← Chapters

စိတ်တွင်းမှ ဝန်ထုပ်ဝန်ပိုး

Vol. 014 Ch. 1314

စိတ်တွင်းမှ ဝန်ထုပ်ဝန်ပိုး

Vol. 014 Ch. 1314

သွေးနဂါးမြို့တွင် တည်ရှိသည့် ဒေသနန်းတော် အပြင်ဘက် သွေးနဂါးမြစ်၌ ရီဖူရှင်း၊ ရှားရှင်းယွန်နှင့် အခြားလူများသည် ဒေသနန်းတော်သို့ ဝင်ရောက်ရန် အလျင်မလိုဘဲ သတင်းကို စောင့်ဆိုင်းနေကြသည်။

သူတို့သည် ချန်ယဲ့မြို့တွင် နဝမအစေခံကို ထောင်ချောက်ဆင် ထားခဲ့သော်လည်း အောင်မြင်မည် မအောင်မြင်မည်က သေချာခြင်း မရှိလှ။ ထို့ကြောင့် သူသည် သတင်းရောက်မလာခင် အချိန်အထိ စိတ်ချမထားရဲသေးပေ။

ရှေးဟောင်းတော်ဝင်မြို့မှ မြို့စားသည် အလွယ်တကူ ရင်ဆိုင်၍ ရမည့်သူ မဟုတ်ကြောင်း သူ သိရှိပေသည်။

သို့သော်လည်း သူတို့ နှစ်ဖက်အကြားမှ အခြေအနေက ပိုမို ပြင်းထန်လာသဖြင့် သူတို့သည် တစ်ခုခု လုပ်ရန် လိုအပ်ပေသည်။

သူတို့သာ မည်သည့်ပြင်ဆင်မှုမှ မလုပ်ဆောင်ဘဲ ထိုင်နေလျှင် နဝမအစေခံက အရင်ဆုံး စတင်တိုက်ခိုက်လာသူ ဖြစ်ပေလိမ့်မည်။

တစ်စုံတစ်ယောက်သည် ရီဖူရှင်း၏ မြင်ကွင်းထဲသို ဝင်ရောက်လာသည်။ ထိုသူမှာ ဝူယုံးဖြစ်သည်။

ဝူယုံး၏ အမူအရာကို ကြည့်ရင်း ရီဖူရှင်း၏ ပခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးကြီးက လျော့ကျသွားသည်။ အနည်းဆုံးတော့ ကိစ္စများက အဆင်ချောသွားပုံ ရလေသည်။

ဝူယုံးသည် ရီဖူရှင်း၏ ဘေးသို့ ရောက်လာကာ ချန်ယဲ့မြို့၌ ဖြစ်ပျက်ခဲ့သည်များကို အသေးစိတ် တင်ပြပြီးနောက် ချန်ယဲ့မြို့မှ ရီဖူရှင်းနှင့် လိုက်ပါလာသူများကို ပြန်ခေါ်သွားပေသည်။ ရီဖူရှင်းသည် သူတို့ ထွက်ခွာမသွားခင်၌ အမိန့်တချို့ ပေးလိုက်သည်။ ဝူယုံးနှင့် အခြားလူများ ထွက်ခွာသွားပြီးနောက်၌ သူ၊ ယူချင်းနှင့် ရှားရှင်းယွန်တို့သည် ဒေသနန်းတော်အတွင်းသို့ ဝင်ရောက်သွားခဲ့ကြသည်။

ချန်ယဲ့မြို့မှ တိုက်ပွဲသတင်းသည် တောမီးသဖွယ် သွေးနဂါးဘုံတခွင်ကို ပျံ့နှံ့သွားခဲ့သည်။ ရီဖူရှင်းသည် သွေးနဂါးမြစ်၌ ရှင်းခိုင်ကို သတ်ခဲ့ပြီး ချန်ယဲ့မြို့မှ ပြန်လည်မွေးဖွားခြင်း အဆင့်များသည် နဝမအစေခံ၏ လက်တစ်ဖက်ကို ဖျက်ဆီးခဲ့ကြကာ အပြင်းအထန် ဒဏ်ရာရစေပြီး နောက်သို့ ပြန်ဆုတ်ပြေးရစေရန် ဖိအားပေးနိုင်ခဲ့ကြသည်။

