← Chapters

အခန်း (၆၁၃)

Vol. 41 Ch. 613

အခန်း (၆၁၃)

Vol. 41 Ch. 613

နတ်မီးခန္ဓာကိုယ်နှင့် စက်အတောင်ပံတို့ကို ရရှိပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း၏ အားအင်အဆင့်သည် ကျိန်းသေပေါက် ကြီးကြီးမားမား တိုးတက်ပြောင်းလဲသွားခဲ့သည်။ မည်မျှတိုးတက်သွားခဲ့သည် ဆိုသည်မှာမူ အစစ်အမှန် တိုက်ပွဲတစ်ခုကို မတိုက်ခိုက်ရသေးသောကြောင့် သုံးသပ်ရန် မဖြစ်နိုင်ချေ။

မဟုတ်သေးပေ။ သူ့အနေနှင့် စမ်းသပ်မှဖြစ်မည်။

သေလမ်းရှာချင်စိတ်များသည် တဟုန်းဟုန်းနှင့် တောက်ပလာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် တိုက်ခိုက်ရန်အတွက် တစ်စုံတစ်ယောက်ကို စတင်၍ ရှာဖွေနေမိ၏။

မဖြေရှင်းရသေးသည့် ရန်သူများ သူ့တွင် ရှိနေ သည်လား။ ရှိနေ၏။ ဥပမာအားဖြင့် ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ပင်ဖြစ်သည်။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်း၏ လက်ရှိ အားအင်အဆင့်အရဆိုလျှင် ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့မှ ချင်ဟောင်ရန်တို့အား လက်ညှိုးတစ်ချောင်းနှင့်ပင် ဖိချေ တိုက်ခိုက်နိုင်စွမ်းရှိ၏။ ထို့ကြောင့် သွား၍ တိုက်ခိုက်နိုင်မည်ဆိုလျှင်လည်း သူမည်မျှတော်ပြီး မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို ပြသနိုင်လိမ့်မည် မဟုတ်ချေ။

ဒါဆိုရင် နတ်ဆိုးမိစ္ဆာဂိုဏ်းနဲ့ သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းတို့ဆီ ဘာလို့ မသွားရမှာလဲ။

ထိုအတွေးဝင်ရောက်လာသည့်အချိန်မှာတော့ သူသည် မနေနိုင်တော့ပေ။ ဒါက တွေးလိုက်ရုံနဲ့တင် စိတ်လှုပ်ရှားစေတယ်။

စနစ်က ပြောလိုက်သည်။ “ဒါက ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့တောင် တူတယ်”

အဆင့်လေးဂိုဏ်းတစ်ခုဖြစ်သော အအေးနန်းတော်တွင်ပင်လျှင် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက် ရှိနေ၏။ အဆင့်သုံးမိစ္ဆာဂိုဏ်းများဆိုလျှင် ကျိန်းသေပေါက် သိုင်းနယ်မြေ ကျင့်ကြံသူများ ရှိပေလိမ့်မည်။ ထိုသို့သော အတွေးကို တွေးမိပြီးနောက်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏နတ်မီးခန္ဓာကိုယ်နှင့် စက် အတောင်ပံများ၏ အစွမ်းအား စမ်းသပ်ကြည့်ရန် ကိစ္စကို ခေတ္တခဏ မေ့ထားလိုက်မိ၏။

“ထားလိုက်ပါတော့”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဂိုဏ်းကို ဆက်ပြီးဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမယ်၊ ပြီးတော့ တပည့်တွေကိုခေါ်ပြီး လိုင်လီနတ်ဂိုဏ်းကို စိန်ခေါ် ရမယ်”

“ဂိုဏ်းချုပ်”

လီချင်းယန်သည် အဓိကဟောခန်းထဲသို့ လျှောက်ဝင်လာကာ ပြောလိုက်၏။ “ဂိုဏ်းထဲကို ဝင်ချင်တဲ့လူတွေ အများကြီးပဲ ရောက်နေတယ်”

“အများကြီးပဲလား”

