ခွဲခွာခြင်း
Vol. 007 Ch. 606
ညနေပိုင်းတွင် ရှုဂျင်သည် သူ၏ချောမောလှသော မျက်နှာ၏ ဘယ်ဘက်ကိုစမ်းလိုက်သည်။ သူမရိုက် လိုက်သောနေရာမှာ နာကျင်တုန်းပင်။
“အဲဒါက ရိုက်လိုက်မိတဲ့အတွက် ကျွန်တော်တကယ်တောင်းပန်ပါတယ်၊ အဲဒါက ကျွန်တော့်ရဲ့ ပထမဆုံး တုန့်ပြန်မှုဖြစ်နေလို့ပါ” သူ့မျက်နှာကိုကိုင်လိုက်သည်ကို တွေ့လိုက်သည့်အခိုက်အတန့်တွင် ရှီမာယူယူ၏ နှလုံး ခုန်သံသည် ထွက်ကျမတတ်ပင်။ ဒီလူူက သူ့ရဲ့ကတိကိုတော့ ပြန်ပြောင်းမှာမဟုတ်လောက်ဘူးမလား။
“ဘယ်လိုပဲဖြစ်ဖြစ် ငါဒီအရိုက်ခံရတာကိုတော့ အမှတ်ရနေမယ်” ရှုဂျင်ပြောလိုက်သည် “မင်း ခွင့် ဘယ်လောက်ယူမယ်ဆိုတာ မပြောရသေးဘူးနော်”
“ကျွန်တော် ကြယ်ကိုးပွင့်သမုဒ္ဒရာကိုသွားရမယ်၊ အဲလိုဆိုတော့ လပိုင်းလောက်တော့ဖြစ်မယ်” ရှီမာယူယူ ပြန်ဖြေလေသည်။
“ကြယ်ကိုးပွင့်သမုဒ္ဒရာဟုတ်လား မင်းရဲ့ အခုလက်ရှိအားနဲ့လေ၊ မင်းဘဝအတွက် လိုတဲ့ဟာဆိုတာရော သေချာရဲ့လား” သူမ ကြယ်ကိုးပွင့်သမုဒ္ဒရာကိုသွားမည်ဟု ကြားလိုက်ချိန်တွင် ရှုဂျင်သည် လှုပ်ခတ်သွားသည်။ သူမသည် တန်ဖိုးရှိသူဖြစ်၍ သူမတွင် အခြေအနေဆိုးသည့် တစ်စုံတစ်ရာဖြစ်သွားပါက နှမြောစရာကောင်းလှ သည်။
“ယူယူ မင်းက ကြယ်ကိုးပွင့်သမုဒ္ဒရာကိုသွားချင်လို့လား” ဟော်လန်သည် မျက်မှောင်ကြုတ်လိုက်သည်။ “အဲမှာ ဘယ်လောက်အန္တရာယ်များလဲဆိုတာ သိတယ်မလား”
“ကြယ်ကိုးပွင့်သမုဒ္ဒရာရဲ့ သတင်းတွေကို ကျွန်တော်ကြားဖူးတာကြာပါပြီ၊ ဒါပေမဲ့ ကျွန်တော် တစ်ယောက်တည်း သွားမှာမဟုတ်ပါဘူး၊ ခရမ်းရောင်ရေမျိုးနွယ်က တစ်ယောက်ကကျွန်တော်နဲ့လိုက်မှာပါ” ရှီမာယူယူ ပြောလိုက်သည်။
“ခရမ်းရောင်ရေမျိုးနွယ်ဟုတ်လား၊ ခရမ်းရောင်ရေမျိုးနွယ်ကို မင်းဘယ်လိုသိတာလဲ” ဟော်လန် မေး လိုက်သည်။
ခရမ်းရောင်ရေမျိုးနွယ်သည် ကြယ်ကိုးပွင့်သမုဒ္ဒရာတွင် အင်အားသေးငယ်သော မျိုးနွယ်မဟုတ်ပေ။ ထို့အပြင် နီးစပ်လိုတိုင်း နီးစပ်ခွင့်မရသော မျိုးနွယ်ဖြစ်သည်။ ဒီကမ္ဘာမှာ ဘာတွေဖြစ်နေလဲဆိုတာကို သိချင်စေ လောက်တဲ့ ကိစ္စပဲ။
