အခန်း (၆၀၇)
Vol. 41 Ch. 607
အခန်းတွင်းမှာတော့ မူဟုန်လင်သည် တွေဝေစွာမတ်တပ်ရပ်လျက်ရှိသည်။ သူမသည် ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံးနှင့် စိတ်ဝိညာဉ်ကြံ့ခိုင်ခြင်းဆေးလုံးတို့ကို သောက်သုံးခဲ့ရ၏။ သူမ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်စွမ်းအင် များအားလုံးတို့သည် ပိုမို၍ အားကောင်းသွားခဲ့တော့သည်။ စကားလုံးနှင့်ပင် ဖော်ညွှန်း၍မရသော ခံစားချက် များကို ရရှိနေ၏။
ဟွာရန်မြို့တွင် ရောင်းချခဲ့သည့် ဆေးလုံးသည် အလွန်တရာ ဆန်းကြယ်လှသော အစွမ်းသက်ရောက်မှု ရှိ၏။ သို့ပေမဲ့ သူမလို သိုင်းစစ်သူကြီးအဆင့် ရောက်ရှိပြီးသူအတွက် အသုံးမဝင်နိုင်ချေ။ လက်ရှိဂိုဏ်းမှ ဆေးလုံးများ မှာတော့ သူမအားပင် ကြီးကြီးမားမား သက်ရောက်စေခဲ့၏။
စိတ်ဝိညာဉ်ကြံခိုင်ခြင်းဆေးလုံးဆိုသည်မှာတော့ …… အိုက်မိသားစုတွင် ဤကဲ့သို့သော ဆေးလုံးမျိုးကို မရောင်းပေ။ ပြိုင်စံရှားဂိုဏ်းတွင် အဘယ်ကြောင့် ဤသို့သော ဆေးလုံးမျိုးရှိနေသနည်း။ ဤနေရာတွင် ဆေးလုံးကျွမ်းကျင်သူတစ်ယောက် တည်ရှိနေသည်လား။
“အဖေ”
မူဟုန်လင်သည် စိတ်ကိုတည်ငြိမ်အောင် ထိန်းသိမ်းပြီး တီးတိုးရေရွတ်လိုက်၏။ “ကျွန်မတော့ နောက်ကျသွားပြီထင်တယ်”
အမှန်တကယ်တော့ နောက်မကျချေ။ ဤအချိန်သည် ပြိုင်စံရှားဂိုဏ်းအတွင်းသို့ ဝင်ရောက်ခဲ့သည့်အတွက် အချိန်ကောင်းပင်ဖြစ်၏။
မူဟုန်လင်သည် များပြားလှသော ကိစ္စများကို မြင်တွေ့ပြီးသည့်နောက်မှာတော့ ထိတ်လန့် တုန်လှုပ်နေတုန်းပင်ဖြစ်၏။ သူမသည် ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်စေမည့် အခြားများပြားသော ပစ္စည်းများကို စုံအောင် မတွေ့ရှိရသေးချေ။ မင်းသမီးတစ်ယောက်ဖြစ်နေသည်ဆိုလျှင်တောင်မှ အချိန်အတော်ကြာ ထိတ်လန့် တုန်လှုပ်မှု ခံစားနေရတုန်း ဖြစ်သည်။
လွန်ခဲ့သည့်သုံးလအတွင်း ပြိုင်စံရှားဂိုဏ်းအတွင်း များပြားလှသည့် သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့် ကျင့်ကြံသူများ ပေါ်ပေါက်လာခဲ့တော့သည်။ လုံကျိရန်နှင့် တခြားသော အတွင်းစည်းတပည့်များအားလုံးသည် သိုင်းဘုရင်အဆင့် သို့ ချိုးဖြတ်ရောက်ရှိခဲ့ကြသည်။ ထို့ကြောင့် အထူးတာဝန်အရ သိုင်းဘုရင်အရေအတွက်သည် ၂၂ ယောက် အထိ တိုးတက်သွားခဲ့ပြီဖြစ်သည်။