“နှစ်ထောင်၊ သုံးထောင်လောက် ရှိတယ်”

ကျွင်းချောင်ရှောင်းသည် အံ့အားမသင့်ချေ။ သူ့အနေနှင့် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက်ကို တိုက်ခိုက် အနိုင်ယူပြီးသည့်နောက်မှာတော့ မျက်စိကမ်းနေသူတစ်ယောက် မဟုတ်လျှင် ဂိုဏ်း၏ အလားအလာကို သေချာမြင်ပေလိမ့်မည်။ “အကြီးအကဲနင်ညီအစ်ကို ကို လူသစ်ခေါ်ဆောင်ဖို့အကြောင်း သတင်းသွားပေးလိုက်”

“ကောင်းပါပြီ”

လီချင်းယန် ထွက်သွားပြီးသည့်နောက်မှာတော့ အကြီးအကဲဝေသည် လျှောက်ဝင်လာကာ ပြောလိုက်၏။ “ဂိုဏ်းချုပ်... ဂိုဏ်းရဲ့ဂုဏ်သိက္ခာက အစောထဲက ကြီးမားနေပြီ၊ ပြီးတော့ တပည့်တွေကလည်း အများကြီး ရှိနေ တယ်လေ၊ ထပ်ပြီးခေါ်မယ့် တပည့်သစ်တွေထဲမှာ အရည်အချင်းတွေကို စစ်ဆေးနိုင်ရင် အကောင်းဆုံးပဲ”

အားကောင်းပြီး အတွေ့အကြုံရှိလှသော ဂိုဏ်းအနေဖြင့် တပည့်များကိုခေါ်ယူရာတွင် ကျွမ်းကျင်လှသော ဝင်ခွင့်လုပ်ဆောင်မှုများကို စီစဉ်ထားရန် လိုအပ်နေ၏။ ကြီးမားလှသော ဂိုဏ်းများဆိုလျှင် ၎င်းတို့၏ဂိုဏ်းထဲသို့ ဝင်ရောက်ရန်အတွက် တပည့်သစ်များအနေနှင့် စမ်းသပ်မှုအမျိုးမျိုးကို ကျော်ဖြတ်ရ၏။ ၎င်းတို့၏ ပင်ကိုယ် စွမ်းရည်၊ ဇွဲနှင့် ဦးနှောက်တွက်ချက်ပုံများကိုပင် ထည့်သွင်းစစ်ဆေးနေကြသေး၏။

“ဒါက အဓိပ္ပာယ်ရှိတယ်”

ကျွင်းချောင်ရှောင်း သဘောတူလိုက်သည်။ လက်ရှိအချိန်တွင် ဂိုဏ်းသည် ဂုဏ်သိက္ခာတရား ကြီးမားနေ၏။ ထို့ကြောင့် နေ့စဉ်နေတိုင်း ခွေးခြေခုံတစ်ခုကို ထုတ်၍ တပည့်များကို စာရွက်နှင့် လက်ခံနေရသည်မှာ အဓိပ္ပာယ် မရှိလှပေ။ ထို့ကြောင့် ပိုမို၍ စနစ်ကျသော အစီအစဉ်များကို ဖန်တီးထားရန် လိုအပ်နေသည်။

“အကြီးအကဲဝေ”

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “အကြံကောင်းလေး ဘာလေး ရှိသေးလား”

အကြီးအကဲဝေက ပြောလိုက်၏။ “တောင်ရဲ့ ဂိတ်တံခါးကို သတ်မှတ်ထားတဲ့ အတိုင်းအတာတစ်ခုမှာ ဖွင့်မယ်၊ တပည့်တွေကို ခေါ်ယူမယ်၊ ပြီးတော့ ဒီတပည့်တွေအတွက်ကို စမ်းသပ်မှု ပုံစံအမျိုးမျိုး နဲ့ စမ်းသပ်ထားမယ်၊ ဂိုဏ်းထဲကို ဝင်တဲ့ တပည့်တွေ အကုန်လုံး က အဲဒီစမ်းသပ်မှုတွေကို အောင်မြင်တဲ့လူတွေပဲ ဖြစ်ရမယ်”

