အခန်း (၆၀၆)
Vol. 41 Ch. 606
မူချန်းဟုန်သည် ပြိုင်စံရှားဂိုဏ်းဆီမှ ထွက်ခွာလာခဲ့ပြီးနောက် ကျွင်းချောင်ရှောင်း သူ့ကို လာတွေ့ရန် စောင့်စား နေခဲ့၏။ သို့ပေမဲ့ တစ်ဖက်လူသည် သူ့ဆီသို့ တစ်ချက်ကလေးမှ မလာခဲ့ချေ။ ထို့ကြောင့် သူ့အနေနှင့် စဦးတွေ့ဆုံမှ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်လည်း မူဟုန်လင်ကို ခေါ်၍ လာရောက်လည်ပတ်ခဲ့ခြင်းပင်ဖြစ်သည်။
တကယ်တမ်း မှာတော့ ဂိုဏ်းချုပ်ကျွင်းသည် ဂရုမစိုက်ဘဲ လာရောက်မတွေ့ဆုံခဲ့ခြင်းမဟုတ်ပေ။ သူ့တွင် ဘေးထွက်ဆိုးကျိုး တစ်ခုရှိနေသည်ဖြစ်သောကြောင့် သူ့အနေနှင့် အထူးတာဝန်ပြည့်စုံစေရန် ဂိုဏ်းကို ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ရန် စသည့်ကိစ္စရပ်များ ရှိနေသေး၏။
သူ့အနေနှင့် မြို့တော်ဝန်မူ ဆီသို့ သွားရောက် လည်ပတ်ချင်သည် ဆိုလျှင်တောင်မှ သွားရောက်တွေ့ဆုံရန် အချိန် မရှိချေ။
လွန်ခဲ့သည့်လအတွင်း မူချန်းဟုန်သည်လည်း ကျွင်းချောင်ရှောင်းနှင့် ပတ်သက်သည့် အရာအားလုံး လေ့လာ သုံးသပ်မိနေသည်။
အထူးသဖြင့် ကျွင်းချောင်ရှောင်း၏ အချစ်ရေး ကိစစ္များပင် ဖြစ်တော့သည်။ စုံစမ်းသိရှိသလောက် အကြောင်းအရာများကို ကြည့်ရှုမည်ဆိုလျှင် သူသည် အလွန်တရာ သဘောကျမိနေ၏။
ဤကောင်လေးသည် ဂိုဏ်း၏ဖွံ့ဖြိုးတိုးတက်မှု ကိစ္စရပ်များကိုသာ လုံးပမ်းလျက်ရှိနေပြီး မည်သည့်အချစ်ရေး အရှုပ် အထွေးမှ မရှိချေ။ အလားအလာတွင် ထိပ်ဆုံးသုံးခုစာရင်းတွင်ဝင်သော ဂိုဏ်းတစ်ခု၏ ခေါင်းဆောင်ဖြစ်သည် ဆိုသော်လည်း လက်ရှိအချိန် အထိ ရင်ခုန်ရမည့်သူ မရှိသေးပေ။
မူချန်းဟုန်သည်လည်း သူ၏ဘဝတွင် လူတစ်ယောက်တည်းကိုသာ ချစ်မြတ်နိုးခဲ့သူဖြစ်သည်။ ကျွင်းချောင်ရှောင်း သည် အလွန်တရာ ငယ်ရွယ်ပြီး ပါရမီရှိလှသောသူတစ်ယောက်ဖြစ်သည် ဆိုသော်လည်း မည်သည့်အချစ်ရေး အရှုပ် အထွေးမှ မရှိချေ။ ထို့ကြောင့် သူသည် ကျွင်းချောင်ရှောင်းအား အလွန်တရာ သဘောကျနေမိ၏။ ထို့ကြောင့်ပင် သူ၏ သမီးအား ပြိုင်စံရှားဂိုဏ်းသို့ စေလွှတ်၍ လေ့ကျင့်စေရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
