← Chapters

လူလည်အင်ပါယာရှား

Vol. 014 Ch. 1316

လူလည်အင်ပါယာရှား

Vol. 014 Ch. 1316

ရီဖူရှင်း၊ ရှားရှင်းယွန်နှင့် ယောင်းချီသည် အင်ပါယာရှား နန်းတော်အတွင်းသို့ အင်ပါယာနှင့် တွေ့ဆုံရန် လာရောက်ခဲ့ကြသည်။

အခြားလူများ အားလုံးသည် ခန်းမအပြင်ဘက်၌ နေရစ်ခဲ့ကြ၏။ ရီဖူရှင်းနှင့် အင်ပါယာရှားသည် အချင်းချင်း ရင်းနှီးကြသော်လည်း သူတို့က အင်ပါယာရှားနှင့် တွေ့ဆုံလိုလျှင် အင်ပါယာ၏ ခွင့်ပြုချက် လိုအပ်ပေသည်။

ဧကရီရှောင်သည်လည်း ထိုနေရာတွင် ရှိနေသည်။ သူမ၏ မျက်ဝန်းများက နူးညံ့နေ၏။ သူမ၏ သမီးတော်ကို မမြင်တွေ့ခဲ့ရသည်မှာ နှစ်အနည်းငယ် ကြာမြင့်နေပြီ ဖြစ်သည်။

“ခမည်းတော်၊ မယ်တော်”

“အရှင်မင်းကြီးနဲ့ ဧကရီကို ဂါရဝပြုပါတယ်”

ရီဖူရှင်းက ဦးညွှတ်လိုက်၏။

“မဆိုးပါဘူး။ မင်းရဲ့ ကျင့်ကြံမှုက အတော်လေး တိုးတက်လာတာပဲ။ အခုဆို မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့်တောင် ရောက်နေပြီ။ ကြည့်ရတာ ဒီနှစ်နှစ်အတွင်း ဒေသနန်းတော်မှာ ကျင့်ကြံရင်းအများကြီး ရခဲ့တဲ့ပုံပဲ”

အင်ပါယာရှားက ပြုံးရင်း ဆက်ပြောလိုက်သည်။

“ရှင်းယွန်၊ သမီးလည်း ကောင်းကောင်း ကြိုးစားဖို့ လိုတယ်”

ရှားရှင်းယွန်က ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း သူမသည် ရီဖူရှင်းနှင့် သူမကိုယ်သူမ နှိုင်းယှဉ်ရန် စိတ်မဝင်စားချေ။

ထို့နောက် အင်ပါယာရှားက ယောင်းချီကို ကြည့်ကာ ပြောလိုက်၏။

“အဲဒါ မင်းရောပဲနော် ယောင်းချီ”

“ကျွန်မက ဒီမှာ အပြင်လူပါပဲ။ အရေးမစိုက်ဘဲ ဆက်ပြောကြပါ”

ယောင်းချီက ပြုံးကာ ပြောလိုက်ပြီး လှည့်ထွက်သွားတော့၏။ သူမ ထိုကဲ့သို့ ထွက်သွားသည်မှာ မျှော်လင့်မထားသည့် ကိစ္စဖြစ်သည်။

ယောင်းချီသည်လည်း သွေးနဂါးဘုံသို့ လိုက်ပါလာပေမဲ့ ရှားရှင်းယွန်က သူမကို သူခိုးတစ်ယောက်အား စောင့်ကြည့်နေသကဲ့သို့ ကြည့်ပေသည်။ သူမသည် ယောင်းချီအပေါ်တွင် အလွန် သတိထား စောင့်ကြည့်ခဲ့ပေ၏။

သူမက ‘အပြင်လူ’ ဟု သုံးနှုန်းလိုက်ခြင်းသည် မှန်ကန်ပေသည်။ ရီဖူရှင်းသည်လည်း သူမနှင့် ခပ်တန်းတန်းသာ ဆက်ဆံသည်။ ထိုကိစ္စရပ်များကို ကြည့်ခြင်းဖြင့် သူမ ပြောနိုင်သည်မှာ အချို့အရာများက တိုက်ခိုက်ယူရန် ဆန္ဒရှိလျှင်ပင် လွယ်လွယ်ကူကူ မရရှိနိုင်ပေ။