“ဆရာဟော် ကျွန်တော် ပင်လယ်နက်သခွားကိုရှာတွေ့ပြီ” ရှီမာယူယူ ပြောလိုက်သည်။
“မင်း သူတို့နဲ့အပေးအယူလုပ်လိုက်တာလား” ဟော်လန်သည် သူမအား ခွင့်မပြုသည့်အနေနဲ့ ကြည့် လိုက်သည် “ခရမ်းရောင်ရေမျိုးနွယ်က ရှေးဟောင်းအံ့ဖွယ်နဂါးတွေရဲ့ သွေးသားပဲ၊ သူတို့က အဲဒီမှာ ရာထူးမြင့် ကြတယ်၊ မင်း သူတို့ထိန်းချုပ်မှုအောက်ရောက်သွားရင်တော့ မင်း…”
“စိတ်ချပါ ဆရာဟော် ကျွန်တော်က နေမကောင်းတဲ့သူကို ကြည့်ပေးဖို့ပဲ သူတို့ကို ကူညီပေးမှာပါ” ရှီမာယူယူပြောလိုက်သည် “ဝူလာလီကလည်း ကျွန်တော့်ကို တခြားမတောင်းဆိုပါဘူး၊ ကျွန်တော့်ကို သွားကြည့် ရုံပဲကြည့်ခိုင်းတာပါ၊ သူ့ကို ကုနိုင်လား မကုနိုင်လားဆိုတာကို ကြည့်ဖို့အတွက်ခေါ်သွားတာပါ”
“ဝူလာလီလား ခရမ်းရောင်ရေမျိုးနွယ်ရဲ့ မင်းသားလား” ရှုဂျင် မေးလိုက်သည်။
“သူဖြစ်လောက်တယ်” ရှီမာယူယူ ပြောလိုက်သည်။
သူမသည် ဝူလာလီ၏ ကျောထောက်နောက်ခံကိုမမေးပဲ သူ၏နာမည်ကိုသာ သတိပြုမိခဲ့သည်။ သူ မင်းသားဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သူမ ဂရုမစိုက်ပေ။ သို့သော် သူ့တွင် အမှန်တကယ်ပင် တော်ဝင် ရောင်ဝါရှိခဲ့သည်။
“ကောင်းပြီ ငါဆုံးဖြတ်ပြီးသွားပြီ ငါမင်းကို အချိန် ၁နှစ်ပေးမယ် မင်း ၁နှစ်အတွင်းကို ပြန်လာဖြစ်အောင် ပြန်လာရမယ်” ရှုဂျင်ပြောလိုက်သည် “ကောင်းပြီ မင်းသွားလို့ရပြီ”
ဝူလာလီ၏ နာမည်ကြားသည်နှင့် ရှုဂျင်ချက်ချင်းပင် သဘောတူလိမ့်မည်ဟု ရှီမာယူယူ ထင်မထားပေ။ သူမ စက္ကန့်ပိုင်းမျှ မယုံနိုင်ဖြစ်ကာ နောက်ဆုံးတွင် သတိပြန်ဝင်လာပြီးနောက် ကျောင်းအုပ်ရုံးခန်းမှ ထွက်လာခဲ့ လိုက်သည်။ ရှုဂျင်က တကယ်ပဲ သူမကို အချိန် ၁နှစ်ပေးတာပဲ။
