အခန်း (၆၀၈)
Vol. 41 Ch. 608
နောက်တစ်ရက် ပုံမှန်မနက်ခင်း လေ့ကျင့်ခန်းများ ပြုလုပ်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ဓာတ်ငါးပါး ကောင်းကင်နည်းစနစ်အား တပည့်များအား ဖြန့်ဝေပေးလိုက်တော့သည်။ တကယ်တမ်းမှာတော့ သူသည် သိုင်းနည်းစနစ်ဖြန့်ဝေသည့် စက်ဖြင့်ပေး၍ရနိုင်၏။ သို့ပေမဲ့ ပိုမို၍ ကြီးကျယ်ခမ်းနားသည်ဟု ထင်မှတ်ရလေအောင် သူကိုယ်တိုင်ပေးအပ်လိုက်ခြင်းဖြစ်သည်။
ဓာတ်ငါးပါး ကောင်းကင်နည်းစနစ်သည် အပိုင်း ငါးပိုင်း ပါဝင်နေပြီး သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် လေဓာတ်ဟူ၍ ရှိသည်။ တပည့်များအနေနှင့် မိမိ ကျွမ်းကျင်ရာ၊ နှစ်သက်ရာအလိုက် တစ်ခုချင်းစီကို ရွေးချယ်၍ လေ့ကျင့်နိုင်၏။ ထို့အပြင် ပို၍လေ့ကျင့်၍လည်း ရသည်။ ကိုယ့်ကိုယ်ကိုယ် အလွန်တရာတော်သည်ဟု ထင်မှတ်ပါက ဓာတ်ငါးပါး စလုံးကို ကျင့်ကြံ၍ ရနိုင်ပေ၏။
“ဒီကျင့်ကြံခြင်းနည်းစနစ်က”
ရီချင်းရှန် မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။ “တကယ်ပဲ ဓာတ်ငါးပါး ဓာတ်သဘာဝ တွေ ပါဝင်နေတာပဲ”
ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ရေတွက်၍မရအောင် များပြားသော ကျင့်ကြံခြင်းနည်းစနစ်များရှိသည်။ ညအင်ပါယာသည် အရင်ကတည်းက တော်တော်များများကို ကျင့်ကြံခဲ့ဖူးသည်။ သို့ပေမဲ့ ဓာတ်ငါးပါးနှင့် ပတ်သက်သော ကျင့်ကြံခြင်းနည်းစနစ်နှင့် ရေနှင့်မီး သို့မဟုတ် မြေနှင့်မီးဟူ၍ တွဲပြီး ကျင့်ကြံလို့ရသည့် နည်းစနစ် မျိုးသာ ရှိခဲ့၏။ ဤကဲ့သို့ ဓာတ်ငါးမျိုးကို ပေါင်းစု၍ ကျင့်ကြံနိုင်သည့် နည်းစနစ်ရှိသည်ဟု တစ်ခါမှ မမြင်ခဲ့ဘူးချေ။
သူဆက်လက်ကာ ဖတ်ရှု့လိုက်၏။ ရီချင်းရှန်သည် ပိုပို၍ တုန်လှုပ်လာမိသည်။ သူ့အနေနှင့် စတင်ကျင့်ကြံခြင်းကို မပြုလုပ်ရသေးသော်လည်း ဤကျင့်ကြံခြင်းနည်းစနစ်သည် သူ၏ ထိုက်ရွမ်ကျမ်းနှင့် နှိုင်းယှဉ်၍ ရနိုင်သည်ကို အလိုလိုသိနေ၏။
ဤအရာမှာ အမှန်ပင်ဖြစ်သည်။ ဓာတ်ငါးပါးကောင်းကင်နည်းစနစ်သည် နတ်ဘုရားအဆင့်နှင့် အထက် ကျင့်ကြံခြင်းနည်းစနစ်တစ်ခုပင် ဖြစ်တော့သည်။