၂၁ ယောက်သည် အတွင်းစည်းတပည့်များဖြစ်သည်။ အဘယ်ကြောင့် တစ်ယောက်ပိုနေရသနည်း။
ဟုတ်ပေသည်။ နောက်ဆုံးတပည့်ဖြစ်သော ဟယ်ဝူတီသည်လည်း သိုင်းဘုရင်အဆင့်သို့ တိုးတက်ရောက်ရှခဲ့ခြင်း ပင်ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအမြန်နှုန်းသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ သူ၏ အစစ်အမှန် အားအင် အား နေကာမျက်မှန်မှတဆင့် သိရှိပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း သည် ခွဲစိတ်ဓားကိုယူကာ ၎င်း၏ ခန္ဓာကိုယ်အားဖွင့်၍ မည်သည့်ထူးခြားချက်များ ရှိသည်ကိုပင် စမ်းသပ်ကြည့်ရှုချင်နေမိ၏။
စနစ်က ပြောလိုက် သည်။ “လက်ခံသူ … ကိုယ့်ကိုယ်ကိုယ်ပဲ အရင်ကြည့်စမ်းပါအုံး”
ဟယ်ဝူတီ၏ ကျင့်ကြံခြင်းအမြန်နှုန်းသည် ထိုသူ၏ နတ်ဘုရားအထက်အဆင့် စိတ်ဝိညာဉ်အမြစ်ကို အခြေခံ၍ တိုးတက်လာခဲ့ခြင်းဖြစ်၏။
ကျွင်းချောင်ရှောင်းမှာတော့ နည်းလမ်းမျိုးစုံဖြင့် အဆင့်နှစ် ကျင့်ကြံခြင်းအဆင့်မှသည် ဓားနှင့်သိုင်းဘုရင် ကျွမ်းကျင်သူတစ်ယောက်အဆင့်ဆီသို့ ရောက်ရှိခဲ့ရသည်။ ဤအရာမှာ ထိတ်လန့်တုန်လှုပ်စရာပင် ဖြစ်တော့သည်။
ဝှစ် ဝှစ်
ထိုအချိန်မှာတော့ စားသောက်ခန်းထဲတွင် အလွန်တရာ အားကောင်းပြီး ပြင်းထန်လှသော အော်ရာများ ထွက်ပေါ် လာသည်။
“အမ်”
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “တစ်ယောက်ယောက် အဆင့်ချိုးဖြတ်လိုက်ပြီလား”
သူသည် စိတ်ဝိညာဉ်စွမ်းအင်များကို အာရုံဖြန့်ကျက် ကြည့်ရှုလိုက်ပြီးသည့် နောက်မှာတော့ မာယုံနင်အား မြင်လိုက်ရတော့ သည်။ ၎င်းသည် လက်နှစ်ဖက်ဖြင့် ပန်းကန်ပြားကို ဆေးကြောရင်း မျက်လုံးကို စုံမှိတ်ထား၏။ သူ၏ ခန္ဓာကိုယ်ဆီမှ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အော်ရာများ ထွက်ပေါ်လျက်ရှိသည်။
ရီချင်းရှန် သည်လည်း ထိုအော်ရာများကို ခံစားမိလိုက်၏။ “ဓားမော့ ဘုရင်လား”
ကျိုးဟုန်၏ နှုတ်ခမ်းထောင့်များသည် ကော့တက်သွား၏။ ဓားမော့ဘုရင်နှင့် သူ ဓားဘုရင်တို့သည် အစစ်အမှန် ရန်သူများအဖြစ် မွေးဖွားလာကြခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် မာယုံနင်သည် အဆင့်ချိုးဖြတ်မည့် လက္ခဏာ များကို ပြသလျက်ရှိသည်။ သူသည် သွားရောက်တိုက်ခိုက်ကြည့်ရန် စိတ်အားထက်သန်နေမိ၏။
ဝိုး
