← Chapters

မေးကြည့်ရအောင်

Vol. 12 Ch. 11

မေးကြည့်ရအောင်

Vol. 12 Ch. 11

နှင်းဒေဝီက အေမီခေါ်ဆောင်ရာနောက်ကို လိုက်လာခဲ့တယ်။ ပေါ်တယ်ကနေတစ်ဆင့် ထွက်သွားခဲ့တာဖြစ်လို့ နန်းတော်က ဘယ်သူမှ သူတို့ဘုရင်မ ပျောက်သွားတာကို သတိမထားခဲ့ကြဘူး။

ပေါ်တယ်ပြန်ပွင့်လာချိန်မှာတော့ နှစ်ယောက်လုံးက ကျယ်ပြောလှတဲ့ မြက်ခင်းပြင်ထဲမှာ ရပ်နေမိကြပါပြီ။ နှင်းဒေဝီက ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။ သူတို့နဲ့ မနီးမဝေးရှေ့မှာ သစ်ပင်တွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ သစ်တော ငယ်လေးတစ်ခုရှိပြီးတော့ နောက်ဘက်မှာ ကျေးရွာဆန်ဆန် အိမ်တန်းလေးတွေကို တွေ့ရပါတယ်။

“မြို့ပြင်ကို စက္ကန့်အနည်းငယ်နဲ့ရောက်အောင် သွားနိုင်တဲ့ စွမ်းအားမျိုးရှိမယ်လို့ ငါမထင်ထားခဲ့ဘူး။”

နှင်းဒေဝီက သူ့ခြေထောက်တွေကို ပြန်ငုံကြည့်ရင်းနဲ့ ပြောပါတယ်။ မြက်ပင်တွေက ခြေသလုံးရောက်တဲ့အထိ ရှည်ပြီးတော့ မြေပြင်ကလည်း ပျော့ပြောင်းတဲ့အတွက် ချပ်ဝတ်က ခြေခုံမြုပ်တဲ့အထိ ရွံနွံတွေထဲ နစ်ဝင်သွားတယ်။

“ကျွန်မတို့လာခဲ့တဲ့နေရာက နည်းပညာတွေက ရှင်တို့ နားလည်နိုင်တာထက် ပိုပြီးတော့ မြင့်မားတယ်လေ။”

အေမီက သေနတ်ကို ပခုံးပေါ်တင်ကာ ဟန်ထုတ်လိုက်ရင်း ပြောပါတယ်။ နှင်းဒေဝီကတော့ ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်နေရင်းကနေ မေးလိုက်ပါပြီ။

“ငါ့ကိုစိန်ခေါ်မယ့် နင့်သခင်မဆိုတာကရော။”

အေမီကတော့ ပြုံးလိုက်ရင်းနဲ့ တောအုပ်ထဲကိုကြည့်ကာ ပြောလိုက်တယ်။ “မမလေးက ရှင့်ကိုတွေ့ဖို့ အသင့်ဖြစ်နေပါပြီ။”

နှင်းဒေဝီကလည်း အေမီကြည့်နေတဲ့ဘက်ကို ကြည့်လိုက် ပါတယ်။ တောအုပ်ထဲကနေပြီး အနက်ရောင်ဆွယ်တာနဲ့ ဂျင်းဘောင်းဘီရှည် ဝတ်ထားတဲ့ မိန်းကလေးတစ်ယောက် ထွက်လာတယ်။ သူ့ဆံပင်တွေက ခါးအထိရှည်ပြီးတော့ ငွေဖြူရောင်ဖြစ်နေတယ်။ ခါးမှာတော့ နည်းပညာမြင့် ခါးပတ်တစ်မျိုးကိုပတ်ထားပြီး လက်ထဲမှာတော့ အဖြူရောင် မန်မိုရီစတစ်လေးကို ကိုင်ထားလေရဲ့။

နှင်းဒေဝီက မျက်ခုံးပင့်လိုက်ပြီး “နင်က စက်ဆုပ်စရာ ကောင်းလောက်အောင် ငါနဲ့တူတာပဲ။” လို့ မှတ်ချက်ချတယ်။