အဆင့်အရ ခွဲခြမ်းမည်ဆိုလျှင် ထိုက်ရွမ်ကျမ်းထက်ပင် ပိုမို၍ အဆင့်မြင့်မားနေသည်။ သို့ပေမဲ့ ဤကျင့်ကြံခြင်း နည်းစနစ်ကို အောင်မြင်သည်အထိ ကျင့်ကြံဖို့ဆိုလျှင် ဓာတ်ငါးပါးလုံးကို ပိုင်နိုင်ပြည့်စုံအောင် ကျင့်ကြံနိုင်မှ ဖြစ်ပေလိမ့်မည်။
ခန္ဓာကိုယ်ကျင့်ကြံခြင်းအတွက် ရီကျင်းကျင်း ကျင့်ကြံခြင်းနည်းစနစ်ရှိပြီး စိတ်ပိုင်းဆိုင်ရာကို တည်ငြိမ်အေးချမ်းစေရန်အတွက် စိတ်နှလုံးအေးချမ်းခြင်းနည်းစနစ် ရှိနေ၏။ ဓာတ်ငါးပါးကျင့်ကြံခြင်းနည်းစနစ် မှာတာ့ ကောင်းကင်နှင့်မြေကြီးအတွင်းမှာရှိသော ဓာတ်သဘာဝများကို ပိုမို နားလည်စေရန်ပင်ဖြစ်တော့သည်။
ရီချင်းရှန်သည် မယုံကြည်နိုင်စွာဖြင့် ပြောလိုက်မိ၏။ “ဘာလို့ တပည့်တွေကို ဒီလောက်အားကောင်းတဲ့ ကျင့်ကြံခြင်းနည်းစနစ် စောစောမပေးတာလဲ”
အခြားအခန်းတစ်ခုတွင်တော့ ဓာတ်ငါးပါးကောင်းကင်နည်းစနစ်ကို ဖတ်ရှုနေသော ဟယ်ဝူတီသည် သူ၏ နှလုံးသားထဲတွင် ဖော်ပြလို့မရလောက်သည် အထိ ထိတ်လန့်တုန်လှုပ်မိနေ၏။ ဓာတ်ငါးပါးလုံးပါဝင်နေသည့် ကျင့်ကြံခြင်းနည်းစနစ်သည် အလွန်တရာ ရှားပါးလှသည်ဟု ရီချင်းရှန်ထက် သူက ပိုသိ၏။ ဤကျင့်ကြံခြင်းနည်းစနစ်သည် အထူးကျင့်ကြံခြင်းနည်းစနစ်ပင် ဖြစ်ပေလိမ့်မည်။
“ဒါက သက်တန့်ရောင်သူတော်စင် ချန်ခဲ့တဲ့ အရာပဲဖြစ်ရမယ်” ဟယ်ဝူတီသည် ရုတ်တရက် ရေရွတ်လိုက်မိ၏။
လီချင်းယန် ၊ ရှောင်ကျီနှင့် တခြားသူသော သူများသည်လည်း ဤဓာတ်ငါးပါး ကောင်းကင်နည်းစနစ်သည် အလွန်တရာကောင်းလွန်းသည်ဟု ခံစားမိသည်။ သို့ပေမဲ့ သူတို့သည် ထိတ်လန့်တုန်လှုပ်မနေကြချေ။ ဘာမှမသိကြသောကြောင့် စတင်ကာ ကျင့်ကြံကြတော့၏။
“ငါ ဘယ်ဓာတ်သဘာဝကို အရင်ဆုံးလေ့ကျင့်ရင် ကောင်းမလဲ”
“စဉ်းစားနေဖို့ လိုသေးလား၊ မီးနဲ့ သတ္တုဓာတ်ပေါ့”
များပြားလှသော တပည့်များသည် ကိုယ်ပိုင်ကြိုက်နှစ်သက်ရာများကို ရွေးချယ်ပြီးသည့်နောက် တော်တော်များများ သည် စတင်၍ ကျင့်ကြံကြတော့သည်။ ထိုဓာတ်သဘာဝများကို ကျင့်ကြံနိုင်သည်ဆိုပါက ၎င်းတို့၏ တိုက်ခိုက်ရေး အားအင်သည် ပိုမို၍ အားကောင်းလာမှာဖြစ်၏။
