နိမိတ်ဆိုး
Vol. 9 Ch. 108
အာရန်သည် ထိုသို့ သူ့ကိုယ်သူ ကာကွယ်ရန် ကြိုးစားလိုက်သော်လည်း သူ၏ အရှိန်သည် အလွန်နှေးကွေးလွန်းကြောင်း တွေ့ရှိခဲ့ရသည်။
အမျိုးသမီးသည် အလွန်လျင်မြန်သောကြောင့် သူ၏ လက်များကိုပင် စုစည်းခြင်းမပြုနိုင်ခင်မှာပင် သူမ၏ ထက်မြက်သော လက်သည်းများသည် သူ၏ လည်ချောင်းဆီသို့ ရောက်ရှိနေပြီဖြစ်သည်။
လက်သည်းများသည် သူ့လည်ချောင်းကို ဆုပ်ကိုင်ရန်မဟုတ်ဘဲ ရိုးရှင်းစွာပင် ဖြတ်တောက်ပစ်ရန် ရောက်ရှိလာခြင်းဖြစ်လေသည်။
အမျိုးသမီးသည် နောက်ပြောင်နေခြင်းမဟုတ်ကြောင်း သိလိုက်ရသည်။
တခဏတာအတွင်း သေခြင်းတရားသည် အာရန်၏ မျက်စိရှေ့တွင် ဖြတ်ခနဲ ပေါ်လာခဲ့လေသည်။
သူ၏ လည်ပင်းတွင်ရှိသော လည်ဆွဲတစ်ခုသည် ထိုအချိန်တွင် ရုတ်တရက်တောက်ပလာခဲ့လေသည်။
သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် ပါးလွှာသော အကာအကွယ်လွှာတစ်ခု ပေါ်ပေါက်လာခဲ့လေသည်။
လက်သည်းများသည် သူ၏ လည်ပင်းကို ထိမိသွားခဲ့သော်လည်း ၎င်းကို ဖြတ်တောက်နိုင်ခြင်း
တော့မရှိခဲ့ပါ။
ထိုတိုက်ခိုက်မှုသည်အားအလွန်ကောင်းသည့်အတွက် အာရန်အားနောက်သို့ လွင့်စင်သွားစေခဲ့လေသည်။
ထို့နောက် အာရန်သည် နောက်ရှိသစ်ပင်တစ်ပင်ကို ဝင်တိုက်မိခဲ့လေသည်။
နာကျင်မှုသည် သူ၏ အံ့အားသင့်နေမှုမှ ပြန်လည်သတိဝင်လာစေခဲ့သည်။
သူ၏ စိတ်ထဲတွင် ချာချာလည်နေသော ကမ္ဘာကြီးသည် ပြန်လည်တည်ငြိမ်လာခဲ့လေသည်။
သူ၏ခန္ဓာကိုယ်သည် သွေးများဆုံးရှုံးမှုကြောင့် အားနည်းနေသော်လည်း သူ၏ အမြင်အာရုံမှာမူ အနည်းငယ်ပြန်တိုးတက်လာခဲ့သည်။
အာရန်သည် သူ့ကိုယ်သူ အားယူကာ မတ်တတ်ရပ်ရန် ကြိုးစားရင်း သွေးတစ်လုတ်ကို ထွေးထုတ်လိုက်လေသည်။
အကာအကွယ်လည်ဆွဲသည် အသက်ဝင်လာပြီး သူ့အသက်ကို ကယ်တင်နိုင်ခဲ့လေသည်။
သို့သော် ထိုလည်ဆွဲသာမရှိခဲ့လျှင် သူသည်ယခုအချိန်တွင် သေဆုံးလျက်သားရှိနေပြီဖြစ်ကြောင်း သိရှိလိုက်လေသည်။
အကာအကွယ်လည်ဆွဲကို ဒုတိယအကြိမ်မြောက် အသုံးပြုခဲ့ပြီးဖြစ်၍ သူတွင် နောက်ထပ် တစ်ကြိမ်သာ အသုံးပြုရန် ကျန်ရှိတော့လေသည်။