အင်ပါယာရှားသည် သူမ ထွက်ခွာသွားသည်ကို ကြည့်ရင်း စိတ်မသက်မသာ ခံစားလိုက်ရပေသည်။ ယောင်းချီသည် တော်ဝင်မိသားစုဝင် ဖြစ်လာခဲ့သော်လည်း ကြည့်ရသည်မှာ သူမ၏ အာဃာတများကို လက်လွှတ်နိုင်ခြင်း မရှိသေးပုံရသည်။

သို့သော်လည်း ထိုအရာအားလုံးသည် သူမအပေါ်တွင်သာ မူတည်နေပြီး အင်ပါယာက ဝင်ရောက်စွက်ဖက်ရန် စိတ်ကူးမရှိပေ။

“ရှင်းယွန်၊ သွေးနဂါးဘုံမှာ ဘယ်လိုနေလဲ”

ဧကရီက ပြုံးကာ မေးလိုက်သည်။

“အရမ်းကောင်းတယ်။ သွေးနဂါးဘုံမှာ အရည်အချင်းရှိတဲ့ ပါရမီရှင် ကျင့်ကြံသူတွေ အများကြီး ရှိတယ်။ သမီးလိုမျိုး တခြား ရန်ဟောင်ဘုံတွေကနေ ကျင့်ကြံဖို့ ဒေသနန်းတော်ကို ဝင်လာတဲ့သူတွေလည်း အများကြီး ရှိတယ်”

ရှားရှင်းယွန်က အသေးစိတ် ပြောပြလိုက်သည်။  ပိုမိုကောင်းမွန်သည့် ပတ်ဝန်းကျင်တွင် ကျင့်ကြံခြင်းက သူမကို အများကြီး တိုးတက်လာစေခဲ့သည်။

“မင်းက ပြန်လည်မွေးဖွားခြင်း အဆင့်တွေကို ခေါ်ပြီး ပြန်လာတာဆိုတော့ ကောင်းမွန်တဲ့ အခြေအနေတစ်ခုကို ရရှိထားတယ်လို့ ပြောနိုင်တာပဲ”

ထို့နောက် အင်ပါယာရှားက ထပ်ပြောလိုက်သည်။

“အဲဒီတော့ ဒီတစ်ခေါက် တန်ခိုးရှင် အများကြီး ခေါ်လာတာ ဘာကိစ္စရှိလို့လဲ”

“ခမည်းတော်ရဲ့ အကူအညီ လိုလို့ပါ”

ရှားရှင်းယွန်က ဝင်ပြောလိုက်သည်။

“အရှင်မင်းကြီးရဲ့ အကူအညီကို လိုအပ်နေတာ ကျွန်တော်ပါ”

ရီဖူရှင်းက ဦးညွှတ်ကာ ဆက်ပြောလိုက်သည်။

“ကျွန်တော်က တာလီနန်းတွင်းအကြံပေး အပေါ်မှာ အကြွေးတွေ အများကြီး တင်ထားတယ်ဆိုတာ အရှင်မင်းကြီး သိမယ် ထင်ပါတယ်။ သူ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ အားလုံးက ကျွန်တော့်ကြောင့်ပါပဲ”

“ငါ မှတ်မိတာတော့ အရင်တစ်ခါ မင်းနဲ့အတူ အင်ပါယာလီမြို့ကို သွားပေးခဲ့တုန်းက ပြောဖူးတယ်။ နန်းတွင်းအကြံပေးက တာလီပြည်ထောင်က လူ ဖြစ်နေတုန်းပဲ။ မင်းက အင်ပါယာလီဘုံနဲ့ ရင်ဆိုင်ဖို့ တကယ် ရည်ရွယ်ချက် ရှိနေရင်တောင် အင်ပါယာလီက မင်းကို သတ်မယ်ဆို ဘယ်လိုလုပ်မလဲ”