လျှိုဝမ်ရှစ်သည် အံ့အားသင့်စွာဖြင့် ထအော်လိုက်၏။ “ဦးလေးမာက အဆင့်ချိုးဖြတ်ပြီပဲ”
ဟူး
ထိုအချိန်မှာတော့ စားသောက်ခန်းထဲတွင် ထွက်ပေါ်နေသော အော်ရာများသည် ပိုမို၍ များပြားလာတော့သည်။ မာယုံနင်သည် မျက်လုံးကို ဖြေးညှင်းစွာ ဖွင့်လိုက်ပြီးသည့်နောက် သူ၏ ခန္ဓာကိုယ်သည် ပိုမို၍ အားအင်များ တိုးတက်လာသည်ကို ခံစားလိုက်မိ၏။ ဓားဘုရင်နှင့် ဓားမော့ဘုရင်တို့ ဆိုသည့်မှာ သာမန်ထက်ပိုသော တည်ရှိသူ များဖြစ်သည်။
“ဓားမော့ လာစမ်း” မာယုံနင်က အော်လိုက်၏။
ဝှစ်
စဉ်းတီးတုံးပေါ်တွင်ရှိသော ဓားမကြီးသည် ပျံတက်လာပြီး သူ့လက်ထဲသို့ ရောက်ရှိလာတော့သည်။ ဤဓားမော့ ကြီးသည် အတိတ်တုန်းက ကျွင်းချောင်ရှောင်း ချိုးချခဲ့သော ဓားမော့ကြီးဖြစ်သည်။ နောက်ပိုင်းတွင် သူသည် ထိုဓားအား ပြန်လည် ပြုပြင်ရင်း လျှိုဝမ်ရှစ်ကို ကူညီကာ မီးဖိုချောင်တွင် ဟင်းသီးဟင်းရွက်လှီးသော နေရာတွင် နေ့စဉ်နေ့တိုင်း အသုံးပြုနေတော့သည်။
သူသည် စားသောက်ခန်းထဲသို့ဝင်၍ လျှိုဝမ်ရှစ်အား သေသေချာချာ ကူညီပေးခဲ၏။ သို့ပေမဲ့ သူ၏ မူလရည်မှန်းချက်ကိုတော့ ဘယ်တော့မှ မမေ့လျော့ခဲ့ချေ။
သူသည် စားသောက်ခန်းထဲတွင် အသီးအရွက်များကို ဆေးကြောရင်းနှင့် ဓားမော့နှင့်ပတ်သက်သည့် နက်နဲလှသည့် သဘောတရားများကို လေ့လာသုံးသပ်နေမိ၏။ သူ၏ ကျင့်ကြံခြင်းအဆင့်သည့် တဖြည်းဖြည်းနှင့် တိုးမြင့်လာခဲ့၏။ နောက်ဆုံးမှာတော့ ဓားမော့ဘုရင်အဆင့်သို့ ချိုးဖြတ်ရောက်ရှိသွားတော့သည်။
သူသည်ဓားမော့ ကျင့်ကြံသူ တစ်ယောက်ဖြစ်၏။ ဓားသမားများကဲ့သို့ပင် တခြားသော ကျင့်ကြံခြင်းနည်းစနစ်များကို မလိုက်နာပဲ သူ၏ ဓားမော့နည်းစနစ် နားလည်မှုကိုသာ ပြင်းပြင်းထန်ထန် အာရုံစိုက်၍ ကျင့်ကြံခဲ့ခြင်းဖြစ်၏။ တစ်စုံတစ်ခုကို နားလည်လိုက်သည်ဆိုသည်နှင့် အဆင့်တိုးတက်ရောက်ရှိသွားနိုင်သည်။ နားမလည်နိုင်ပါက ထိုနေရာမှာပင် တစ်နေပေတော့မည်။
ဝှစ်
မာယုံနင်သည် ရှေ့သို့ ခုန်ထွက်လာသည်။ သူ၏လက်ထဲတွင်ရှိနေသော မီးဖိုချောင်ဓားမကြီးမှာတော့ တောက်ပလျက် ရှိသည်။ အလွန်တရာ အားကောင်းလှသော ဓားမော့အော်ရာများသည် ထိုဓားမကြီးဆီမှ ထွက်ပေါ်နေသည်ကို ထင်ထင်ရှားရှားမြင်နေရ၏။ သူ၏လှုပ်ရှားမှုများကို ဆယ်ဆပိုမိုနှေးကွေးကာ ကြည့်မည် ဆိုပါက ဤတိုက်ကွက်များသည် ဟင်းသီးဟင်းရွက်များ ခုတ်နေသည့်လှုပ်ရှားမှုများနှင့် အလုံးစုံတူညီသည်ကို မြင်ရမည်ဖြစ်သည်။
