ခွင့်လွှတ်၍မရနိုင်သော
Vol. 014 Ch. 1315
ရှေးဟောင်းတော်ဝင်မြို့သည် မားမားမတ်မတ်နှင့် ခန့်ထည်စွာ တည်ရှိနေသည်။
ဤနေရာသည် သွေးနဂါးမြို့အပြင်ဘက်ရှိ မြို့များအားလုံး၏ ဘုရင်ပင် ဖြစ်သည်။ အကြောင်းရင်းမှာ ရိုးရှင်းလှသည်။ ထိုမြို့၌ ဒေသဘုရင် အဆင့်သတ်မှတ်ချက်၌ ဝင်သည့် ပြန်လည်မွေးဖွားခြင်း အဆင့်တစ်ယောက် နေထိုင်သောကြောင့် ဖြစ်သည်။ ထိုသူမှာ အခြားသူမဟုတ်ဘဲ နဝမအစေခံပင် ဖြစ်သည်။
သို့သော်လည်း လွန်ခဲ့သော နှစ်နှစ်ခန့်က တိုက်ပွဲသည် ရှေးဟောင်းတော်ဝင်မြို့၏ နေရာကို ခြိမ်းခြောက်မှု ဖြစ်ပေါ်စေခဲ့ကာ ယင်းမြို့၏ ဂုဏ်ပုဒ်ကို ချန်ယဲ့မြို့က အချိန်မရွေး လုယူသွားနိုင်သည့် အခြေအနေတွင် ရှိနေပေသည်။
ထို့အပြင် နဝမအစေခံသည် ချန်ယဲ့မြို့တိုက်ပွဲမှ ပြန်လာသည့် အချိန်၌ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သည်။ သူသည် အချိန်အများစုအား တံခါးပိတ်ကျင့်ကြံရင်း ကုန်ဆုံးစေခဲ့ပြီး ချန်ယဲ့မြို့ကို နောက်ထပ်တစ်ခါ သွား၍ မတိုက်ခိုက်ခဲ့ပေ။
ကြည့်ရသည်မှာ နဝမအစေခံသည် ချန်ယဲ့မြို့ကို ရင်ဆိုင်နိုင်မည့် အခွင့်အရေး ရှိမရှိ မသေချာဖြစ်နေပုံရသည်။
ရှေးဟောင်းတော်ဝင်မြို့မှ လူများသည် ချန်ယဲ့မြို့၏ လှုပ်ရှားမှုများကို သေချာပေါက် စုံစမ်းထားကြသည်။ ထို့ကြောင့် သူသည် ထိုတိုက်ပွဲ ပြီးသည့်နောက်၌ ပြန်လည်မွေးဖွားခြင်း အဆင့်များက ချန်ယဲ့မြို့မှ ထွက်ခွာမသွားခဲ့ကြောင်း သိရှိထားပေသည်။ ထို့အပြင် သူတို့သည် ဓားဝင်္ကပါကို ပြန်လည် ပြင်ဆင်တည်ဆောက် ထားကြောင်းကိုလည်း သိရှိခဲ့သည်။ သူသာ သူတို့ကို တဖန်ထပ်၍ တိုက်ခိုက်ခဲ့လျှင် ဓားဝင်္ကပါများသည် တစ်ကြိမ်ထပ်ပြီး အသက်ဝင်လာလိမ့်မည် ဖြစ်သည်။ သူသာ ထိုဝင်္ကပါမှ ပြင်းထန်သည့် တိုက်ခိုက်မှုကို နောက်တစ်ခါ ထပ်၍ ရင်ဆိုင်ရလျှင် ပိုမိုများပြားသည့် ဒဏ်ရာများ ရရှိလာလိမ့်မည်ကို သူ သိရှိသည်။
သူသည် ထိုဝင်္ကပါကို ရင်ဆိုင်နိုင်စွမ်း ရှိမရှိကို သေချာမှုမရှိပေ။
ရှေးဟောင်းတော်ဝင်မြို့၏ ခမ်းနားထည်ဝါသည့် ရှေးဟောင်းခန်းမတွင် ရှင်းချိုးသည် လှေကားထိပ်၌ မတ်တတ်ရပ်နေသည်။ သူသည် နောက်ထပ် တံခါးပိတ်ကျင့်ကြံခြင်း ကာလတစ်ခုမှ ထွက်လာခြင်းဖြစ်ပြီး ရလဒ်က သိသာထင်ရှားခြင်း မရှိလှပေ။
လွန်ခဲ့သည့် နှစ်နှစ်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် သူ့ကို ပြင်းထန်စွာ သက်ရောက်မှု ရှိခဲ့ပြီး အထူးသဖြင့် သူ၏ အစ်ကို သေဆုံးသည့်အခါ၌ ဖြစ်ပေသည်။