အင်ပါယာရှားက မေးလိုက်သည်။ အင်ပါယာလီသည် အင်ပါယာရှားဘုံမှ တစ်စုံတစ်ယောက်ကို မသတ်နိုင်သော်လည်း တာလီ၏ သစ္စာဖောက်အား သတ်ဖြတ်ခြင်းကိုတော့ မည်သူကမှ တားဆီးနိုင်မည့် အရာ မဟုတ်ပေ။

အကယ်၍ နန်းတွင်းအကြံပေးကို ကယ်တင်ရန် သူတို့က လူလွှတ်လိုက်ပါက ထိုအဖြစ်သည် နန်းတွင်းအကြံပေးကို သစ္စာဖောက်အဖြစ်သို့ အမှန်တကယ် ရောက်ရှိစေရန် တွန်းပို့လိုက်သလို ဖြစ်ပေလိမ့်မည်။

“အရင်တစ်ခေါက် လှုပ်ရှားခဲ့တုန်းက နန်းတွင်းအကြံပေးကို ထိခိုက်မှာစိုးတဲ့အတွက် ဘုံနှစ်ခုကြားက စစ်ပွဲအခြေအနေကို နာမည်တပ်ခဲ့ရတယ်။ ဒီတစ်ခေါက် စစ်ဆင်ရေးမှာတော့ ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်က နန်းတွင်းအကြံပေး လွတ်မြောက်စေဖို့ပဲ”

ရီဖူရှင်းက ပြောလိုက်သည်။ အင်ပါယာရှား၏ မျက်လုံးများက လှုပ်ခတ်သွားပြီး ရီဖူရှင်းက မည်သို့ကို ပြုလုပ်ရန် ကြိုးစားနေသနည်းဟု တွေးလိုက်၏။

သူတို့သည် တာလီ၏ နန်းတွင်းအကြံပေးကို ကယ်တင်လိုသည့်အတွက် ဆင်ခြေရှာရန် လိုအပ်ပေသည်။

သူတို့သည် ထိုအကြောင်းပြချက်ကို အသုံးပြု၍ စစ်တပ်စေလွှတ်ရန် ရည်ရွယ်ချက်မရှိပေ။ သို့သော်လည်း အကြောင်းပြချက်သည်က အလုပ်ဖြစ်ရမည် ဖြစ်သည်။

ရီဖူရှင်းက အင်ပါယာလီကို ဖိအားပေး၍ နန်းတွင်းအကြံပေးအား လက်လွှဲပေးလာစေရန် ရည်ရွယ်နေသည်။ ထိုသို့ ပြုလုပ်ခြင်းအားဖြင့် သူတို့သည် အင်ပါယာလီ၏ အမျက်ဒေါသကို ရှောင်ရှားနိုင်လိမ့်မည်။

“စစ်တပ်တွေ စေလွှတ်မယ်ဆိုပေမဲ့ တာလီက ဘယ်လိုအရေးကြီး ပုဂ္ဂိုလ်ကိုမှ မသတ်ဖြတ်ဖို့ တားဆီးပြီးတော့ အဓိကရည်ရွယ်ချက် နန်းတွင်းအကြံပေးကို ကယ်တင်ဖို့ပဲ။ မင်းရဲ့ ဘက်ကနေ ကြည့်မယ်ဆိုရင် အဲဒါအကုန်လုံးက အကြောင်းပြချက်အတွင်း ရှိနေမယ်ဆိုတာ သံသယရှိစရာမလိုဘူး။ မင်းက နန်းတွင်းအကြံပေးကို ပြန်ဆပ်ရမယ့် အကြွေးရှိနေတယ်လေ။ ဒါပေမဲ့ တခြားလူတွေကျတော့ ငါ စိုးရိမ်တာက ... သူတို့ ကူညီဖို့ ဆန္ဒမရှိမှာကိုပဲ”