“ဓားမော့ဘုရင်”
သူသည် ဓားမော့နှင့်ပတ်သက်သည့် တာအိုကို ရရှိခဲ့သည်။ ထိုသို့သော အဆင့်ကို ရရှိရန်အတွက် သူသည် ဟင်းသီး ဟင်းရွက်များကို ခုတ်ပိုင်းရင်း နားလည်ခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် သူအား မီးဖိုချောင်သုံးဓားမကြီး ဘုရင်ဟု သတ်မှတ်လျှင် ပို၍ မှန်ပေလိမ့်မည်။
ဘန်း ဘန်း
ဓားမော့အော်ရာများသည် ကျဆင်းသွား၏။ အလွန်တရာ နက်ရှိုင်းလှသည့် ဓားမော့ရာများသည် သိုင်းလေ့ကျင့်ရေး ကွင်း၏ ကြမ်းပြင်တွင် ပေါ်လာတော့သည်။ အဝေးတစ်ရာမှ ကြည့်ရှုနေကြသော တပည့်များအားလုံးသည် အံ့အားတသင့်ဖြင့် လက်ခုပ်တီးလိုက်မိကြသည်။ ဓားမော့ဘုရင်သည် ၎င်း၏စွမ်းရည်ကို ထုတ်ဖော်ပြသရင်း ဟန်ထုတ်လျက် ရှိနေတော့၏။
မာယုံနင်သည် လေထဲမှအောက်သို့ ခုန်ဆင်းပြီးသည့်နောက်မှာတော့ မီးဖိုချောင်သုံး ဓားမကြီးသည် သူ၏လက်ထဲတွင် ချာချာလည်လျက်ရှိသည်။ ပြီးနောက်သူသည် ခါးကြားတွင်ရှိသော ဓားအိမ် ထဲသို့ ပြန်လည်ထိုးထည့်လိုက်သည်။
“ကောင်းတယ်”
ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းထဲမှ လျှောက်ထွက်လာပြီးသည့်နောက်မှာ လက်ခုပ်တီးကာ အားပေး လိုက်၏။
ဖျောင်း ဖျောင်း ဖျောင်း ဖျောင်း
တပည့်များသည်လည်း လိုက်ပါ၍ လက်ခုပ်တီးကြသည်။
“ဒါပေမဲ့”
ကျွင်းချောင်ရှောင်းသည် သိုင်းလေ့ကျင့်ရေးကွင်းပြင်အောက်ကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။ “ခင်ဗျား ကြမ်းပြင်တွေကို ဖျက်ဆီးပစ်လိုက်ပြီ။ ဒီတော့ သိုင်းလေ့ကျင့်ရေး အရင်းအမြစ် ကို သုံးလတိတိ ဖြတ်တောက်မယ်”
ဘုတ်
မာယုံနင်သည် မြေပေါ်သို့ ပြုတ်ကျသွားတော့သည်။ “ငါ ဘာလို့ဖင်ယားပြီး ဟန်ထုတ်မိလိုက်တာလဲ”
…………
မာယုံနင်သည် ဓားမော့ဘုရင်အဆင့်သို့ ချိုးဖြတ်ရောက်ရှိသွားသည်။ ထို့ကြောင့် အထူးတာဝန်ပြည့်စုံရန်အတွက် ဘုရင်အဆင့်သည် နှစ်ဆယ့်သုံးယောက်ဆီသို့ ရောက်ရှိသွားခဲ့တော့သည်။
ဤကိစ္စသည် ကျွင်းချောင်ရှောင်း ထင်မှတ်ထားသော ကိစ္စတော့မဟုတ်ပေ။ သို့ပေမဲ့ သူသည် နောက်ဖြစ်လာမည့်အရာများအတွက် စိုးရိမ်ပူပန်မိ နေသေး၏။ ပါရမီရှင် အတွင်းစည်းတပည့်များသည် သိုင်းဘုရင်ဆီသို့ ချိုးဖြတ်ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သို့ပေမဲ့ ကျန်သည့်နှစ်ဆယ့်ခုနှစ်ယောက်အား မည်သူတို့ကို ထပ်မံဖြည့်သွင်းရမည်နည်း။