ဟုတ်ပေသည်။ အမျိုးသမီးတပည့်များသည်လည်း အကောင်းဆုံး ကြိုးစား၍ လေ့ကျင့်လျက်ရှိနေကြ၏။ ၎င်းတို့သည် သစ်သားနှင့် ရေဓာတ်ကို အဓိကထား၍ ကျင့်ကြံကြသည်။
မူဟုန်လင်မှာတော့ ဂိုဏ်းထဲတွင်ရှိသော သိုင်းကျင့်ကြံခြင်း နည်းစနစ်များကိုပင် မကျင့်ကြံရသေးချေ။ သို့ပေမဲ့ သူမသည် ဓာတ်ငါးပါးကောင်းကင်နည်းစနစ်ကို ရရှိခဲ့၏။ အသိပြန်မဝင်တော့သည်အထိ အချိန်အတော်ကြာ ဆွံ့အ နေမိ၏။ ကောင်းကင်နီဓားကွက်ကို မကျင့်ကြံနိုင်သည့်အတွက် သူမသည် အလွန်တရာ စိတ်ဓာတ်ကျခဲ့၏။ သို့ပေမဲ့ ဓာတ်ငါးပါးစလုံး ပေါင်းစည်းပါဝင်ထားသော ကျင့်ကြံခြင်းနည်းစနစ်ကို ရရှိသည်ဆိုခြင်းမှာ သူမကျင့်ကြံလိုသော သိုင်းကျင့်ကြံခြင်းနည်းစနစ်ထက် အဆပေါင်းများစွာ ပိုမို၍ အားကောင်းနေသည်ကို သိရှိခဲ့ရ၏။
“ငါနောက်မကျသေးဘူး၊ နောက်မကျသေးဘူး”
အပြင်စည်းတပည့်များအားလုံးသည်လည်း မိမိကြိုက်နှစ်သက်ရာများကို ရွေးချယ်ကြတော့သည်။ တော်တော်များ များသည် တစ်ခုချင်းစီကို ကျင့်ကြံရန်သာ ရွေးချယ်ကြ၏။ အတွင်းစည်းတပည့်များမှာတော့ မြင့်မားလှသည့် ပင်ကိုယ်စွမ်းရည်စိတ်ဝိညာဉ်အမြစ်များ ပိုင်ဆိုင်ကြသည်မို့ တစ်ခုထက်ပိုမို၍ ကျင့်ကြံကြတော့သည်။
ဥပမာ- ရှောင်ကျီသည် မြေဓာတ်နှင့် သတ္တုဓာတ်ကို ရွေးချယ်၍ ကျင့်ကြံသည်။ ထိုအရာများသည် သူ၏ ခုခံခြင်းနှင့် တိုက်ခိုက်ခြင်းကို ပိုမို၍ အားကောင်းစေလိမ့်မည်။
လီချင်းယန်နှင့် စုရှောင်မိုတို့သည်လည်း တူတူပင်ဖြစ်သည်။
အားလုံးထဲတွင် အကြမ်းတမ်းဆုံးသောသူများမှာ ရီချင်းရှန်နှင့် ဟယ်ဝူတီတို့ပင်ဖြစ်သည်။ ၎င်းတို့နှစ်ယောက်လုံး သည် ဓာတ်ငါးပါးလုံးကို ကျင့်ကြံရန် ရွေးချယ်လိုက်ကြ၏။
ဟုတ်ပေသည် အချိန်တော့ အတော်ကြာပေလိမ့်မည်။ သို့ပေမဲ့ ဓာတ်ငါးပါးလုံးကို အောင်မြင်အောင် ကျင့်ကြံနိုင်မည်ဆိုပါက ရရှိနိုင်သည့် အကျိုးသက်ရောက်မှုကလည်း တခြားသူများ နှင့် နှိုင်းယှဉ်လျှင် ကွာခြားလွန်းပေလိမ့်မည်။
ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲတွင် ထိုင်ရင်း ဓာတ်ငါးပါး ကောင်းကင်နည်းစနစ်ကို သေသေချာချာ လေ့လာလိုက်တော့သည်။ ပြီးနောက် ပြောလိုက်၏။ “စဉ်းစားနေဖို့ မလိုတော့ဘူး၊ အားလုံးကို တစ်ခါတည်း ကျင့်ကြံရမယ်”