“ခင်ဗျားတို့ ပြိုင်စံရှားဂိုဏ်းက တပည့်လိုအပ်သေးလား၊ လိုအပ်သေးလား၊ ကျုပ် သမီးက ခင်ဗျားရဲ့ တပည့်ဖြစ်ချင်နေတယ်” ပြောဆိုလိုက်ခြင်း၏ နောက်ကွယ်တွင် “ငါသမက်လိုအပ် နေတယ်၊ မင်း ငါ့သမီးကို လက်ထပ်နိုင်မလား”ဟု ဆိုလိုခြင်းနှင့်ပင် ဆင်တူနေသည်။
ကျွင်းချောင်ရှောင်း ပြောလိုက်၏။ “လိုတာပေါ့”
မင်းသမီးလေး ကြာပန်းနီ၏ ပင်ကိုယ်စွမ်းရည်သည် သံသယရှိစရာပင် မလိုအောင် ကောင်းမွန်လွန်းလှ၏။ ထို့အပြင် မိန်းကလေးတစ်ယောက်လည်း ဖြစ်နေသေး၏။ ဂိုဏ်းထဲတွင် အမျိုးသားများ များပြားပြီး မိန်းကလေး များ နည်းပါးလျက်ရှိသည်။ ထို့ကြောင့် မင်းသမီးလေး ကြာပန်းနီ တစ်ယောက်တည်းမပြောနှင့် လူတစ်ရာလောက် လာမည်ဆိုလျှင်ပင် သူ ကျိန်းသေပေါက် မနှောင့်နှေးပဲ လက်ခံလိုက်မှာဖြစ်၏။
“ကောင်မလေး”
မူချန်းဟုန်က ပြောလိုက်သည်။ “မြန်မြန် … ဂိုဏ်းချုပ်ကို နှုတ်ဆက်လိုက်လေ”
ကျွင်းချောင်ရှောင်းသည် ကြီးမားသည့် ကိစ္စရပ်များကို ပြုလုပ်ခဲ့သောကြောင့် သူ့သမီးသည် အကူအညီ ရရှိနိုင်သည်။ ထို့အပြင် နှစ်ယောက်စလုံးသည် ဂိုဏ်းထဲတွင် ရှိနေမည်ဆိုပါက ပတ်သက်ဆက်ဆံရေး ပိုကောင်းမွန် လာမည်ဖြစ်ပြီး သူစီစဉ်ထားသမျှသည်လည်း ပိုမို၍ ကောင်းမွန်လာနိုင်သည်။
မြို့တော်ဝန်မူသည် စိတ်ပိုင်းဆိုင်ရာ အရ ပွင့်လင်းတတ်သူတစ်ယောက်ဖြစ်ပြီး ဆရာတပည့် ဆက်ဆံရေး အကြောင်းအရာများအပေါ် ဂရုစိုက်တတ်လှသူမဟုတ်ချေ။ သူ၏အထင်အမြင်အရဆိုလျှင် တူညီသည့်အသက်အရွယ်တွင်ရှိနေသော အမျိုးသားနှင့် အမျိုးသမီးတို့သည် ဆွေမျိုးများ မဟုတ်ပါက တစ်ယောက်နှင့်တစ်ယောက် ချစ်ကျွမ်းဝင်ခွင့်ရှိ၏။
မြို့ကို စီမံခန့်ခွဲရန်တော့ သူသည် အသက်အရွယ်မကြီးလွန်းသေးပေ။ ထို့ကြောင့် ဤအရာများကို သူပြုလုပ်နိုင်၏။ သူ့သမီး၏ ပျော်ရွှင်မှုရရှိရေးသည် ပို၍ အရေးကြီးနေသည်။
သူမအဖေသည် အဘယ်ကြောင့် ဂိုဏ်းချုပ်ကျွင်း၏ ပြိုင်စံရှားဂိုဏ်းထဲသို့ ဝင်ရောက်စေသည့် အကြောင်းကို မူဟုန်လင် ကောင်းကောင်းသိ၏။ ထို့ကြောင့် ရှက်သွေးဖြာက ဦးညွတ်လိုက်မိ၏။ “တပည့် မူဟုန်လင် …. ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်”
