တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိခြင်း
Vol. 43 Ch. 631
အခြား အမှတ်တံဆိပ်များသည် ဈေးကွက်ဝေစုများ ပိုမိုရရှိရန် ကြိုးစားနေချိန်၌ ဖုန်းယွီ၏ အမှတ်တံဆိပ်များသည် အလျင်စလို မဖြစ်ခဲ့ပေ။ ထုတ်လုပ်မှုနှုန်းမှာ အရင်အတိုင်းသာပင်။ ရောင်းအား အလွန်အကျွံ ကျဆင်းခြင်း မရှိသော်လည်း တဖြည်းဖြည်း ကျဆင်းနေပေသည်။
အခြားကုန်အမှတ်တံဆိပ်များသည် လေနှင့်မိုး လျှပ်စစ်မှ ၎င်းတို့၏ စွမ်းအားမြင့် VCD စက်အသစ်ကို မိတ်ဆက်ခြင်း မပြုသေးဘဲ ၎င်းသည် ဈေးကွက်ရှာဖွေရေး ပုံစံတစ်ခုသာဖြစ်သည်ဟု ထင်မြင်သွားကြသည်။ ကုမ္ပဏီအားလုံးသည် DVD နည်းပညာအသစ်များကို တီထွင်ရန် ပြိုင်ဆိုင်နေကြပြီး အောင်မြင်ပါက ဈေးထွက်ကို ထိန်းချုပ်နိုင်မည် ဖြစ်သည်။
သောမတ်စ်သည်လည်း ဖုန်းယွီအား မည်မျှကြာကြာ စောင့်ရမည်ကို မေးခဲ့သေးသည်။ ၎င်းတို့၏ ထုတ်လုပ်မှုလိုင်းများ ပြုပြင်ထားပြီးဖြစ်သည် လေနှင့်မိုး လျှပ်စစ်မှ ၎င်းတို့အား ပေးသည့် နည်းပညာအားလုံးကို နားလည်ထားပေသည်။ ၎င်းတို့သည် စွမ်းအားမြင့် VCD ကို အချိန်မရွေး စတင်ထုတ်လုပ်နိုင်ပေသည်။
ဖုန်းယွီသည် စွမ်းအားမြင့် VCD စက် မိတ်မဆက်ခင် နောက်ထပ် (၁)လ၊ (၂)လ စောင့်ရန် ပြောခဲ့ပေသည်။ ယခု ၎င်းတို့သည် DVD စက်များ တိုးတက်မှုကို ဆက်လက် လုပ်ဆောင်သင့်ပေသည်။ စွမ်းအားမြင့် VCD အပြီး (၂)နှစ် အကြာတွင် DVD စက်များ ထုတ်လုပ်ရန် ရည်ရွယ်ထားပေသည်။
လေနှင့်မိုး လျှပ်စစ်သည် ယခု DVD ရေးဖတ်စက် တီထွင်ရန် အာရုံစိုက်နေပေသည်။ VCD ရေးဖတ်စက် ကောင်းသော်လည်း လုံလောက်မှု မရှိသေးချေ။ လီနိုဗိုမှ ပံ့ပိုးထားသည့် စက်များသည် ဖတ်ယုံသာဖတ်နိုင်ပြီး အခွေထဲသို့ မည်သည့် အချက်အလက်မှ မရေးသွင်းနိုင်ချေ။
ဖုန်းယွီသည် ရေဖတ်စက်ကို အခွေထဲသို့ အချက်အလက်များ သိမ်းဆည်းနိုင်သည့် လုပ်ဆောင်ချက် ပါစေလိုပေသည်။ ဤနည်းဖြင့် သူ၏ ရေးဖတ်စက်များသည် Floppy disk ကို အစားထိုးနိုင်ပေမည်။