သူသည် လုပ်နိုင်စွမ်းမရှိသည့် သူ့ကိုယ်သူ မုန်းတီးမိသော်လည်း ထိုကိစ္စနှင့် ပတ်သက်၍ သူ လုပ်နိုင်သည်မှာ အနည်းငယ်သာ ရှိပေသည်။ ထိုသည်က ရှေးဟောင်း တော်ဝင်မြို့အတွက် အကူအညီမဲ့သလို ခံစားရသည့် ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
သူတို့သည် ထိုချန်ယဲ့မြို့ကဲ့သို့ ပမွှားနေရာတစ်ခုကိုပင် ရင်ဆိုင်နိုင်စွမ်း မရှိပေ။
ထိုအခိုက်အတန့်တွင် တစ်စုံတစ်ယောက်၏ ကြောက်မက်ဖွယ် အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး လေထုထဲတွင် တောက်ပနေသည့် လေဟာနယ်အလင်းများ ပေါ်ပေါက်လာသည်။ မြင့်မားထည်ဝါသည့် ပုံရိပ်တစ်ခုသည် လေထဲတွင် ရပ်နေခဲ့၏။ ထိုသူမှာ ကိုင်ဟွမ် ဖြစ်သည်။
မဟာလမ်းစဉ်၏ ကြောက်မက်ဖွယ် စွမ်းအားများသည် သူ့ရှေ့၌ ပေါ်ပေါက်လာပြီး လေဟာနယ် အလင်းလွှာအဖြစ် ပြောင်းလဲသွားပြီး လေဟာနယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ သူက အော်လိုက်သည်။
“ဆရာ၊ ဓားတစ်လက် ရောက်လာနေတယ်”
သူ ပြောလိုက်ပြီးသည်နှင့် နောက်ထပ် ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားမိလိုက်သည်။ မီးခိုးရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် နဝမအစေခံ ထွက်ပေါ်လာသည်။ သူသည် လက်ကို ဆန့်ထုတ်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် အေးစက်မှုများ ရှိနေသည်။
ကြည့်ရသည်မှာ လွန်ခဲ့သည့် နှစ်နှစ်က ပျောက်ဆုံးသွားခဲ့သည့် လက်မောင်းက ပြန်ဖြစ်တည်လာပုံရပြီး ပုံမှန်နှင့် ကွဲပြားသွားခြင်း မရှိပေ။
ကောင်းကင်ထက်၌ ဓားအလင်းလွှာတစ်ခု ပေါ်ပေါက်လာသည်။ ကောင်းကင်ကိုပင် ဖျက်ဆီးတော့မတတ် ဓားဝင်္ကပါသည် နေရာတစ်ခုလုံးကို လွှမ်းခြုံထားသည်။ ရှေးဟောင်းတော်ဝင်မြို့မှ မရေတွက်နိုင်သော လူများသည် ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။ ကြောက်မက်ဖွယ် ဓားမုန်တိုင်းသည် ရုတ်ခြည်းပင် သူတို့ကို ရစ်ပတ်လာသည်။ သူတို့အားလုံး၏ မျက်နှာထက်တွင် ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ်လာပြီး စိုးရွံ့စွာ ကြည့်နေကြပေသည်။
ထိုဓားဝင်္ကပါကသာ သူတို့ကို ထိုးနှက်လိုက်လျှင် သူတို့အားလုံး ချက်ချင်း အသတ်ခံရလိမ့်မည်မှာ သံသယရှိဖွယ် မလိုပေ။
ထိုဓားဝင်္ကပါသည် ကောင်းကင်ကို လွှမ်းခြုံထားပြီး သန်းပေါင်းများစွာသော ဓားအရှိန်အဝါများက အထက်မှ ကျဆင်းလာသည်။ မျက်စိ ကျိန်းလောက်စရာ ဓားအလင်းများသည် ဓားဝင်္ကပါ၏ အလယ်မှ ထွက်ပေါ်နေပြီး ကောင်းကင်ကို ဖြတ်သန်းဖျက်ဆီးကာ မြေပြင်သို့ ဦးတည်နေ၏။
ဘုန်း…
ကိုင်ဟွမ်၏ ခုခံမှုက ချက်ချင်း ပြိုကွဲပျက်စီးသွားသည်။ နဝမအစေခံသည် လေထဲသို့ ခြေလှမ်းလိုက်ကာ ကိုင်ဟွမ်ကို ပြောလိုက်သည်။
“ပြန်ဆုတ်”