မြို့နှစ်မြို့ကြား တိုက်ခိုက်မှုတွင် ချန်ယဲ့မြို့သည် ကျရှုံးခြင်းမရှိခဲ့ပေ။

မရေတွက်နိုင်သည့် လူများသည် သက်ပြင်း ချလိုက်ကြသည်။ သွေးနဂါးမြို့အပြင်၌ နံပါတ်တစ်ဟူသော ဂုဏ်ပုဒ်သည် လက်ပြောင်းတော့မည်မှာ ကျိန်းသေသလောက်ပင် ဖြစ်၏။

ထိုတိုက်ပွဲ ပြီးသည့်နောက်၌ ရှေးဟောင်းတော်ဝင်မြို့သည် ငြိမ်သက်နေပေသည်။ ကောလာဟလများက ပြောကြသည်မှာ နဝမအစေခံသည် အလွန်ပြင်းထန်သည့် ဒဏ်ရာများ ရရှိခဲ့ခြင်းကြောင့် ရှေးဟောင်းတော်ဝင်မြို့ အတွင်း၌ ပြန်လည်ကုသရင်း အလုပ်ရှုပ်နေသည်ဟု ဆိုကြသည်။

ထိုတိုက်ပွဲသည် ချန်ယဲ့မြို့က အလွန် အစွမ်းထက်သည်ကို သက်သေပြခဲ့ပြီး ဖြစ်သည်။ နဝမအစေခံက ချန်ယဲ့မြို့ကို နောက်တစ်ခါ ရင်ဆိုင်လျှင် သူသည် ရှေးဟောင်းတော်ဝင်မြို့သို့ ပြန်လည် တိုက်ခိုက်နိုင်သည့် ချန်ယဲ့မြို့၏ တုံ့ပြန်မှုကို ထည့်သွင်းစဉ်းစား ရပေမည်။

ချန်ယဲ့မြို့သည် ရှေးဟောင်းတော်ဝင်မြို့၏ လှုပ်ရှားမှုနှင့် အထူးသဖြင့် နဝမအစေခံ၏ လှုပ်ရှားမှုတို့ကို အချိန်တိုင်း စောင့်ကြည့်နိုင်စေရန် လူလွှတ်၍ ထားပေသည်။ တစ်ချိန်တည်းမှာပင် မျိုးနွယ်စုကိုးခုမှ ခေါင်းဆောင်များသည် နဝမအစေခံက ပြန်လာ၍ လက်စားချေရန် ဆုံးဖြတ်လိုက်မည်ကို စိုးရိမ်သည့်အတွက် အနောက်ဘက်ဒေသသို့ ပြန်ရမည့်အစား မြို့စားရုံးတော်၌ပင် ကျင့်ကြံနေကြပေသည်။

ထို့အပြင် သူတို့ အားလုံးသည် ရုံးတော်၌ နေရစ်ခဲ့ရန် ဆန္ဒအပြည့် ရှိကြပေသည်။ ရီဖူရှင်းက ဝူယုံးမှ တဆင့် အင်ပါယာခွာ၏ အမွေအနှစ်ကို သင်ကြားပေးရန် အမိန့်ပေးလိုက်သည် မဟုတ်ပါလား။

ရာရာသည် သူမ၏ ဒဏ်ရာများ သက်သာလာပြီးနောက် သူမနှင့် ရန်ယွင်သည် ရောက်လာမည့် အန္တရာယ်ကို ကာကွယ်ရန် လေဟာနယ်၏ ဓားဝင်္ကပါကို နှစ်ယောက်သား ပြန်လည် ပြင်ဆင်နေကြသည်။

သို့သော်လည်း နဝမအစေခံသည် ယခင်တိုက်ခိုက်မှု ပြီးသည့်နောက်၌ ချန်ယဲ့မြို့ကို နောက်တစ်ခါ ထပ်၍ ရောက်မလာတော့ပေ။ ကြည့်ရသည်မှာ အရာအားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီဟု ထင်မှတ်ရပေသည်။

တစ်ချိန်က သွေးနဂါးဘုံတွင် ကျော်ကြားခဲ့သည့် ဒဏ္ဍာရီပုဂ္ဂိုလ် ရှင်းခိုင်သည် ဘုံတခွင်ရှိ လူများ၏ မှတ်ဉာဏ်ထဲမှ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ် လာခဲ့သည်။ သူသည် သွေးနဂါးမြစ်တိုက်ပွဲ အကြောင်းကို ပြောဆိုစဉ်၌သာ ညွှန်းဆိုခြင်းကို ခံရပေတော့သည်။

လက်ရှိတွင် လူတိုင်း၏ ပါးစပ်ဖျား၌ အမြဲတစေ ရေပန်းစားနေသူမှာ ချန်ယဲ့မြို့စား ရီဖူရှင်းသာလျှင် ဖြစ်ပေသည်။