ပြောရမည်ဆိုလျှင် လီထျန်းထျန်း နှင့် တခြားသော အပြင်စည်းတပည့် တော်တော်များများတို့သည် သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေကြပြီးဖြစ်သည်။ ဒါပေမဲ့ သူတို့သည့် အကန့်အသတ်ရှိသော ပင်ကိုယ်စွမ်းရည် စိတ်ဝိညာဉ်အမြစ်များကြောင့် သိုင်းဘုရင်အဆင့်သို့ ချိုးဖြတ်ရောက်ရှိရန် အချိန်အတော်ကြာ လိုအပ်နေသေး၏။
“ငါ့ဆီမှာ အထူးအဆင့် ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်းဆေးရည်တွေ တော်တော်များများ ရှိသေးတယ်။ အပြင်စည်း တပည့်တွေကို ပေးပြီး စမ်းကြည့်ရမယ်”
ကျွင်းချောင်ရှောင်းသည် ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်း ဆေးရည်များ ကို ထုတ်ယူလိုက်သည်။ သူ့တွင် ဆေးရည်မည်မျှရှိသည်ကို စာရေးသူကိုယ်တိုင်ပင် ထည့်၍ မရေနိုင်သောကြောင့် ရေမနေတော့ပေ။ တော်တော် များသည်ဟုသာ မှတ်ယူထားနိုင်၏။
လီထျန်းထျန်း၊ စီမာကျုံးတတို့ကဲ့သို့သော အပြင်စည်း တပည့်များအားလုံး၏ စွမ်းဆောင်ရည်သည် မဆိုးလှချေ။ သို့ပေမဲ့ ၎င်းတို့၏ ပင်ကိုယ်စွမ်းရည်သည် မကောင်းမွန်ကြသောကြောင့် ဤနေရာတွင် တစ်နေကြခြင်းဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် ဂိုဏ်းစုဆောင်းမှတ် နှစ်ထောင်ကို အသုံးပြု၍ အဆင့်မြင့်စိတ်ဝိညာဉ်အမြစ် ပင်ကိုယ် စွမ်းရည်ပြောင်းလဲခြင်းဆေးရည်ပုလင်းလေးဆယ်ကို ဝယ်ယူလိုက်၏။ ပြီးနောက် ထိုသူတို့အားလုံးကို အရင်ဆုံး တိုက်ကျွေးတော့၏။
“ကျေးဇူးပါ ဂိုဏ်းချုပ်”
လီထျန်းထျန်းနှင့် လင်းကျန့်ဟန်တို့သည် အလွန်တရာ စိတ်လှုပ်ရှားနေမိကြသည်။ သူတို့သည် သိုင်းဘုရင် အဆင့်သို့ ချိုးဖြတ်ရောက်ရှိရန် ယုံကြည်ချက် ကြီးမားသွားကြ၏။
“အကြီးအကဲဝေ”
ကျွင်းချောင်ရှောင်းသည် ဆေးဥယျာဉ်သို့ ရောက်ရှိလာပြီး မေးလိုက်၏။ “ဆေးပင်တွေ ရင့်မှည့်ဖို့အတွက် အချိန်ဘယ်လောက်လိုမလဲ”
“နှစ်လလောက် လိုမယ်ထင်တယ်” အကြီးအကဲဝေက ပြောလိုက်၏။
“ဒါဆိုရင် အချိန်ရှိသေးတာပဲ”
တစ်စုံတစ်ယောက်၏ ပင်ကိုယ်စွမ်းရည် တိုးတက်လာသည်နှင့်အမျှ သိုင်းဘုရင်အဆင့်သို့ ရောက်ရှိဖို့သည် သိပ်မလိုတော့ချေ။ သို့ပေမဲ့ သူသည် ဖြစ်နိုင်သမျှ သိုင်းဘုရင်ဆေးလုံးကို မြန်မြန်ဆန်ဆန် သန့်စင်နိုင်မည်ဆိုပါက နှစ်ဝက် အတွင်း ရည်မှန်းချက်သည် အောင်မြင်သွားနိုင်၏။