သူ့အနေနှင့် ရှိသမျှအားလုံးကို ကျင့်ကြံရန် ရွေးချယ်ခဲ့သည်သာမကပဲ တပည့်များအားလည်း တစ်ခုတည်းသာ ရွေးချယ်ကျင့်ကြံမနေဘဲ အားလုံးကို ကျင့်ကြံဖို့ တိုက်တွန်းပြောဆိုခဲ့လေ၏။
“ဓာတ်ငါးပါး ကောင်းကင်နည်းစနစ်”
ဤအရာသည် ဓာတ်ငါးပါးလုံး၏ ကျင့်ကြံခြင်းနည်းစနစ် အမျိုးအစားတစ်ခုဖြစ်ပြီး ဤအရာအားလုံးကို ပြည့်စုံအောင် ကျင့်ကြံနိုင်မည်ဆိုလျှင် အဆင့်ကျော်ဖို့ဆိုသည်မှာ အလွန်တရာ လွယ်ကူသွားပေလိမ့်မည်။ လက်ရှိ အခြေအနေမှာတော့ ပြိုင်စံရှားဂိုဏ်းတပည့်များ၏ ကျင့်ကြံခြင်းနည်းစနစ်များအပေါ် နားလည်မှုသည် တမဟုတ်ချင်း တိုးတက်လာတော့သည်။
…………
ဝှစ် …. ဝှစ်
လဝက်လောက်ကြာပြီးသည့်နောက်မှာတော့ သိုင်းလေ့ကျင့်ရေးကွင်းပြင်ထဲတွင် တပည့်တော်တော်များများသည် စုဝေး၍ လေ့ကျင့်လျက်ရှိနေကြသည်။ ၎င်းတို့၏ လက်များတွင်တော့ မီးတောက်များ စုဝေးလျက်ရှိ၏။ သို့မဟုတ် ရွှေရောင်အလင်းတန်းများနှင့် တောက်ပလျက်ရှိ၏။ ဓာတ်ငါးပါးကောင်းကင်နည်းစနစ်သည် လေ့လာ သင်ယူ ရသည်မှာ လွယ်ကူလွန်းလှ၏။
အဆင့်နိမ့်ပင်ကိုယ်စွမ်းရည်ကို ပိုင်ဆိုင်သူပင်လျှင် အချိန်တိုအတွင်းတွင် နားလည်နိုင်၏။ ၎င်းတို့ ခန္ဓာကိုယ်၏ ဓာတ်သဘာဝများကို ထုတ်ဖော်အသုံးပြုနေနိုင်ကြပြီဖြစ်သည်။ သို့ပေမဲ့ အရင်နည်းစနစ်များနှင့် တူညီစွာပဲ ပိုမို ကျွမ်းကျင်စေချင်သည် ဆိုလျှင်တော့ နားလည်ရန် အချိန်ယူရမည်ဖြစ်၏။
ဝှစ်
စုရှောင်မိုသည် လေထဲသို့ အသာခုန်တက်လိုက်ပြီးနောက် လက်နှစ်ဖက်ဖြင့် နည်းစနစ် ကို အသာထုတ်ဖော်လိုက်၏။ ချက်ချင်း ဆိုသလိုပဲ ပူပြင်းအားကောင်းလွန်းသော မီးတောက်များသည် လေဟာနယ်ထဲတွင် ဖြစ်တည်လာသည်။ သူသည် ကောင်းကင်နီဓားနည်းစနစ်ကို ထုတ်ဖော်အသုံးပြုလိုက်ခြင်းဖြစ်သည်။ သို့ပေမဲ့ မီးဓာတ်သဘာဝများ၏ ထောက်ပံ့မှု ပါဝင်နေသောကြောင့် အရင်ကထက် ပိုမို၍ အားကောင်းလာတော့သည်။
ဟဲ ဟဲ
လီဖေးသည် ခေါင်းကိုကုတ်ကာ ပြောလိုက်၏။ “စီနီယာအစ်ကိုစု… ကျွန်တော်တို့ တိုက်ခိုက်ကြည့်ရအောင်”
ဟမ့်
စုရှောင်မိုက ပြောလိုက်သည်။ “မင်း သတ္တိရှိတာပဲ”