အင်ပါယာရှားက ပြောလိုက်သည်။

“အဖေသာ အမိန့်ပေးလိုက်မယ်ဆိုရင် သမီးတို့အတွက် အရေးသာမှာ အသေအချာပါပဲ။ ဆုံးရှုံးမှုက အနည်းအကျဉ်းပဲ ဖြစ်နိုင်ပြီး လွှမ်းမိုးထားနိုင်တဲ့ ဘက်က သမီးတို့ ဖြစ်ပါလိမ့်မယ်”

ရှားရှင်းယွန်က ပြောလိုက်သည်။ သူတို့သည် ယခင်က ပြန်လာသည့် အချိန်၌ မျိုးနွယ်စုကိုးခုမှ ပြန်လည် မွေးဖွားခြင်းအဆင့် သုံးယောက်ကို ခေါ်ဆောင်လာခဲ့သည့်အပြင် ဝူယုံး၊ ဆန်းထျန်ကျန့်နှင့် အခြားသော ပြန်လည်မွေးဖွားခြင်း အဆင့်များလည်း ရှိသေးပေသည်။ ထို့အပြင် ရာရာလည်း ရှိနေသေး၏။

ရန်ယွင်သည်တော့ တိုက်ပွဲ၌ ပါဝင်နိုင်စွမ်း မရှိပေ။

ကြယ်ခူးဆွတ်သူ ရှန့်ထိုသည်လည်း ရီဖူရှင်းက သူ့ကို အမိန့်ပေးနိုင်စွမ်း မရှိသည့်အတွက် သူတို့နှင့်အတူ ပါမလာခဲ့ပေ။ ကြယ်ခူးဆွတ်သူ ရှန့်ထိုသည် သူ့ကို ယခင်က အကူအညီ ပေးဖူးသူသာ ဖြစ်၏။ သူ့အဖြစ်က မျိုးနွယ်စုကိုးခုနှင့် ကွဲပြားခြားနားပေသည်။

သို့ဆိုလျှင်ပင် အင်ပါယာဘုံသည် အခြား ပြန်လည် မွေးဖွားခြင်းအဆင့် လေးယောက်အပြင် ရာရာပါ ရှိနေသည့်အတွက် တိုက်ပွဲအင်အားစု၌ အရေးသာနေခဲ့ပြီး ဖြစ်သည်။ ထို့အပြင် မျိုးနွယ်စုကိုးခုမှ သံသယ ကင်းစင်ခြင်းအဆင့် ရှန့်ထိုများစွာလည်း ရှိသေးသည့်အတွက် ထိုအချက်များက သေချာပေါက် သူတို့ အရေးသာစေရန် ထောက်ကူနေပေသည်။

“ဗိုလ်ချုပ်တွေကို တိုက်ရိုက် အမိန့်ပေးရတာက လွယ်ပါတယ်။ တခြားအင်အားစုက ခေါင်းဆောင်တွေကတော့ နန်းတော်ကို လာဖို့ ဖိတ်လိုက်မယ်။ မင်း သူတို့ အကူအညီ လိုတယ်ဆိုရင် ကိုယ်တိုင် စကားပြောကြည့်ဖို့ လိုတယ်”

အင်ပါယာရှားက ပြောလိုက်၏။

သူ့စကားကို ကြားလိုက်ပြီးနောက်တွင်ပင် တည်ငြိမ်ပုံပေါ်နေသည့် ရီဖူရှင်းကို ကြည့်လိုက်သည်။ ထို့နောက် ရီဖူရှင်းက ဦးညွှတ်ကာ ပြောလိုက်၏။

“ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး”

နန်းတွင်းအကြံပေးကို ကယ်တင်ရန်မှာ သူ၏ ပုဂ္ဂိုလ်ရေးကိစ္စ ဖြစ်သည်။ အင်ပါယာရှားသည် ထိုအကျော်အမော် ပုဂ္ဂိုလ်များကို အကြိမ်ပေါင်းများစွာ လှုပ်ရှားစေခဲ့ပြီး ဖြစ်သည်။ သူတို့သည် သွေးနဂါးဘုံသို့လည်း နှစ်ကြိမ်တိုင်တိုင် သွားရောက်ခဲ့ကြရသည်။