ခါးပတ်နဲ့မက်ဒါနာကတော့ ယောင်ယောင်လေးပြုံးထားရင်း မန်မိုရီစတစ်ကို ခါးပတ်ထဲထည့်လိုက်တယ်။ “

[Malefient System Ready]

[Varient: Battler]

မက်ဒါနာရဲ့လက်မှာ ဒိုင်းပုံစံပါတဲ့ နာရီလေးပေါ်လာတယ်။ နာရီကို ဖိလိုက်ချိန်မှာတော့ လူတစ်ရပ်စာဒိုင်းပွင့်လာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို အဖြူရောင်နဲ့အပြာရောင် နည်းပညာချပ်ဝတ်က ဖုံးအုပ်သွားတယ်။ တခြား လက်တစ်ဖက်မှာတော့ သေနတ်ကိုကိုင်ထားလေရဲ့။

“ကဲ... ငါ့ရဲ့ဒီကမ္ဘာက မူကွဲက ဘယ်လောက်စွမ်းအားကြီးလဲ ကြည့်ရအောင်။”

နှင်းဒေဝီကလည်း ခနဲ့တဲ့တဲ့ပြုံးလိုက်တယ်။ “မူကွဲတဲ့လား။ ဆိုလိုတာက ငါကနင်၊ နင်ကငါပေါ့။ ဒီတော့ ဟူဂ် အဲဘားရပ်ဆိုတဲ့ အမေရိကကိုလိုနီနယ်က ပညာရှင်က ရူးနေတာမဟုတ်ဘူးပဲ။”

“စကားအပိုတွေမပြောဘဲ လက်ရုံးချင်းယှဥ်ကြရအောင်။”

မက်ဒါနာက ဒိုင်းကိုမပြီးတော့ နှင်းဒေဝီဆီကို အံ့မခန်း မြန်နှုန်းနဲ့ပြေးဝင်လာတယ်။ နှင်းဒေဝီကလည်း အဲမောင်း လှံကိုချာလည်လှည့်လိုက်ပြီး စီးကြိုတိုက်ခိုက်လိုက်တယ်။

ဘုန်း...

ဒိူင်းနဲ့လှံထိရာကနေ အသံကျယ်ကြီးတစ်ခုထွက်ပေါ်လာပြီး သူတို့နှစ်​ယောက်ပတ်ဝန်းကျင်မှာရှိနေတဲ့ လေထုက ဖောင်းပွ လာပြီးတော့ ပူဖောင်းတစ်ခုလိုမျိုး ပေါက်ကွဲသွားခဲ့ပါပြီ။ မြက်ပင်တွေ အမြစ်ကနေကျွတ်ပါလာပြီး ရေနဲ့ရွံတွေ ရောနှောနေတဲ့ မြေဆီလွှာအရောအနှောတွေကတော့ ကောင်းကင်ပေါ်ကို မြောက်တက်သွားပြီး ပြန်ပြုတ်ကျလာတယ်။

ဒီဖြစ်စဥ်က စက္ကန့်ပိုင်းပဲကြာတာဆိုပေမဲ့ စစ်သည်တော် နှစ်ယောက်ကတော့ မရေမတွက်နိုင်တဲ့ တိုက်ကွက်တွေကို ဖလှယ်ပြီးနေပါပြီ။

နှင်းဒေဝီရဲ့အဲမောင်းလှံချက်တွေက မြွေနဂါးတစ်ကောင်လို ခုန်ပေါက်ကစားနေပြီး မက်ဒါနာကတော့ ဒိုင်းကိုသက်သောင့် သက်သာမြှောက်ကာ နေရာအနည်းငယ်ပြောင်းရင်း လှံကို ပိတ်ဆို့ထားတယ်။ သူတို့လှုပ်ရှားမှုတွေက မြန်လွန်းလို့ သတ္တုချင်းထိခတ်ရာကနေ ထွက်ပေါ်လာတဲ့ တိုက်သံ ခိုက်တံတွေက နောက်မှာပြတ်ကျန်ခဲ့တယ်။

တိုက်ပွဲကို ခပ်လှမ်းလှမ်းကနေကြည့်နေတဲ့ အေမီကတော့ သွားပေါ်အောင်ပြုံးလိုက်ပြီး...