သို့သော်လည်း ရီဖူရှင်းသည် ဒေသနန်းတော်သို့ ကျင့်ကြံရန် ဝင်ရောက်သွားပြီးနောက် သူ့ကို မြင်တွေ့ရရန်မှာ အလွန်ခက်ခဲသွားပေသည်။ သူ့ကို လူရှေ့သူရှေ့၌ မြင်တွေ့ခဲ့ရသည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်၏။

သွေးနဂါးမြစ်သည် ပုံမှန်အချိန်များ ကုန်လွန်သွားသကဲ့သို့ပင် အမြဲတစေ ဆက်လက် စီးဆင်းနေပေသည်။

နှစ်နှစ်ဟူသည့် အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

ဤနှစ်နှစ်အတွင်း၌ ဒဏ္ဍာရီပုဂ္ဂိုလ် အများအပြား ပေါ်ထွန်းလာခဲ့သည်။ တစ်လတစ်ကြိမ် ကျင်းပသည့် အိပ်မောကျ နဂါးပြိုင်ပွဲသည်လည်း လူအများ၏ ကြီးမားသော အာရုံစိုက်မှုကို ရရှိနေဆဲ ဖြစ်သည်။ သွေးနဂါးမြစ်တွင်လည်း တိုက်ပွဲနှစ်ခု ကျင်းပခဲ့ပြီး အခြားသော အစွမ်းထက် ပါရမီရှင်နှစ်ယောက်က ဒေသနန်းတော်သို့ ဝင်ရောက်လာပေသည်။

သို့သော်လည်း လွန်ခဲ့သည့် နှစ်နှစ်က ကောင်းကင်တွင် တောက်ပသည့် ကြယ်တစ်လုံး ပေါ်ထွန်းလာသကဲ့သို့ ရီဖူရှင်း လုပ်ဆောင်ခဲ့သလိုမျိုး အောင်မြင်မှုမျိုးကိုတော့ မည်သူမှ မရရှိခဲ့ကြပေ။

***

ကောင်းကင်ပြက္ခဒိန် ၁၀၀၂၇ ခုနှစ်။

ဒေသနန်းတော်ရှိ နီရဲကာ ပူပြင်းလောင်ကျွမ်းနေသည့် ရှေးဟောင်းတောင်ပေါ်ရှိ မီးလျှံတောင်ထွတ်၏ ထိပ်ဖျားတွင် ပုံရိပ်နှစ်ခု ရပ်လျက် ရှိနေသည်။ သူတို့နှစ်ဦးလုံးတွင် အလွန် ပြင်းထန်သည့် အရှိန်အဝါများ ပေါက်ကွဲထွက်နေလျက် ရှိသည်။

သူတို့ထဲက တစ်ယောက်သည် လှံရှည်ကို ကိုင်ထားကာ နောက်တစ်ယောက်က ဓားကို ကိုင်ဆွဲထားသည်။

မီးလျှံတောင်ထွတ် အောက်ဘက် နေရာအနှံ့တွင် လူများ ရှိနေသည်။ သူတို့၏ မျက်လုံးများသည် ထိုလူနှစ်ယောက်ပေါ်၌ မြဲမြံစွာ တည်ရှိနေကြသည်။

ကြောက်မက်ဖွယ် ဓားအလင်းများသည် နေရာတစ်ခုလုံးကို မျောလွင့်နေသည်ဟု ထင်မှတ်ရပြီး နောက်ဆုံး၌ ဓားသမားက လှုပ်ရှားလိုက်သည်။

သူ တိုက်ခိုက်မှု စလိုက်သည်နှင့် သုံးထောင်သော အရေအတွက်ရှိ ဓားများက အပေါက်ကွဲထွက်လာသည်။ မရေတွက်နိုင်သည့် ဓားအလင်းများသည် ကောင်းကင်ကို ရိုက်ခတ်သွားပြီး ကြည့်ရှုနေသူများ၏ မျက်လုံးများကို ကျိန်းစပ်သွားစေသည်။

အခြားတစ်ယောက်ကလည်း လှုပ်ရှားလိုက်ကာ သူ့လက်ထဲမှ လှံရှည်တိုက်ခိုက်မှုကို ထုတ်ဖော်လိုက်သည်။