သို့သော်လည်း အင်ပါယာအနေနှင့် သူတို့ကို ထိုသို့ လုပ်ဆောင်ရန် အကြိမ်ကြိမ် အမိန့်ပေးနေရသည်မှာ အင်ပါယာအတွက်လည်း ကောင်းသည့်အရာတော့ မဟုတ်ပေ။

ရှားရှင်းယွန်က သူမ အဖေက မည်သည့်သဘောဖြင့် ထိုသို့လုပ်ဆောင်ရန် ရည်ရွယ်သည်ကို မသိသော်လည်း သူမ၏ အမေက ပြုံးကာ အင်ပါယာအား ကြည့်နေသည်ကို မြင်တွေ့လိုက်ရသည်။

အင်ပါယာရှားသည် ယခင်က ထိုလူများကို တော်ဝင်နန်းတော်သို့ ဖိတ်ကြားဖူးခဲ့ပြီး သူတို့၏ မျိုးဆက်လူငယ်များကို ရီဖူရှင်းနှင့်အတူ လိုက်ပါ၍ သွေးနဂါးဘုံတွင် ကျင်ကြံခွင့်ပြုရန် စိတ်ဝင်စားသလားဟု မေးမြန်းခဲ့ဖူးသည်။ အင်အားစုတိုင်းက ထိုသို့ ခွင့်ပြုပေးခဲ့သည်။ အင်ပါယာရှားက သူတို့၏ အကူအညီကို ကိုယ်တိုင် တောင်းခံခြင်းအားဖြင့် ထိုအင်အားစုများနှင့် တွေ့ဆုံနိုင်မည့် အခွင့်အရေးကို ပေးလိုခဲ့ခြင်း ဖြစ်သည်။

အကယ်၍ ရီဖူရှင်းသာ အင်ပါယာ၏ သားတော်ဖြစ်ခဲ့ပါက ထီးနန်းဆက်ခံရန် အသင့်တော်ဆုံး ရွေးချယ်မှု ဖြစ်လာပေလိမ့်မည်။

ရီဖူရှင်း၏ ပါရမီနှင့် ဂုဏ်သတင်းသည် အင်ပါယာရှားဘုံ၌ သတိမပြုမိသူ မရှိပေ။ သူသည် ထိုကျော်ကြားသည့် အင်အားစုများ အားလုံးကြား၌ ဂုဏ်သတင်းမွှေးပြီး လူအများသည် သူ့အပေါ်၌ မြင့်မြင့်မှန်းထား ကြပေသည်။ သူသည် သွေးနဂါးဘုံ၌လည်း သူ၏ ကျော်ကြားမှုကို ဖန်တီးနိုင်ခဲ့သည်။

အင်ပါယာရှားက ရီဖူရှင်းကို ရှားရှင်းယွန်နှင့် လက်ထပ်ခွင့်ပြုရန် တွေးနေပြီး ထိုလူငယ်ကို အင်ပါယာ၏ သားမက်ဖြစ်လာစေရန် ကြိုးစားနေသည် များလားဟု ဧကရီက သိချင်မိလေသည်။

တော်ဝင်နန်းတော်ရှိ လူတိုင်းသည် သူမ၏ သမီးတော်က မည်သို့သော ခံစားချက်များ ရှိနေသည်အား သိကြပေသည်။ သူမသည် လက်မထပ်သော်လည်း ထိုလူငယ်၏ ဘေး၌ အမြဲလိုက်ပါနေလေသည်။

သူမက မင်းသမီးဖြစ်၍ ရီဖူရှင်းက သူမ၏ သက်တော်စောင့် ဆိုသည်မှာ နာမည်ခံသာ ဖြစ်သည်။ သို့သော် ဧကရီ အမြဲ ကြားရသည်များမှာ ရီဖူရှင်းကသာ ဦးဆောင်သူ ဖြစ်သည်ဟူ၍ ဖြစ်၏။