“လက်ခံပြီ” ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ သို့ပေမဲ့ မည်ကဲ့သို့ စမ်းသပ်ရမည်ကို သူမသိချေ။

အကြီးအကဲဝေက ပြောလိုက်၏။ “တခြားဂိုဏ်းတွေရဲ့ ဝင်ခွင့်ပုံစံမျိုးကို အတုယူရမယ်၊ ဥပမာအားဖြင့် ဂိုဏ်းရဲ့တောင်တက်လမ်းမှာ အစီအရင်တွေချထားမယ်၊ ပြီးတော့ ဂိုဏ်းကိုရောက်ဖို့အတွက် သူတို့လာတဲ့ အချိန်ကာလအတိုင်း ဂိုဏ်းထဲကို ဝင်ခွင့်ပေးရမယ်”

“ဒါဆိုရင် ဒီကိစ္စကို အကြီးအကဲကျန်းဆီကို လက်လွှဲထားမှဖြစ်မယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်၏။

အကြီးအကဲဝေသည် ဆက်ပြောလိုက်သည်။ “သိုင်းလေ့ကျင့်ရေးနည်းစနစ်တွေကို နားလည်မှုအပြင် ခန္ဓာကိုယ်အားအင်ကောင်းဖို့လည်း လိုတယ်၊ ပြီးတော့ စိတ်ဝိညာဉ်အမြစ်တွေ၊ နားလည်နိုင်မှုတွေ၊ ဇွဲ၊ သတ္တိ အရာအားလုံးပါဝင်တယ်၊ ဒါကြောင့် စမ်းသပ်မှုတွေ အများကြီး လုပ်မှ ပိုကောင်းမယ်ထင်တယ်”

“ခန္ဓာကိုယ်အားအင်တွေကိုလည်း စမ်းသပ်လို့ရတယ်၊ ပြီးတော့ ပင်ကိုယ်စွမ်းရည်နဲ့ နားလည်နိုင်မှုကို စမ်းသပ်ဖို့ ဆိုရင် သတ်မှတ်ထားတဲ့ သိုင်းနည်းစနစ်တစ်ခုကို အချိန်ကာလတစ်ခုအတွင်း လေ့ကျင့်ခိုင်းတာမျိုးလည်း ပြုလုပ်လို့ရတယ် မဟုတ်လား” ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်မိ၏။

အကြီးအကဲဝေက ပြောလိုက်သည်။ “ဒါက အကြံပေးရုံသက်သက်ပဲ၊ ဂိုဏ်းချုပ်က စစ်ဆေးမှုတွေအတွက် ဆုံးဖြတ်ရမှာလေ”

“ဒီလို လုပ်ရအောင်”

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းကို ဝင်ချင်လို့ရှိရင် စမ်းသပ်မှုတွေကို ကျော်ဖြတ်သွားရမယ်၊ ပြီးတော့ ပါရမီရှိလား၊ ဉာဏ်ကောင်း လား၊ ခန္ဓာကိုယ်အားအင်ကောင်းလားနဲ့ ရုပ်ချောလားဆိုတာ ထည့်တွက်မယ်”

ဟုတ်ပေသည်။ တချို့သော ဝင်ခွင့်လာရောက်ဖြေဆိုသူများအားလုံးသည် နေရာစုံတွင် မကျွမ်းကျင်လှသော်လည်း အစီအရင်၊ ဆေး၊ ပန်းပဲနှင့် တခြားသောအရာများတွင် အထူးကျွမ်းကျင်သည့်လူမျိုးလည်း ရှိနေနိုင်၏။ ထို့ကြောင့် အရာအားလုံးကို သူ့အနေနှင့် ပိုမိုစစ်ဆေးထားမှဖြစ်မည်။

ဤကဲ့သို့သော ကိစ္စအားလုံးသည် သဘာဝအားဖြင့် အကြီးအကဲဝေနှင့် အကြီးအကဲကျန်းတို့၏ စီမံမှုအောက်ဆီသို့ ရောက်ရှိသွားသည်။