မီးလျှံတောင်ထွတ်ပေါ်တွင် ကမ္ဘာပျက်သကဲ့သို့ မြင်ကွင်း ထွက်ပေါ်လာ၏။ သူတို့ အနီးရှိ တောင်ကုန်းများသည် ပေါက်ကွဲကာ ပြိုကျသွားပြီး အားလုံး ပြားပြားဝပ် ပျက်စီးကုန်လေသည်။ ဓားအလင်းများက ပြင်းထန်စွာ မြင့်တက်လာပြီး လှံရှည်နှင့် တူညီစွာပင် တိုက်ခိုက်မှုတစ်ခုချင်းစီ ကျရောက်ရာ နေရာတိုင်းသည် ကောင်းကင်ကို ဖြတ်၍ လွှမ်းခြုံနေသည့် သက်တံကဲ့သို့ လေဟာနယ်ကို ဖျက်ဆီးကာ မဟာလမ်းစဉ်ကို ဖျက်ဆီးနေသည်။

တောက်ပနေသော လျှပ်စီး အလင်းတန်းများ၏ ရိုက်ခတ်မှုသည် ကောင်းကင်ကို လွှမ်းမိုးထားသည်။ ကျယ်လောင်သည့် အသံကြီးကို ကြားလိုက်ရပြီးနောက် သူတို့ ယခင်က မတိုက်ခိုက်ခင်နေရာသို့ ပြန်ရောက်ကာ လူခွဲသွားလေသည်။

ဖေမင်သည် ခေါင်းကို ငုံ့ကာ သူ့လက်ထဲက ဓားရိုးသာ ကျန်ရစ်သော ဓားကို ကြည့်လိုက်ပြီးနောက် ခါးသက်စွာ ပြုံးရင်း ငွေဖြူရောင်ဆံပင်နှင့် လူငယ်အား ကြည့်လိုက်သည်။

ရီဖူရှင်း နတ်ဘုရား ဆေးကြောသန့်စင်ခြင်း အဆင့်တွင် ရှိနေစဉ်အခါက မည်သည့် ပြင်းထန်သည့် တိုက်ကွက်ကိုမှ မဖော်ထုတ်ဘဲ ဖေမင်၏ ဓားကို လွှမ်းမိုးထားနိုင်စွမ်း ရှိသည်။

ရီဖူရှင်း မိမိကိုယ်ကိုယ်သိမြင်ခြင်း အဆင့်ကို ရောက်ရှိလာသည့် အခါတွင် သူသည် လှံရှည်ပညာရပ် တစ်ခုတည်းဖြင့်သာ ထိပ်တိုက်ရင်ဆိုင်၍ ဖေမင်၏ ဓားကိုပင် ချေမွဖျက်ဆီးပစ်နိုင်စွမ်း ရှိလာပေသည်။

“နောက်တစ်ချီ တိုက်ချင်သေးလား”

ရီဖူရှင်းက မေးလိုက်သည်။

“ငါ့ကို ထပ်ပြီး လာမရှာပါနဲ့တော့”

ထို့နောက် ဖေမင်သည် သူ၏ ဓားကို ကိုင်စွဲကာ လျှပ်စီးကဲ့သို့ပင် လူအများ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။

ဖေမင် ထွက်သွားသည်ကို ကြည့်ကာ ရီဖူရှင်း၏ အမူအရာက တစ်မျိုး ဖြစ်သွားလေသည်။ သူ မှတ်မိသည်မှာ သူ ဒေသနန်းတော်ကို ပထမဆုံး ဝင်လာသည့်အချိန်၌ သိုင်းပညာဖလှယ်ရန် ပြောခဲ့သည်မှာ ဖေမင် ဖြစ်သည်။

သူသည် တိုက်ပွဲကို ရပ်ကြည့်နေကြသည့် လူများဘက်သို့ လှည့်ကာ ဝေ့ဝဲကြည့်လိုက်ရင်း မေးသည်။

“ဘယ်သူများ တိုက်ခိုက်ဖို့ စိတ်ဝင်စားသေးလဲ”

“သွားမယ် ... ဒီက သွားကြမယ်”

လူအုပ်ကြီးသည် ခဏအတွင်းတွင် အလျှိုလျှို ပျောက်ကွယ်သွားကြသည်။

‘ဖေမင်တောင် လက်လျှော့သွားပြီကို ... ငါတို့ကို မင်းနဲ့ တိုက်ခိုက်ဖို့ မေးနေသေးတယ်လား’

‘မင်းက ငါတို့ကို နှိပ်စက်ရတာ ပျော်နေတာလား၊ ဘာလား’

‘ဒီအကောင်က မိမိကိုယ်ကိုယ်သိမြင်ခြင်း အဆင့်ကို ရောက်သွားပြီ ဆိုကတည်းက ငါတို့ ဘယ်လိုလုပ် အရင်ကလို ကစားပေးနိုင်တော့မှာလဲ’