“စီနီယာအစ်ကိုစု စိန်ခေါ်မှုကို လက်ခံလိုက်ပါ”
“စီနီယာအစ်ကိုစု လက်ခံလိုက်ပါ”
တပည့်များသည် လိုက်ပါ၍ ပြောဆိုကြတော့သည်။
“ကောင်းပြီ”
စုရှောင်မိုသည် ရယ်ကာပြောလိုက်၏။ “ဒါဆိုလည်း တိုက်ခိုက်ကြတာပေါ့”
ရွှီး
သူ၏ ဂိုဏ်းတူညီလေးများသည် တစ်ယောက်ပြီးတစ်ယောက် နောက်သို့ဆုတ်ခွာသွားခဲ့ကြပြီး သိုင်းလေ့ကျင့်ရေး ကွင်းပြင်မှာတော့ ကြီးမားသည့် မြေကွက်ကြီးတစ်ခုဖြစ်အောင် ဖန်တီးလိုက်ကြတော့သည်။ စုရှောင်မိုနှင့် လီဖေး တို့သည် အထဲသို့ လျှောက်ဝင်ပြီးနောက် တိမ်ခြေလှမ်းများကို အသုံးပြု၍ မီးတောက်များကို ထုတ်ဖော်ကာ ၎င်းတို့၏ အားအကောင်းဆုံး တိုက်ခိုက်ချက်များနှင့် တိုက်ခိုက်ကြတော့သည်။
“ကောင်းကင်နီဓားကွက်”
“ကောင်းကင်နီဓားကွက်”
ဝှစ် ဝှစ်
သူတို့နှစ်ယောက်သည် လှုပ်ရှားသွားလာရင်း တူညီသည့် နည်းစနစ်များကို ပထမပိုင်း၌ စတင်အသုံးပြုကြသည်။ နှစ်ယောက်သားသည် လေထုထဲတွင် မီးတောက်များဖန်တီးကာ တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ကြ တော့၏။ စုရှောင်မိုနှင့် လီဖေးတို့သည့် အနောက်သို့ ခြေလှမ်း ခုနှစ်လှမ်း၊ ရှစ်လှမ်းလောက် ဆုတ်ခွာသွားကြသည်။ ကြည့်ရသည်မှာ နှစ်ယောက်သား အနိုင်အရှုံး မကွဲပြားကြပုံပင်။
ဝှီး
ထိုအချိန်မှာတော့ အစိမ်းရောင်အလင်းတန်းကြီးတစ်ခုသည် ၎င်းတို့၏ ခြေထောက်အောက်၌ ဖြစ်ပေါ်လာသည်။ ပြီးနောက် နွယ်ကဲ့သို့သော မြေသဘာဝအားလုံးသည် ဖြစ်တည်လာတော့သည်။
“မဟုတ်ဘူး”
လီဖေးသည် တုန်လှုပ်သွား၏။ အလျှင်အမြန် နောက်သို့ ဆုတ်ခွာလိုက်၏။ သို့ပေမဲ့ နွယ်ကြိုးကဲ့သို့ ဓာတ်သဘာဝ များသည် သူ့၏ခြေထောက်အား မြန်မြန်ဆန်ဆန်ဖြင့် ချုပ်နှောင်တော့သည်။ စုရှောင်မိုသည် ပျံသန်းလာပြီးသည့် နောက်မှာတော့ သူ၏ တောက်ပလွန်းသော မီးတောက်များအား အသုံးပြု၍ လခြမ်းဓားကွက်နှင့် ပေါင်းစပ်ကာ တိုက်ခိုက်တော့သည်။ သို့ပေမဲ့ လီဖေးကို ထိခိုက်ခါနီးမှာတော့ ထိုသိုင်းနည်းစနစ်သည် ပျောက်ကွယ်သွားတော့ သည်။
ခြေထောက်အား ချုပ်နှောင်ထားကြသော နွယ်ကြိုးများအားလုံးသည်လည်း ပျောက်ကွယ်သွား၏။
“ဂျူနီယာညီလေး”
