အခန်း (၆၁၀)
Vol. 41 Ch. 610
အချိန်များသည် ဖြေညှင်းစွာဖြင့် ကုန်ဆုံးသွားခဲ့၏။ နှစ်နာရီတိတိ ကြာမြင့်ပြီးသည့်နောက်မှာ အထူးတာဝန် ၏ ဆုလာဘ်ပေးရမည့် အစီအစဉ်သည် စတင်သင့်ပြီ ဖြစ်သည်။ သူ့အနေနှင့် မိနစ်အနည်းငယ် စောင့်စားနေခဲ့ရသည်။ သို့ပေမဲ့ မည်သည့်အရာမှ ဖြစ်မလာခဲ့ချေ။
ကျွင်းချောင်ရှောင်းသည် မနေနိုင်တော့ဘဲ မေးလိုက်၏။ “ဘာလို့ဆုလာဘ်က ရောက်မလာသေးတာလဲ”
“မပူနဲ့”
စနစ်က ပြောလိုက်သည်။ “သူက ပြင်ဆင်နေပြီလေ”
“ဒါဆိုလည်း ကောင်းပြီ”
ကျွင်းချောင်ရှောင်းသည် ဆက်လက်၍ စောင့်ဆိုင်း၏။ သို့ပေမဲ့ နောက်ထပ်ဆယ်မိနစ် စောင့်စားပြီးသည့် နောက်တွင် မည်သည့်အရာမှ ဖြစ်မလာချေ။ သူ့အနေနှင့် ဂဏာမငြိမ် ဖြစ်မိလာသည်။ သူ့အနေနှင့် နှစ်ဝက်လောက် အကောင်းဆုံးကြိုးစားခဲ့ပြီး တာဝန်များ ပြည့်ဝအောင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သို့ပေမဲ့ ဆုလာဘ်ကို စောင့်မျှော်နေ သည့်အချိန်တွင် ဘာမှ ဖြစ်မလာခဲ့ချေ။ လက်ထဲမှာတော့ ဓားတစ်လက်ရှိမည်ဆိုလျှင် ကျင့်ကြံခြင်းလောကတစ်ခု လုံကို စိန်ခေါ်၍ ရှိရှိသမျှသော လူများအားလုံးကို ခုတ်ပိုင်းသတ်ဖြတ်ချင်စိတ် ဖြစ်နေ၏။
“ဒင်”
ကျွင်းချောင်ရှောင်းသည် စိုးရိမ်ပူပန်မှုများကြောင့် ဒေါသတကြီး ပေါက်ကွဲတော့မည့် အချိန်မှာပဲ သတိပေးသံတစ်ခု ထွက်ပေါ်လာတော့သည်။ ဤအရာသည် ကောင်းကင်ဆီမှ ထွက်ပေါ်လာသော အသံတစ်ခုနှင့် ဆင်တူလှပြီး သူ၏ ဝိညာဉ်အတွင်းပိုင်းဆီသို့ တိုးဝင်သွားခဲ့၏။
“လာပြီ၊ လာပြီ၊ ငါ့ရဲ့ဆုလာဘ်တွေ”
ကျွင်းချောင်ရှောင်း မတ်တပ်ရပ်ပြီးတော့ အသင့်အနေအထား ပြင်လိုက်၏။
“ဒင်... လက်ခံသူ၏ အဆင့်သည် လိုအပ်ချက်နှင့် ကိုက်ညီပြီဖြစ်သောကြောင့် အထူးတာဝန်ပြည့်စုံနှုန်း နှစ်ရာ ရာခိုင်နှုန်းဖြစ်သွားသည်၊ လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် နှစ်သောင်းအား ရရှိ၏”