ဖုန်းယွီသည် ဤဈေးကွက်ကို လက်ဝါးကြီးအုပ်နိုင်ပါကာ ကွန်ပျူတာ ထုတ်လုပ်သူ အားလုံး ပူးပေါင်းဆောင်ရွက်ရန် လေနှင့်မိုးသို့ လာရောက်တွေ့ဆုံရပေလိမ့်မည်။ အမြတ်အစွန်း မြင့်မြင့်မားမား ရနိုင်မည် ဖြစ်သည်။
မှန်ပေ၏။ ဖုန်းယွီသည် လီနိုဗို ကွန်ပျူတာကို ရေဖတ်စက် ပထမဆုံးရစေချင်ပေသည်။ ဤနည်းအားဖြင့် လီနိုဗိုသည် ဈေးကွက်ဝေစုကို ပိုမိုရနိုင်ပြီး ၎င်း၏ အမှတ်တံဆိပ်တန်ဖိုး တိုးမြှင့်နိုင်ပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ သူသည် ထိုကုမ္ပဏီတွင် ရှယ်ယာများ ရှိနေပေသည်။
မူပိုင်ခွင့်ကို အသုံးပြုရန် လီနိုဗိုအား ခွင့်ပြုချက်ပေးမည်လော။ ဤမျှ မရိုးရှင်းချေ။ သို့ရာတွင် ဖုန်းယွီက ဤမူပိုင်ခွင့်ကို ရှယ်ယာများနှင့် လဲလှယ်ချင်နေပေသည်။
ဤကမ်းလှမ်းချက်သည် ကမ္ဘာ့ဈေးကွက်သို့ ဝင်ရောက်ရန် သူတို့အတွက် အခွင့်အရေးဖြစ်ကြောင်း သိရှိထားသဖြင့် လီနိုဗိုမှလည်း ငြင်းပယ်မည် မဟုတ်ချေ။ သူတို့၏ အမှတ်တံဆိပ် တန်ဖိုးနှင့် အမြတ်ငွေများလည်း တိုးလာပေလိမ့်မည်။ လဲလှယ်ရန်အတွက် အစုရှယ်ယာ အနည်းငယ် စွန့်လွှတ်ချင်စိတ် ရှိနေပေလိမ့်မည်။
လီနိုဗိုသည် အရောင်းအဝယ်မလုပ်လိုပါက ဖုန်းယွီသည် ကမ်းလှမ်းချက်ကို ငွေသားဖြင့် ပြောင်းလဲနိုင်ပေသည်။ လီနိုဗိုသည် ရှယ်ယာများကို ရောင်းချရန် ဆန္ဒရှိနေသရွေ့ ဖုန်းယွီသည်လည်း ဝယ်ယူရန် အသင့် ရှိနေပေလိမ့်မည်။ လီနိုဗို၏ အမှတ်တံဆိပ်နှင့် နည်းပညာများသာမက လျိုချန်းကျစ်သည်လည်း အရေးကြီးပေသည်။ လျိုချမ်းကျစ် သည် လီနိုဗိုထက် ပိုတန်ကြောင်း ဖုန်းယွီခံစားနေရပေသည်။
အချိန်သည် လျှင်မြန်စွာ ကုန်ဆုံးသွားပြီး ဇွန်လသို့ ရောက်ရှိခဲ့ပေပြီ။ ဖလှယ်ရေးကျောင်းသား တစ်ယောက်အနေဖြင့် ဖုန်းယွီသည် သက်ဆိုင်သူများကို တာဝန်ပေးရာ ရိုးရှင်းစွာပင် စာမေးပွဲ ဖြေဆိုခဲ့ပေသည်။ ကျန် စာရွက်စာတမ်း ကိစ္စများကို စိတ်ပူစရာမလိုအပ်ချေ။
ယခုနှစ် မေလ အားလပ်ရက်တွင် လီနသည် ဟောင်ကောင်သို့ ရောက်မလာခဲ့ချေ။ ဖုန်းယွီသည် တရုတ်ပြည်သို့ ပြန်ရောက်ပြီး သူကိုသွားတွေ့ခြင်းကြောင့် ဖြစ်သည်။ ဤ(၃)နှစ်တွင် သင်ခန်းစာ များစွာ ရခဲ့ပေသည်။ ဖုန်းယွီသည် မကြာမီ ပေကျင်းသို့ ပြန်ရပေတော့မည်။