တပည့်များ အဆင့်ချိုးဖြတ်ဆိုသည်မှာ အခက်အခဲဆုံး အရာတော့ မဟုတ်ချေ။ အခက်အခဲဆုံးဆိုသည့် ကိစ္စသည် အကြီးအကဲများပင်ဖြစ်၏။ သူ့အနေနှင့် ကျန့်ရာနှင့် နင်ညီအစ်ကိုတို့ကို သွားရောက်မေးမြန်းခဲ့၏။
သူရရှိခဲ့သော အဖြေများမှာတော့ ၎င်းတို့အားလုံးသည် အဆင့် သုံးဆင့် တိုးတက် ရောက်ရှိခဲ့ပြီဖြစ်သည်။ သဘာဝစိတ်ဝိညာဉ်ကျောက်တုံးတစ်သောင်းအား ထပ်မံထောက်ပံ့ပေးလိုက်တော့သည်။ ထိုသို့ဆိုလျှင်တောင်မှ အဆင့်ကျော်မဖြတ်နိုင်လျှင် မျှော်လင့်ချက် ကင်းမဲ့သွားပေလိမ့်မည်။
“နှစ်ဝက်အတွင်း အထူးတာဝန်များကို ပြည့်စုံဖို့ လိုအပ်နေတယ်”
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ယုံကြည်ချက် ရှိမိနေ၏။ ဟုတ်ပေသည်။ သူ့အနေနှင့် ဤအထူးတာဝန် အောင်မြင်ပြီး ဆုလာဘ်များ ရရှိရန်တစ်ခုတည်းကို ဦးစားပေးသည် မဟုတ်ပေ။ ထိုအထူးတာဝန်၏ နောက်တွင် များပြားလှသော တာဝန်နှင့် ဖုံးကွယ်ထားသော တာဝန်များ ရှိနေနိုင်သေး၏။ ထိုနေရာမှ များပြားသော ဆုလာဘ် များ ထပ်မံရရှိနိုင်သေး၏။
“ငါတာဝန်ပြီးသွားရင် သိုင်းအုပ်စိုးသူအဆင့်ကို တန်းပြီးတော့ ရောက်နိုင်တယ်”
ကျွင်းချောင်ရှောင်းသည် သူ၏ လက်များကို ပွတ်သပ်လိုက်၏။ နောက်တစ်စက္ကန့်အတွင်းမှာပဲ သူသည် တစ်စုံတစ်ခုကို စဉ်းစားလိုက်မိ၏။ “မဟုတ်သေးဘူး၊ ငါ့မှာ အထူးတာဝန် နောက်ထပ်ရှိနေသေးတာပဲ၊ ဒါကိုအောင်မြင်မှ နောက်တစ်ဆင့်ကို တက်မှာပဲ”
“တော်တယ်” စနစ်က ပြောလိုက်သည်။
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်း စိတ်ဓာတ်ကျသွားသည်။ “ငါက ဘာလို့ နှစ်ခါတောင် ကြိုးစားရတာလဲ”
စနစ်က ပြောလိုက်သည်။ “အထူးတာဝန်ကနေရမယ့် ဆုလာဘ်တွေက အရမ်းကို များပြားတယ်၊ ကျိန်းသေပေါက် အကျိုးကျေးဇူးရမှာပဲ”
ကျွင်းချောင်ရှောင်း တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ ဤသို့ဆိုလျှင်တောင်မှ အထူးတာဝန်နှစ်ခုဆိုသည်မှာ သူ နောက်တစ်ဆင့်တက်မည့်နေရာတွင် အတားအဆီးကြီးနှစ်ခု ရှိနေသည်ဟု ဆိုလိုနေသည်။ ခက်ခဲမှုသည်မှာလည်း တစ်ခုထက်တစ်ခု ပိုမို၍ ခက်ခဲ၏။ ဤအရာသည် သိုင်းဘုရင်အဆင့်သာဖြစ်သေး၏။ သူ့အနေနှင့် သိုင်းအုပ်စိုးသူ အဆင့်မှ သိုင်းနယ်မြေအဆင့်ဆီသို့ ချိုးဖြတ်သွားမည်ဆိုရင် အထူးတာဝန်နှစ်ခုကို ထပ်မံ၍ ရင်ဆိုရဦးမည်။