ကျွင်းချောင်ရှောင်းသည် အလုပ်တစ်ခုကို မြန်မြန်ဆန်ဆန် လုပ်ဆောင်တတ်သူဖြစ်သည်။ ချက်ချင်းပဲ လီချင်းယန် ကိုခေါ်ယူကာ တောင်၏ဂိတ်တံခါးတွင် စုဝေးလျက်ရှိသော ဝင်ခွင့်လာရောက်တောင်းဆိုကြသည့်သူများကို မောင်းထုတ်ခိုင်းလိုက်တော့သည်။

ဟင်

တောင်၏ဂိတ်တံခါးတွင်ရှိသော အစီအရင်တစ်ခုသည် လင်းလက်သွား၏။ မကြာခင်မှာပဲ ကျန်းတယ်ကျွင်းသည် သူ၏လက်များကို ပြန်ရုတ်ကာ ပြောလိုက်သည်။

“ဂိုဏ်းချုပ်... မြေဆွဲအားအစီအရင်ကို အောင်မြင်စွာ စီရင်ပြီးပြီ၊ ဒီအထဲမှာ မြေဆွဲအားနှစ်ဆရှိတယ်”

ဤမြေဆွဲအား အစီအရင်သည် ဆန်းကြယ်ဂိတ်တံခါး သုံးဆယ့်နှစ်ဆိုသည့် အစီအရင်စာအုပ်မှ ရရှိထားသော နည်းစနစ်ပင်ဖြစ်သည်။ မြေဆွဲအားတင်မကဘဲ မတူညီသည့် အကျိုးသက်ရောက်မှု အမျိုးမျိုးနှင့် တစ်စုံ တစ်ယောက်၏ ဝိညာဉ်ကိုပင် ဖိနှိပ်ထားနိုင်စွမ်းရှိသည်။ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကိုပါ စမ်းသပ်ခြင်းပင်ဖြစ်၏။

“နှစ်ဆက နည်းလွန်းတယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အနည်းဆုံး ငါးဆအထိ တိုးလိုက်”

အကြီးအကဲကျန်း၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွား၏။ “ဒါက မကြမ်းလွန်းဘူးလား”

ကျွင်းချောင်ရှောင်းက ပြေလိုက်သည်။ “လှေကားထစ်တွေက အများကြီးရှိတာလေ၊ ဒီလိုမျိုး ကြမ်းကြမ်းတမ်းတမ်းမှ မလုပ်ရင် ပါရမီရှင် တပည့်တွေကို ဘယ်လိုမျိုး စစ်ထုတ်နိုင်တော့မှာလဲ”

“ကောင်းပြီ”

အကြီးအကဲကျန်းသည် မြေဆွဲအားအစီအရင်အား ငါးဆအထိ တိုးမြှင့်လိုက်တော့သည်။ ပြီးနောက် တစ်စုံတစ်ခုကို တွေးမိလိုက်သည်။ ကျွင်းချောင်ရှောင်းသည် ရှန်ကွမ်းရှင်းရောင်ဖန်တီးထားသော သိုင်းနည်းစနစ်များထဲမှ အနည်းငယ်ကို ရွေးချယ်ကာ ပေးအပ်လိုက်၏။

ဤကျင့်ကြံခြင်းနည်းစနစ်များသည် သူကိုယ်တိုင် ပြန်လည် မွမ်းမံ ထားသော အရာများဖြစ်၏။ အချိန်အတိုင်းအတာတစ်ခုအတွင်းတွင် နားလည်နိုင်မည်ဆိုလျှင် ပြိုင်စံရှားဂိုဏ်းသားအဖြစ် အသိအမှတ်ပြုမည်။

ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းအနေနှင့် ဤကဲ့သို့သော နည်းစနစ်မျိုးကို တခြားသူများ အောင်မြင်စွာ ကျင့်ကြံ သွားနိုင်သည်ဆိုသည့်ကိစ္စနှင့်ပတ်သက်၍ စိတ်ထဲတွင် မပူပန်ပေ။ အဘယ်ကြောင့်ဆိုသော် ဤကျင့်ကြံခြင်း နည်းစနစ်များ၏ အဆင့်သည် မြင့်မားလှသည်မဟုတ်၊ ထို့ကြောင့် ထူးခြားသည့်အရာမျိုးလည်း မဟုတ်ချေ။

“ချင်းယန်... သူတို့ကို တောင်ပေါ်ကို တက်စေတော့”

“ကောင်းပါပြီ”

တောင်ခြေမှာတော့ သိုင်းကျင့်ကြံသူ သုံးထောင်မှ လေးထောင်နီးပါးတို့သည် ပြိုင်စံရှားဂိုဏ်းသို့ ဝင်ရောက်ရန် လာရောက်စာရင်းပေးကြသည်ဆိုသော်လည်း အနောက်ဘက်သို့ ဆုတ်ခွာသွားကြရန် အမိန့်ပေးခြင်းခံရသည်။

ဤကဲ့သို့ လာရောက်ကြသောသူများထဲမှ တော်တော်များများသည် တခြားသောနိုင်ငံများမှဖြစ်၏။ ပြိုင်စံရှား ဂိုဏ်း၏ ဂုဏ်သတင်းကို သူတို့ကြားမိခဲ့သည်။ ထို့ကြောင့် ဂိုဏ်းသို့ လိုလိုချင်ချင်နှင့် ဝင်ရောက်ချင်ခြင်းပင်ဖြစ်၏။ သို့ပေမဲ့ တောင်ခြေသို့ ရောက်ရောက်ချင်းမှာပဲ သူတို့သည် နှင်ထုတ်ခံနေရ၏။

အင်း

တစ်စုံတစ်ယောက်က ပြောလိုက်သည်။ “အရင်တုန်းက ဂိုဏ်းချုပ်ကျွင်းက မြို့ရှစ်မြို့ကို လှည့်လည်ပြီးတော့ တပည့်သစ်တွေ ခေါ်ခဲ့တယ်၊ ဒါပေမဲ့ ငါတို့က ဒါကို မတွေ့ခဲ့မိဘူး၊ အခုချိန်မှာ ပြိုင်စံရှားဂိုဏ်းကို ဝင်ဖို့ဆိုတာ အရမ်းကို ခက်ခဲသွားပြီ”

“အလားအလာနဲ့ ပတ်သက်ရင် ထိပ်ဆုံးသုံးခုထဲမှာရှိတဲ့ဂိုဏ်းလေ၊ ဘယ်လိုလုပ်တပည့်တွေကို လွယ်လွယ်ကူကူနဲ့ ခေါ်တော့မှာလဲ၊ ငါတို့ အကောင်းဆုံးအခွင့်အရေးကို လက်လွှတ်ခဲ့ရပြီပဲ”

တခြားသော သိုင်းကျင့်ကြံသူတစ်ယောက်သည် နာနာကျင်ကျင်ဖြင့် ပြောလိုက်သည်။ သူတို့သည် အစစ်အမှန်ပဲ ကောင်းမွန်သည့်အခွင့်အရေးကို လွှဲချော်ခဲ့ခြင်းပင်ဖြစ်၏။ အတိတ်တုန်းကသာဆိုလျှင် ဂိုဏ်း၏ဖွံ့ဖြိုးတိုးတက်မှု အလို့ငှာ ဂိုဏ်းချုပ်ကျွင်းသည် လူများကိုအတင်းပင် ဆွဲဆောင်၍ ခေါ်နေခဲ့ရ၏။ လက်ရှိအချိန်မှာတော့ ဂိုဏ်းသည် အလွန်တရာကြီးမားသော ဂုဏ်သတင်းနှင့် ပြည့်စုံနေသောကြောင့် တပည့်များအနေဖြင့် လွယ်လွယ်ကူကူ ဝင်ရောက်ခွင့် မရှိတော့ပေ။