“အစ်ကိုရှု” ဟော်လန်သည် ရှီမာယူယူထွက်သွားသည်အထိ စောင့်ပြီး ရှုဂျင်ကိုကြည့်လိုက်သည်။ သူ သည် ဆုံးဖြတ်ချက်ကို ကျေနပ်နေသည့်ပုံပင်။
“ငါ ဝူလာလီကိုအရင်ကကြားဖူးတယ်၊ ဝိဉာဉ်မိစ္ဆာတွေကြားမှာတော့ သူက အယုံကြည်ရဆုံးပဲ၊ သူ့ကို ပြန်ခေါ်လာမယ်ဆိုပြီး ကတိပေးမှတော့ ကတိဖျက်မယ်မထင်ဘူး” ရှုဂျင် ပြောလိုက်သည် “ပြီးတော့ ရှီမာယူယူ ကို သူတို့သဘောတွေ့သွားရင်လည်း သူ့အတွက်ကောင်းတာပဲလေ”
“သူ့လုံခြုံမှုကို မစိုးရိမ်ဘူးလား” ဟော်လန် မေးလိုက်သည်။
“သူက နတ်ဆိုးလောကမှာ တစ်ပတ်လှည့်ပြီးတာတောင် ဘေးကင်းကင်းနဲ့ပြန်လာနိုင်တာပဲလေ၊ ကြယ် ကိုးပွင့်သမုဒ္ဒရာက အန္တရာယ်များပေမယ့် နတ်ဆိုးလောကလောက် များဦးမလား” ရှုဂျင်ပြောလိုက်သည် “ပြီးတော့ သူက ခရမ်းရောင်မျိုးနွယ်ရဲ့ လုပ်ပိုင်ခွင့်နဲ့သွားပြီးပြန်လာမှာပဲ၊ သူ ကြယ်ကိုးပွင့်သမုဒ္ဒရာမှာ ပြဿနာ မရှာရင် အဆင်ပြေတယ်”
ထိုစကားပြောပြီးနောက်တွင် သူသည် ပျင်းရိစွာအကြောဆန့်လိုက်ပြီး ပြောလိုက်သည် “နောက်ကျနေပြီ သွားအိပ်ရတော့မယ့်အချိန်ရောက်ပြီ အစ်ကိုဟော်၊ ငါ့ကို ချိန်ကိုက်ဗုံးထည့်ပေးလိုက်ပြီဆိုတော့ နောက်ကျရင် ငါ့ကို အကြွေးဆပ်ဖို့လိုလိမ့်မယ်”
“အိုခေ မင်းသွားလိုက်တော့” ဟော်လန်သည် သူနှင့် စကားမများချင်ပေ။
“ဒါပြီးသွားတာနဲ့ ဘာလို့လျစ်လျူရှုခံခရသလိုခံစားနေရတာလဲ” ရှုဂျင် ပြောလေသည်။
“ခံစားရတာကိုမဟုတ်ဘူး မင်းသွားလိုက်တော့” ဟော်လန် ပြောလေသည်။
“ကောင်းပြီ မင်းကရက်စက်လိုက်တာ” ရှုဂျင်သည် နှာမှုတ်ပြီးနောက် အိမ်သို့ပြန်လာလိုက်သည်။
ရှီမာယူယူသည် ဝူလင်းယူအား သွားရှာရာ အရိပ်အောက်တွင် အပန်းဖြေနေသည်ကိုတွေ့လိုက်ရသည်။
သူကျင့်ကြံနေသည်ကို သူမ မမြင်ဖူးခဲ့ပေ။ အဲဒါကို ဘာကြောင့် အဲလောက်သန်မာနေရတာလဲ။
“စီနီယာ ကျွန်တော်ပြောစရာရှိတယ်” ရှီမာယူယူ လျှောက်လာကာ ခုံယူပြီး သူ့ဘေးတွင် ဝင်ထိုင်ရင်း ပြောလေသည်။
“ငါလည်း မင်းကိုပြောစရာရှိတယ်” ဝူလင်းယူပြောလေသည် “မင်းအရင်ပြောပါ”