“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၂၂၉၉၁ / ၂၀၀၀၀”
“ဒင်... ဂိုဏ်းစုဆောင်းမှတ်များသည် ပိုလျှံနေပြီဖြစ်သောကြောင့် …”
ဂိုဏ်းစုဆောင်းမှတ် နှစ်သောင်းကို ဆုလာဘ်အဖြစ် ရရှိခဲ့သည်။ အံ့အားသင့်စရာကောင်း၏။ အလွန်တရာ ကောင်းမွန်လွန်းလှသည်။
“စိတ်ကို ငြိမ်ငြိမ်ထား၊ စိတ်ကို ငြိမ်ငြိမ်ထား”
ဒါသည် အစသာရှိသေး၏။ ဤကဲ့သို့ နှစ်ရာ ရာခိုင်နှုန်း ပြည့်စုံမှုနှုန်းနှင့်ဆိုလျှင် ဆုလာဘ်များသည် အလွန်တရာ များပြားပေလိမ့်မည်။
“သူတော်စင်အဆင့် ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်းဆေးရည်၊ ဓားအစီအရင် ပင်ကိုယ်စွမ်းရည်ဆေးရည်၊ အဆင့်မြင့် သားကောင်းဖမ်းဘောလုံး၊ အတွေ့အဆုံအဆောင်၊ ဆေးလုံး …… လာခဲ့စမ်း၊ ဒါတွေအကုန်လုံး ငါ့ဆီလာခဲ့စမ်း”
ကျွင်းချောင်ရှောင်းသည် သူ၏ စိတ်ထဲမှာ အကြီးအကျယ် အော်ဟစ်လျက်ရှိသည်။ သူသည် ခေါင်းကိုခါယမ်းကာ ပျော်ရွှင်စွာဖြင့် ကခုန်ချင်စိတ်ပင် ပေါက်နေသည်။
“ဒင်... လက်ခံသူသည် အထူးတာဝန်နံပါတ်ခြောက်ကို ပြည့်စုံအောင် ပြုလုပ်ရန် လိုအပ်နေသေးသည်ကို ရှာဖွေ တွေ့ရှိခဲ့၏၊ ထို့ကြောင့် အထူးတာဝန်ငါး၏ ဆုလာဘ်များကို ခေတ္တဆိုင်းငံ့ထားပေ၏။ အထူးတာဝန်ခြောက်ကို အောင်မြင်ခဲ့မည်ဆိုပါက ဆုလာဘ်များကို အတူတကွ ပူးပေါင်းပေးအပ်သွားမည်ဖြစ်သည်”
“...”
ဂိုဏ်းချုပ်ကျွင်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ရင်သွား၏။ “ဘာ … ဘာဖြစ်တယ်”
စနစ်က ထပ်ပြောလိုက်၏။ “ဆိုလိုတာ လက်ခံသူအနေနဲ့ အထူးတာဝန်ခြောက်ကို ပြည့်စုံသွားရင် ဆုလာဘ်နှစ်ခုကို တပြိုင်နက်တည်း ရမယ် ပြောတာ”
ဘုတ်
ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းအမိုးပေါ်မှ ပြုတ်ကျသွားတော့သည်။
“အိုး မဟုတ်တော့ဘူး၊ ဂိုဏ်းချုပ် ပြုတ်ကျသွားပြီ”
“မြန်မြန် မြန်မြန် သူ့ကိုထမ်းပြီး ဆေးခန်းမဆောင်ဆီ ခေါ်သွားတော့”
.........