ဝှစ်

လီချင်းယန်သည် ရှေ့သို့လျှောက်သွားပြီး ကျယ်လောင်စွာ ပြောလိုက်၏။ “ဂိုဏ်းထဲကို ဝင်ချင်တယ်ဆိုရင် ဒီတောင်ပေါ်ကို တက်သွားနိုင်တဲ့လူတွေပဲ ရမယ်၊ မတက်နိုင်တဲ့လူတွေ အားလုံး က ဂိုဏ်းထဲကို ဝင်ခွင့်မရတော့ဘူး၊ ပြန်လှည့်သွားရမယ်”

သူသည် လက်ကို ယမ်းခါကာ ပြောလိုက်၏။ “တက်ကြတော့”

သွား သွား

အားလုံးသည် မြန်မြန်ဆန်ဆန်ဆိုသလိုပဲ ရှေ့သို့ လှမ်းတက်လာကြသည်။ သို့ပေမဲ့ ပထမဦးဆုံး လှေကားထစ်ကို လှမ်းတက်လိုက်ချိန်မှာတော့ အလွန်တရာ အားကောင်းလှသော အားအင်တစ်ခုသည် ၎င်းတို့၏ ခန္ဓာကိုယ်ဆီသို့ ကျဆင်းသွားသည်ကို သိရှိလိုက်ရသည်။

“လေးလိုက်တာ၊ ဒါဘယ်လို အားအင်မျိုးလဲ၊ တောင်ကြီးတစ်လုံးကို ထမ်းထားရသလို ခံစားရတယ်”

များပြားလှသော ကျင့်ကြံသူများသည် မျက်နှာများ ပျက်ယွင်းသွားကြသည်အထိ အံကိုကြိတ်ကာ အပေါ်မှ ကျဆင်းလာသည့် ကြီးမားသည့်ဖိအားကြီးကို ခုခံလျက်ရှိသည်။

ဟုတ်ပေသည်။ အလွန်တရာ အားကောင်းလှသော လူများလည်း ထိုအထဲတွင် ပါဝင်လျက်ရှိသည်။ ၎င်းတို့သည် မြေဆွဲအားငါးဆကို ခုခံရင်း ဂိုဏ်းဆီသို့ရောက်အောင် မနည်းကြိုးစားကာ တက်လှမ်းလျက်ရှိနေကြ၏။

“ဟမ့် ငါမတက်နိုင်တော့ဘူး”

လူငယ်တစ်ယောက်သည် ခြေလှမ်းဆယ်လှမ်းလောက် တက်ပြီးသည့်နောက်မှာတော့ မနေနိုင်ဘဲ အောက်သို့ လဲကျသွားတော့သည်။ သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းနေသော ဖိအားနှင့် ဝိညာဉ်များအားလုံးသည် သာမန် လူများ အတွက်တော့ အလွန်တရာ ရက်စက်လှသည့် ဖိနှိပ် နှိပ်စက်မှုတစ်ခုနှင့်ပင် ဆင်တူနေသည်။

ဘုတ် ဘုတ် ဘုတ်

ခန္ဓာကိုယ်တောင့်တင်းလှသော လူငယ်တစ်ယောက်သည် ရှေ့ဆုံးမှ လှမ်းလျှောက်လျက်ရှိသည်။ သူသည် ခြေလှမ်း တစ်လှမ်း လှမ်းပြီးတိုင်းတွင် ခန္ဓာကိုယ်ပေါ်မှ ချွေးများ တစ်ပေါက်ပေါက်နှင့် ကျနေ၏။ သူ၏ အမူအရာများ အားလုံးသည် လုံးဝအရှုံးပေးသည့် အမူအရာမျိုး မရှိချေ။

“ဂိုဏ်းချုပ်”

ဂိုဏ်း၏ ဂိတ်တံခါးရှေ့တွင် မတ်တပ်ရပ်နေသော အကြီးအကဲဝေက ပြောလိုက်၏။ “ဒီကောင်လေးက မဆိုးဘူး”

“ဟုတ်တယ်”

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “သူက ပြုစုပျိုးထောင်ပေးဖို့ ထိုက်တန်တယ်”