“ဟင်း”
ကျွင်းချောင်ရှောင်းသည် အကူအညီမဲ့စွာဖြင့် ပြောလိုက်၏။
“ဒီလိုမှန်းသိရင် ငါ လမ်းစဉ်တစ်ခုတည်းကို လျှောက်ပါတယ်၊ ဓားလမ်းစဉ်ကို မလေ့ကျင့်ခဲ့ပါဘူး”
နောက်ထပ်တစ်လလောက် ကြာပြီးသည့်နောက်မှာတော့ ပြိုင်စံရှားဂိုဏ်းထဲတွင် သိုင်းစစ်သူကြီးတပည့် အရေ အတွက် ရှစ်ရာအထိ ရှိလာသည်။ ကျုံးရီနှင့် ကျင်းဝူကူးတို့သည် သိုင်းဘုရင်အဆင့်ဆီသို့ အရင်ဦးဆုံး ချိုးဖြတ် ရောက်ရှိခဲ့ရသည်။ ထို့ကြောင့် အရေအတွက်သည် နှစ်ဆယ့်ငါးယောက်ဆီသို့ တိုးတက်ရောက်ရှိသွား၏။
“နောက်ထပ်နှစ်လကျန်သေးတယ်၊ အဆင်ပြေမှာပါ” ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်မိ၏။
ရှန့်ကွမ်းရှင်းရောင်သည် အဓိကဟောခန်းထဲသို့ လျှောက်ဝင်လာပြီး သည့်နောက် သူမ သုတေသန ပြုလုပ်ထားသော ကျင့်ကြံခြင်းနည်းစနစ်စာရွက်များအား စားပွဲပေါ်သို့ တင်လိုက် သည်။ သူမပြောလိုက်၏။ “ဂိုဏ်းချုပ်… နောက်ထပ် ရာဂဏန်းအနည်းငယ်လောက် လေ့လာထားတယ်၊ လမ်းညွှန်ပေးပါအုံး”
“ကောင်းပြီ … ကောင်းပြီ”
ကျွင်းချောင်ရှောင်းသည် အလျင်အမြန်ပဲ အသိအမြင်အဆောင်အား ချိုးချေလိုက်၏။ ပြီးနောက် တစ်နေကုန် သူသည် တစ်ဝက်တစ်ပျက်ဖြစ်နေသော ကျင့်ကြံခြင်းနည်းစနစ်များ အားလုံးကို ပြည့်စုံအောင် ကြိုးစားတော့၏။
ပြီးနောက် ကျင့်ကြံခြင်းနည်းစနစ် ခန်းမဆောင်ကို ဖွင့်လိုက်သည်။ ဓာတ်ငါးပါးကောင်းကင်နည်းစနစ် အနောက်ရှိ အရေအတွက်သည် ၁၀၉၀/၉၈၈ သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ ထို့အပြင် လဲလှယ်နိုင်သည့် ခလုတ်သည်လည်း လင်းလျက်ရှိနေသည်။
“ဒင်… သိုင်းကျမ်း ၉၈၈ ခုနှင့် ဓာတ်ငါးပါးကောင်းကင်နည်းစနစ်အား လဲလှယ်ခဲ့သည်။ ပစ္စည်းအား သိုလှောင် လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ”
ဤသိုင်းနည်းစနစ်ကို ဝယ်ယူပြီးသည့်နောက်မှာတော့ စနစ်သည် အလိုအလျောက် ဂိုဏ်း၏ ကျင့်ကြံခြင်းနည်းစနစ် နှင့် လိုက်ဖက်ညီသွားစေသည်။ ဂိုဏ်းချုပ်ကျွင်းသည် နှောင့်နှေးမနေဘဲ တိုက်ရိုက်ဆိုသလိုပဲ မိတ္တူအစောင် တစ်သောင်းအား ကူးလိုက်တော့၏။
“ချင်းယန်”
“ဟုတ်ကဲ့”
“မနက်ဖြန်မနက်ခင်း လေ့ကျင့်ခန်းတွေပြီးရင် မသွားနဲ့ဦး၊ ငါပြောစရာရှိတယ်”
“ကောင်းပါပြီ”