အထူးတာဝန်နံပါတ်ငါးကို နှစ်ရာ ရာခိုင်နှုန်းပြည့်စုံမှုနှင့် တာဝန်ပြည့်စုံအောင် ပြုလုပ်ခဲ့ပြီးနောက်မှာတော့ ဆုလာဘ်အနေနှင့် ဂိုဏ်းစုဆောင်းမှတ် နှစ်သောင်းကို ရရှိခဲ့သည်။ ဤအရာသည် အလွန်တရာ များပြားသည်ဟု ဆိုရမည်။ သို့ပေမဲ့ ထပ်မံရရှိမည့် ဆုလာဘ်များကိုတော့ ဆိုင်းငံ့ခံထားရသည်။
ကျွင်းချောင်ရှောင်းသည် ငိုချင်စိတ်ပင် ပေါက်မိနေ၏။ ထို့အပြင် အထူးတာဝန်ခြောက်သည် သုံးနှစ်စီမံကိန်းနှင့် ပတ်သက်နေ၏။ ထို့ကြောင့် ဤဆုလာဘ်ကို ရရှိမည်ဆိုပါက သူသည် အနည်းဆုံး နောက်ထပ်တစ်နှစ်လောက် စောင့်ရမှာဖြစ်၏။
“တော်စမ်း”
ကျွင်းချောင်ရှောင်းသည် စောဒကတက်ရန် အားအင်ပင် မရှိတော့ချေ။ ထို့ကြောင့် စနစ်ကိုဖွင့်ကြည့်ကာ ပိုလျှံနေ သော ဂိုဏ်းစုဆောင်းမှတ်များကို သုံးဖြုန်းရန် စဉ်းစားလိုက်၏။ ဂိုဏ်းစုဆောင်းမှတ် နှစ်သောင်းနှစ်ထောင်ကျော် လက်ထဲတွင် ရှိနေပြီဖြစ်၏။ ထို့ကြောင့် သူ့အနေနှင့် အဆင့်မြင့်စတိုးသို့ဝင်၍ လုပ်ချင်တိုင်း ပြုလုပ်နိုင်စွမ်း ရှိနေပြီ ဖြစ်၏။
ဂိုဏ်းချုပ်ကျွင်းသည် ဓားနှင့်သိုင်းဘုရင် ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည်ဆိုသော်လည်း သိုင်းနယ်မြေတစ်ပိုင်းသို့ ရောက်ရှိရန်ဆိုသည်မှာ အလွန်တရာ ဝေးကွာနေသေးသည်။ ဖြစ်နိုင်မည်ဆိုလျှင် သူ့ကိုယ်သူ ပိုမိုအားကောင်းအောင် ပြုလုပ်ရန် လိုအပ်နေသေးသည်။
“တစ်စုံတစ်ယောက်ရဲ့ ကျင့်ကြံခြင်းအဆင့်ကို အချိန်အတိုင်းအတာတစ်ခုအထိ ပိုပြီးတော့ တိုးလာအောင် လုပ်တယ်ဆိုတာက သိပ်ပြီးတော့ ကောင်းတာတော့ မဟုတ်ဘူး၊ ဒါကြောင့် အဆင့်မြင့်စတိုးထဲမှာရှိတဲ့ ကုန်ပစ္စည်း တွေကို ငါ သေသေချာချာ ရွေးချယ်ပြီးတော့ ဝယ်ရမယ်”
လောကအဆောင်ကို ထပ်ဝယ်ဖို့လား၊ ဤအကြံကိုတော့ မစဉ်းစားတော့ချေ။ ထို့ပြင် ဤအရာသည် တစ်ခါပဲ သုံးဖြုန်းပြီးသည်နှင့် ကုန်ဆုံးသွားသောအရာဖြစ်သည်။ ရရှိထားသော စွမ်းအင်များအားလုံးသည်လည်း ခဏတာသာ ဖြစ်သည်။ တကယ်တမ်းဝယ်ယူမည်ဆိုလျှင် သူ၏ စွမ်းအင်များကို ထာဝရတိုးတက်စေနိုင်သည့် အရာမျိုးကိုသာ ဦးစားပေးဝယ်ယူမိပေလိမ့်မည်။