သူမသည်လည်း ပြိုင်စံရှားဂိုဏ်းထဲသို့ ဝင်ရောက်ချင်မိသည်မှာ ကြာပြီဖြစ်၏။ သူမ အဖေသည် တံခါးပိတ် ကျင့်ကြံ ရာမှ ထွက်မလာသေးသောကြောင့် သူမအနေနှင့် မြို့ကို စီမံခန့်ခွဲနေရ၏။ ထို့ကြောင့်သာလျှင် အချိန်အနည်းငယ် နှောင့်နှေးနေရခြင်းဖြစ်၏။ လက်ရှိအချိန်မှာတော့ သူမ၏ ဆန္ဒများ ပြည့်ဝသွားသည်ဟု ဆိုရမည်။
မူချန်းဟုန်၏ အတွေးများအတွက်တော့ မူဟုန်လင်သည် တစ်ချက်ကလေးမှ ဂရုမစိုက်ချေ။ ပြိုင်စံရှားဂိုဏ်းထဲသို့ ဝင်ရောက်လာခြင်းသည် သူမ ပိုမိုအားကောင်းရန်အတွက် ဖြစ်ပြီး လက်ထပ်ရန် မဟုတ်ပေ။
“ဒင် … ဒင်”
ဝင်ခွင့်ဖောင်ကို ဖြည့်ပြီးသည့်နောက် မင်းသမီးလေး ကြာပန်းနီသည် ပြိုင်စံရှားဂိုဏ်း၏ တပည့်တစ်ယောက် ဖြစ်လာတော့သည်။
“ဂိုဏ်းချုပ်ကျွင်း”
မူချန်းဟုန်က ပြောလိုက်သည်။ “ကျုပ်ရဲ့ တန်ဖိုးကြီးလှတဲ့ သမီးကို ခင်ဗျားဆီ ထားခဲ့လိုက်တော့မယ်”
ပြောပြီးသည့်နောက်မှာတော့ သူသည် သူ၏ခံစားချက်များကို ထိန်းချုပ်ရန် ခက်ခဲသွား၏။ ဘယ်လိုမှ မနေနိုင် တော့ဘဲ မျက်ရည်များပင် လည်လာတော့သည်။ ဤသမီးသည် သူ၏ ပုလဲလုံးလေးလို ချစ်မြတ်နိုးရသော သမီးလေး တစ်ယောက်ပင်ဖြစ်သည်။ သို့ပေမဲ့ အချိန်တန် အရွယ်ရောက်လာပြီဆိုလျှင် တစ်နေ့တွင် လက်ထပ်ရ ပေလိမ့်မည်။
မြို့တော်ဝန်မူ... ခင်ဗျားသမီးက ပြိုင်စံရှားဂိုဏ်းထဲကို ဝင်လိုက်တာလေ၊ ယောကျာ်းယူသွားတာ မဟုတ်ဘူး၊ ဘာတွေ တွေးနေတာလဲ။
“.......”
မူချန်းဟုန်သည် မထွက်ခွာသေးပေ။ ထိုအစား ကျွင်းချောင်ရှောင်း၏ ဆက်လက်ကာ စကားပြောနေ၏။ သူတို့ နှစ်ယောက်သည် လောကကြီးရှိ မိသားစုရေးရာ ကိစ္စရပ်များကို ပြောဆိုနေ၏။ ပြီးသည့်နောက်မှာတော့ အကြောင်း အရာများသည် လေးနက်သွားပြီး စကြဝဠာရှိ မူရင်းအကြောင်းအရာများကို ဆက်လက်ကာ ပြောဆိုနေမိ၏။
“အချိန်ရောက်ပြီပဲ”
နေဝင်ချိန်သို့ ရောက်ရှိချိန်မှာတော့ မူချန်းဟုန်သည် မတ်တပ်ထရပ်ကာ နှုတ်ဆက်လိုက်တော့သည်။ အခန်းနှင့် ဂိုဏ်းဝတ်စုံ၊ စည်းမျဉ်းစည်းကမ်း များကို ရယူပြီးသော မူဟုန်လင်သည် သူမအဖေကို လိုက်လံပို့ဆောင်တော့သည်။
ပြီးနောက် ထွက်ခွာသွားသော သူမ၏အဖေအားကြည့်၍ မနေနိုင်ပဲ အော်လိုက်တော့သည်။ “အဖေ”
“သမီး”