လေထုထဲမှ ဓားဝင်္ကပါ၏ တိုက်ခိုက်မှု စွမ်းအားများက ကိုင်ဟွမ် ရင်ဆိုင်နိုင်သည့် စွမ်းအားမျိုး မဟုတ်ပေ။
နဝမအစေခံသည် သူ့လက်ကို မြှောက်လိုက်ပြီး မဟာလမ်းစဉ်၏ ပြင်းထန်သော စွမ်းအားများက ကောင်းကင်ကို လွှမ်းမိုးသွားကာ သူတို့အနီးမှ လေထုကို ဝါးမျိုသွားသည်။ အလွန်ကြီးမားသည့် လက်ဝါးရိပ်ကြီးက ကောင်းကင်တွင် ပေါ်ပေါက်လာသည်။
နဝမအစေခံသည် သူ့လက်ကို မြှောက်လိုက်ပြီး ကောင်းကင်မှ လက်ဝါးရိပ်ကြီးသည် လေဟာနယ်တစ်ခုလုံးကို တုန်ခါသွားစေသည်။ လက်ဝါးရိပ်ကြီးသည် ထောင်ပေါင်းများစွာသော လက်ဝါးရိပ်များ ဖြစ်ပေါ်လာသကဲ့သို့ ထင်မှတ်ရသည်အထိ အမြောက်အမြား ဖြစ်တည်လာပြီး လေထဲတွင် ဆူညံသံများလည်း မြင့်တက်လာသည်။ ကောင်းကင်သည် ပြိုကွဲသွားရန် အသင့်ဖြစ်နေပုံ ရလေသည်။
ဓားများသည် လေဟာနယ်ကိုပင် ပြိုကျပျက်စီး သွားစေတော့မလို ကျဆင်းလာပြီး ကမ္ဘာပျက်သည့် မြင်ကွင်းအလား မြင်တွေ့ရပေသည်။
မရေတွက်နိုင်သည့် ဓားအရှိန်အဝါများက ကျဆင်းလာပြီး နားအူမတတ်ဆူညံသည့် အသံများကို ကြားလာရသည်။ ရှေးဟောင်းတော်ဝင်မြို့၏ မြို့စားရုံးတော်သည် အပြင်းအထန် ပျက်စီးခြင်းသို့ ဆိုက်ရောက်သွားရလေ၏။ အဆုံးမဲ့ ဓားအရှိန်အဝါများ၏ အဆက်မပြတ် ပစ်ခတ်မှုအောက်တွင် နေရာတစ်ခုလုံးသည် အုတ်ကျိုးပုံအဖြစ်သို့ အလျင်အမြန် ပြောင်းလဲသွားခဲ့လေသည်။
ခန့်ညားထည်ဝါသည့် ရှေးဟောင်းခန်းမသည် မျက်စိတစ်မှိတ် အတွင်းမှာပင် ပြားပြားဝပ် ပျက်စီးသွားခဲ့သည်။
ဘုန်း...
ဆူညံသံကြီးတစ်ခု ကြားလိုက်ရပြီး နဝမအစေခံသည် နောက်သို့ ဆုတ်ခွာလိုက်ရကာ ညည်းညူသံနှင့်အတူ မားမားမတ်မတ် ရပ်တည်နိုင်စွမ်း ပျောက်ဆုံးသွားသည်။ သို့သော် ထိုဓားဝင်္ကပါသည်လည်း တစ်ဝက်ကျော်ကျော် ဖျက်ဆီးခံခဲ့ရသည်။ ဓားစွမ်းအားများသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
ရှေးဟောင်းတော်ဝင်မြို့ရှိ လူများသည် သူတို့ရှေ့ အဝေးဆီမှ အပျက်အစီးများကို မြင်တွေ့လိုက်ရပြီး တုန်လှုပ်ကုန်ကြ၏။ သူတို့ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူတို့၏ စိတ်များ ရှုပ်ထွေးကုန်လေသည်။
ထိုသည်က လေဟာနယ် ဓားဝင်္ကပါ၏ စွမ်းအားတဲ့လား။
သူတို့၏ မြို့စားက အတိတ်ကာလတွင် ထိုသို့သော စွမ်းအားမျိုးမှ ဒဏ်ရာ ရရှိခဲ့သည်လား။
ထိုအခိုက်၌ ဖြစ်ပျက်သွားသမျှသည် အလွန် ထိတ်လန့် ကြောက်ရွံ့ဖွယ်ပင် ဖြစ်သည်။ ထိုတိုက်ခိုက်မှုမှ အင်အားသည် မြို့တစ်မြို့ကိုပင် ဖျက်ဆီးပစ်နိုင်သော်လည်း နဝမအစေခံသည် ထိုပြင်းထန် ရက်စက်သည့် စွမ်းအား ရှေ့တွင်ပင် မားမားမတ်မတ် ရပ်နေခဲ့ပေသည်။ သို့သော်လည်း မြို့စားရုံးတော်သည်တော့ အုတ်ခဲကျိုး အပျက်အစီးပုံကြီးအဖြစ် ပြောင်းလဲသွားခဲ့ရပြီ ဖြစ်၏။