ဥပမာအားဖြင့် ပထမတန်းတွင်ရှိနေသော နတ်မီးခန္ဓာကိုယ်လို အရာမျိုးပင်ဖြစ်၏။ အတိတ်တုန်းကသာဆိုလျှင် ဈေးနှုန်းသည် ဂိုဏ်းစုဆောင်းမှတ် တစ်သောင်း ဖြစ်သည်ကို မြင်သည်နှင့် ချက်ချင်းချကာ အနောက်သို့ ပြန်လှည့်သွားပေလိမ့်မည်။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ သူသည် ရဲရဲကြီးဆက်၍ ဖတ်ရုံသာမက တစ်ခါတည်း ဝယ်ယူဖို့ပင် စဉ်းစားနိုင်သည့် အခြေအနေသို့ ရောက်နေသည်။
“ပစ္စည်း - နတ်မီးခန္ဓာကိုယ်”
“မိတ်ဆက် - သေမျိုးကမ္ဘာ၏ အားအကောင်းဆုံးသော မီးခန္ဓာကိုယ်”
“အကျိုးသက်ရောက်မှု - အသုံးပြုသူသည် အချိန်အတိုင်းအတာတစ်ခုအတွင်း နတ်မီးခန္ဓာကိုယ်ကို ဖန်တီးနိုင်၏။ ထိုသို့ဆိုလျှင် နတ်ဘုရားအဆင့် မီးမျိုးစေ့သုံးခုနှင့် သူတော်စင်အဆင့် မီးမျိုးစေ့ ဆယ်ခုကို ထိန်းချုပ်နိုင်စွမ်း ရှိပေလိမ့်မည်”
“အကျိုးကျေးဇူး - နတ်မီးခန္ဓာကိုယ်ကို ရရှိပြီးသည့်နောက်မှာတော့ မီးဓာတ်သဘာဝကျင့်ကြံခြင်းနည်းစနစ်များကို နားလည်ဖို့ နှစ်ဆပိုမို၍ အားကောင်းလာပေလိမ့်မည်၊ မီးဓာတ်သဘာဝ သိုင်းနည်းစနစ်များကို ထုတ်ဖော်အသုံးပြု လျှင်လည်း အားအင် ငါးဆယ်ရာခိုင်နှုန်း ပို၍ တိုးပွားပေလိမ့်မည်”
“အကျိုးမသက်ရောက်မှု - မရှိ”
“ဈေးနှုန်း - ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀၀”
“သေမျိုးလောကရဲ့အားအကောင်းဆုံး မီးတောက်ခန္ဓာကိုယ် ဟုတ်လား၊ ဒါကိုဖွဲ့တည်နိုင်ပြီဆိုရင် နတ်ဘုရား အဆင့် မီးမျိုးစေ့ သုံးခုနဲ့ သူတော်စင်အဆင့် မီးမျိုးစေ့ ဆယ်ခုကို ထိန်းချုပ်နိုင်စွမ်းရှိမယ်”
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လိုချင်တပ်မက်စိတ်များနှင့် တောက်ပြောင်လာ၏။ “အရမ်းကို အားကောင်းတာပဲ၊ စိတ်ကို ငြိမ်ငြိမ်ထား၊ စိတ်ကို ငြိမ်ငြိမ်ထား”
အထဲတွင် ပစ္စည်းကောင်းတွေ အများကြီးရှိနေသေးသည်။ ထို့ကြောင့် သူ့အနေနှင့် အလျင်စလို ဝယ်ယူရန် မလိုအပ်ချေ။ ကျွင်းချောင်ရှောင်းသည် သူ၏ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ကာ တခြားသော ပစ္စည်းများကို ထပ်မံ၍ ကြည့်ရှုလိုက်တော့သည်။