သူတို့က တွေးလိုက်ကြသည်။

လူအုပ်ကြီးထဲမှ လူတိုင်းသည် သူ အမြဲမေးနေကျ စကားဖြစ်သော ‘ဘယ်သူက ကျုပ်နဲ့လက်ရည် စမ်းချင်သလဲ’ဟူသော စကားကို မကြားချင်ယောင်ဆောင်ရန် ဆုံးဖြတ်လိုက်ကြသည်။

လူအုပ်ကြီးက သူ့ဆီကနေ ဝေးဝေးပြေး သွားကြသည်ကို မြင်လျှင် သူသည် ငိုရခက် ရယ်ရခက် ခံစားလိုက်ရလေသည်။ ပြိုင်ဘက်ကင်း ဖြစ်ရသည်မှာ အလွန်ပက် အထီးကျန်ဆန်လှသည်။

သူသည် ဒေသနန်းတော်သို့ ဝင်ရောက်ပြီး လွန်ခဲ့သည့် နှစ်နှစ်အတွင်း ရှန့်ထို ပထမအဆင့်၌ ရှိနေချိန်တွင် လူတိုင်းနီးပါးနှင့် တိုက်ခိုက်ခဲ့ဖူးလေသည်။ ဖြစ်ချင်တော့ သူ ဒေသနန်းတော်ကို ပထမဆုံး ဝင်လာသည့်အချိန်က သူတို့သည် သူ့ထံလာရောက်၍ လက်ရည်စမ်းရန် လာရောက်ခဲ့ ကြလေသည်။

သူသည် သွေးနဂါးမြစ်အထက် တိုက်ပွဲ၌ ရှင်းခိုင်ကို အနိုင်ရနိုင်ခဲ့သည် မဟုတ်ပါလား။

သို့သော် အခြားသော ပုံရိပ်တစ်ခုသည် ရီဖူရှင်းထံသို့ ဦးတည်လာနေလေသည်။

ရီဖူရှင်း အရှေ့မှ ထိုတစ်စုံတစ်ယောက်သည် အလွန် ကျော့ရှင်းလှပပြီး အေးစက်သည့် အကြည့်များကို ပိုင်ဆိုင်ထားသည်။ ထိုသူသည် အင်ပါယာဝူ သမီးတော် ရင်ထျန်းကျောက်ပင် ဖြစ်၏။

“မင်းက လက်ရည်စမ်းချင်လို့လား”

ရီဖူရှင်း မေးလိုက်သည်။

“အင်း”

ရင်ထျန်းကျောက်က ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“ဒါပေမဲ့ လက်ရည်စမ်းတယ်လို့ မယူဆပါနဲ့။ ကျွန်မက ရှင်နဲ့ ယှဉ်နိုင်မှာမှ မဟုတ်တာ။ ဒီအတိုင်း အကြံဉာဏ်တောင်းတယ်ပဲ သဘောထားပေးပါ။ ကျွန်မရဲ့ ကျင့်ကြံခြင်းမှာ အခက်အခဲ နည်းနည်းတွေ့နေလို့”

ရီဖူရှင်းက ဒေသနန်းတော်သို့ ဝင်ရောက်လာပြီးနောက်၌ သူတို့သည် အတော်လေး ရင်းနှီးလာခဲ့ကြသည်။

ထို့အပြင် ရီဖူရှင်းသည် ရှင်းခိုင်နှင့် အကျင့်စရိုက်ချင်း လားလားမျှ မတူညီပေ။

ရှင်းခိုင်သည် မောက်မာပြီး တသီးတခြား နေတတ်သည်။ သူသည် အခြားလူများ၏ ပခုံးများအထက်မှ ခေါင်းကဲ့သို့ ပြုမူနေကာ ချဉ်းကပ်ရ ခက်ခဲသည့် ပုံပေါ်လေသည်။ သို့ပေမဲ့ ရီဖူရှင်းသည် ပေါ့ပေါ့ပါးပါး လွတ်လပ်စွာနှင့် အချိန်အများစုတွင် သက်သောင့်သက်သာ ပြုမူတတ်ပေသည်။ သူသည် သူ့အနီးဝန်းကျင်မှ လူများနှင့် စစနောက်နောက်ပင် ရှိနေသေး၏။ သူသည် ချစ်ခင်ရင်းနှီးစွာဖြင့် အလွန် လိုက်လျောညီထွေ ရှိလှသည်ဖြစ်ရာ ဖေမင်ကဲ့သို့ မာနကြီးသည့်သူပင် ရီဖူရှင်းနှင့် ဆက်ဆံရ အဆင်ပြေပေသည်။ သူတို့ နှစ်ယောက်သည် စကားသိပ်မပြောဘဲ သူတို့၏ အချိန်အများစုကို လက်ရည်စမ်းရန်သာ လုပ်ဆောင်နေ ကြသော်လည်း ဖေမင်က ရီဖူရှင်းအား အလွန် သဘောကျပြီး လေးစားသည်ကို ရင်ထျန်းကျောက် သိရှိပေသည်။