ထိုဓားဝင်္ကပါသည် သူတို့ကို သတ်ဖြတ်လိုသည့်ပုံတော့ မပေါ်ချေ။
၎င်းက သတိပေးခြင်းနှင့် ပို၍ တူပေသည်။
နဝမအစေခံသည် လွန်ခဲ့သည့် နှစ်နှစ်က ချန်ယဲ့မြို့သို့ ရောက်ရှိခဲ့ပြီး မြို့စားရုံးတော်ကို ပြားပြားဝပ် ပျက်စီးစေခဲ့သည်။
ထိုနေ့၌ လေဟာနယ်ဓား ဝင်္ကပါသည် ကောင်းကင်သို့ ဖြတ်သန်း ဖျက်ဆီးကာ ၎င်း၏ ပြင်းထန်လှသည့် စွမ်းအားများကြောင့် ယခု ရှေးဟောင်းတော်ဝင်မြို့၏ မြို့စားရုံးတော်ကဲ့သို့ပင် ချန်ယဲ့မြို့စားရုံးတော်သည်လည်း ပျက်စီးခဲ့ရသည်။
ကြည့်ရသည်မှာ ထိုဓားဝင်္ကပါက အဝေးကနေ ထိန်းချုပ်လျက် သူ့ကို သတ်ဖြတ်နိုင်စွမ်း ရှိသည်ကို သတိပေးလိုက်ခြင်း ဖြစ်ပေလိမ့်မည်။
အကယ်၍ ထိုသို့ စွမ်းအားမျိုးကို ကိုင်တွယ်နိုင်သည့် လူအား မည်သူမဆို ဒေါသထွက်စေခဲ့ပါက သူတို့၏ မြို့သည် အပြီးတိုင် သုတ်သင်ဖျက်ဆီး ခံရနိုင်ပေသည်။
ဤကပင် ခြိမ်းခြောက်မှုတစ်ခု မဟုတ်ပါလား။
ချန်ယဲ့မြို့သည် သတ်ဖြတ်ရန် ခင်းကျင်းထားသည့် မဟာဝင်္ကပါကို ရှေးဟောင်းတော်ဝင်မြို့သို့ မည်သည့်အတွက် ဤသို့ ပို့လွှတ် သတိပေးခြင်း ဖြစ်ကြောင်း ပဟေဠိဖြစ်နေကြသည်။ ထို့အပြင် ရလဒ်သည်လည်း ထိထိရောက်ရောက်မရှိဟု ထင်မှတ်ရသည်။ လက်တွေ့ကျကျ ကြည့်လျှင် ထိုတိုက်ခိုက်မှုသည် အချည်းနှီး ဖြစ်သွားပုံရလေသည်။
သိသာစွာပင် ၎င်းက အကျိုးရှိသော လှုပ်ရှားမှုမျိုး မဟုတ်ပေ။
လူအများသည် ချန်ယဲ့မြို့က မည်သည့် ရည်ရွယ်ချက် ရှိသည်ကို သိလိုကြ၏။
နဝမအစေခံသည် ခေါင်းကို မော့ကာ ချန်ယဲ့မြို့ဘက်သို့ ကြည့်လိုက်သည်။ သူ၏ မျက်လုံးများထဲတွင် အေးစက်မှုများ ထင်ကျန်နေ၏။
ထိုသည်က သူ့အတွက် ပထမဆုံးအကြိမ် သူများထံမှ ခြိမ်းခြောက်ခံခဲ့ရခြင်း ဖြစ်သည်။
ကိုင်ဟွမ်၊ ရှင်းချိုးနှင့် အခြားသော သူများသည် နဝမအစေခံ၏ နောက်ကွယ်၌ ပြင်ဆင်လျက်ရှိသည်။ သူတို့ အားလုံးသည် ဖြစ်ပျက်ခဲ့သည်များမှ ကြောက်ရွံ့မှုကို ခံစားခဲ့ကြရပေသည်။ ထိုတိုက်ခိုက်မှုသည် အချိန်မရွေး ထုတ်ဖော်နိုင်စွမ်း ရှိလျှင် အမှန်တကယ်ကို ခြိမ်းခြောက်မှုကြီး ဖြစ်ပေတော့မည်။
နဝမအစေခံသည် ချန်ယဲ့မြို့ကို တိုက်ခိုက်ခဲ့လျှင် သူတို့သည် ရှေးဟောင်းတော်ဝင်မြို့သို့ ထိုကဲ့သို့ဓားဝင်္ကပါကို ပို့လွှတ်လိုက်ပြီး တန်ပြန်တိုက်ခိုက်ကာ အရာအားလုံးကို လျင်မြန်စွာ ဖျက်ဆီးပစ် လိုက်ပေလိမ့်မည်။
တစ်ခဏအကြာတွင် တစ်စုံတစ်ယောက်က ဖျတ်ခနဲ ရောက်ရှိလာခဲ့ပြီး အပျက်အစီးပုံကြီးကို ကြည့်ကာ အလွန် တုန်လှုပ်သွားလေသည်။ ထိုသူက နဝမအစေခံကို ဦးညွှတ်ကာ ပြောလိုက်သည်။