“ကျွန်တော်ဂိုဏ်းကနေ ခွင့် ၁နှစ်ယူထားတယ်” ရှီမာယူယူပြောလိုက်သည် “ကျွန်တော် ကြယ်ကိုးပွင့် သမုဒ္ဒရာကိုသွားချင်လို့”
“ဒုကျောင်းအုပ်က ငါ့ကိုပြောပြီးပါပြီ” ဝူလင်းယူသည် မအံ့သြပေ။
အံ့သြသွားသူမှာ သူမပင်။
ဒုကျောင်းအုပ်က သူ့ကို သတင်းပေးတာဒီလောက်မြန်သလား။
“အစ်ကိုကရော ဘာပြောမလို့လဲ” သူမ မေးလိုက်သည်။
“ငါ မကြာခင်ကို ဂိုဏ်းကနေထွက်သွားတော့မယ်” ဝူလင်းယူ ပြောလိုက်သည်။
“သွားမယ် ဘယ်ကိုလဲ”
ဝူလင်းယူသည် ထကာပြောလိုက်သည် “ငါက မင်းကိုစောင့်ရှောက်ဖို့အတွက် ဒီကိုလာတာလေ ဒါပေမဲ့ မင်းကအခု အတွင်းဂိုဏ်းကိုသွားတော့မယ်ဆိုတော့ ငါဒီမှာမရှိသင့်တော့ဘူး၊ အဲဒါကြောင့် ဒီမှာနေလည်း ငါ့ အတွက်အဓိပ္ပာယ်မရှိဘူး၊ ပညာရှိစံအိမ်တော်မှာလည်း ကိစ္စလေးတွေဖြစ်လာတဲ့အတွက် ငါသွားပြီးရှင်းရဦးမယ်၊ အဲဒါကြောင့် ငါအခု ပညာရှိစံအိမ်တော်ကိုသွားရမယ်၊ ပညာရှိစံအိမ်တော်က အဘိုးကြီးတွေက အင်အားပိုသန်မာ လာကြပြီ၊ အားကောင်းတဲလူတွေကို ရန်သွားမစသရွေ့တော့ ပြဿနာမရှိသေးဘူး၊ အဲတော့ ဒီတစ်ခေါက်ကို ငါ မင်းနဲ့မလိုက်နိုင်ဘူး”
ရှီမာယူယူ ခေါင်းညိမ့်လိုက်သည် “အစ်ကိုလုပ်စရာရှိတာသာ သွားလုပ်ပါ”
“ဒီအတားအဆီးကို ဘယ်လိုလုပ်ရလဲဆိုတာ မင်းကိုသင်ပေးခဲ့မယ် နောက်တစ်ခါ အတွင်းဂိုဏ်းရောက် ရင် မင်းကိုယ့် အတားအဆီးကိုယ်လုပ်ပေါ့ အဲအဘိုးကြီးတွေ သတိထားမိမှာမဟုတ်ပါဘူး”
“အတားအဆီးက အဲလောက်အားကောင်းတာလား၊ အဲဒီအဘိုးကြီးတွေကို လိမ်လို့ရပါ့မလား”
“ရတာပေါ့ ငါ ဒါကို အရင်ကတည်းက ဆက်ခံလာတဲ့နည်းကို ပညာရှိစံအိမ်တော်ကနေ သင်ထားတာ တခြားအတားအဆီးတွေက မယှဉ်နိုင်ဘူး” ဝူလင်းယူ ပြောလိုက်သည် “အရမ်းမခက်ပါဘူး ငါမင်းကိုသင်ပေးမယ် ငါ မနက်ကိုထွက်သွားတော့မှာ အဲတော့ မင်းသင်ပြီးတာနဲ့ ဖြစ်နိုင်သလောက် လေ့ကျင့်ပါ”
“သိပါပြီ”
“ဒါဆို ငါစပြီနော်”