သူမသည် ရီဖူရှင်း ယခင်က လုပ်ခဲ့သည်များကို ကြည့်၍ သူသည် သူ၏ ရန်သူအပေါ်၌ မည်မျှ တိကျပြတ်သားပြီး ရက်စက်သည်ကိုလည်း သိရှိပေသည်။

သူ၏ ပါရမီအရည်အချင်းက ထူးကဲသာလွန်သည်မှာ ပြောနေရန်ပင် မလိုအပ်ချေ။ သူ၏ နားလည် သဘောပေါက်မှုနှင့် ကျင့်ကြံရေး၌ တိုးတက်မှုနှုန်းသည် သူမနှင့် အလွန်ကွာခြားလှပေသည်။

“ကောင်းပြီလေ”

ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ သူ့တွင် ငြင်းပယ်ရန် အကြောင်းရင်း မရှိပေ။

“နင့်ရဲ့ ကျင့်ကြံရေးမှာ အခက်အခဲရှိရင် ဘာလို့ အကြီးအကဲတွေဖြစ်ဖြစ် လိုဏ်ဂူသခင်ကို ဖြစ်ဖြစ် သွားရှာပြီး အကူအညီ မတောင်းတာလဲ။ သူက မိမိကိုယ်ကိုယ်သိမြင်ခြင်း အဆင့်ကို ရောက်တာတောင် ကြာသေးတာမဟုတ်ဘူး။ နင့်ကို ကူညီနိုင်တာ နည်းနည်းပဲ ရှိလိမ့်မယ်”

အသံတစ်ခု ပြောလိုက်သည်ကို ကြားလိုက်ရ၏။ ရှားရှင်းယွန်သည် သူတို့နှင့် မနီးမဝေး၌ ရှိနေကာ ရီဖူရှင်းနှင့် ရင်ထျန်းကျောက် နှစ်ယောက်လုံးကို ကြည့်နေသည်။

“ဦးနှောက်နှစ်ခုက တစ်ခုတည်းထက်တော့ အမြဲသာတာပဲ။ ပြီးတော့ ရီဖူရှင်းရဲ့ ပါရမီက ငါ့ထက် သာတယ်။ တချို့ အခက်အခဲတွေက ရွယ်တူတွေချင်း ကြားထဲမှာ အဖြေရှာရတာ ပိုလွယ်တယ်”

ရင်ထျန်းကျောက်က သူတို့ဆီသို့ လျှောက်လာနေသည့် ရှားရှင်းယွန်ကို ကြည့်ရင်း ပြန်ဖြေလိုက်သည်။

“နင် ပြောတာမှန်တယ်”

ရှားရှင်းယွန်က ခေါင်းညိတ်ကာ ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ နင်က သူနဲ့ လက်ရည်စမ်းဖို့ သင့်တော်တဲ့ ပြိုင်ဘက်ဖြစ်မှာ မဟုတ်ဘူး။ သူနဲ့ တိုက်ချင်ရင် နင့်ရဲ့ ကျင့်ကြံမှုက ဒီထက်ပိုပြီး ကောင်းမှ အဆင်ပြေလိမ့်မယ်။ အဲဒီအစား ငါနဲ့ ယှဉ်တိုက်ရင်ရော ဘယ်လိုလဲ။ ငါတို့အချင်းချင်း လိုအပ်နေတာတွေ ထောက်ပြလို့ ရတာပေါ့”

ရင်ထျန်းကျောက်၏ မျက်ဝန်းများထဲတွင် ထူးဆန်းသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ သူမသည် ရှားရှင်းယွန်၏ မျက်လုံးများထဲသို့ ကြည့်လိုက်၏။ သူမသည် ရှားရှင်းယွန်၏ မျက်ဝန်းများထဲတွင် တည်ငြိမ်မှုများကို ရှာဖွေတွေ့ရှိခဲ့သည်။ ရှားရှင်းယွန်၏ အသံကလည်း သက်သောင့်သက်သာနှင့် ပေါ့ပေါ့ပါးပါး ရှိနေသည်။ သူမကို ကြည့်ရသည်မှာ သာမန်အတိုင်း အကြံဉာဏ် ပေးနေသကဲ့သို့ပင် ထင်မှတ်ရသည်။