ဧကရီရှောင်က ပြုံးကာ ပြောလိုက်သည်။

“သွားနားလိုက်ပါ။ ငါ ရှင်းယွန်နဲ့ စကားခဏ ပြောလိုက်ဦးမယ်”

“ဟုတ်ကဲ့ပါ၊ အရှင်မ”

ရီဖူရှင်းက ခေါင်းညိတ်ကာ ထွက်ခွာသွားပြီး ခန်းမ၌ ရှားရှင်းယွန်ကိုသာ ချန်ရစ်ခဲ့သည်။

အင်ပါယာနှင့် ရှားရှင်းယွန် နှစ်ယောက်လုံးက သူမကို ကြည့်လိုက်ကြသည်။ ထို့နောက် ဧကရီက စကားပြောလိုက်၏။

“ဒီကို လာထိုင်ပါဦး”

ရှားရှင်းယွန်သည် သူမ၏ အမေဘေးသို့ သွားခဲ့သည်။ မိသားစု သုံးယောက်သည် အခြားမည်သူမှ မရှိသည့် အချိန်၌ ပို၍ သက်သောင့်သက်သာ ပြုမူကြ၏။

ဧကရီရှောင်သည် အင်ပါယာ၏ ပထမဇနီး မဟုတ်ပေ။ သူက ငယ်စဉ်က လက်ထပ်ထားသည့် ဇနီးမယားရှိနှင့်ပြီး ဖြစ်ကာ သူမသည် အရှုပ်အထွေးများကြား၌ သေဆုံးခဲ့သည်။ ထိုစဉ်က အင်ပါယာရှားသည် ရှန့်ထိုအဆင့်၌သာ ရှိနေသေး၏။ သူ ရန်ဟောင်တစ်ပါး ဖြစ်လာပြီးနောက် ဧကရီရှောင်နှင့် ချစ်ကျွမ်းဝင်ခဲ့သော်လည်း သူတို့ လက်မထပ်ခင်၌ အချိန်အတော်လေး ကြာမြင့်ခဲ့သေးသည်။ သူက ဧကရီရှောင်နှင့် ချစ်ကျွမ်းဝင်ခဲ့သည်မှာ အမှန် ဖြစ်သော်လည်း သူမသည် အစစ်အမှန် ဧကရီဖြစ်မလာဘဲ တော်ဝင် ကိုယ်လုပ်တော်သာ ဖြစ်လေသည်။

သို့သော်လည်း သူမသည် ထိုကိစ္စကို စိတ်ထဲမထားပေ။ အင်ပါယာက သူ၏ ယခင်ဇနီးမယားအား သတိတရ တန်ဖိုးထားသည်က သဘာဝပင် ဖြစ်၍ အဆင်ပြေလေသည်။ ထို့အပြင် စကားအရသာ တော်ဝင်ကိုယ်လုပ်တော် ဖြစ်သော်လည်း သူမ၏ လုပ်ပိုင်ခွင့်က ဧကရီတစ်ပါးနှင့် ခြားနားခြင်းမရှိပေ။

“အဲဒီတော့ လွန်ခဲ့တဲ့ နှစ်တွေမှာ အခြေအနေ ဘယ်လိုရှိလဲ”

ဧကရီရှောင်က ပြုံးကာ မေးလိုက်သည်။

ရှားရှင်းယွန်က ကြက်သေသေ သွားလေသည်။ သူမသည် သူမ၏ အမေဖြစ်သူကို ကြည့်လိုက်ပြီး ဘာကို ဆိုလိုသလဲ သတိပြုမိလိုက်သည်။

သူမ၏ ခေါင်းကို ချက်ချင်း ငုံ့လိုက်ပြီး တိုးညင်းစွာ ပြောလိုက်၏။

“ဘာကို ပြောချင်တာလဲ”