“မကြာသေးခင်က ချန်ယဲ့မြို့ မြို့စားရုံးတော်က လူတိုင်း ထွက်သွားကြပါတယ်”
“အကုန်လုံးလား”
နဝမအစေခံက သူ့မျက်လုံးကို ပင့်မလိုက်သည်။
“ဟုတ်ပါတယ်။ ရီဖူရှင်းနဲ့ ရှားရှင်းယွန်လည်း ဒေသနန်းတော်ကနေ ထွက်လာပါတယ်။ ပြီးတော့ သူတို့ ချန်ယဲ့မြို့က မြို့စားရုံးတော်ကို ပြန်ရောက်တာနဲ့ ထွက်ခွာသွားကြတာပါ။ အင်ပါယာရှားဘုံကို ပြန်သွားကြတာ ဖြစ်နိုင်ပါတယ်”
ထိုသူက အသေးစိတ်တင်ပြလိုက်သည်။
နဝမအစေခံသည် တစ်ခုခုကို သတိပြုမိသွား၏။ ထို့ကြောင့် သူတို့ ထွက်မသွားခင်မှာ သတိပေးချက် ပို့လွှတ်လိုက်သည်လား။
ရီဖူရှင်းက အတော်ပင် ရိုင်းစိုင်းမောက်မာ လှပေသည်။
***
လွန်ခဲ့သည့် နှစ်များအကြာက ဖြစ်ပျက်ခဲ့သည့် ကိစ္စများပြီးနောက် အင်ပါယာရှားဘုံနှင့် အင်ပါယာလီဘုံကြားမှ ဆက်ဆံရေးသည် ဆက်လက်၍ ဆိုးဝါးနေဆဲ ဖြစ်သည်။ ဘုံနှစ်ခုကြားတွင် ပဋိပက္ခများ မကြာခဏ ဖြစ်ပွားနေခဲ့၏။
အင်ပါယာလီဘုံသည် ပဋိပက္ခ စတင်ချိန်မှစ၍ အလွန်ရန်လိုပြီး သူတို့၏ စစ်တပ်ကို နယ်စပ်၌ တပ်စွဲထားလေသည်။ ရှားရှင်းယွန်က များပြားလှသည့် ပြန်လည်မွေးဖွားခြင်း အဆင့်များကို အင်ပါရှားဘုံမှ သွေးနဂါးဘုံသို့ ခေတ္တခေါ်ဆောင်သွားပြီး ပြန်ရောက်လာသည့် အချိန်တွင် အခြားသော အစွမ်းထက်ပုဂ္ဂိုလ် သုံးဦးကို ခေါ်ဆောင်လာကာ အင်ပါယာရှားဘုံသို့ ခစားစေခဲ့သည်။
အလှည့်အပြောင်းသည် ထိုအဖြစ်အပျက်ပြီးနောက် မြန်ဆန်စွာ ဖြစ်ပေါ်လာခဲ့သည်။ အင်ပါယာရှားဘုံ၏ ထိပ်တန်း စွမ်းအားများမှာ နန်းတွင်းအကြံပေး အိမ်တော်ကို ဆုံးရှုံးထားခဲ့ရသည့် အင်ပါယာလီဘုံထက် ပို၍ သန်မာလာခဲ့သည်။
သို့သော်လည်း တာလီပြည်ထောင်သည် အင်ပါယာရှားဘုံ လုပ်ဆောင်ရန် မလွယ်ကူသည့် ကိစ္စရပ်ဖြစ်သော ဘုံတခွင်ရှိ အင်အားစုများကို အမိန့်ပေးနိုင်စွမ်းရှိသည့် အစွမ်းထက်အင်အားစု ဖြစ်နေဆဲပင် ဖြစ်သည်။ ထို့ကြောင့်ပင် အလှည့်အပြောင်းများ ဖြစ်ပေါ်လာသော်လည်း ဘုံနှစ်ခုသည် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ချင်းမျိုးမရှိဘဲ ဟိုဟိုဒီဒီ၌ တိုက်ပွဲအသေးစား လေးများသာ ဖြစ်ပွားနေခဲ့ပေသည်။
ထိုအချိန်တွင် အင်ပါယာရှားနန်းတော်မှ ထန်စစ်တပ်၏ ဗိုလ်ချုပ်ငယ်ဖြစ်သူ၊ ဘုံ၏ အကြီးဆုံးမင်းသား ရှားရုန်သည် သူ၏ ခမည်းတော်နှင့် လာရောက်တွေ့ဆုံခဲ့သည်။
သူသည် စစ်တပ်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူက သူ၏ အဖေကို ပြောလိုက်၏။
“ခမည်းတော်၊ ကျွန်တော်တို့ရဲ့ ပြန်လည် မွေးဖွားခြင်းအဆင့် တနိခိုးရှင်တွေက နယ်စပ်ကို ရောက်နေခဲ့ပြီ။ ဘာလို့ သူတို့ လူတွေကို ဦးဆောင်ပြီး တာလီကို ချက်ချင်း တိုက်ခိုက်ဖို့ အမိန့်မပေးရတာလဲ”