“ဒါဆိုလည်း ကောင်းပြီလေ”

ရင်ထျန်းကျောက်က ခေါင်းညိတ်လိုက်ကာ တစ်ဖက်တွင် ရှိသည့် တိုက်ပွဲကွင်းပြင်သို့ ဦးတည်လိုက်သည်။

ရှားရှင်းယွန်သည်လည်း ရင်ထျန်းကျောက်ထံသို့ ဦးတည်လိုက်သည်။

မကြာခင်မှာပင် မျက်လုံးပသာဒ ဖြစ်စေသည့် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ကာ ခဏချင်းမှာပင် ကောင်းကင်နှင့် မြေကြီးကိုပါ တုန်ခါသွားစေခဲ့သည်။ အမျိုးသမီးလေး နှစ်ယောက် ကြားမှ တိုက်ခိုက်မှုသည် အလွန် သန်မာလှသည်။ သူတို့ နှစ်ဦးလုံးသည် ခုခံကာကွယ်ခြင်းမရှိ တိုက်ခိုက်မှုကိုသာ ဖော်ထုတ်နေကြပေသည်။

‘နေပါဦး၊ ဘာတွေ ဖြစ်ကုန်တာလဲ’

ရီဖူရှင်းက တွေးလိုက်သည်။

ဘေးဘက်၌ ရှိနေသည့် ရီဖူရှင်းသည် အမျိုးသမီးလေး နှစ်ယောက်ကြားမှ ပြင်းထန်သည့် တိုက်ပွဲကို စူးစမ်းနေသည်။

‘မင်းတို့ မိန်းကလေးတွေ အဲဒီလောက် တိုက်ဖို့ လိုလို့လား’

‘မင်းတို့ နှစ်ယောက်ကို ငါဝင်မရှုပ်တာ ပိုကောင်းမယ်ထင်တယ်’

ထိုသို့တွေးကာ ရီဖူရှင်းသည် သူ ရပ်နေရာမှ လှည့်ထွက်သွားသည်။ သူသည် တစ်စုံတစ်ယောက် ရှေ့၌ ရပ်ကာ ပြောလိုက်၏။

“ယူချင်း သွားကြမယ်”

ယူချင်းသည် ခြေလှမ်းလိုက်ကာ ရီဖူရှင်းနှင့်အတူ ထွက်သွားလေသည်။

သူတို့နှစ်ယောက်သည် ကုန်းမြင့်တစ်ခုပေါ်သို့ ရောက်ရှိလာပြီး ရီဖူရှင်းက မြေပြင်တွင် ထိုင်ချလိုက်သည်။

ကောင်းကင်ပြက္ခဒိန် ၁၀၀၂၇ ခုနှစ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။ သူသည် လွန်ခဲ့သည့် နှစ်နှစ်အတွင်း ဒေသနန်းတော်မှာပင် အေးချမ်းစွာ ကျင့်ကြံနေခဲ့ပြီး သူသည် နောက်တစ်ဆင့်သို့ အောင်မြင်စွာ ရောက်ရှိကာ မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့် ဖြစ်လာခဲ့သည်။

သူ၏ စွမ်းအားသည်လည်း များစွာ တိုးတက်လာခဲ့ပေသည်။

သို့သော်လည်း သူက သွေးနဂါးဘုံရှိ တန်ခိုးရှင်များ အကြားတွင် သတ်မှတ်ချက် ဝင်ခဲ့လျှင်ပင် သူ၏ စွမ်းအားက ကြောက်မက်ဖွယ်ကောင်းသည့် အဆင့်ဟု ဆုံးဖြတ်ရန် ခက်ခဲနေဦးမည်ကို နားလည်ပေသည်။

သို့သော်လည်း သူသည် ငြိမ်ငြိမ်လေးထိုင်၍ ဆက်လက် ကျင့်ကြံနေနိုင်စွမ်း မရှိတော့ပေ။

သူ့စိတ်ထဲတွင် မပြီးပြတ်သေးသည့် ကိစ္စနှစ်ခု ကျန်ရှိနေဆဲ ဖြစ်သည်။

သူသည် ယခုအချိန်၌ ထိုအရာများကို ဖြေရှင်းရန် ကြိုးစားကြည့်ချင် နေပေသည်။

မကြာခင်၌ သူတို့၏ ဘေးသို့ တစ်စုံတစ်ယောက် ရောက်ရှိလာသည်။ ထိုသူမှာ ရှားရှင်းယွန် ဖြစ်ပေသည်။

