူသည် ကျွင်းချောင်ရှောင်းအား စိတ်မပျက်စေခဲ့ပေ။ ရက်အနည်းငယ် အတွင်းမှာပဲ အလယ်အလတ်အဆင့် စိတ်ဝိညာဉ် စုစည်းခြင်း အစီအရင်အား နားလည်နိုင်ခဲ့၏။
အချိန်နှင့် တည်နေရာလျို့ဝှက်နယ်မြေ အတွင်းမှာတော့ အစီအရင်ဖန်တီးရာ အလံများသည် ပျံသန်းသွားပြီး သတ်မှတ်ထားသည့် တည်နေရာထဲသို့ ထိုးစိုက်သွားတော့၏။ အစီအရင်ကို ဖန်တီးပြီးသည့်နောက်မှာတော့ အစီအရင်သည် စတင်ကာ အသက်ဝင်သွားတော့သည်။
အရာအားလုံးပြီးမြောက်သွားပြီးသည့်နောက်မှာတော့ ကောင်းကင်ပေါ်သို့ အလင်းတန်းများ ထိုးတက်သွားပြီး အလယ်အလတ်အဆင့် စိတ်ဝိညာဉ် စုစည်းခြင်း အစီအရင်ကို ဖန်တီးနိုင်ခဲ့တော့၏။
"အံအားသင့်စရာပဲ အံ့အားသင့်စရာပဲ"
အဝေးတစ်နေရာတွင် ပုန်းအောင်းနေသော ကျွင်းချောင်ရှောင်းသည် လက်ခုပ်တီးကာ အားပေးလိုက်၏။
သူသည် အဘယ့်ကြောင့် အဝေးတစ်နေရာသို့ ရောက်ရှိနေရသနည်း။
အကြီးအကဲကျန်း၏ ပထမဦးဆုံး အစီအရင် ဖန်တီးမှုတွင် မအောင်မြင်ဘဲ ပေါက်ကွဲသွားမည်ကို စိုးရိမ်သောကြောင့် သူသည် ခေါင်းဆောင်ကောင်းပီသစွာ ခပ်ဝေးဝေးမှ အားပေးနေခြင်းဖြစ်၏။
သို့ပေမဲ့ အရည်အသွေးသည် အရည်အသွေးသာ ဖြစ်တော့သည်။ အဆင့်ကိုး အစီအရင် ဘုရင်တစ်ယောက် သည် ကျွင်းချောင်ရှောင်းကဲ့သို့ ပင်ကိုယ်စွမ်းရည် ဆေးရည်များကို သောက်သုံးပြီး ဖြစ်ပေါ်လာသည့် အစီအရင်ဆရာထက် မည်သို့မှ အားမနည်းခဲ့ချေ။
"ဂိုဏ်းချုပ်"
ကျန်းတယ်ကျွင်းက ပြောလိုက်၏။ "ဆန်းကြယ်ဂိတ်တံခါး သုံးဆယ့်နှစ် အစီအရင်ကို ပိုပြီး နားလည်အောင် လေ့ကျင့်လိုက်အုံးမယ်"
"သွား သွား"
ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ် စုစည်းခြင်း အစီအရင်ထဲသို့ ဝင်ရောက်ပြီးသည့်နောက်မှာတော့ လောက၏ စိတ်ဝိညာဉ် ဓာတ်သဘာဝများအားလုံးသည် အဆတစ်ရာ ပိုမို စုပ်ယူ၍ ရရှိကြောင်း သိလိုက်သည်။ သူ တီးတိုး ရေရွတ်လိုက်မိ၏။ "အချိန်မြန်ဆန်မှုနှုန်း အဆငါးဆယ်ဆို ကျင့်ကြံခြင်း အမြန်နှုန်းက ပိုပြီးတော့ ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် တိုးတက်သွားမှာပဲ။ နှစ်ဝက်အတွင်းမှာ တပည့်တွေ အကုန်လုံးက သိုင်းစစ်သူကြီး ထိပ်ဆုံး အဆင့်ကို ချိုးဖြတ်ရောက်ရှိသွားဖို့ဆိုတာ အရမ်းကို လွယ်နေတယ်"