“ငါ့ရဲ့သခင်မလေးက အတွေ့အကြုံဒီလောက်မရှိတာတောင် ဒီကမ္ဘာက စစ်ပွဲရူးမက်ဒါနာကို ယှဥ်နိုင်တာပဲ။ ငါ ရွေးချယ်ထားတဲ့ သူပီသပါပေတယ်။ ဒါပေမဲ့...”

“ဒီတစ်​​ယောက်ကို သူနိုင်ဖို့တော့ အဝေးကြီးလိုသေးတယ်။” အေမီရဲ့အပြုံးက ရပ်တန့်သွားပြီး ပိုလေးနက်သွားပါတယ်။

ခံစစ်ကစားနေတာ ကြာပြီဖြစ်တဲ့အတွက် စိတ်ရှည်မှု ကုန်ဆုံးလာတဲ့ မက်ဒါနာက အပြောင်းအလဲတစ်ခု စလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူက ဒိုင်းမှာပိုအားထည့်လိုက်ပြီး လှံကိုဆောင့်တွန်းတယ်။

ဘုန်း...

အသံထက်မြန်တဲ့ဒိုင်းရဲ့လှုပ်ရှားမှုကြောင့် ပတ်ဝန်းကျင်မှာ လေမုန်တိုင်းတစ်ခုချက်ချင်းဖြစ်ပေါ်လာပြီး နှင်းဒေဝီရဲ့ အဲမောင်းလှံကို နောက်ပြန်လွင့်စင်သွားစေပါတယ်။ ရန်သူ ဟန်ချက်ပျက်သွားပြီး တိုက်ခိုက်နိုင်စွမ်း ပျောက်ဆုံးသွားတဲ့ အခါမှာတော့ မက်ဒါနာက အခွင့်အရေးကိုလက်လွှတ်မခံဘဲ ဒိုင်းကိုအနည်းငယ်စောင်းဟဖွင့်ကာ ဘယ်လက်ထဲမှာ ရှိနေတဲ့ သေနတ်နဲ့ထိုးချိန်ပြီး နှင်းဒေဝီကို ပစ်ခတ်တယ်။

ဒါပေမဲ့ နှင်းဒေဝီက ဒီအခိုက်အတန့်ကိုစောင့်နေတဲ့ ပုံစံပဲ။ သူက အလင်းဒြပ်စင်ပစ်ချက်တွေကို ကြိုတင်တွက်ဆထားတဲ့ ပုံစံမျိုးနဲ့ သာသာယာယာကြိုရှောင်လိုက်ပြီး ခြေထောက်ကို ဆန့်ထုတ်လိုက်တယ်။ ကျောနောက်က ဂဠုန်တောင်ပံလည်း လှုပ်ရှားလာပြီး ကန်ချက်ကိုအားဖြည့်ပေးတယ်။

ဘုန်း...

နှင်းဒေဝီရဲ့ကန်ချက်က ဒိုင်းနဲ့ကာမထားတာကြောင့် ခံစစ် မရှိဖြစ်ပေမဲ့ မက်ဒါနာရဲ့သေနတ်ကိုင်ထားတဲ့ လက်က လက်မောင်းကို တိုက်ရိုက်ထိမှန်သွားတယ်။

ရုတ်တရက်အားပါပါ အတိုက်ခံရတဲ့အတွက်ကြောင့် ရှော့ခ် ရသွားပြီး သေနတ်က လက်ထဲကနေ ပြုတ်ကျသွားတယ်။ နှင်းဒေဝီကတော့ အနားပေးမယ့်ပုံမပေါ်ဘဲ လှံကို ပြန်ဆွဲ ယူလိုက်ကာ မက်ဒါနာကို ဒေါင်လိုက်ခုတ်ချတယ်။ မက်ဒါနာက မြန်မြန်ဆန်ဆန်ပဲ ဒိုင်းနဲ့ကာလိုက်တယ်ဆိုပေမဲ့ အားကြီးလွန်းတဲ့အတွက်ကြောင့် ဒူးထောက်ကျသွားပြီး ခြေထောက်တွေက မြေကြီးထဲနစ်ဝင်သွားတယ်။