မူချန်းဟုန်သည် ရပ်တန့်ကာ ပြောလိုက်၏။ “ပြိုင်စံရှားဂိုဏ်းထဲမှာ ကောင်းကောင်းလေ့ကျင့်၊ ငါ့ကို စိတ်မပျက်စေနဲ့”
ဤစကားလုံးများကို ပြောဆိုချိန်တွင် သူ၏ရင်ထဲ ရှုပ်ထွေးလှသည့် ခံစားချက်များနှင့် ပြည့်နှက်နေ၏။
မူဟုန်လင် သည် အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် စကားလုံးတစ်လုံးကိုသာ ပြောနိုင်သည်။ “ကောင်းပါပြီ အဖေ”
မူချန်းဟုန်သည် ထိုသို့ပင် ထွက်ခွာသွားခဲ့တော့သည်။
မူဟုန်လင်သည် ပြိုင်စံရှားဂိုဏ်းတွင် သူမ၏ ကျင့်ကြံခြင်း လမ်းစဉ်ကို စတင်ကာ လျှောက်လှမ်းရတော့သည်။ ဂိုဏ်းထဲသို့ ဝင်ဝင်ချင်းမှာပဲ သူမသည် ထူးဆန်း၍ဆန်းကြယ် သောအရာများကို တစ်ခုပြီးတစ်ခု တွေ့ကြုံရတော့၏။
“စီနီယာအစ်မ”
ဟုန့်လင်သည် တီးတိုးလာရောက်ပြောဆိုသည်။ “ပြိုင်စံရှားဂိုဏ်းထဲကို ဝင်တဲ့အချိန်မှာ သေချာဂရုစိုက်ရမယ်၊ အထူးသဖြင့် စီနီယာအစ်ကိုလီပဲ၊ သူ့ရဲ့ဘောလုံးက ကြောက်ဖို့ကောင်းတယ်”
လီဖေး၏ ဘောလုံးကန်ချက်များကို မကြုံရသောသူ ဟူ၍ပင် မရှိချေ။
ရွှီး
ပြောနေတုန်းမှာပင် သိုင်းလေ့ကျင့်ရေးကွင်းပြင်ဆီမှ ဘောလုံးတစ်လုံးသည် သူတို့ဆီသို့ ရောက်ရှိလာတော့သည်။
“စီနီယာအစ်မ သတိထား”
သူပြောလို့ မပြီးသေးခင်မှာပဲ ဟုန့်လင်၏ မျက်လုံးများသည် ပြူးကျယ်သွားသည်။ အဘယ်ကြောင့် ဆိုသော် ဘောလုံး၏ ပစ်မှတ်သည် မူဟုန်လင်မဟုတ်ပဲ သူဖြစ်နေသောကြောင့်ပင်။
“သောက်ကျိုးနည်း”
သူသည် ထိတ်လန့်ကြောက်ရွံ့စွာဖြင့် ခပ်မြန်မြန်ရှောင်လိုက်သည်။ သို့ပေမဲ့ ရှောင်ဖို့ကြံရွယ်နေတုန်းမှာပဲ ဘောလုံး သည် သူ၏ခန္ဓာကိုယ်ကို ထိမှန်၍ နောက်သို့ လွှင့်စင်သွားရတော့သည်။
“…....” မူဟုန်လင်သည် ဆွံ့အသွားမိ၏။
ဖြစ်ပျက်ခဲ့သော အရာအားလုံးသည် အလွန်တရာ မြန်ဆန်လွန်းလှ၏။ ထို့ကြောင့် တစ်ဖက်လူသည် ရှောင်ဖို့အခွင့်အရေးပင် မရလိုက်ချေ။
လီဖေး၏ ရွှေညာခြေထောက် ကန်ချက်သည် ကျိန်းသေပေါက် တိကျပြီး မြန်ဆန်လွန်းလှ၏။ ဤကန်ချက်ကို ထုတ်ဖော်အသုံးပြုမည်ဆိုလျှင် ရှောင်ရှားနိုင်သော သူဆိုသည်မှာ ဂိုဏ်းချုပ်နှင့် တပည့်အနည်းငယ်တို့သာရှိ၏။ တခြားသောသူများသည် ကန်လိုက်ပြီ ဆိုသည်နှင့် ကန်ချက်ကို ခံရမှာသေချာသည်။
...........