အချိန်သည် ငါးဆယ်ဆပိုမို မြန်ဆန်သလို စိတ်ဝိညာဉ်စွမ်းအင် စုပ်ယူနိုင်စွမ်းကလည်း အဆတစ်ရာ ပိုမိုအားကောင်းနေသည်။
အပြင်ဘက်လောကတွင် တစ်နှစ်ကြာမည်ဆိုလျှင် ဤနေရာတွင် နှစ်ပေါင်းငါးဆယ် လေ့ကျင့်နေခြင်း ဖြစ်မည်။ ဤအရာမှာ သောက်ကျိုးနည်း အံ့အားသင့်စရာပင် ဖြစ်၏။
သို့ပေမဲ့ အချိန်နှင့် တည်နေရာ လျှို့ဝှက်နယ်မြေသည် ကျင့်ကြံခြင်း နည်းစနစ်များကို နားလည်စေဖို့ အချိန်လိုအပ်လျှင် နားလည်ဖို့ ကျင့်ကြံသင့်သော နေရာလည်း ဖြစ်၏။ သို့ပေမဲ့ ပြစ်ချက်မှာတော့ ရှိနေသေးသည်။
လူတစ်ယောက်၏ သက်တမ်းသည် အထဲမှ အချိန်အတိုင်း ကုန်ဆုံးသွားခြင်းပင်ဖြစ်၏။ ထို့ကြောင့် တစ်စုံတစ်ယောက်သည် အထဲတွင် နှစ်ငါးဆယ် လေ့ကျင့်မည် ဆိုပါက သက်တမ်းသည် နှစ်ငါးဆယ် ကုန်ဆုံး သွားပေလိမ့်မည်။
သက်တမ်းကုန်ဆုံးခါနီး သိုင်းကျင့်ကြံသူများ အနေနှင့် တည်နေရာထဲသို့ ဝင်ရောက်၍ ကျင့်ကြံသည်ဆိုပါက အဆင့်မတက်နိုင်သည့်အပြင် တစ်ခါတည်းပင် သေဆုံးသွားနိုင်၏။
"တပည့်တွေ အကုန်လုံးက ငယ်ရွယ်သေးတယ်။အဆင့်ကြီးတွေကို ချိုးဖြတ်နိုင်ပြီဆိုရင် သူတို့ရဲ့ သက်တမ်းက ထပ်တိုးလိမ့်မယ်။ဒီတော့ ပြသနာတစ်ခုမဟုတ်ဘူး။"
"သူတို့ကို ဒီနေရာမှာ နှစ်တစ်ရာလောက် လေ့ကျင့်ခိုင်းလိုက်။ ဒါဆိုရင် အပြင်မှာ နှစ်နှစ်ပဲ ရှိသေးတယ်။သူတို့က သိုင်းအင်ပါယာ အဆင့်ကို မရောက်ဘူးဆိုရင်တောင်မှ သူတို့အားလုံးက သိုင်းအုပ်စိုးသူ အဆင့်ကိုတော့ ရောက်ရှိနိုင်တယ်။"
ကျွင်းချောင်ရှောင်းသည် လှပသော မနက်ဖြန်နေ့များအတွက် စတင်ကာ စိတ်ကူးယဉ်နေတုန်းမှာပဲ စနစ်က ရုတ်တရက် ပြောလိုက်သည်။ "အချိန်နဲ့တည်နေရာလျို့ဝှက်နယ်မြေထဲကို ဝင်ရင် အပြင်လောကမှာ သုံးရက် ကျင့်ကြံတာနဲ့ တူညီတဲ့ အချိန်လောက်ပဲ နေလို့ရတယ်။ ပြီးရင် တစ်စက္ကန့်တောင် ဆက်နေဖို့ မဖြစ်ဘဲ အပြင်ဘက်ကို ထွက်ခွာသွားရလိမ့်မယ်။"
ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ "ဘာလို့ ဒီကိစ္စကို စောစောစီးစီး မပြောတာလဲ"
စန်ကပြောလိုက်သည်။ “မမေးလို့ပါ”
"ချီးတဲ့မှ"
ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ကျသွားမိသည်။ "သုံးရက်ပဲ လေ့ကျင့်လို့ ရတာလား။ဒါက အရမ်းနည်းလွန်းတယ်လေ"
အပြင်လောကတွင် သုံးရက်ကြာမြင့်သည့် အချိန်ကာလသည် အတွင်း၌ ရက်ပေါင်းတစ်ရာ့ငါးဆယ် နှင့် တူညီပေလိမ့်မည်။ သို့ပေမဲ့ သူ စိတ်ကူးယဉ်ထားသည့် နှစ်တစ်ရာ ကျင့်ကြံခြင်းနှင့်ဆိုလျှင်တော့ အလွန်အမင်းကွာခြားနေသေး၏။
စနစ်က ပြောလိုက်သည်။ "ပြီးတော့ ဒါက စဦးအဆင့် လျို့ဝှက်နယ်မြေ တစ်ခုလေ။ အချိန်ပိုပြီးတော့ လိုချင်တယ်ဆိုရင် အဆင့်မြင့်လျို့ဝှက်နယ်မြေတစ်ခုကို ရအောင် ဝယ်ပေါ့"
ဤအရာသည် သူ့ကို ရင်နာအောင် ပြုလုပ်လိုက်ခြင်းနှင့်ပင် ဆင်တူသည်။
အောင်မြင်မှု သရဖူကို လက်လှမ်းယူဖို့အတွက် သွေးတွေပွက်ပွက်ဆူနေသော ကျွင်းချောင်ရှောင်းသည် လက်ရှိအခြေအနေမှာတော့ ပြန်လည်၍ သွေးအေးသွားခဲ့ပြီဖြစ်၏။
"အဲမှာ ရပ်မနေနဲ့"
စနစ်က ပြောလိုက်သည်။ "ဒီနေရာမှာ အချိန်က အဆငါးဆယ်မြန်တာ။လက်ခံသူ ဒီနေရာမှာ မတ်တပ် ရပ်နေမယ်ဆိုရင် ကိုယ့်ရဲ့ သက်တမ်းတွေကို ဖြုန်းတီးနေတာနဲ့ အတူတူပဲ။ဒီမှာ ကျင့်မယ်ဆိုရင်လည်း ကျင့် ၊ မကျင့်ဘူးဆိုရင်လည်း ထွက်သွားလိုက်။"
ကျွင်းချောင်ရှောင်းသည် မြန်မြန်ပဲ ထွက်ခွာသွားလိုက်သည်။
သူသည် သိုင်းဘုရင်ထိပ်ဆုံးအဆင့်တွင် ပိတ်မိနေသူ တစ်ယောက်ဖြစ်သည်။ သူ၏ အဆင့်သည်လည်း ပိတ်မိနေ၏။ ထို့ကြောင့် ကျင့်ကြံနေဖို့ မလိုအပ်ချေ။
ဟင်း။
ကျွင်းချောင်ရှောင်းသည် သူ့ကိုသူ နှစ်သိမ့်လိုက်၏။ "သုံးရက်က သုံးရက်ပဲ။ အနည်းဆုံးတော့ ပိုပြီး လေ့ကျင့်လို့ ရနေတာပဲ"
"ဒါပေမဲ့ …."