ဥပမာအားဖြင့် ကိုးဆင့် ရိုးတွင်းချဉ်ဆီ အသွင်ပြောင်းခြင်းဆေးလုံးသည် အလွန်တရာ အံ့ဩဖို့ကောင်း၏။ ထိုဆေးလုံးကို သောက်သုံးပြီးသည့်နောက်တွင် တစ်စုံတစ်ယောက်၏ စိတ်ဝိညာဉ်အမြစ်သည် နတ်ဘုရားအဆင့် ဆီသို့ တိုးမြှင့်နိုင်စွမ်း ရှိရုံသာမက အရိုးနှင့် အရေပြား၊ မရီဒန်များအားလုံးကိုပါ ပြန်လည်တည်ဆောက်နိုင်စွမ်း ရှိ၏။ တကယ့်ကို ကောင်းမွန်လွန်းသည့်အရာဖြစ်သည်ဟု ဆိုရမည်။
“တကယ့်ကို အစစ်အမှန်ဆေးလုံးပဲ၊ အမှိုက်လိုလူတောင် ဒါကိုသောက်ရင် ချက်ချင်း ဝတ္ထုထဲက မင်းသားလို ဖြစ်သွားမှာပဲ” ကျွင်းချောင်ရှောင်း ထအော်လိုက်မိ၏။
ပြီးနောက် သူသည် ဆင်နဂါးလက်ဝါးကို ထပ်မံကြည့်ရှုလိုက်၏။ မိတ်ဆက် အရ ပြောမည်ဆိုလျှင် ထိုအရာကို အောင်မြင်စွာ ကျင့်ကြံနိုင်မည်ဆိုသည်နှင့် အားအင်အဆင့်သည် ဆင်လို နဂါးလို အားအင်များကို ရရှိနိုင်မည်။ ထုတ်ဖော်အသုံးပြု၍ တိုက်ခိုက်မည်ဆိုပါက ဆင်နှင့်နဂါးများ၏ ပုံရိပ်ယောင်များသည် ပတ်ဝန်းကျင်တစ်ခုလုံးတွင် ဖြစ်တည်လာတော့မည်ဖြစ်သည်။ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော လက်ဝါးနည်းစနစ်ပင်ဖြစ်၏။
ကျွင်းချောင်ရှောင်းသည် ထိုအရာကို သင်ယူပြီး တိုက်ခိုက်မည်ဆိုလျှင် တစ်ဖက်ရန်သူများအနေနှင့် တိုက်ခိုက်မှုကို မခံရခင် ဆင်နှင့်နဂါး ဘယ်နှစ်ကောင်ရှိလဲ ဆိုသည်ကို လိုက်လံရေရွတ်ရင်း ပါးစပ်အဟောင်းသား ဖြစ်မိနေမည်။
ဟုတ်ပေသည်၊ အဆင့်မြင့်စတိုးထဲရှိ တခြားသောပစ္စည်းများမှာတော့ သိပ်ပြီး အသုံးမဝင်လှချေ။ ဥပမာအားဖြင့် ဓာတ်ငါးပါး ယင်ယန်အတတ်ပညာဆိုတာမျိုးပင်ဖြစ်၏။ ထိုအရာသည် လေ့ကျင့်ရန်အတွက် တန်ဖိုးမရှိလှပေ။
ကျွင်းချောင်ရှောင်းသည် အချိန်အကြာကြီး ကြည့်ရှုပြီးသည့်နောက်မှာတော့ နတ်မီးခန္ဓာကိုယ်နှင့် ကိုးဆင့် ရိုးတွင်းခြင်ဆီ သန့်စင်ခြင်းဆေးလုံးတွင် မည်သည့်အရာကို ဝယ်ယူရမည်နည်း ဆိုသည်ကို စဉ်းစားရန်သာ ရှိသည်။ နှစ်ခုလုံးသည် ပင်ကိုယ်စွမ်းရည်များကို တိုးပွားစေနိုင်ပြီး ရေရှည်အထောက်အကူပြုသည့် အရာမျိုးပင်ဖြစ်၏။
“ငါက သူတော်စင်အဆင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်တယ်၊ ပြီးတော့ နတ်ဘုရားအဆင့်ကို ရောက်ဖို့လည်း ခြေတစ်လှမ်းပဲ လိုတော့တာ၊ ပြီးတော့ ငါ့ရဲ့ မရီဒန်နဲ့ ရိုးတွင်းခြင်ဆီ အကုန်လုံးက အဆုံးစွန်အထိ သန့်စင်ပေး ရမယ်၊ ဒီတော့ ဆေးလုံးကို ဝယ်မယ်ဆိုရင် ဖြုန်းတီးတာနဲ့ တူတူပဲ၊ ဒီတော့ ….”