“နင်က သန်မာပေမဲ့ အတွေ့အကြုံလုံးဝမရှိဘူးပဲ။ ဒီလက်နက်တွေက နင့်ကိုယ်ပိုင်မဟုတ်သလိုပဲ။”

နှင်းဒေဝီက ဒိုင်းကြောင့်ခေါ်ထွက်သွားတဲ့ လှံကိုမြေမှာ ထိုးစိုက်လိုက်ပြီး ကျွမ်းပါးအကမယ်တစ်ယောက်လိုမျိုး လှံကိုအားပြုကာ မက်ဒါနာကို ခြေစုံကန်လိုက်တယ်။

ဘုန်း...

မက်ဒါနာရဲ့ခန္ဓာကိုယ်က လေထုထဲကို မြောက်တက်သွားပြီး အဝေးကို လွင့်ထွက်သွားတယ်။ တောအုပ်ထဲက သစ်ပင် တစ်ပင်နဲ့ ရိုက်မိပြီးတော့ ပြန်ပြုတ်ကျလာမှပဲ အရှိန်သေတာ။ ဒါတောင်မှ သစ်ပင်က ကိုယ်ပေါ်ကို ကျိုးကျလာတာကြောင့် ထိခိုက်ဒဏ်ရာမရအောင် ဘေးကို လှိမ့်ရှောင်လိုက်ရသေးတယ်။

“ဒီလိုပုံစံမျိုးနဲ့ ငါ့ကိုစိန်ခေါ်တာ သေချင်နေလို့ပဲ ဖြစ်ရမယ်။”

မက်ဒါနာက သူ့ခြေထောက်ပေါ်သူပြန်ရပ်နိုင်တော့ နှင်းဒေဝီက သူ့ရှေ့ကိုရောက်နေပြီဖြစ်ပြီးတော့ နောက်ထပ် ထိုးနှက်တိုက်ခိုက်ဖို့ အသင့်ဖြစ်နေပါပြီ။

“သေစမ်း...” မက်ဒါနာ​က ကုန်းရုန်းထပြီး ဒိုင်းနဲ့ပြန်ရိုက်ဖို့ လုပ်ပေမဲ့ နှင်းဒေဝီက သာသာလေးရှောင်လိုက်ပြီး ဝမ်းဗိုက်ကို ဒူးနဲ့တိုက်တယ်။ ဒူးနဲ့တိုက်ခံရတဲ့ဒဏ်ကြောင့် ရှေ့ကို ခန္ဓာကိုယ်ကိုင်းကျလာတဲ့ မက်ဒါနာကို နှင်းဒေဝီက ပခုံးကနေဆောင့်ဆွဲပြီး တံတောင်နဲ့စထောင်းတယ်။

ဝေါ့...

မက်ဒါနာသွေးအန်လိုက်ရပြီး မြေပြင်ပေါ်ကို လေးဖက် ကုန်းကျသွားတယ်။ သူ့မျက်လုံးထဲက ကြောက်ရွံမှုတွေကို အသိသာကြီးမြင်နိုင်တယ်။ နှင်းဒေဝီက မျက်လုံးကို မှေးလိုက်ရင်း အထင်သေးနေတဲ့ လေသံနဲ့။

“နင်... ဘယ်တုန်းကမှ စစ်မြေပြင်မှာ မတိုက်ခိုက်ဖူးဘူး မဟုတ်လား။”

နှင်းဒေဝီက လှံကိုမြှောက်လိုက်ပြီး မက်ဒါနာကို ကြည့်ကာ ပြောလိုက်ပါတယ်။ “ဒီလောက်ဆိုရင် နင်ရှုံးသွားပြီလို့ ပြောလို့ရတယ်မဟုတ်လား။ တမလွန်ကို သွားလိုက်တော့...”