ဟောင်ကောင်သို့ စာသင်နှစ် (၂)ကြိမ်တက်ရောက်ခဲ့သည့် အထင်ရှားဆုံးသော ပေကျင်းတက္ကသိုလ်နှင့် ဖလှယ်ရေး အထူးကျောင်းသာအဖြစ် ဖုန်းယွီသည် ဟောင်ကောင်တက္ကသိုလ်ကို အလေးအနက် မထားခဲ့ချေ။ ထို့ကြောင့်ပင် အတန်းချိန်တော်တော် များများ ပျက်ကွက်ခဲ့ပေသည်။
ဖုန်းယွီ အများဆုံးတက်ရောက်သည့် အတန်းများမှာ ပါမောက္ခလင်း၏ အတန်းများ ဖြစ်သည်။ သူသည် ပါမောက္ခလင်းကို စည်းရုံးနိုင်ခြင်းမရှိသော်လည်း ကံကောင်း ထောက်မစွာဖြင့် ပါမောက္ခလင်းသည် နောင်တွင် နိုင်ငံခြား ငွေကြေးမုဆိုးများနှင့် ရင်ဆိုင်ရပါက သူ့ကို ကူညီရန် သဘောတူခဲ့ပေသည်။
ဖုန်းယွီသည် ကောင်ဟောင်ခရီးစဉ်မှ အကြီးမားဆုံးသော အကျိုးအမြတ်မှာ ဟောင်ကောင် သူဌေးကြီးများ၏ မျိုးဆက်သစ် တစ်ချို့နှင့် သိရှိခဲ့ခြင်းပင်။ ထို လူ့ချမ်းသာ မျိုးဆက်သစ် အနည်းငယ်သည် မည့်သည့်အရာတွက်မဆို ကောင်းမွန်ကာ တစ်ချို့မှာ လီကျယ်ခိုင်ကဲ့သို့ ထူးချွန်ကြသည်။ ၎င်းတို့မှာ ဖုန်းယွီ၏ အဆက်အသွယ်များဖြစ်ပြီး အနာဂတ်တွင် သူ့ကို ကူညီပေးလာပေလိမ့်မည်။
ဖုန်းယွီ လီကျယ်ခိုင်သည် အလွန်အရည်အချင်းရှိကြောင်း သတိပြုမိသည်။ အနည်းဆုံး သူ့ထက်ပို၍ အရည်အချင်း ရှိပေသည်။ မှန်ပေ၏။ ဖုန်းယွီ အပျင်းထူနေခြင်းကြောင့်ပင်။
ဖုန်းယွီမှာ သူ့အတွက် အခြားလူများ သူ့အလုပ်လုပ်ပေးနေသဖြင့် မည်သည့်အတွက် သူကိုယ်တိုင်လုပ်ရမည်နည်း ဟုသာ အမြဲလိုလို ခံစားရသည်။ လူတော်တော်များများသည် ကုမ္ပဏီတစ်ခု၏ သူဌေးဖြစ်ချင်သည်မှာ ရာထူးကြီးခြင်းနှင့် ဆုံးဖြတ်ချက်များချမှတ်ရသည့် ခံစားချက်ကို ခံစားလိုခြင်းပင်။
သို့ရာတွင် ဖုန်းယွီအတွက်မူ မတူညီချေ။ သူသည် သူဌေးဖြစ်လိုသည်မှာ ငွေပိုမိုရှာရန်နှင့် ကုမ္ပဏီများသည် လမ်းကြောင်းမှန်သို့ ဦးတည်နေကြောင်း သေချာစေရန်ဖြစ်သည်။ သူသည် အလွန်ရက်ရောပြီး ကုမ္ပဏီရှယ်ယာများကို စီမံခန့်ခွဲရေး ဝန်ထမ်းများကိုပေးကာ ကုမ္ပဏီ လည်ပတ်ခွင့်ပေးခဲ့သည်။ ငွေရေးကြေးရေး တာဝန်ခံမှလွဲ၍ အလယ်အလတ် စိမံခန့်ခွဲရေး ဝန်ထမ်းများ ခန့်အပ်ခြင်းတို့တွင် မည်သည့်အခါတွင်မှ ဝင်ရောက် စွက်ဖက်ြခင်း မရှိချေ။