ကံမကောင်းစွာဖြင့် ထိုအမျိုးသမီးသည် အာရန်အား အသက်ရှင်ခွင့်ပေးရန် စိတ်မပါပုံရသောကြောင့် ထိုတစ်ကြိမ်သည်လည်း လုံလောက်မည်မဟုတ်ပေ။
“ပုရွက်ဆိတ်တစ်ကောင်တောင် မသတ်နိုင်တဲ့သူက ငါ့ရဲ့ တိုက်ခိုက်မှုဆီကနေ အသက်ရှင်နိုင်တယ်ပေ့ါ... ဟုတ်လား ငါ့ရဲ့ဒီတိုက်ခိုက်မှုကနေလွတ်မြောက်နိုင်တာ အရှင်သခင်လေးယောက်ပဲ ရှိမယ်လို့ ထင်ခဲ့မိတာ ဒါပေမယ့် ထားလိုက်ပါ ဒါတွေအရေးမကြီးတော့ပါဘူး ဒီနေ့ နင့်ကို ငါ့လက်နဲ့ငါကိုယ်တိုင် သတ်ပစ်မယ်”
ပင်လယ်နဂါးဘုရင်မသည် အာရန်ရှေ့တွင် ပေါ်လာခဲ့လေသည်။
တစ်ဖန် သူသည် မည်သည့်တုံ့ပြန်နိုင်ခြင်းမှမပြုမီ သူမ၏ နဂါးလက်သည်းများ သည် တဖန်ထပ်ရောက်လာခဲ့ပြန်သည်။
တစ်ဖန်ထိုတိုက်ခိုက်မှုသည်လည်း အကာအကွယ်လည်ဆွဲကို အသက်ဝင်စေရန် အတင်းအကျပ်ပြုလုပ်သော တိုက်ခိုက်မှုဖြစ်ပြီး အာရန်၏ အသက်ကို လည်ဆွဲအစွမ်းဖြင့်ပင် ထပ်မံကယ်တင်ခံခဲ့ရပြန်လေသည်။
အကာအကွယ်လည်ဆွဲသည် သူ၏ အသက်ကို ကာကွယ်ပေးနိုင်ခဲ့သော်လည်း ထို ထိခိုက်မှုသည် သူ့ကို လွင့်စင်သွားစေကာ အရိုးများပင် ကျိုးပဲ့သွားသကဲ့သို့ ခံစားလိုက်ရလေသည်။
အာရန်သည် သွေးပင်လယ်ထဲသို့ တည့်တည့်ကြီး လွင့်စင်သွားခဲ့လေသည်။
သူ၏ ခန္ဓာကိုယ်သည် ရေထဲသို့ ပြုပ်ကျတော့မည့်အချိန်တွင် ချိုမြိန်သော ရင်းနှီးသည့် ရနံ့လေးတစ်ခုသည် သူ့ကို ဝန်းရံထားလိုက်လေသည်။
နူးညံ့သော လက်ကလေးများသည် သူ၏ ခါးကို ရစ်ပတ်ကာ ပြုတ်ကျခြင်းမှ ရပ်တန့်စေခဲ့သည်။
“မင်း ဒီကိုရောက်လာဖို့ အချိန်အတော် ယူလိုက်ရတာပဲ”
အာရန်သည် သွေးတစ်လုတ်ကို ထပ်မံချောင်းဆိုးထုတ်လိုက်သည်။
သူ့ကို ကယ်တင်ခဲ့သူကို သိရှိရန် လှည့်ကြည့်ရန်ပင် မလိုအပ်ခဲ့ပါ။
ရှုယင် ပြန်ရောက်လာခဲ့ပြီဖြစ်သည်။
“သူ့ကို သတ်ဖို့ အချိန်အနည်းငယ် ကြာသွားတယ်”
ရှုယင်သည် အစောင့်၏ ဦးခေါင်းကို နဂါးဘုရင်မ၏ ခြေရင်းသို့ ပစ်ပေးလိုက်ရင်း အာရန်ကို ပြောလိုက်သည်။
“မင်းတစ်ယောက်တည်း မဟုတ်ဘူးနဲ့တူတယ်”
နဂါးဘုရင်မသည် လေထဲတွင် လျှောက်လာခဲ့ပြီး သူမ၏ အကြည့်များသည် သတ်ဖြတ်လို စိတ်များဖြင့် ပြည့်နှက်လျက်ရှိလေသည်။