သူသည် နဖူးကို ပုတ်ကာ ပြောလိုက်သည်။ "ငါ့ရဲ့ ဘေးထွက်ဆိုးကျိုး တစ်နှစ်ဆိုတဲ့ အချိန်ကလည်း ဒီလျို့ဝှက်နယ်မြေထဲဝင်လိုက်ရင် မြန်မြန်ဆန်ဆန် ကုန်ဆုံးသွားမှာပဲ"
"ဒါက"
စနစ်သည် ခဏလောက် ငြိမ်သက်သွား၏။ ပြီးနောက် ပြောလိုက်သည်။ "သီအိုရီအရဆိုရင်တော့ ဟုတ်ပါတယ်..."
ပြိုင်စံရှား ဂိုဏ်း၏ တပည့်များအားလုံးသည် တောင် အနောက်ဘက်ဆီသို့ ရောက်ရှိလာပြီး စိတ်ဝိညာဉ် စုစည်းခြင်း အစီအရင်ထဲတွင် လေ့ကျင့်ကြသည်။ ပြီးနောက် အချိန်နှင့် တည်နေရာ လျို့ဝှက်နယ်မြေထဲသို့ ဝင်ကြတော့သည်။
အချိန်သည် သုံးရက်သာ ရရှိသောကြောင့် အားလုံးသော တပည့်များသည် ပြင်းပြင်းထန်ထန်နှင့် ကြိုးစား၍ နေသည်။ လက်ရှိအချိန်တွင် တစ်မိနစ်လောက်ပင် မကြိုးစား၍ မရချေ။
ဟယ်ဝူတီမှာတော့ အစောကတည်းက ကျင့်ကြံရာတွင် မြန်ဆန်လွန်းလှသည်မို့ အချိန်အဆငါးဆယ် မြန်ဆန်သည့် နေရာတွင် ဝင်ပြီးသည့်နောက်မှာတော့ ၎င်း၏ အစွမ်းကို ထုတ်ဖော်ပြသလျက်ရှိနေတော့သည်။
ကျွင်းချောင်ရှောင်းမှာတော့ သူ၏ တစ်နှစ်တာ ဘေးထွက်ဆိုးကျိုးကို မြန်မြန် ကုန်ဆုံးနိုင်စေရန်အတွက် နေရာသို့ ဝင်လာခဲ့သည်။
သို့ပေမဲ့ သူသည် ကျင့်ကြံခြင်းကို မပြုလုပ်ပေ။အဲဒီအစား သိုင်းနည်းစနစ်နှင့် အခြားအရာများကို နားလည်စေရန် အချိန်ကို အလုပ်ပေးကာ ကြိုးစားတော့၏။
ဤအရာသည် အချိန်နှင့်တည်နေရာ လျို့ဝှက်နယ်မြေ၏ ကောင်းမွန်သည့် အကျိုးကျေးဇူးပင် ဖြစ်သည်။ ဤနေရာသို့ ဝင်ရောက်ပြီး ကျင့်ကြံခြင်းအဆင့်ကို ကျင့်ကြံရုံတင်မက သိုင်းနည်းစနစ်များနှင့် တစ်ခြားသော ဖြည့်စွက်နည်းစနစ်များအားလုံးကို နားလည်စေရန် ကြိုးစားပြုလုပ်၍ ရနိုင်သည်။
စနစ်မှ ပြောပြထားသလိုပဲ လျို့ဝှက်နယ်မြေအတွင်းတွင် ရက်ပေါင်းတစ်ရာ့ငါးဆယ် နေထိုင်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း နှင့် ပထမအသုတ် တပည့်များအားလုံးသည် တစ်ယောက်ပြီး တစ်ယောက် အပြင်ဘက်သို့ ထွက်ခွာခဲ့ကြရသည်။
တပည့်တော်တော်များများသည် ဤအချိန်နှင့် တည်နေရာ လျို့ဝှက်နယ်မြေ၊ ဆေးလုံး ၊ စိတ်ဝိညာဉ် စုစည်းခြင်း အစီအရင် များနှင့် တစ်ခြားသော အရင်းအမြစ်များကို စုစည်းပြီး ငါးလအတွင်း တိုးတက်အောင် ပြုလုပ်ခဲ့ကြသည်။