“သမီးတို့ နှစ်ယောက်က သွားသွားလာလာ အချိန်တိုင်း အမြဲအတူတူပဲ မဟုတ်ဘူးလား။ အခုမှ ဒီမှာလာပြီး တုံးအချင်ယောင် ဆောင်နေတာလား”

အင်ပါယာရှားက ပြုံးလိုက်သည်။

“ရှင်းယွန်၊ သမီး ဘာလို့ ယောက်ျားလေးလို ဝတ်စားနေသေးတာလဲ။ အဲဒါ ရယ်စရာဖြစ်နေတယ်”

“အဖေတို့ ထင်သလို မဟုတ်ပါဘူး”

ရှားရှင်းယွန်က သူမ၏ ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်သည်။ သူမ၏ မျက်နှာထက်တွင် မည်သည့် အမူအရာမှ ရှိနေပုံမရပေ။

အင်ပါယာရှားသည် သူ၏ သမီးလေး ကသိကအောက် ဖြစ်နေသည်ကို ကြည့်ပြီး မဲ့ပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

“နေစမ်းပါဦး၊ အဲဒီအကောင်က ဘာမှကို မလုပ်ခဲ့သေးဘူးလား။ ချီးပဲ … သေစမ်း”

အင်ပါယာရှားက ကျိန်ဆဲလိုက်သည်။

“ရှင်းယွန် မင်းတို့ နှစ်ယောက် လက်ထပ်ဖို့ အမိန့်ပေးလိုက် စေချင်သလား”

“အဖေ ဘာကို ပြောချင်နေလဲဆိုတာကို မသိတော့ဘူး”

ရှားရှင်းယွန်က ပြောလိုက်သည်။

“ပြီးတော့လည်း ရီဖူရှင်းက လက်ထပ်ပြီးပြီ။ သူက သူ့မိန်းမကို ရှာဖို့ပဲ အလုပ်ရှုပ်နေတာ”

“သူ့ မိန်းမက အသက်ရှင်နေဖို့ ဖြစ်နိုင်ချေ ရှိပေမဲ့လည်း အခွင့်အရေးက အတော်နည်းတယ်။ ကောင်းပြီလေ။ အနည်းဆုံးတော့ သူက သစ္စာရှိတာပဲ။ အဲဒါကို သိရတာပဲ စိတ်သက်သာရာ ရပါတယ်”

အင်ပါယာရှားက ပြုံးကာ သူ့သမီးကို ကြည့်လိုက်သည်။

“နေပါဦး၊ အဖေတို့ ဘာကို ဆိုလိုချင်နေလဲ သမီးက မသိဘူးလို့ ပြောလိုက်တာလား”

“တကယ်ကြီးလား”

သူမက တွေးလိုက်သည်။ ရှားရှင်းယွန်သည် သူမ၏ အဖေကို ကြည့်လိုက်ပြီးနောက် ထရပ်လိုက်၏။

“အရင်ပြန်နှင့်တော့မယ်”

“ကောင်းပါပြီ ... ကောင်းပါပြီ။ ဒါဆို သွေးနဂါးဘုံမှာ ဘာတွေ ဖြစ်ခဲ့လဲဆိုတဲ့ အကြောင်းကိုပဲ ပြောကြတာပေါ့”

အင်ပါယာရှားသည် ရှားရှင်းယွန်ကို ပြန်ဆွဲချကာ သူမ၏ နေရာ၌ ပြန်ထိုင်စေလိုက်သည်။ ရှားရှင်းယွန်သည် အလွန် ဒေါသထွက်နေပြီ ဖြစ်သည်။

“မင်းတို့ နှစ်ယောက်က လွန်ခဲ့တဲ့နှစ်တွေတုန်းက သွေးနဂါးဘုံမှာ အကောင်းအဆိုး အတူတူ ဖြတ်ကျော်ခဲ့ကြတာ။ အဲဒါတောင်မှ ဒီကလေးက သမီးအပေါ်မှာ ခံစားချက်လေး နည်းနည်းတောင် မရှိဘူးလို့ ပြောနေတာလား။ သူက အခုချိန်မှာ ဟွာဂျီယူအပေါ် အစွဲအလမ်းကြီးနေပေမဲ့ သူ နောက်ဆုံး သူမအပေါ် လက်လွှတ်လိုက်တဲ့အခါ သမီး သူ့နှလုံးသားထဲ ဝင်ခွင့်ရနိုင်မှာပါ”