ပင်လယ်နဂါးစစ်သည် ရာပေါင်းများစွာသည်လည်း ထိုနေရာသို့ရောက်ရှိလာကြပြီဖြစ်ပြီး အာရန်နှင့် ရှုယင်ကို ဘက်ပေါင်းစုံမှ ဝန်းရံထားလိုက်လေသည်။
“ဝင်မပါကြနဲ့”
ပင်လယ်နဂါးဘုရင်မသည် သူမ၏ ဝတ်ရုံကို ချွတ်လိုက်လေသည်။
သူမ၏ ဝတ်ရုံသည် မြေပြင်ပေါ်သို့ ကျသွားသောအခါ သူမ၏ ပခုံးပေါ်တွင် တင်ထားသော ထိုဝတ်ရုံ၏ အလေးချိန်ကြောင့် ကျွန်းတစ်ခုလုံး တုန်ခါသွားခဲ့လေသည်။
“ငါကိုယ်တိုင် သူတို့ကို တစစီဆုတ်ဖြဲပစ်ချင်တယ်”
“ကျုပ်တို့ကို တစစီမဆုတ်ဖြဲခင် တစ်ခုလောက် ပြောလို့ရမလား”
အာရန်သည် ထိုနဂါးဘုရင်မအား မေးလိုက်သည်။
အကာအကွယ်လည်ဆွဲ၏ ရှိသမျှစွမ်းအားများမှာလည်း ကုန်စင်သွားပြီဖြစ်လေသည်။
လည်ဆွဲသည် အသုံးပြုခွင့် (၃) ကြိမ်ပြည့်သွားပြီးသည့်နောက် ၎င်းသည် သူ့ထံ ၌ ယခင်ဘယ်တုံးကမှ မရှိခဲ့ဖူးသည့်အလား လုံး၀ ပျောက်ကွယ်သွားခဲ့ လေသည်။
“နင်က နောက်ဆုံးစကား ချန်ထားဖို့ မထိုက်တန်ဘူး”
ပင်လယ်နဂါးဘုရင်မက ပြန်ဖြေလိုက်သည်။
“အဲဒီလိုဆိုရင်တော့...”
အာရန်သည် သူ၏ လက်ကောက်ဝတ်ရှိ လက်ကောက်ဆီမှ တောက်ပသောအလင်းရောင် တစ်ခုထွက်လာချိန်တွင် လက်ခလယ်တစ်ချောင်းကို သာမြှောက်ပြလိုက်လေသည်။
နဂါးဘုရင်မ၏ မျက်လုံးများသည် ရုတ်တရက် တုန်လှုပ်သွားခဲ့လေသည်။ သူမသည် ဤလက်ဝတ်တန်ဆာအကြောင်းကိုကောင်းစွာ သိရှိထားလေသည်။
ဤအရာသည် သူမ၏ မောင်ဖြစ်သူအား သူ၏ အသက်ကို အရေးပေါ်ကယ်ဆယ်ရန် သူမကိုယ်တိုင်ပေးထားခဲ့သော အရာလည်းဖြစ်လေသည်။
ထိုအရာသည် သူမရှေ့ရှိ ထိုလူသားမှ သူမ၏ မောင်ငယ်ကို သတ်ခဲ့သူဖြစ်ကြောင်း အတည်ပြုစရာထပ်မလိုတော့အောင်ပင် ပိုမို၍ သေချာသွားစေခဲ့သည်။
ကံမကောင်းစွာဖြင့် လွတ်မြောက်ခြင်းလက်ဝတ်တန်ဆာသည် အသက်ဝင်သွားပြီဖြစ်လေသည်။
သူမသည် အာရန်ကို တားဆီးရန် အလျင်အမြန် ပြေးသွားလိုက်သော်လည်း သူသည် ရှုယင်နှင့်အတူ ပျောက်ကွယ်သွားပြီဖြစ်သောကြောင့် သူမ၏ လက်သည်းများသည် လေထဲသို့သာ ဖြတ်ကျော်သွားမိလေတော့သည်။
လေထုထဲ၌ အာရန်၏ နောက်ဆုံးစကားတစ်ဝက်သာ ကျန်ခဲ့လေသည်။
“ဒီနေ့တော့ ကျုပ် ထွက်ပြေးရဦးမယ် ဒါပေမယ့် နောက်တစ်ကြိမ်သာထပ်တွေရင်တော့…...”