၎င်းတို့၏ ကျင့်ကြံခြင်း အမြန်နှုန်းသည် ယခင်ကထက် အများကြီး ပိုမို၍ မြန်ဆန်လာ၏။
အဘယ့်ကြောင့် လျှို့ဝှက်နယ်မြေ တွင် အချိန်အကန့်အသတ် ရှိနေရသနည်း ဆိုသည်ကို ကျွင်းချောင်ရှောင်း နောက်ဆုံးတော့ နားလည်သွားသည် ဤကဲ့သို့ မြန်ဆန်သော ကျင့်ကြံသည့်နှုန်းနှင့်ဆိုလျှင် လောကတွင် ရှိသော တစ်ခြားသော ကျင့်ကြံသူများသည် သူတို့အား လိုက်၍ မှီနိုင်မည် မဟုတ်။ ထိုသို့ဆိုလျှင် လောက၏ မျှချေသည် ပျောက်ဆုံးသွားပေလိမ့်မည်။
"ဒါက တကယ့်ကို ကြမ်းတဲ့နယ်မြေတစ်ခုပဲ။"
ကျွင်းချောင်ရှောင်းသည် လက်ရှိ တပည့်များ၏ အခြေအနေနှင့် ပတ်သက်၍ အလွန်တရာ စိတ်ချမ်းသာလျက်ရှိနေသည်။ ပြီးနောက် သူသည် ကျန့်ရာနှင့် နင်ညီအစ်ကိုတို့အား ခေါ်ကာ ပြောလိုက်၏။ "အချိန်အတိုင်းအတာတစ်ခု အထိ တပည့်တွေကို မသင်ပေးနဲ့အုံး။အရင်ဆုံး နှစ်ဝက်အတွင်း သိုင်းဘုရင် ထိပ်ဆုံးအဆင့်ရောက်အောင် ကြိုးစားသင့်တယ်"
"နှစ်ဝက်ဟုတ်လား သိုင်းဘုရင် ထိပ်ဆုံး ဟုတ်လား"
ကျန့်ရာ၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွားသည်။ "ဂိုဏ်းချုပ် ဒါက အရမ်းကို ခက်တယ်"
ကျွင်းချောင်ရှောင်းသည် သိုလှောင်လက်စွပ် သုံးကွင်းကို လှမ်းပစ်ပေးကာ ပြောလိုက်သည်။ "ဒီမှာ သဘာဝစိတ်ဝိညာဉ်ကျောက်တုံး ငါးသောင်းစီ ပါတယ်။အဆင့်ချိုးဖြတ်ဖို့ အတွက် ယုံကြည်ချက်ရှိပြီလား"
အထူးတာဝန်အတွက် အခက်ဆုံးသည် သိုင်းဘုရင် ထိပ်ဆုံးအဆင့်ကို ရောက်ရှိရန် ဖြစ်သည်။ ထိုအရာကို ပြည့်စုံဖို့ဆိုရင် သူသည် စိတ်ဝိညာဉ် ကျောက်တုံးများကို အသုံးပြုမှ ဖြစ်ပေလိမ့်မည်။
ထို့အပြင် စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းအား နတ်ဆိုးမိစ္ဆာဂိုဏ်းဆီမှ သူသည် သွားရောက် လုယက်ခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် နှမြောနေစရာ မလိုပေ။
"ကျုပ်တို့ အဆင့်ချိုးဖြတ်နိုင်ပါတယ်"
ကျန့်ရာနှင့် နင်ညီအစ်ကိုတို့သည် လေးနက်စွာ ပြောလိုက်၏။
အချိန် နှင့် တည်နေရာ လျို့ဝှက်နယ်မြေ ၊ အဆတစ်ရာကောင်းသော ချီစုစည်းခြင်း အစီအရင်နှင့် ယခု သဘာဝစိတ်ဝိညာဉ် ကျောက်တုံး ငါးသောင်းအား ရရှိနေ၏။ ထို့ကြောင့် သူတို့သည် သိုင်းဘုရင် ထိပ်ဆုံး အဆင့်သို့ ရောက်ရှိရန် အလုံးစုံ ယုံကြည်ချက် ရှိလို့ နေသည်။
……...