သည်လိုနှင့် သူတို့နှစ်ယောက်သည် သင်ကြားခြင်းလုပ်ရင်းနှင့် တစ်ညတာကုန်သွားလေသည်။
နောက်နေ့မနက်တွင် ဝူလင်းယူသည် အေးစက်သောကျောင်းအုပ်ကိုသွားရှာမည်ဟု ပြောကာထွက်သွား လေသည်။ ရှီမာယူယူ အတားအဆီးကိုပြုလုပ်ပြီးသည့်အချိန်တွင် သူပြန်လာသည်။
“ဒါယူထား မင်း ကြယ်ကိုးပွင့်သမုဒ္ဒရာမှာ တစ်ခုခုဖြစ်ရင် ဒါယူပြီးငါးနက်မျိုးနွယ်ကို သွားရှာလိုက်” ဝူလင်းယူသည် ကြယ်ငါးပုံစံရှိသော အရာတစ်ခုကိုထုတ်ပြီး သူမလက်ထဲထည့်ပေးလေသည်။
“မင်းတစ်ယောက်တည်း မဟုတ်ဘူးဆိုတာ အမှတ်ရပါ၊ မင်းတစ်ခုခုဖြစ်ရင် ငါ့ပဲဖြစ်ဖြစ် အံ့ဖွယ်နတ်ဆိုး တောင်ကြားပဲဖြစ်ဖြစ် သွားရှာလို့ရတယ်၊ မဟုတ်ရင် အဲငှက်လေးတွေကိုသွားရှာပေါ့၊ ဝန်ထုတ်ဝန်ပိုးတွေကို မင်း ပခုံးပေါ် အကုန်တင်မထားနဲ့ နားလည်လား”
ရှီမာယူယူ ခေါင်းညိမ့်လေသည်။
“အတွင်းပိုင်းဒေသကိုမြန်မြန်သွား၊ မင်းအကြောင်းကို စပ်စုချင်တဲ့အဲလူက ထိုးလျှိုပေါက်ပဲနော်”
“ကျွန်တော် သင်စရာရှိတာသင်ပြီးတာနဲ့ သွားလိုက်ပါမယ်”
“ငါအခုသွားပြီ တစ်ခုခုဖြစ်တယ်ဆိုရင် ငါ့ကိုသာသတိရလိုက်၊ ငါ့ကိုဘယ်လိုရှာရမလဲဆိုတာ သိတယ် မလား”
“သိပါတယ်သွားပါတော့”
သူထွက်သွားမည်ကို သူမ တွန့်ဆုတ်ခြင်းမရှိသည်ကို ဝူလင်းယူတွေ့သောအခါ တိတ်တဆိတ် သက်ပြင်းချမိသည်။ သူသည် သူမအား ဆွဲဖက်လိုက်ပြီး ခေါင်းငုံ့ကာ သူမနှုတ်ခမ်းပေါ်သို့ အသာအယာနမ်းလိုက် သည်။ သူမ သတိပြန်ဝင်လာမှပင် လွှတ်လိုက်သည်။
“ငါမရှိသေးတဲ့အချိန်ကို တခြားယောက်ျားလေးတွေနဲ့ အနီးကပ်နေလို့မရဘူးနော်၊ အသွင်ပြောင်းထား တဲ့ ဝိဉာဉ်မိစ္ဆာတောင်မရဘူး” ဝူလင်းယူ ပြောလေသည်။
ရှီမာယူယူသည် မျက်လုံးလှန်လိုက်သည်။ သူခိုးနမ်းလိုက်သော အဖြစ်ကို သူမ ထိုအရာသာလုပ်နိုင် သည်။
သူမ ဖြစ်နေကျအတိုင်း ဒေါသမထွက်တော့သည်ကို ဝူလင်းယူမြင်သောအခါ ကျေနပ်သွားသည်။ ထို့နောက်တွင် သူလုပ်ထားသည့် ဝင်ပေါက်ကို ဝင်သွားလိုက်သည်။
***