နှင်းဒေဝီက မက်ဒါနာရဲ့လည်ပင်းကိုချိန်ပြီး လှံနဲ့ဖြတ်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ သူမလုပ်နိုင်သေးခင်မှာပဲ သေနတ်သံ တစ်ချက်ကြားလိုက်ရပြီး သူ့ရင်ဘတ်ကိုယ်သူ ငုံကြည့်တယ်။ သူ့ရင်ဘတ်မှာ အပြာရောင်အလင်းတွေဖြာထွက်နေတဲ့ အပေါက်တစ်ခုရှိနေပြီး နောက်ကို လှည့်ကြည့်လိုက်တော့ သူ့ကိုသေနတ်နဲ့ချိန်ထားတဲ့ အေမီကို မြင်လိုက်ရတယ်။

“နင်... ဘယ်လိုလုပ်ပြီးတော့... ဝင်ပါရတာလဲ...”

“နင်စီးချင်းထိုးပွဲမှာ နိုင်တယ်ဆိုပေမဲ့ ငါ့သခင်မလေးကို သတ်လို့ရတယ်ဆိုတဲ့ သဘောတော့မဟုတ်ဘူးလေ။”

အေမီက ပြောလိုက်တယ်။ နောက်တော့ မျက်စိတစ်မှိတ် အတွင်းမှာတင် နှင်းဒေဝီက သေနတ်ထဲ စုပ်ယူခံလိုက်ရပြီး အေမီက သေနတ်ကျည်ကတ်ကို ထုတ်လိုက်ချိန်မှာတော့ ‘ဂဠုန်'လို့ရေးထားတဲ့ မန်မိုရီစတစ်လေး ထွက်လာတယ်။

“မမလေး၊ ဒီကမ္ဘာမှာ ကျွန်မတို့လုပ်ရမယ့်ကိစ္စတွေ ပြီးသွားပါပြီ။ ကျန်တာဆိုလို့ ဒီမန်မိုရီစတစ်ကို သခင်မလေး သုံးနိုင်ဖို့အတွက် ခါးပတ်နဲ့စကင်ဖတ်ဖို့ပဲ ကျန်ပါတော့တယ်။”

မြေပြင်မှာ လေးဖက်ထောက်နေရတဲ့ မက်ဒါနာက ပြန်ထပြီး မန်မိုရီစတစ်ကို ယူလိုက်တယ်။ သူ့ကိုယ်ပေါ်​က နည်းပညာ ချပ်ဝတ်လည်း ပျောက်သွားပြီ။ တစ်ကိုယ်လုံး ဒဏ်ရာတွေနဲ့ ပြည့်နှက်နေပြီးတော့ လေသံတိုးတိုးနဲ့ ပြောလိုက်လေရဲ့။

“ငါက သူပြောသလိုပဲ အတော်အားနည်းတာပဲ။ ဘယ်တုန်းကမှ တိုက်ခိုက်ဖို့လေ့ကျင့်ထားတဲ့သူ တစ်ယောက်မဟုတ်ဘူး။ အေမီ... ငါက တကယ်ပဲ ကမ္ဘာကြီးကို ကယ်တင်ဖို့ သင့်တော်ပါ့မလား။”

မက်ဒါနာက မေးလိုက်တော့ အေမီက မက်ဒါနာရဲ့ခေါင်းကို လက်နဲ့ထိကိုင်လိုက်ပြီး သူ့နဖူးနဲ့ထိကပ်ထားလိုက်ပါတယ်။ “ကျွန်မက ဘယ်လောက်ခက်ခဲတဲ့ ပုစ္ဆာကိုပဲဖြစ်ဖြစ် မှန်အောင်တွက်ချက်နိုင်တဲ့သူပါနော်။ မမလေးက သေချာပေါက် ကယ်တယ်နိုင်မှာပါ။ မမလေးက အဖြေမှန်ဆိုတာ ကျွန်မသိနေတယ်။”

အဲဒီနောက် အေမီက မက်ဒါနာရဲ့ခါးပတ်က မန်မိုရီစတစ်ကို ဖြုတ်ယူလိုက်ပြီးတော့ အသစ်ရလာတဲ့ မန်မိုရီစတစ်ကို ထည့်ပေးလိုက်တယ်။

“အား....” ချက်ချင်းဆိုသလိုပဲ မက်ဒါနာက သူ့နဖူးကိုသူ ဆုပ်ကိုင်ရင်း ဒူးထောက်ကျသွားတယ်။ မျက်ရည်တွေက သူ့မျက်လုံးထဲကနေ ဆက်တိုက်စီးကျနေပြီးတော့ ရူးသွပ် သွားတော့မလိုပါပဲ။

“အထီးကျန်တယ်... တစ်ယောက်တည်းမနေချင်ဘူး...”