“မင်းတို့ တိုက်ပြီးသွားပြီလား”

ရီဖူရှင်းက မေးလိုက်သည်။

“မင်းတို့က အချိန်တော် သိပ်မကုန်လိုက်ဘူးပဲ”

သူက မှတ်ချက် ချလိုက်သည်။

ရှားရှင်းယွန်သည် ရီဖူရှင်းထံသို့ အေးစက်စက် ကြည့်ကာ မေးလိုက်သည်။

“ပြောစရာရှိလို့လား”

“ရှိတယ်”

ရီဖူရှင်းက ခေါင်းညိတ်ကာ ဆက်ပြောလိုက်သည်။

“မင်းသမီး၊ ကျုပ် အင်ပါယာရှားဘုံကို ခဏပြန်ချင်တယ်။ ပြီးတော့ မင်းသမီးရဲ့ အကူအညီလည်း နည်းနည်းလိုတယ်”

ရှားရှင်းယွန်က ရီဖူရှင်းကို ကြည့်လိုက်သည်။ အကယ်၍ အရေးကြီးသည့် ကိစ္စမျိုး မဟုတ်ခဲ့ရင် သူက သူမကို ရှာပြီး အကူအညီ လိုအပ်သည်ဟု တောင်းဆိုမည်မဟုတ်ပေ။

သူမသည် အတွေးနှင့် အနည်းငယ် ဒေါသထွက်သွားကာ သူမ၏ မျက်လုံးများက အေးစက်သွား၏။

သူမသည် သူ့ကို လျစ်လျူရှု လိုက်ချင်သော်လည်း ထိုကိစ္စက သူ့အတွက် အရေးကြီးသည်ကို ခန့်မှန်းမိသည့်အတွက် မလုပ်နိုင်ခဲ့ပေ။

“ကောင်းပြီ”

ရှားရှင်းယွန်က သဘောတူလိုက်သည်။

“ဘာကိစ္စလဲလို့ မမေးတော့ဘူးလား၊ မင်းသမီး”

ရီဖူရှင်းက မေးလိုက်သည်။

“နင်က ငါ့ကို ‘မင်းသမီး’ လို့တောင် သုံးနှုန်းနေတာပဲ။ မေးဖို့ လိုအပ်နေသေးလို့လား”

ရှားရှင်းယွန်၏ မျက်လုံးများက အေးစက်နေသည်။ ရီဖူရှင်းသည် ရှက်ရွံ့စွာ ပြုံးလိုက်၏။ သူ မည်သည့်အရာ လုပ်မည်ကို ရှားရှင်းယွန် ခန့်မှန်းမိမည် ဖြစ်ကြောင်း သူ သိသည်။

သူသည် အကူအညီ လိုအပ်သည့်အချိန်မှသာ သူမကို ‘မင်းသမီး’ ဟု ခေါ်တတ်သည်။ ၎င်းက အတော်လေး အရှက်မရှိရာတော့ ကျပေသည်။

သူသည် အနည်းငယ်တော့ ရှက်ရွံ့မှုကို ခံစားမိလေသည်။

သို့သော်လည်း သည်ကိစ္စအား လုပ်ဆောင်ရန်မှာ သူ့အတွက် အမှန်တကယ် အရေးကြီးပေသည်။

သူမသည် ရီဖူရှင်းကို ကြည့်လိုက်ပြီး မသက်မသာ ပြုံးလိုက်၏။ ထို့နောက် မေးလိုက်သည်။

“နင်က အခု အဲဒါကို လုပ်တော့မှာ သေချာလား”

သည်ကိစ္စက အတော်လေး အန္တရာယ် များလှပေသည်။

“အင်း”

ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ စောင့်နေရသည်က သူ့အတွက် နာကျင်စရာသာ ဖြစ်လိမ့်မည် ဖြစ်ပြီး သူ၏ ညီအစ်ကိုမောင်နှမတွေ အတွက်လည်း အိမ်ပြန်ရသည်က ပို၍ ကောင်းလိမ့်မည် ဖြစ်သည်။

“ဒီလိုဆိုမှတော့ အခုချက်ချင်း သွားကြမယ်။ အဖေ့ကို ကူညီဖို့ ငါမေးပေးမယ်”

ရှားရှင်းယွန်သည် မည်သည့်စကားမှ ထပ်၍ မပြောတော့ပေ။

***

All Chapters