လီဟဟနှင့် ပမ့်မြို့တော် ယန္တရားကုမ္ပဏီကဲ့သို့သော ကုမ္ပဏီများအတွက်ပင် ဖုန်းယွီသည် ကုမ္ပဏီများတွင် အစုရှယ်ယာတစ်ခုသာ ဝယ်ယူခဲ့ပြီး အကြံပြုချက်တစ်ချို့နှင့် ကမ်းလှမ်းခဲ့သည်။ သူသည် ဤကုမ္ပဏီများတွင် နောက်ဆုံး ဆုံးဖြတ်ချက်ချသူ မဟုတ်ချေ။
သို့ရာတွင် ဖုန်းယွီသည် ဤပုံစံအတိုင်း ပြုမူလေလေ၊ ကျန်လူများက သူ၏ အကြံပေးချက်များကို နားထောင်လိုစိတ် များလေလေဖြစ်သည်။ ဖုန်းယွီ၏ အကြံပြုချက်များအားလုံး မှန်ကန်ကြောင်း ၎င်းတို့အားလုံး သိထားသောကြောင့် ဖြစ်သည်။
ဖုန်းယွီ၏ အကြံဉာဏ်ကို နားထောင်ပြီးနောက် ကုမ္ပဏီများသည် လျင်မြန်စွာ ကြီးထွားလာသည်။ ဖုန်းယွီသည် ထိုကုမ္ပဏီများတွင် ရင်းနှီးမြုပ်နှံပြီး ၎င်းတို့၏ အမြတ်အစွန်း တစ်စိတ်တစ်ပိုင်း သိမ်းပိုက်နိုင်ခဲ့သော်လည်း ဝင်ငွေ အားလုံးပေါင်းပါက ယခင်ကထက်ပိုများပြားလာ ပေသည်။
ဖုန်းယွီ၏ အထူးကျွမ်းကျင်မှုသည် ငွေကြေးဈေးကွက်တွင်ဖြစ်သည်။ ကျောင်းတွင် စီမံခန့်ခွဲမှုပညာ အနည်းငယ် သင်ယူခဲ့သော်လည်း ထိုလူ့ချမ်းသာ မျိုးဆက်သစ်များနှင့် နှိုင်းယှဉ်ပါက မလုံလောက်သေးချေ။
ဖုန်းယွီသည် အရာအားလုံးနီးပါးကို အခြားသူများထံ ပေးအပ်ခဲ့သည်။ ကုန်ကြမ်းဝယ်ယူခြင်းမှ ထုတ်လုပ် ရောင်းချခြင်းအထိ သူလုပ်ခဲ့သည်မှာ အကြံဉာဏ် ပေးခြင်းသာပင်။ ကုမ္ပဏီ၏ ပုံမှန် ဦးတည်ချက်များကို သတ်မှတ်ပြီး ကုမ္ပဏီတွင် ရင်းနှီးမြုပ်နှံရန်သာ ဖြစ်သည်။
ဖုန်းယွီ၏ ယခင်ဘဝတွင် ထိုမဟာသူဌေးကြီးများသည် ကုမ္ပဏီတစ်ခု သို့တည်းမဟုတ် ထုတ်ကုန်တစ်ခုတွင်သာ ရင်းနှီးမြုပ်နှံ ကြသည်။ ဘီလီဂိတ်ပင်လျှင် အခြားသော ကုမ္ပဏီများစွာ၏ ရှယ်ယာများကိုလည်း ပိုင်ဆိုင်ထားပေသည်။
လုပ်ငန်းအုပ်စုကြီး အများအပြားသည်လည်း လုပ်ငန်းတစ်ခုတည်းတွင် အာရုံမစိုက်ကြချေ။ ၎င်းတို့၏ လုပ်ငန်းကို ကွဲပြားစေပေလိမ့်မည်။ ဖုန်းယွီ၏ ယခင်ဘဝက လီနိုဗိုကဲ့သို့ပင်။ ၎င်းသည် အစပိုင်းတွင် ဆော့ဖ်ဝဲ ကုမ္ပဏီတစ်ခု ဖြစ်သော်လည်း အိမ်ခြံမြေ၊ လက်လီရောင်းချခြင်း၊ ကွန်ပျူတာ၊ ဆောဖ်ဝဲ၊ အဝတ်အထည်နှင့် စားသောက်ကုန် လုပ်ငန်းတို့အထိ ချဲ့ထွင်ခဲ့ကြသည်။