အဲဒီနောက်တော့ ငြိမ်ကျသွားပြီးတော့ တစ်ကိုယ်တည်း ဆက်တိုက်ရေရွတ်နေတယ်။ သူ့မျက်လုံးတွေကတော့ မျှော်လင့်ချက် ကင်းမဲ့နေသလိုမျိုး လှုပ်ရှားမှုကင်းမဲ့လို့။

“မမလေး... မမလေး...” အေမီက မက်ဒါနာကို လှုပ်နှိုးတယ်။ မရတဲ့အဆုံးတော့ အေမီက မက်ဒါနာကို နွေးထွေးစွာ ဖက်ထားလိုက်ပြီး နားနားကိုကပ်ပါ ပြောလိုက်ပါတော့တယ်။

“ကျွန်မက မမလေးအနားမှာ အမြဲရှိနေတာမလို့ မမလေးက တစ်ယောက်တည်းမဟုတ်ပါဘူး။”

အစပိုင်းတော့ မက်ဒါနာက တုန်လှုပ်ချောက်ချားနေဆဲ ဖြစ်ပြီးတော့ တစ်ကိုယ်လုံးတုန်ယင်နေတယ်။ နောက်တော့ သူက အေမီကိုပြန်ဖက်ထားလိုက်ပြီး ကလေးတစ်ယောက်လို ငိုနေခဲ့တယ်။ အတော်ကြာတဲ့အခါမှာ တည်ငြိမ်သွားပြီးတော့ ပြောလိုက်ပါတယ်။

“အေမီရေ၊ ငါ့ရဲ့ဒီမူကွဲက တစ်ချိန်လုံး တစ်ယောက်တည်း ဖြစ်နေခဲ့တာပဲ။”

အေမီကတော့ မက်ဒါနာကို ကလေးတစ်ယောက်ကို ချော့နေသလိုမျိုး ဆံပင်တွေကို လက်နဲ့သပ်ပေးနေရင်း တီးတိုးပြောလိုက်လေရဲ့။

“အခုတော့ သူက တစ်ယောက်တည်းမဟုတ်တော့ပါဘူး။ ကျွန်မတို့နဲ့ အတူတူရှိနေပြီလေ။”

...

“ငါ့ကို ပြန်ပေး... ပြန်ပေး....”

“မက်ဒါနာကို ထိဖို့နည်းနည်းလေးတောင်မှ မစဥ်းစားနဲ့။”

နည်းပညာဝတ်စုံကိုယ်စီနဲ့ လင်ဒါနှစ်ယောက်က မြို့ပြင်က ကမ်းခြေသဲသောင်ပြင်ပေါ်မှာ အသည်းအသန် တိုက်ခိုက် နေကြလေရဲ့။ ကံကောင်းစွာနဲ့ မက်ဒါနာက နယ်ခံဌာနတွေကို အကြောင်းကြားခဲ့လို့ သူတို့ရောက်မလာခင် ကမ်းခြေက လူတွေကို ရွေ့ပြောင်းပေးနိုင်ခဲ့တယ်လေ။

“ သူတို့ကို မြို့ပြင်ခေါ်ထုတ်ဖို့ အကြံရလိုက်တာ ကံကောင်းတယ်လို့ ဆိုရမယ်။”

မက်ဒါနာက တစ်ကိုယ်တည်းရေရွတ်လိုက်တယ်။ ကေးလ်မိုး ဓားကိုင်ထားတဲ့ လင်ဒါက Sheriff ဝတ်စုံဝတ်လင်ဒါရဲ့ ခံစစ်ကိုချိုးဖျက်နိုင်သွားပြီး ကမ်းခြေနားက ဆူနာမီကာ တံတိုင်းပေါ်ရပ်ပြီး ဝေဖာစားနေတဲ့ မက်ဒါနာနားကို ရောက်လာနိုင်တယ်။

“နင့်ကို သတ်ပစ်မယ်....”