အင်ပါယာရှားသည် သူ၏ အကြီးဆုံးသားတော်က စစ်တပ်ထဲ၌ ကြီးပြင်းလာရသည့်အတွက် စစ်တိုက်ခြင်း၌ ပျော်မွေ့သည်ကို သူ သိရှိပေသည်။ သူ၏ သွေးနဂါးဘုံတွင် ဖြစ်ပျက်ခဲ့သည့် လှုပ်ရှားမှုများကို ပြန်စဉ်းစားကြည့်ပါက သူ၏ အကြံအစည်ကို သတိပြုမိနိုင်ပေ သော်လည်း သူက အေးစက်လွန်းပြီး ခံစားချက် ကင်းမဲ့လှသည်။
“ထိပ်တန်းအင်အားစုတွေက လွဲရင် ကျန်တဲ့ ပျမ်းမျှအင်အားတွေ အားလုံးမှာ တာလီက အင်ပါယာရှားဘုံထက် ပိုသာတယ်။ ငါတို့က အခု ဘုံနှစ်ခု စစ်ကို စတင်မယ်ဆိုရင် ငါတို့ လူအများကြီး စစ်မြေပြင်မှာ သေဆုံးရလိမ့်မယ်။ ငါတို့ ရန်သူကို ရင်ဆိုင်နိုင်မယ်လို့ တိကျသေချာတဲ့ ယုံကြည်ချက် မရှိဘူး”
အင်ပါယာရှားက ပြောလိုက်သည်။
“ဒါက စစ်ပွဲရဲ့ သဘာဝပဲ။ တာလီပြည်ထောင်က ကျွန်တော်တို့ကို အမြဲစောင့်ကြည့်ပြီး ကျွန်တော်တို့နဲ့ တိုက်ခိုက်ချင်နေတာ။ နန်းတွင်းအကြံပေးက ဘုရင်ထန်တောက်ရဲ့ စစ်ဘက်ရေး အကြံဉာဏ်ကို သဘောမတူ ခဲ့တာကြောင့်သာ မဟုတ်ရင် သူတို့က နယ်စပ်ကို ဖြတ်ပြီး စစ်တပ်တွေပို့ပြီးတာ ကြာနေလောက်ပြီ။ အဲဒါကြောင့် ဒီလောက်အများကြီး တွေးနေစရာမလိုပါဘူး ခမည်းတော်”
ရှားရုန်က ဆက်ပြောလိုက်သည်။
စစ်ပွဲတွေက လူတွေကို ပြောင်းလဲတိုးတက်အောင် လုပ်ပေးတယ်။ အင်ပါယာရှားဘုံက လူတွေလည်း စစ်ပွဲအတွေ့အကြုံရှိမှ အသက်ရှင်နိုင်ဖို့ စွမ်းရည်က ပိုမြင့်လာလိမ့်မယ်။ အဲဒါမှ နောက်ပိုင်းမှာ ကြီးမားတဲ့ ဆူပူမှုတွေ ဖြစ်လာရင် ကျွန်တော်တို့ အင်ပါယာရှားဘုံက သူတို့နဲ့ ရင်ဆိုင်ဖို့ လုံလောက်တဲ့ အင်အား ရှိလာလိမ့်မယ်”
အင်ပါယာရှားက ရှားရုန်၏ သဘောကို နားလည်လိုက်သည်။
သို့သော်လည်း အင်ပါယာသည် တတ်နိုင်သမျှ ထိုသို့သော အခြေအနေများ ဖြစ်လာရန် မလိုလားပေ။
ထိုအခိုက်တွင် အင်ပါယာရှားသည် ခေါင်းမော့ကာ အဝေးသို့ ကြည့်လိုက်သည်။ နွေးထွေးပြီး တောက်ပသည့် အပြုံးက သူ့မျက်နှာထက်တွင် ဖြစ်တည်လာပြီး ရှားရုန်ကို အံ့အားသင့်သွားစေသည်။
“မင်း ညီမလေး ပြန်လာနေပြီ”
အင်ပါယာရှားက ပြောလိုက်သည်။
ရှားရုန်က လှည့်ကာ အဝေးသို့ ကြည့်လိုက်ပြီးနောက် ပြောသည်။
“ကျွန်တော် ရှင်းယွန်ကို သွားခေါ်ခဲ့မယ်”
ထို့နောက် သူသည် အပြင်သို့ ချက်ချင်း ထွက်သွားကာ တော်ဝင်နန်းတော်အပြင်၌ စောင့်နေခဲ့၏။
အချိန်အချို့ ကုန်သွားပြီးနောက် ကောင်းကင်တွင် တော်ဝင်နန်းတော်သို့ ဦးတည်နေသည့် လူတစ်စု ရောက်လာသည်ကို မြင်လိုက်ရသည်။