“ဒင်... လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် တစ်သောင်းအားအသုံးပြု၍ နတ်မီးခန္ဓာကိုယ်တစ်ခုကို ဝယ်ယူခဲ့၏၊ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ”
“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၁၂၉၉၁ / ၂၀၀၀၀”
သိုလှောင်လက်စွပ်ထဲတွင် မီးတောက်ပုံသဏ္ဍာန်တစ်ခု ပေါ်လာပြီး လေထဲတွင် လွင့်မျောလျက်ရှိနေ၏။ ဤအရာ သည် နတ်မီးခန္ဓာကိုယ်ပင် ဖြစ်တော့သည်။ ကျွင်းချောင်ရှောင်းသည် သိစိတ် ဝိညာဉ်ပုံစံဖြင့် သိုလှောင်လက်စွပ်ထဲသို့ ဝင်ကာ ထိုအရာရှေ့တွင် မတ်တပ်ရပ်လိုက်၏။ ပြီးနောက် သူ၏လက်ကိုမြှောက်ကာ နတ်မီးတောက်အား လက်ချောင်းများနှင့် ထိတွေ့လိုက်သည်။ သူ၏လက်တွင်တော့ ပူလောင်သည့်ခံစားချက်ကိုတော့ မရရှိချေ။
ဝှစ်
ထိုအချိန်မှာတော့ နတ်မီးခန္ဓာကိုယ်သည် ရုတ်တစ်ရက် မီးတောက်အမျှင်နှစ်ခုအဖြစ် ပိုင်းဖြတ်သွားပြီး သူ၏ လက်များကို ရစ်သိုင်းလှည့်ပတ်ကာ ပါးစပ်နှင့် နှာခေါင်းထဲသို့ တိုးဝင်သွား၏။ ချက်ချင်းဆိုသလိုပဲ အလွန်တရာ တောက်ပလှသော မီးတောက်ကြီးသည် သူ၏ခန္ဓာကိုယ်တွင် ဖြစ်ပေါ်လာသည်။
ကျွင်းချောင်ရှောင်း၏ မျက်နှာ တစ်ခုလုံးသည် ပျက်ယွင်းသွားသည်။
“အား”
အော်သံတစ်ခု ထွက်ပေါ်လာတော့သည်။
“ဘာဖြစ်တာလဲ”
“ဒါက ဂိုဏ်းချုပ်ရဲ့ အသံပဲ၊ တစ်ခုခုဖြစ်တာထင်တယ်”
ရွှီး ရွှီး ရွှီး
လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများအားလုံးသည် ဖြစ်နိုင်သမျှ အမြန်ဆုံး အဓိကဟောခန်းဆီသို့ ရောက်ရှိ လာကြ၏။ သူတို့သည် မျက်လုံးပြူးသွားကြသည်။ ထိုအချိန်၌ ကျွင်းချောင်ရှောင်းသည် သူ၏ ထိုင်ခုံပေါ်မှ ပြုတ်ကျလျက်ရှိသည်။ လက်နှစ်ဖက်ဖြင့် ခေါင်းကိုပိုက်ကာ အော်ဟစ်နေ၏။
သူ၏ အသားအရည်တစ်ခုလုံးသည် မီးအပူပေးထားသော သံမဏိချောင်းကဲ့သို့ပင် နီရဲလွန်းနေသည်။
“ဂိုဏ်းချုပ်” တပည့်တွေအားလုံးသည် ထိတ်လန့်တကြားဖြစ်သွား၏။
အကြီးအကဲကျန့်သည် ရှေ့သို့လျှောက်ထွက်လာပြီး မျက်မှောင်ကုတ်လိုက်မိသည်။ “ခန္ဓာကိုယ်ထဲမှာ မိစ္ဆာမီး ရှိနေတာလား”