ဝါကျသည် မပြီးဆုံးသွားခဲ့ပါ။
ထိုနေ့တွင် သွေးပင်လယ်ပြင်ကြီးတစ်ခုလုံးသည် လှိုင်းလုံးများဖြင့် ပြင်းထန်လာခဲ့ပြီး ပင်လယ်နဂါးဘုရင်မ၏ အော်ဟစ်သံသည်လည်း ပင်လယ်တစ်ဝိုက်တွင် ပဲ့တင်ထပ်သွားကာ ထိုပင်လယ်ရှိ ရှိသမျှ သားရဲတိုင်းအတွက် တုန်လှုပ်ခြောက်ခြားစရာ တစ်ခုသဖွယ် ဖြစ်သွားခဲ့ရလေသည်။
....
ပင်လယ်မှ ဝေးကွာသော တစ်နေရာတွင် အမျိုးသားတစ်ဦးသည် လေထဲမှ ရုတ်တရက် ပေါ်လာကာ သက်သောင့်သက်သာရှိသော အိပ်ရာခင်းတစ်ခုပေါ်သို့ ပြုတ်ကျသွားလေသည်။
ထို့နောက်အမျိုးသမီးတစ်ဦးသည်လည်း သူနှင့်ရှေ့ဆင့်နောက်ဆင့်ပင် ထပ်မံ ပေါ်လာကာ သူ၏ ကိုယ်ပေါ်သို့ ထပ်မံပြုတ်ကျသွားခဲ့လေသည်။
အာရန်သည် ဤရင်းနှီးသော ပတ်ဝန်းကျင်ကို ကြည့်ရင်း သက်ပြင်းတစ်ချက်ချလိုက်မိသည်။
ဤနေရာသည် မိစ္ဆာဂိုဏ်းရှိ သူ၏ နေအိမ်ပင်ဖြစ်လေတော့သည်။
သူသည် နောက်ဆုံးတွင် အရှေ့တိုက်သို့ ပြန်ရောက်လာနိုင်ခဲ့ပြီဖြစ်သည်။
ဆန့်ကျင်ဘက်ဆိုးဝါးသည့် အခြေအနေများကြားမှပင် သူသည် အသက်ရှင်လျက်ပြန်လာနိုင်ခဲ့ပြီဖြစ်လေသည်။
သို့သော် သူ၏ လက်ရှိ အခြေအနေမှာ... ကောင်းမွန်နေပုံတော့သိပ်မပေါ်ပါချေ။
“ကိုယ့်ကို... ကုသဆေးအချို့ ယူပေးနိုင်မလား”
အာရန်သည် ရှုယင်အား မေးလိုက်သည်။
သူ၏ ခန္ဓာကိုယ်သည် သွေးများဖြင့် စွန်းထင်းနေလေသည်။
သွေးအများစုသည် ပင်လယ်မှဖြစ်သော်လည်း ထိုအထဲတွင် သူ၏ သွေးအများအပြားလည်း ပါဝင်နေလေသည်။
သူသည် ဝိညာဉ်လမ်းလျှောက်သူနှင့် ပင်လယ်နဂါးဘုရင်မတို့၏ လက်မှ အသက်ရှင်လျက်လွတ်မြောက်နိုင်ခဲ့ပြီး နောက်ဆုံးသူ၏ ကိုယ်ပိုင်အိပ်ရာပေါ်ရောက်မှသာ သေဆုံးသွားသောသူတစ်ယောက် တကယ်မဖြစ်ချင်ခဲ့ပါ။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် နာကျင်ကိုက်ခဲလျက်ရှိနေသည်။
သူ၏ ခန္ဓာကိုယ်တွင် မကျိုးသေးသော အရိုးဟူ၍ပင် ရှိသေးရဲ့လားပင် မသေချာတော့ပါ။
ရှုယင်သည် သူ့အပေါ်မှ အလျင်အမြန်ပင် ဖယ်ရှားပေးလိုက်ပြီး ဆီလက်စ်သည်လည်း ရှုယင်နှင့် အာရန်ကြားတွင် ပိသွားလုနီးပါးဖြစ်ကာ သူ၏ အိတ်ကပ်ထဲမှ တွားသွား၍ ထွက်လာခဲ့သည်။
....