အင်ပါယာရှားသည် သွေးနဂါးဘုံနှင့် လေဟာနယ်ခရီးသွား ဝင်္ကပါကို ချိတ်ဆက်ထားပြီး ဖြစ်သည်။ သွေးနဂါးဘုံ၌ ဒေသအတွင်းရှိ မည်သည့်ဘုံအားလုံးနှင့် မဆို ချိတ်ဆက်ထားသော ဝင်္ကပါတစ်ခု ရှိလေသည်။ သို့သော်လည်း ဖြတ်သန်းခက လက်လှမ်း မမီလောက်အောင် မြင့်မားလှသည်ဖြစ်ရာ လူအများစုက အသုံးပြုနိုင်စွမ်း မရှိကြပေ။
ရီဖူရှင်းနှင့် ကျန်သည့်သူများ ပြန်လာသည့်အခါ သူတို့၏ အစွမ်းထက်လှသော စွမ်းအားများက လမ်းတစ်လျှောက် ကြွင်းကျန်ရစ်သည်။ သူတို့အားလုံးသည် အပြင်လောကတွင် နှစ်အတော်ကြာ သွားရောက် ကျင့်ကြံခဲ့ကြ၏။ ထို့ကြောင့် ယခုတွင် သူတို့က အိမ်ပြန်လာရမည့် အချိန်ပင် ဖြစ်တော့သည်။
ရီဖူရှင်းက ဒေသနန်းတော်တွင် ကျင့်ကြံနေစဉ်၌ အခြားလူများသည်လည်း ပျင်းရိမနေကြပေ။ သူတို့အားလုံးသည် သွေးနဂါးဘုံရှိ နေရာအနှံ့အပြား၌ ကျင့်ကြံခြင်းကို တိုးတက်စေရန် လုပ်ဆောင်ခဲ့ကြသည်။
ရှားရုန်သည် တော်ဝင်နန်းတော် အပြင်ဘက်၌ ရပ်နေပြီး ပို၍ပင် ထူးကဲသာလွန် အစွမ်းထက်လာသည့် ရီဖူရှင်းကို ကြည့်လိုက်သည်။ သူက မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့်သို့ ရောက်ရှိနေပြီကို ရှားရုန်တွေ့ရှိလိုက်ရ၏။
သူ့ကို ပို၍ အံ့သြစေသည်မှာ ရီဖူရှင်း၏ ဘေး၌ ရှိနေသော သူအချို့သည်လည်း တိုင်းတာ၍ မရသော အရှိန်အဝါများကို ထုတ်လွှတ်နေကြသည်။ သူတို့အားလုံးသည် သူ့ထက်ပို၍ အစွမ်းထက်ပေသည်။
ထိုအဓိပ္ပာယ်မှာ သူတို့အားလုံးသည် ပြန်လည်မွေးဖွားခြင်း အဆင့်များ ဖြစ်ကြသည်။
သူတို့သည် သွေးနဂါးဘုံမှ ရီဖူရှင်းနှင့်အတူ လိုက်ပါလာကြသော မျိုးနွယ်စုကိုးခုမှ တန်ခိုးရှင်များ ဖြစ်နိုင်သည်။
သူတို့သည် ကျူးခုန်နှင့် အခြားလူများကဲ့သို့ ဖြစ်လိမ့်မည်။
တန်ခိုးရှင်များပါဝင်နေသည့် ကြီးမားသော လူစုသည် သူတို့နောက်တွင် ရှိနေပြီး ရီဖူရှင်းက သူနှင့်အတူ စစ်တပ်ကြီးပါ ခေါ်ဆောင်လာသကဲ့သို့ ထင်မှတ်ရပေသည်။ သူတို့အားလုံးသည် မိမိကိုယ်ကိုယ်သိမြင်ခြင်း အဆင့်နှင့် အထက် တန်ခိုးရှင်များ ဖြစ်ကြ၏။
ရှားရုန်သည် သူ၏ မျက်လုံးများကို ရှားရှင်းယွန်ဘက်သို့ လှည့်လိုက်သည်။ ထို့နောက် သူ့ထံတွင် နွေးထွေးသည့် အပြုံးတို့ ဖြစ်တည်လာကာ ခေါ်လိုက်၏။
“ရှင်းယွန်”
ရှားရှင်းယွန်သည် သူ့ကို ကြည့်လိုက်သော်လည်း သူမ၏ အမူအရာက အတော်လေး အေးစက်နေသည်။ သူမသည် ယခင်က သူလုပ်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ခွင့်လွှတ်ပေးနိုင်စွမ်း မရှိသေးပေ။
ရှားရုန်သည် ရှားရှင်းယွန်၏ အမူအရာကို မြင်ပြီးနောက် မသက်မသာ ခံစားရ၏။ လွန်ခဲ့သည့် နှစ်များက ဖြစ်ခဲ့သည့်အကြောင်းများ ဖြစ်သော်လည်း သူမက အခုထိ ခွင့်မလွှတ်နိုင် သေးသည်လား။
သူမ၏ အစ်ကိုကြီးက သူမ၏ ချစ်ရသူနှင့် မည်သည့်အခါမှ မယှဉ်သာနိုင်သည်လား။
“ရီဖူရှင်း...”