စုရှောင်မိုသည် မြေပြင်ပေါ်သို့ ခုန်ဆင်းပြီး ပြောလိုက်၏။ “ရှုံးတာကို ဝန်ခံပြီလား”
လီဖေးသည် ခေါင်းကိုကုတ်ကာ ပြောလိုက်၏။ “စီနီယာအစ်ကိုက သစ်သားဓာတ်သဘာဝကိုပါ တွဲပြီး အသုံးပြုမယ်လို့ မထင်ခဲ့မိဘူး၊ ဒါက တကယ့်ကို ကျွန်တော် မထင်ထားတဲ့ကိစ္စပဲ”
“ဒါကြောင့် ပြောတာပေါ့”
စုရှောင်မိုက ပြောလိုက်သည်။ “မင်းက အတွေ့အကြုံလိုနေသေးတယ်”
…………
ဓာတ်ငါးပါးကောင်းကင်နည်းစနစ်ကို ကျင့်ကြံပြီးသည့်နောက်မှာတော့ ပြိုင်စံရှားဂိုဏ်း တပည့်များအားလုံးသည် ဓာတ်သဘာဝ ငါးမျိုးနှင့်ပတ်သက်၍ ပိုမို၍ နားလည်လာကြတော့သည်။ ဤအရာသည်မှာ ဒုတိယသာဖြစ်၏။ ဓာတ်ငါးပါးကို အခြေခံ၍ ကျင့်ကြံခြင်းနှင့် နားလည်မှုတွင် ပိုမို၍ တိုးတက်လာခဲ့သည်။
ရီချင်းရှန်သည် သူတို့ အားလုံးထက် သာလွန်နေ၏။ အဘယ်ကြောင့်ဆိုသော် ထိုက်ရွမ်ကျမ်းကို အသုံးပြုလာ သောကြောင့်ဖြစ်သည်။ သူသည် ဓာတ်ငါးပါး ကောင်းကင်နည်းစနစ်ကို ကျင့်ကြံရင်း ထိုက်ရွှမ်ကျမ်းအပေါ်လည်း ပိုမို၍ နားလည်လာခဲ့သည်။ နောက်ထပ်လဝက်ခန့် ကုန်ဆုံးပြီးနောက်မှာတော့ တပည့်တော်တော်များများသည် တည်နေရာနှင့် အချိန် လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်၍ ကျင့်ကြံကြတော့သည်။ ၎င်းတို့၏ နည်းစနစ်အပေါ် နားလည်မှုများသည် ပိုမို၍ နက်ရှိုင်းလာကြပြီး တိုးတက်မှုနှုန်းကလည်း ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလာ၏။
“ဂိုဏ်းချုပ်”
လီချင်းယန် က ပြောလိုက်သည်။ “အခု စုစုပေါင်း တပည့်ထောင့်ငါးရာက သိုင်းစစ်သူကြီးထိပ်ဆုံးအဆင့်ကို ရောက်ရှိသွားပါပြီ”
ကျွင်းချောင်ရှောင်းသည် မျက်လုံးပြူးသွားမိ၏။ အတိတ်တုန်းကဆိုလျှင် သူ တစ်လကို သိုင်းစစ်သူကြီးထိပ်ဆုံး အဆင့်သို့ ရောက်ရှိနှုန်းသည် နှစ်ရာဟု သတ်မှတ်ထားခဲ့သည်။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ရှစ်ရာမှသည် ထောင့်ငါးရာအဆင့်ဆီသို့ တိုးတက်ရောက်ရှိသွားပြီး သတ်မှတ်ထားသည်ထက်ပိုမို၍ အဆပေါင်းများစွာ မြန်သည် ဟုဆိုရပေမည်။
လီချင်းယန်က ပြောလိုက်၏။ “တပည့်တွေ အကုန်လုံးက အဆင့်သေးသေးလေးတွေ ချိုးဖြတ်နေကြတယ်၊ အရင်ကထက် ပိုမြန်လာတဲ့ အဓိပ္ပာယ်ပဲ”