ထိုသို့ လုပ်ခြင်းအတွက် အကျိုးရှိပေသည်။ အကယ်၍ လုပ်ငန်းသည် ကောင်းကောင်း မလုပ်နိုင်ပါက ကျန်ကဏ္ဍ များရှိ ကုမ္ပဏီကို အမြတ်အစွန်းရအောင် လုပ်နိုင်ပေသည်။ သို့ရာတွင် ထိုသို့ ပြုလုပ်ခြင်း၏ အားနည်းချက်မှာ ကုမ္ပဏီ၏ အရင်းအမြစ်များလည်း ကွဲပြားသွားပေလိမ့်မည်။ သို့အတွက် ကုမ္ပဏီသည် လုပ်ငန်းတိုင်း၏ အကောင်းဆုံးအနေအထားကို မရနိုင်တော့ချေ။
ဖုန်းယွီ၏ ရင်းနှီးမြုပ်နှံမှုများတွင် ထိုစိုးရိမ်မှုများ မရှိချေ။ သူ၏ ရင်းနှီးမြုပ်နှံမှုများသည် တစ်ခုနှင့်တစ်ခု ကွဲကွာသွားပေသည်။ လေနှင့်မိုး မှလွဲ၍ ကျန်အမှတ်တံဆိပ်များဖြစ်သည့် ထိုင်ဟွာအမှတ်တံဆိပ်၊ အိုက်ဝါအမှတ်တံဆိပ်၊ လီဟဟ၊ စောင်ကျင်းမော်တာ၊ ဆဋ္ဌမအာရုံ ကဲ့သို့သော အခြားအမှတ်တံဆိပ်များအတွက် စိတ်ပူစရာမလိုချေ။ ဤကုမ္ပဏီများသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေနိုင်သော်လည်း အများစုမှာ ၎င်းတို့၏ ကိုယ်ပိုင် စက်မှုလုပ်ငန်းတွင် သီးသန့် ကုမ္ပဏီများ ဖြစ်သည်။
ဖုန်းယွီသည် ကုမ္ပဏီတိုင်းမှ အမြတ်ငွေ အများဆုံး ရရှိနိုင်ပေသည်။ သူ၏ ကြွယ်ဝမှုမှာ စိုးရိမ်စရာ အနေအထားဖြင့် ကြီးထွားနှုန်း မြင့်လာလေသည်။ ဖုန်းယွီသည် ငွေမည်မျှ ချမ်းသာကြောင်း မည်သူမှ မသိချေ။ သူ့တွင် ငွေမည်မျှ ရှိကြောင်း သိသူမှာ သူကိုယ်တိုင်သာပင်။
ဖုန်းယွီသည် သူ့စည်းစိမ်ဥစ္စာအားလုံး ပေါင်းကြည့်သည့်အချိန်မှာ သူထိုးစစ်ဆင်မည့် အချိန် ဖြစ်ပေသည်။ ထိုအချိန်တွင် ကန်ဒေါ်လာ (၁၀)ဘီလီယံကျော် ရှိလောက်ပေလိမ့်မည်။ ဟောင်ကောင်နှင့် တရုတ် သူဌေးကြီး များထံမှ ရန်ပုံငွေများ ဖြင့် လာမည့် ဘဏ္ဍာရေး အကျပ်အတည်းကာလတွင် သူသည် ငွေကြေးဈေးကွက်အတွင်း စိတ်ကြိုက် လုပ်နိုင်ပေလိမ့်မည်။
ဖုန်းယွီသည် ဟောင်ကောင် တက္ကသိုလ်တွင် စာမေးပွဲဖြေဆိုပြီးနောက် ပေကျင်းသို့ ပြန်လာခဲ့သည်။ လေနှင့်မိုး လျှပ်စစ်သည် နောက်တစ်ဆင့် တက်ချိန်တန်ပေပြီ။
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)