ပြိုင်စံရှားဂိုဏ်းတွင် မပြောင်းလဲသော စည်းမျဉ်းတစ်ခုဖြစ်သည်။ ဤအရာမှာ အသစ်ဝင်ရောက်လာသော ဂိုဏ်းတပည့်အကုန်လုံးသည် လီဖေး၏ ဘောလုံးကန်ချက်ကို ခံစားရခြင်းပင်။
သို့ပေမဲ့ အမျိုးသမီးတပည့် များမှာတော့ ထိုသို့သော ဒုက္ခနှင့် ကင်းဝေးလျက်ရှိသည်။ မူဟုန်လင်သည် မည်သည့်ဒုက္ခပေးမှုကိုမှ မခံစားရချေ။ ရက်အနည်းငယ်အတွင်း သူမသည် ဂိုဏ်းအကြောင်းကို သေသေချာချာ နားလည်သွားခဲ့ပြီဖြစ်၏။
“ဂိုဏ်းချုပ်”
တစ်နေ့မှာတော့ သူမသည် အဓိကဟောခန်းသို့ ရောက်ရှိလာပြီး မေးလိုက်သည်။ “ကျွန်မက မီးသိုင်းပညာနည်းစနစ်ကို လေ့ကျင့်လို့ရလား”
သူမပြောဆိုနေသည်မှာ ကောင်းကင်နီဓား သိုင်းနည်းစနစ်ကို ဆိုလိုခြင်းဖြစ်၏။ အရင်တုန်းက ကျွင်းချောင်ရှောင်း သည် ထိုတိုက်ကွက်အား ကောင်းကင်ဘုံကျောင်းတွင် ထုတ်ဖော်အသုံးပြုခဲ့၏။ ဤအရာသည် မင်းသမီးလေး ကြာပန်းနီ၏ မှတ်ဉာဏ်ထဲတွင် ဖျောက်ဖျက်၍မရအောင် စွဲကပ်လျက်ရှိနေ၏။
“ဒီသိုင်းနည်းစနစ်က ယောက်ျားလေးတွေအတွက်ပဲ သင့်တော်တာ”
“ဆိုးတာပဲ” မူဟုန်လင်၏ မျက်နှာသည် စိတ်ပျက်မှုများနှင့် ပြည့်သွား၏။
“ဒါပေမဲ့”
ကျွင်းချောင်ရှောင်း ပြောလိုက်၏။ “ဂိုဏ်းမှာ အရမ်းကိုကောင်းတဲ့ သိုင်းနည်းစနစ်တွေ အများကြီးရှိတယ်လေ၊ မင်းစိတ်ရှိသလို လေ့လာလို့ရတယ်၊ ယွမ်ရွှယ် …… သူ့ကိုခေါ်ပြီးတော့ ကျင့်ကြံခြင်းနည်းစနစ် ခန်းမဆောင်ထဲကို ခေါ်သွားလိုက်”
“ကောင်းပါပြီ ဂိုဏ်းချုပ်”
လင်းယွမ်ရွှယ် သည် မူဟုန်လင်ကို ခေါ်ဆောင်ကာ သွားတော့သည်။ သိုင်းနည်းစနစ်ခန်းမထဲကို ဝင်ရောက်ချိန် မှာတော့ တလက်လက်တောက်ပနေသော သိုင်းနည်းစနစ်စာအုပ်များသည် စာအုပ်စင်များတွင် များပြားစွာ ရှိကြောင်း မြင်လိုက် ရ၏။ သူမသည် အံ့အားသင့်စွာဖြင့် ပြောလိုက်၏။
“သိုင်းနည်းစနစ်တွေ ဒီလောက်တောင်များတာလား”
“ဂျူနီယာညီမလေး... ဒါတွေအားလုံးက အပြင်ဘက်က သိုင်းနည်းစနစ်တွေပဲ၊ ဒါတွေက အရေအတွက်အရ ကြည့်ကောင်းအောင်လို့ ထည့်ထားတာလို့ ဂိုဏ်းချုပ်က ပြောတယ်၊ ဒါတွေ လေ့ကျင့်ဖို့မလိုဘူး၊ ငါတို့ဂိုဏ်းရဲ့ အဓိကတပည့်တွေအားလုံးက တကယ့်ကို ရှားပါးလှတဲ့ သိုင်းနည်းစနစ်တွေကို လေ့လာခွင့်ရကြတယ်”
လင်းယွမ်ရွှယ် သည် စာအုပ်စင်တစ်ခုဆီသို့ လက်ညှိုးထိုးပြကာ ပြောလိုက်၏။ “အဲဒီမှာ ပြိုင်စံရှားဂိုဏ်းရဲ့ ထိပ်တန်းကျင့်ကြံခြင်း နည်းစနစ်တွေရှိတယ်၊ လေ့ကျင့်ဖို့အတွက် ကြိုက်တာကို ရွေးယူနိုင်တယ်”