ကျွင်းချောင်ရှောင်း၏ အချိန်နှင့် တည်နေရာလျို့ဝှက်နယ်မြေထဲသို့ ဆေးဥယျာဉ်ကို ရွေ့ပြောင်း စိုက်ပျိုးရန် အကြံအစည်သည် အချိန်အကန့်အသတ်ကို သိရှိပြီးသည့်နောက်မှာတော့ ပျက်ပြယ်သွားခဲ့ရ၏။
"ဂိုဏ်းချုပ်"
လီချင်းယန်သည် လာရောက်၍ သတင်းပို့သည်။ "နတ်ဆိုး မိစ္ဆာဂိုဏ်းနဲ့ သတ်ဖြတ်ခြင်း နတ်ဘုရား ကျောင်းက စာပို့ လိုက်ပါတယ်။သူတို့က စကားကောင်း ပြောချင်တယ်တဲ့"
"ဒါက ရက်အနည်းငယ်ပဲ ရှိသေးတယ်လေ။သူတို့ ငြိမ်ငြိမ် မနေနိုင်တော့ဘူးနဲ့ တူတယ်။" ကျွင်းချောင်ရှောင်းက ပြောလိုက်၏။
သိုင်းအုပ်စိုးသူ ထိပ်ဆုံး လေးယောက်တို့သည် ချုပ်နှောင်ခြင်း ခံထားရသည်။ သူ့အနေနှင့် ၎င်းတို့အား အစေခံအဖြစ် ခိုင်းစေရန် ရည်ရွယ်ချက် မရှိပေ။ ထို့အတွက် ၎င်းတို့သည် ကံကောင်းသည်ဟု ဆိုရမည်။
ကျွင်းချောင် ရှောင်းသည် ခဏလောက် စဉ်းစားပြီးသည့်နောက် ပြောလိုက်သည်။ "ဒီမိစ္တာဂိုဏ်းနှစ်ဂိုဏ်းကို ပြန်ပြောလိုက်။လူတစ်ယောက်ကို သဘာဝစိတ်ဝိညာဉ် ကျောက်တုံး ငါးသောင်းနဲ့ လာလဲ။ လဝက်အတွင်းလာပြီး မရွေးရင် အလောင်းပဲ ရမယ်လို့"
"ငါးသောင်းတည်းလား"
ကျန်းတယ်ကျွင်းက ပြောလိုက်သည်။ "ဒါက မနည်းလွန်းဘူးလား"
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းလိုက်၏။
"အရမ်းကြီးတောင်းမယ်ဆိုရင် ဂိုဏ်းနှစ်ခုက ဒေါသတွေထွက်သွားလိမ့်မယ်။ပြီးတော့ စိတ်ဝိညာဉ် ကျောက်တုံး ငါးသောင်းဆိုတာ လက်ခံနိုင်မယ့် အတိုင်းအတာထဲမှာ ရှိတယ်လေ။"
ထင်မှတ်ထားသည့် အတိုင်းပင် မိစ္ဆာဂိုဏ်း နှစ်ဂိုဏ်း တို့သည် အခြေအနေကို သိရှိပြီးနောက်မှာတော့ သေသေချာချာ ဆုံးဖြတ်ချက်ချကာ ၎င်းတို့၏ သိုင်းအုပ်စိုးသူ ထိပ်ဆုံးအဆင့် ကျင့်ကြံသူနှစ်ယောက်အား စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းအသုံးပြုကာ လဲလှယ်ရန် စဉ်းစားလိုက်ရတော့သည်။
သူတို့ အနေနှင့် တစ်ခြားသော ကျွမ်းကျင်သူများကို ထပ်မံ၍ မစေလွှတ်ရဲချေ။