တပည့် သုံးထောင်မှ လေးထောင်ကြားတွင် တော်တော်များများသည် လှေကားထစ်များတွင် ပြိုလဲနေကြပြီဖြစ်၏။ အလွန်တရာ ဇွဲနဘဲကြီးလှသော လူငယ်တချို့သာလျှင် အံကိုကြိတ်ကာ ဆက်လက်၍ တက်နေကြသည်။

တစ်နာရီ ကျော်ကြာပြီးသည့်နောက်မှာတော့ တောင်ပေါ်သို့ ရောက်ရှိလာသော တပည့်အရေအတွက်သည် ငါးရာမှ ခြောက်ရာ နီးပါးသာရှိ၏။ ထို့အထဲတွင် သိုင်းလေ့ကျင့်ရေးနည်းစနစ်များနှင့် မထိတွေ့ဘူးသော လူများပင် ပါဝင် လျက်ရှိ၏။ သူတို့သည် ယခုမှ စတင်၍ ကျင့်ကြံဖို့ ကြိုးစားနေကြသူများလည်းဖြစ်ပြီး အလွန်တရာ ဇွဲကြီးလွန်း သောကြောင့်သာ ရောက်ရှိလာခြင်းဖြစ်၏။

“စီနီယာအစ်ကို”

လီဖေးက ပြောလိုက်သည်။ “ကျုပ်တို့ တော်တော် ကံကောင်းခဲ့တာပဲ”

စုရှောင်မိုသည် လေးလေးနက်နက်ပြောလိုက်သည်။

“သိပ်ဟုတ်တာပေါ့”

ယခု ဝင်ခွင့်မရဘဲ ပြန်လှည့်သွားသော သူများထဲတွင် သူတို့ထက်ပိုမို၍ စိတ်ဝိညာဉ်အမြစ်နှင့် ကျင့်ကြံခြင်း အားကောင်းသော သူများပင် ပါဝင်နေခဲ့၏။ ဂိုဏ်းချုပ်သည်သာ ပြိုင်စံရှားဂိုဏ်းသို့ ဝင်ရောက်ခွင့်ကို ဤကဲ့သို့သာ တင်းကျပ်ထားမည်ဆိုပါက သူတို့အနေနှင့် ပြိုင်စံရှားဂိုဏ်းသားပင် ဖြစ်လာလိမ့်မည် မဟုတ်ချေ။

ထိုသို့သော ကံကောင်းမှုကို ခံစားနေရတုန်းမှာပဲ ကျွင်းချောင်ရှောင်းသည် ၎င်းတို့၏ နောက်တွင် ပေါ်လာ၏။ ပြီးနောက် သူ၏ သမိုင်းမှတ်တမ်းများ ရေးထိုးထားသော ဝါးတုတ်ချောင်းအား ထုတ်ယူကာ စုရှောင်မိုနှင့် လီဖေးတို့၏ ခေါင်းများကို တတောက်တောက်နှင့် ခေါက်လိုက်တော့သည်။ “မင်းတို့ ဒီမှာ ဘာရပ်လုပ်နေတာလဲ၊ လှေကားထစ်မှာ လဲနေတဲ့လူတွေအကုန်လုံးကို အောက် ပြန်ပို့တော့လေ”

“ကောင်းပါပြီ”

စုရှောင်မိုနှင့် လီဖေးတို့သည် သူတို့၏ခေါင်းများကို ပွတ်သပ်ကာ အလျင်အမြန် ဆင်းသွားကြတော့၏။

သူတို့ အနေနှင့် ပြိုင်စံရှားဂိုဏ်းသို့ အရင်ဆုံးဝင်ရောက်နိုင်ခဲ့သည်မှာ ကံကောင်း၍ဖြစ်သည်။ ထိုသို့သော အခွင့်အရေးကို အရယူ၍ ယခုထက်ပို၍ အလုပ်ကြိုးစားဖို့ ဆုံးဖြတ်ချက်လည်း ချလိုက်မိတော့သည်။

All Chapters