“ဪ”
မူဟုန်လင်သည် လှမ်းလျှောက်လာပြီးသည့်နောက် လခြမ်းဓားကွက်ဟူသည့်စာအုပ်အား အသာကောက်ယူ လိုက်၏။ အထဲတွင်ရေးသားထားသော လှုပ်ရှားမှုတိုက်ကွက်များကို မြင်လိုက်ချိန်မှာတော့ သူမသည် မနေနိုင် တော့ဘဲ အတွေးနက်သွားမိ၏။ လခြမ်းဓားကွက်၏ အဆင့်သည် မြင့်မားလှသည်တော့ မဟုတ်ပေ။ စိတ်ဝိညာဉ် အမျိုးအစား တိုက်ခိုက်ရေးနည်းစနစ်ဖြစ်သည်။ သို့ပေမဲ့ စွမ်းအင်ကုန်ဆုံးမှုမှာတော့ အလွန်တရာ နည်းပါးလွန်းသည်။ ထိုအရာသည် သူမအား ထိတ်လန့်တုန်လှုပ်မိစေ၏။
ပြီးသည့်နောက်မှာတော့ မူဟုန်လင်သည် ပေါက်ကွဲလက်သီး၊ တောင်ပြိုလက်ဝါး၊ စိတ်ဝိညာဉ်ချပ်ဝတ်နှင့် တခြားသော သိုင်းနည်းစနစ်များကို ကြည့်ရှုရတော့သည်။ သူမ၏ မျက်လုံးထဲတွင်ရှိသော ထိတ်လန့်တုန်လှုပ်မှုများ သည် ပိုမို၍ အားကောင်းလာ၏။ အထူးသဖြင့် သက်တန့်ရောင်စဉ်နည်းစနစ်ပင် ဖြစ်တော့သည်။ ဤသိုင်းနည်းစနစ်နှင့် မန္တာန်ရေရွတ်မှုပုံစံသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ကျင့်ကြံခြင်းသဘာဝနှင့် ကွဲပြား ခြားနားလို့နေသည်။ အလွန်တရာလည်း နက်နဲလွန်းလှ၏။ သိုင်းစာအုပ်များကို ပြန်လည်ပိတ်ပြီးသည့်နောက် မူဟုန်လင်သည် အချိန်အတော်ကြာသည်အထိ စိတ်လှုပ်ရှားနေမိ၏။ သူမသည် တီးတိုးရေရွတ်လိုက်မိသည်။ “စီနီယာအစ်ကိုတွေ ဒီလောက်အားကောင်းတာ အံ့အားသင့်စရာတော့ မဟုတ်တော့ဘူး၊ သိုင်းနည်းစနစ်တွေ အားလုံးက ဒီလောက် အားကောင်းတာပဲ”
“ဂျူနီယာညီမလေး”
လင်းယွမ်ရွှယ် သည် အထဲသို့လျှောက်ဝင်လာပြီး ပြောလိုက်သည်။ “ဒါက ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးနဲ့ စိတ်ဝိညာဉ်ကြံ့ခိုင်ခြင်းဆေးလုံးပဲ”
“ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံး ဟုတ်လား”
မူဟုန်လင်သည် အံ့အားသင့်မိသွား၏။ ဤကဲ့သို့သော ဆေးလုံးမျိုးကို ဟွာရန်မြို့တွင် အိုက်မိသားစုတစ်ခုတည်းသာ ရောင်းချသည်မဟုတ်ပါလား။ ဤဆေးလုံးကို သူမအရင်က ကြားခဲ့ဖူး၏။ သို့ပေမဲ့ တစ်ခါမှ မသောက်ဖူးချေ။
“အမှန်ပဲ”
လင်းရန်ရွယ်က ပြောလိုက်၏။ “ဒါ ငါတို့ဂိုဏ်းထဲမှာ တပည့်သစ်တွေ သောက်ရတဲ့အရာပဲ”
မူဟုန်လင် ကြောင်သွားမိ၏။ ဤကဲ့သို့ ဈေးကြီးလှသော ဆေးလုံးများကို ဂိုဏ်းထဲသို့ဝင်သည့် တပည့်များအားလုံး သောက်သုံးနိုင်ကြသည်။ ဆိုလိုသည်မှာ ဂိုဏ်းအတွင်းတွင် ထိုကဲ့သို့သော ဆေးလုံးများ အများအပြား ရှိနေသည်လား။