“အဲဒီလောက် လွယ်မယ်ထင်နေလား။” Sheriff လင်ဒါကလည်း လိုက်မီလာပြီးတော့ ကေးလ်မိုးလင်ဒါကို လက်ထဲက ရဲကိုင်တုတ်ကြီးနဲ့ခေါင်းကို ရိုက်ချပစ်တယ်။ ဒါပေမဲ့ မကြာဘူး ကေးလ်မိုးလင်ဒါက အသာစီးရသွား ပြန်ပြီးတော့ Sheriffလင်ဒါရဲ့ဝတ်စုံက အဓိကကျတဲ့ စွမ်းအင်ဗဟိုချက်ကို ဓားနဲ့ခုတ်လိုက်နိုင်တယ်။

ဘုန်း...

“မက်ဒါနာ၊ သတိထား...” ဝတ်စုံက ရှော့ခ်ဖြစ်ပြီး အလုပ် မလုပ်​တော့တဲ့အတွက် လင်ဒါက မက်ဒါနာကို လှမ်းပြီး အော်လိုက်တယ်။ မက်ဒါနာကတော့ သူ့ရှေ့က ကေးလ်မိုး မက်ဒါနာကို မရှိသလိုမျိုးကြည့်ရင်းနဲ့ သူ့မျက်လုံးတွေက ရုတ်တရက် ငွေရောင်ပြောင်းသွားတယ်။

“ဟမ်...” ကေးလ်မိုးလင်ဒါလက်ထဲက ဓားက ရုတ်တရက် ရပ်တန့်သွားတယ်။ သူ့ဝတ်စုံလည်း အလားတူပဲဖြစ်ပြီး ရှေ့ကို နည်းနည်းလေးမှမတိုးနိုင်တော့ဘူး။ ရုပ်ထုကြီးလို တောင့်တောင့်ကြီးဖြစ်နေပြီ။

“နင့်ရဲ့ဝတ်စုံကို ထုတ်လုပ်ထားတဲ့ နည်းပညာက ငါတို့နဲ့ နည်းနည်းတော့ကွာသားပဲ။ ဒါပေမဲ့ အခုတော့ အပြည့်အဝ နားလည်သွားပြီ။”

Sheriff ဝတ်စုံထဲက လင်ဒါကလည်း အခြေအနေပြန်ပြီး ကောင်းလာပြီဖြစ်ပြီးတော့ မက်ဒါနာနောက်မှာ သွားရပ် နေလိုက်ပါတယ်။

“တကယ်ပဲ ငါ့ရုပ်နဲ့လူတစ်ယောက်က နင့်ကိုသတ်ချင် နေရတယ်လို့။ တွေးကြည့်လိုက်ရင်တောင် ကြောက်ဖို့ ကောင်းနေပြီ။ ဗီလိန်အဖွဲ့အစည်းတစ်ခုခုကများ နင့်ကို လုပ်ကြံဖို့ ကလုန်းပွားထားတာများလား။”

မက်ဒါနာက လင်ဒါစကားကို နားထောင်နေရင်းကနေ ခေါင်းကို ခါလိုက်တယ်။ မက်ဒါနာကိုယ်တိုင်ကတော့ အဲဒီလို ဖြစ်လိမ့်မယ်မထင်ဘူး။

ကေးလ်မိုးလင်ဒါကတော့ ဝတ်စုံက သုံးစားမရတော့မှန်း သိတာနဲ့ နာရီအဖြစ်ပြန်ပြောင်းလိုက်ပြီး မက်ဒါနာကို ရိုးရိုး သာမန်လက်သီးနဲ့ထိုးတယ်။ မက်ဒါနာကတော့ သူ့လက်ကို ဒီအတိုင်းဆန့်ထုတ်ပြီး ကာရုံလေးကာတယ်။ နည်းနည်း နာသွားတယ်ဆိုပေမဲ့ မက်ဒါနာက ကိုယ်ခံပညာ လေ့ကျင့်ဖူးသူမလို့ သည်းမခံနိုင်အောင်တော့ မဟုတ်ပါဘူး။