အကြီးအကဲဝေသည် ရှေ့သို့လျှောက်ထွက်လာပြီး တစ်ကိုယ်လုံး နီရဲနေကာ အော်ဟစ်လျက်ရှိသော ကျွင်းချောင်ရှောင်းအား ကြည့်ရှုပြီး လေးလေးနက်နက် ပြောလိုက်၏။ “အကြီးဆုံးတပည့်ကြီးက ဒီမှာ မရှိဘူး၊ မဟုတ်ရင် သူမရဲ့ ရေခဲဓာတ်သဘာဝနဲ့ ဒီအပူမီးကို ထိန်းသိမ်းထားနိုင် လောက်တယ်”
လီချင်းယန်နှင့် ရှောင်းကျီတို့သည်လည်း ရှေ့သို့လှမ်းတက်ရန် ပြင်လိုက်၏။
“မသွားနဲ့”
အကြီးအကဲဝေသည် မြန်မြန်ပဲ လှမ်းတားလိုက်သည်။ “ဒီမိစ္ဆာမီးရဲ့ အားအင်က အရမ်းပဲကြောက်ဖို့ကောင်းတယ်၊ အနီးကို ကပ်သွားရင် မင်းတို့အားလုံး မီးလောင်သွား လိမ့်မယ်”
“ဒါဆိုရင် ဘာလုပ်ရမှာလဲ”
“အကြီးဆုံးတပည့်ကြီးကို ဆက်သွယ်လိုက်ရင်ကော”
“သူက အခုမှ လုကျိုးမှာပဲ ရှိသေးတယ်လေ၊ အချိန်မရှိတော့ဘူး” တပည့်များအားလုံးသည် ရှုပ်ယှတ်ခတ်ကုန်ကြ၏။
အကြီးအကဲဝေသည် အတွေ့အကြုံရင့်ကျက်လှသောသူ ဖြစ်သည်မို့ ဗျာမများလှချေ။ “မြန်မြန်ပဲ ရေဓာတ်သဘာဝကို ကျင့်ကြံတဲ့ တပည့်တွေအားလုံးကို ခေါ်လိုက်ကြ”
“ကောင်းပါပြီ”
မကြာခင်မှာပဲ ဓာတ်ငါးပါးကောင်းကင်နည်းစနစ်ဆီမှ ရေဓာတ်သဘာဝကို နားလည်ပြီးသားဖြစ်သော တပည့် တစ်ရာကျော်တို့သည် အဓိကဟောခန်းသို့ ရောက်ရှိလာသည်။ သူတို့သည် ရေဓာတ်သဘာဝ စွမ်းအင်များကို ထုတ်လွှင့်ပြီး ဂိုဏ်းချုပ်အား သက်သာအောင် ပြုလုပ်ကြတော့သည်။
ဟူး
သို့ပေမဲ့ ရေဓာတ်သဘာဝများသည် ကျွင်းချောင်ရှောင်း၏ ဆယ်ပေအနီးနားသို့ရောက်ရှိသည်ဆိုသည်နှင့် ချက်ချင်း ဆိုသလိုပဲ အငွေ့ပျံကာ ပျောက်ကွယ်သွားတော့၏။
အကြီးအကဲဝေ မျက်မှောင်ကုတ်သွား၏။ “ဒီမိစ္ဆာမီးရဲ့အားအင်က ဘယ်လိုအမျိုးအစားပါလိမ့်”
“အကြီးအကဲဝေ”
လီချင်းယန်သည် စိတ်ပူစွာဖြင့် ပြောလိုက်၏။ “ဘယ်လိုလုပ်ကြမလဲ”
ဝှစ်
ထိုအချိန်မှာပဲ မီးတောက်တစ်ခုသည် ဖြစ်တည်လာပြီး ကျွင်းချောင်ရှောင်း၏ အရှေ့တွင် ပေါ်လာ၏။ ထိုအရာသည် တစ်ချိန်လုံးအိပ်ပျော်လျက်ရှိနေသော နဂါးလေးပင်ဖြစ်၏။
“သခင်”
သူသည် မြန်မြန်ပဲ လူသားတစ်ယောက်ပုံသဏ္ဍာန် အသွင်ပြောင်းလိုက်ပြီး ရှေ့သို့ လှမ်းတက်လာသည်။ “ကျုပ်လာကယ်မယ်”