ရှားရုန်သည် သူ့မျက်လုံးများကို ရီဖူရှင်းထံသို့ တဖန် ကြည့်လိုက်သည်။ ရှားရုန်သည် သူ့အား ဘေးမှ ဖြတ်သွားသော လူငယ်ကို တစ်စုံတစ်ခုပြောရန် ဟန်ပြင်လိုက်သော်လည်း ရီဖူရှင်းက သူ့ကို လျစ်လျူရှုကာ ရှေ့ကို ဆက်သွားနေခဲ့၏။
ရီဖူရှင်းသည် အမူအရာ ကင်းမဲ့နေသည်။ သူသည် ရှားရုန်ကို တစ်ချက်လေးမျှပင် မကြည့်ခဲ့ပေ။
ရှားရုန်၏ မည်သို့သော အဆင့်အတန်းတွင် ရှိသည်ဖြစ်စေ၊ မင်းသားတစ်ပါးအနေနှင့် သူ လုပ်ဆောင်ခဲ့သည့် ကိစ္စက မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ၎င်းက ရှားရုန်၏ ကိုယ်ပိုင် အတွေးအမြင် ဖြစ်သည်။
ရီဖူရှင်းသည် ယခင်က သူလုပ်ဆောင်ခဲ့သည်နှင့် ပတ်သက်၍ ခွင့်လွှတ်ပေးရန် မဖြစ်နိုင်ပေ။
သွေးနဂါးဘုံ၌ ရှားရုန်၏ ဆုံးဖြတ်ချက်သည် နန်းတွင်းအကြံပေး အိမ်တော် တစ်ခုလုံးကို ပျက်စီးစေခဲ့ပြီး သူ၏ ဆရာသည်လည်း ကျင့်ကြံဆင့်များ ဖျက်ဆီးခံရကာ အကျဉ်းကျခံခဲ့ရသည်။
နန်းတွင်းအကြံပေးသာ ဖြစ်ပျက်သမျှ အားလုံးကို သူ့အပြစ်ဟု ခံယူရန် မရွေးချယ်ခဲ့လျှင် ရီဖူရှင်းသည် ယနေ့ ဤနေရာ၌ ရပ်တည်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
ရှားရုန်သည် သူ့အပြုအမူက မည်သည့် အကျိုးဆက် ဖြစ်လာမည်ကို သေချာပေါက် သိရှိထားပေမည်။ သို့သော်လည်း သူသည် တွေဝေခြင်းမရှိ လုပ်ဆောင်ခဲ့သည်။ သူသည် တိကျပြတ်သားပြီး ရက်စက်လှကာ တာလီ၏ စွမ်းအားကို လျော့နည်းသွားစေရန် ဆုံးဖြတ်ခဲ့သည်။
သို့သော်လည်း တစ်ချိန်တည်းမှာပင် သူသည် ရီဖူရှင်း၏ သေရေးရှင်ရေးကို လျစ်လျူရှုခဲ့၏။ ရှားရုန်သည် သူ့ကို အနည်းငယ်မျှပင် စိတ်ထဲ ထည့်မထားခဲ့ပေ။
သို့ဆိုလျှင် ရီဖူရှင်းသည်လည်း ရှားရုန်အား အာရုံစိုက်နေစရာ မလိုအပ်တော့ပေ။
သူတို့ နှစ်ယောက်လုံးသည် အင်ပါယာရှားကို ခစားရသည့် တူညီသော နောက်ခံမှ လာကြသူများ ဖြစ်သည်။ ရီဖူရှင်းသည် အင်ပါယာရှားက သူ့အပေါ် လုပ်ပေးခဲ့သည်များအတွက် အလွန်ပင် လေးစား၍ ကျေးဇူးတရားကို လက်ကိုင် ထားထားသော်လည်း ရှားရုန်အပေါ် သဘောထားကတော့ မတူကွဲပြားပေသည်။
ရှားရုန်သည် အေးစက်တောင့်တင်းစွာ ရပ်နေ၏။ သူသည် ရီဖူရှင်းဘက်သို့ လှည့်မကြည့်ပေ။ သူ၏ နက်ရှိုင်းသော မျက်လုံးများထဲတွင် မည်သည့်အရာကိုမှ မမြင်တွေ့နိုင်ချေ။
ကြည့်ရသည်မှာ သူတို့ နှစ်ဦးကြားတွင် ပြန်လည် ပြေလည်လာရန် အခွင့်အရေး မရှိတော့သည် ဖြစ်နိုင်၏။
***