ကျွင်းချောင်ရှောင်းသည် မေးစေ့ကိုပွတ်သပ်ကာ ပြောလိုက်သည်။ “ကြည့်ရတာ ကျင့်ကြံခြင်း ခန်းမဆောင်ထဲမှာ ရှိတဲ့ သိုင်းနည်းစနစ်တွေက သာမန်တော့ မဟုတ်ဘူး၊ တကယ့်ကို အားကောင်းလွန်းပုံပေါ်ပဲ”
တပည့်များသည် မြန်မြန်ဆန်ဆန်နှင့် တိုးတက်လာကြသည်။ အဘယ်ကြောင့်ဆိုသော် ဓာတ်ငါးပါးကောင်းကင် နည်းစနစ်ကို ကျင့်ကြံသောကြောင့်ပင်ဖြစ်၏။ သို့ပေမဲ့ ဤလအတွင်းတွင် လူတစ်ယောက်မှ သိုင်းဘုရင်အဆင့်ကို ချိုးဖြတ်မရောက်ရှိကြပေ။ ကျင့်ကြံခြင်းနည်းစနစ်ကို ကျင့်ကြံ၍ ပြီးဆုံးသည့်နောက်မှာတော့ သူတို့သည် အလုံးစုံ နားလည်မှုကို မရရှိကြပေ။ ထို့နောက် နောက်ထပ်အဆင့်တစ်ခုကို ချိုးဖြတ်ရန်အတွက် အချိန်ကာလတစ်ခု လိုခြင်း ဖြစ်ပုံပေါ်သည်။
“တစ်လပဲ ကျန်တော့တာပဲ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဆေးပင်တွေက အဆင်သင့်ဖြစ်လောက်ပြီထင်တယ်”
ရက်အနည်းငယ်ကြာပြီးသည့်နောက်မှာတော့ အကြီးအကဲဝေသည် အဓိကဟောခန်းထဲသို့ ဝင်ရောက်လာကာ ပြောလိုက်၏။
“ဆေးပင်တွေ အဆင်သင့်ပဲ”
“မြန်မြန် ကျုပ်ကိုပေးတော့”
ကျွင်းချောင်ရှောင်းသည် ဆေးပင်တွေအားလုံးကို သိုလှောင်လက်စွပ်ထဲသို့ ထည့်ပြီးသည့်နောက် ဆေးခန်းမဆောင် အား ဖွင့်လှစ်လိုက်တော့သည်။ သူ၏ မျက်နှာပေါ်တွင် အပြုံးများဖြစ်တည်နေ၏။ အဘယ်ကြောင့်ဆိုသော် သိုင်းဘုရင်ဆေးလုံးအတွက် ဖော်စပ်ရနိုင်သည်အရေအတွက်သည် ခုနှစ်ဆယ်ဟု မြင်လိုက်ရသောကြောင့်ပင် ဖြစ်သည်။
“ဒါက သိုင်းဘုရင်ခုနှစ်ဆယ်တောင်”
သူသည် အများဆုံးအရေအတွက်အထိ သန့်စင်နိုင်အောင် ချိန်ညှိလိုက်တော့သည်။
“ဒင်”
ရှစ်နာရီလောက် ကြာပြီးသည့်နောက်မှာတော့ ပထမမြောက် သိုင်းဘုရင်ဆေးလုံးသည် ဖြစ်တည်လာခဲ့၏။ ဝိုင်းစက်နေသည့် ဆေးလုံးတစ်ခုဖြစ်ပြီး တစ်ချက်ကြည့်လိုက်သည်နှင့် သာမန်ထက်ပိုသော ဆေးလုံးတစ်ခု ဖြစ်ကြောင်း သိသာနေ၏။
“ဒါ ငါ့အသဲလေးတွေပဲ”
ကျွင်းချောင်ရှောင်းသည် သိုင်းဘုရင်ဆေးလုံးကို ကိုင်ကာပြောလိုက်၏။ “ငါ့ရဲ့အထူးတာဝန် ပြည့်စုံမလား၊ မပြည့်စုံဘူးလားဆိုတာက မင်းအပေါ် မူတည်နေတယ်၊ ငါ့ကို စိတ်ပျက်အောင် မလုပ်နဲ့”