“နင့်သူ့ကို ဘယ်ခေါ်သွားတာလဲ။ ဘာလို့ သူနဲ့ပတ်သက်တဲ့ အမှတ်တရတွေက မှေးမှိန်ကုန်ရတာလဲ။”

အဲဒီလင်ဒါအတုကတော့ ပေါက်ကွဲနေတုန်းပဲ။ မက်ဒါနာက ခေါင်းခါလိုက်ပြီး စကားတစ်ခွန်းကို ပြောလိုက်ပါတယ်။

“ဟေး... လင်ဒါဟုတ်ပေမဲ့... ငါရဲ့လင်ဒါမဟုတ်တဲ့ လင်ဒါရေ။ နင်က ဒီကမ္ဘာက မဟုတ်ဘူးမဟုတ်လား။”

ဒီစကားကြောင့် နောက်ထပ်တစ်ခါ လက်သီးနဲ့ထိုးဖို့ ပြင်နေတဲ့ လင်ဒါရဲ့မျက်လုံးတွေ ပြူးကျယ်သွားပြီး သူ့လက်သီးက နေရာမှာတင်ပဲ ရပ်တန့်သွားပါတယ်။

“ဒီလိုဆိုရင်တော့ နင်ရှာနေတဲ့ မက်ဒါနာက ငါမဟုတ်ဘူးလို့ ​ပြောရမှာပဲ။”

မက်ဒါနာက အခြေအနေကို ရိပ်မိနေပြီဖြစ်တဲ့အတွက် ဒီစကားကို ပြောလိုက်တာ။ ရန်လိုနေတဲ့ လင်ဒါကလည်း တိုက်ခိုက်မယ့်ပုံစံကို ပြန်သိမ်းထားလိုက်ပြီး သူ့ရှေ့က မက်ဒါနာကို သေချာပြန်ကြည့်တယ်။

“ဟုတ်တာပဲ... နင်မှာ ဆံပင်အရှည်ကြီးမရှိဘူး။ ညှပ်လိုက်တာမျိုး ဖြစ်နိုင်ပေမဲ့ နင်က အသားလည်း ပိုဖြူသလိုပဲ။ ပြီးတော့ အဲဒီထူးဆန်းတဲ့ ခါးပတ်လည်းရှိမနေဘူး။”

လင်ဒါမဟုတ်တဲ့လင်ဒါက မက်ဒါနာကို သုံးရာ့ခြောက်ဆယ် ဒီဂရီလှည့်ပတ်ပြီးတော့ ကြည့်နေတဲ့အတွက်ကြောင့် လင်ဒါ အစစ်က စိတ်အနှောင့်အယှက်ဖြစ်လာတယ်။ ဒါပေမဲ့ အခြေအနေကို နားမလည်သေးတဲ့အတွက်ကြောင့် မက်ဒါနာကို မေးကြည့်တယ်။

“ဘာတွေဖြစ်နေတာလဲ ငါ့ကို နည်းနည်းလောက် ရှင်းပြပေးလို့မရဘူးလား။”

“ငါလည်း သေချာမသိပေမဲ့ Spider-man ကားထဲကလိုမျိုး ငါတို့တွေ ကိုယ့်မူကွဲနဲ့ကိုယ် တွေ့နေရတာလို့ ထင်တာပဲ။”

“အပြိုင်ကမ္ဘာ... အဲဒီလို ပေါက်ကရမျိုးက တကယ်ရှိလို့လား။”

“ကဲပါ၊ အဲဒါတော့ ငါလည်း ကျိန်းသေမပြောတတ်ဘူး။ ဒါပေမဲ့ ဒီမိန်းကလေးကိုခေါ်ပြီး နည်းနည်းပါးပါး မေး​ကြည့်ရင် တစ်ခုခုသိရမယ် ထင်တာပဲ။”

All Chapters