ချင်းယန်နိုင်ငံတွင် သိုင်းနယ်မြေတစ်ပိုင်းသို့ ချိုးဖြတ်ရောက်ရှိခဲ့သည် မူချန်းဟုန် ရှိသည့်အပြင် ကျွင်းချောင်ရှောင်းသည်လည်း မည်သည့် နတ်ဘုရား နည်းစနစ်မှန်း မသိသည့် အရာအား အသုံးပြု၍ သိုင်းနယ်မြေ ကျင့်ကြံခြင်း အဆင့်ဆီသို့ ပြောင်းလဲနိုင်စွမ်းရှိသည်။
ထို့ကြောင့် ၎င်းတို့၏ လူများကို ထပ်မံ စေလွှတ်လိုက်မည်ဆိုလျှင် ယောက်ဖအား ကြက်ဥတိုက်သည်နှင့်ပင် ဆင်တူနေလိမ့်မည်။
တောင်၏ ဂိတ်တံခါးဆီမှာတော့ ကျွင်းချောင်ရှောင်းသည် ထိုသူတို့အားလုံးကို လိုက်ပို့ရင်း ပြုံးကာ ပြောလိုက်သည်။ "ကျုပ်က ငွေရေးကြေးရေးတွေ အကုန်လုံးကို လက်ခံပြီးသွားပြီ။ဒီတော့ သွားချင်ရာကို သွားနိုင်ပါပြီ..."
သိုင်းအုပ်စိုးသူ ထိပ်ဆုံးအဆင့် လေးယောက်တို့သည် လွတ်မြောက်လာကြသည်ဆိုသော်လည်း ဘာတစ်ခုကိုမှ နားမလည်နိုင်ကြချေ။ သူတို့၏ အားနည်းနေသော ခန္ဓာကိုယ်များကို အသာထိန်းကျောင်းရင်း တောင် အဆင်းလမ်းအတိုင်း ဖြည်းဖြည်းချင်း ဆင်းသက်သွားတော့၏။
"အားလုံးပဲ"
ကျွင်းချောင်ရှောင်းက အော်လိုက်သည်။ "တစ်ခါတစ်လေ ပျင်းရင် လာကစားကြပါအုံး"
"ဂိုဏ်းချုပ်"
လီချင်းယန်က ပြောလိုက်သည်။ "သူတို့ကို တကယ်ဒီအတိုင်းပဲ လွှတ်လိုက်တော့မှာလား"
“လွှတ်ရမှာပေါ့"
ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက်ပြောလိုက်သည်။ "ဂိုဏ်းနှစ်ခုလုံးက ပိုက်ဆံနဲ့ လဲသွားတာလေ။ဒီတော့ ငါတို့ ပြိုင်စံရှား ဂိုဏ်းက ရိုးသားရမယ် မဟုတ်လား။"
"ဂိုဏ်းချုပ်"
စုရှောင်မိုသည် တီးတိုး ပြောလိုက်၏။ "သူတို့လေးယောက်ရဲ့ ဝိညာဉ် အရင်းအမြစ်တွေကို ပြန်ပေးပြီးပြီလား။"
ဂေါက်
ကျွင်းချောင်ရှောင်းသည် သမိုင်းမှတ်တမ်းများ ရေးထိုးထားသော ဝါးပြားအား ထုတ်ယူကာ စုရှောင်မို၏ ခေါင်းကို ခေါက်လိုက်၏။ "မင်းတော်တော် စကားများတယ်။ဒီနေရာကနေ ထွက်သွားပြီးတော့ ကျင့်ကြံနေစမ်း"