....
....
အနောက်တိုင်းနယ်မြေရှိ သန့်စင်အင်ပါယာ၏ အနက်ရှိုင်းဆုံးနေရာတစ်ခုတွင် ခမ်းနားထည်ဝါသော နန်းတော်တစ်ခု တည်ရှိနေလေသည်။
နန်းတော်၏ အနက်ရှိုင်းဆုံးတစ်နေရာတွင် ပုရောဟိတ်မတစ်ဦးသည် နတ်ဘုရားမ၏ တန်ခိုးဖြင့် ချိတ်ပိတ်၍ သိမ်းဆည်းထားသည့် ဓားတစ်လက်ကို စိုက်ကြည့်နေခဲ့လေသည်။
ဓားသည် သူ၏မျက်နှာပြင်တွင် အဆိုးရွားဆုံး အဆိပ်တစ်မျိုးဟု ထင်ရသော အနက်ရောင် အရည်တစ်ခုဖြင့် စွန်းထင်းနေပုံရလေသည်။
ပုရောဟိတ်မ၏ ဘေးတွင် သန့်စင်ဧကရာဇ်လည်း ရပ်လျက်အတူရှိနေလေသည်။
ဧကရာဇ်သည် အနောက်ပိုင်းတိုက်ကြီး၏ အုပ်စိုးသူအင်ပါယာတစ်ပါး ဖြစ်သည်ဟု ဆိုကြလေသည်။
သို့သော် အားလုံးသိထားကြသော အစစ်အမှန် အုပ်စိုးသူမှာ သန့်စင် ဘုရားကျောင်းနှင့် သန့်စင်ပုရောဟိတ်မပင် ဖြစ်လေသည်။
သန့်စင်ဧကရာဇ်သည် အင်ပါယာကို စီမံခန့်ခွဲရန်အတွက် သာမန် ရုပ်သေးရုပ်တစ်ရုပ်သာသာပင်ဖြစ်လေသည်။
“ဒီကိစ္စကိုအသေအခြာသိရတာနဲ့ ငါ့ကို ချက်ချင်း အကြောင်းကြားလိုက်ပါ”
ဧကရာဇ်သည် သန့်စင်ပုရောဟိတ်မကို ပြန်လည်ပြောဆိုလိုက်လေသည်။
“ဒီဟာက... နိမိတ်တစ်ခုလို့ ထင်လား”
“ဓားဧကရာဇ်ရဲ့ ဓားဟာ ရာစုနှစ်ပေါင်းများစွာ တိတ်ဆိတ်နေခဲ့ပေမယ့် ဒီနေ့မှာ... နောက်ဆုံးအနေနဲ့ တုံ့ပြန်မှုတစ်ခုပြုလုပ်လာခဲ့တယ် ဒါဟာ မကောင်းတဲ့ နိမိတ်တစ်ခုများဖြစ်နေမလား”
သန့်စင်ဧကရာဇ်သည် တွန့်ဆုတ်နေပုံရကာ ထပ်မံမေးလိုက်သည်။
ဓားဧကရာဇ်သည် မည်သို့သော တည်ရှိမှုမျိုးဖြစ်ခဲ့သည်ကို သူသည် ကောင်းကောင်း နားလည်ထားလေသည်။
“မကောင်းတဲ့ နိမိတ်ဟုတ်လား နတ်ဘုရားမရဲ့ ရှေ့မှာ နိမိတ်အားလုံးဟာ အရေးမပါဘူး ဒါကြောင့် အဲဒီအကြောင်းကို သိပ်မတွေးနဲ့ ဓားကို သာ စောင့်ကြည့်နေပြီး တခြား ပြောင်းလဲမှုတစ်ခုခုရှိရင် ငါ့ကို ချက်ခြင်း အကြောင်းကြားပါ”
သန့်စင် ပုရောဟိတ်မသည် ထိုသို့မှာကြားရင်း လှည့်ထွက်လာခဲ့လေသည်။
“မကောင်းတဲ့ နိမိတ် ဟုတ်လား...” သူမသည် ပျောက်ကွယ်သွားစဉ် တိုးတိုးလေး ရေရွတ်လိုက်လေသည်။
#Catfoot