အင်ပါယာရှားက ပြောလိုက်သည်။

“ခဏနေပါဦး ... အဲဒီအကြောင်း မပြောတော့ဘူးလို့ ခုနက ပြောလိုက်သလားလို့”

အင်ပါယာရှား၏ ယခုဘက်အခြမ်းကို မြင်လျှင် အပြင်လူများ မည်သို့ စဉ်းစားကြမည်ကို ခန့်မှန်းနိုင်ပေသည်။

ရှန့်ထိုနှင့် ရန်ဟောင်များက သေမျိုးမဟုတ်တော့ဟု ဆိုကြသော်လည်း သူတို့သည် လူသားများသာ ဖြစ်ကြသည် မဟုတ်ပါလား။ အင်ပါယာရှားသည်လည်း အဖေတစ်ယောက် ဖြစ်နေသေးသည်။ ထို့အပြင် အဖေများသည် သူတို့၏ သမီးအပေါ် ဆက်ဆံပုံသည် သားများနှင့် ကွာခြားလှပေသည်။

***

ရပ်အနည်းငယ် ကြာပြီးနောက် များပြားလှသည့် အကျော်ဇေယျ ပုဂ္ဂိုလ်များမှာ တော်ဝင်နန်းတော်သို့ ရောက်ရှိလာသည်။ အားလုံးသော အကျော်အမော် တန်ခိုးရှင်များ ရောက်ရှိလာကြပြီ ဖြစ်၏။

အကြောင်းပြချက်ကတော့ ထိုစားသောက်ပွဲ ကျင်းပရခြင်းမှာ မင်းသမီး ရှားရှင်းယွန်နှင့် ယောင်းချီ အိမ်သို့ ပြန်လာသည်ကို ကြိုဆိုခြင်းဟူ၍ ဖြစ်လေသည်။ သို့သော်လည်း ထိုပုဂ္ဂိုလ်များမှာ မည်သည့်အတွက် စားသောက်ပွဲ ကျင်းပရသည်ကို အနည်းနှင့်အများတော့ သိရှိကြပေသည်။

သူတို့၏ လူငယ်မျိုးဆက် မိသားစုဝင်များက သတင်းတချို့ ပြောပြထားခဲ့ပြီး ဖြစ်သည်။ ရီဖူရှင်းက ချန်ယဲ့မြို့မှ များပြားလှသည့် တန်ခိုးရှင်များကို ခေါ်ဆောင်လာခြင်းမှာ မည်သည့်အတွက် ဖြစ်သနည်း။

သူက အင်ပါယာရှားဘုံ၏ ထီးနန်းကို လုယူရန် ကြိုးစားမည်ဟု ဆိုလျှင် ၎င်းက ဟာသပင် ဖြစ်၏။

ဖြစ်နိုင်သည့် အကြောင်းရင်းမှာ တာလီ တစ်ခုတည်းသာ ရှိပေသည်။

လီဟန်ဓားသမား၊ ရွှမ်ယွင်နန်းတော်သခင်၊ ကျိထန်နန်းတော် သခင်နှင့် များပြားလှသော ထိပ်သီးပုဂ္ဂိုလ်များ တက်ရောက်ကြပေသည်။ သူတို့အားလုံးသည် ရီဖူရှင်းကို ကြည့်လိုက်ကြ၏။

ရီဖူရှင်းသည် အထူးအခွင့်အရေး အဖြစ် အင်ပါယာရှား၏ နေရာအောက် ရှားရှင်းယွန် ဘေး၌ နေရာချထားပေးခြင်း ခံရလေသည်။ ထိုသည်က လူအများ၏ စိတ်ဝင်စားမှုကို ဖမ်းစားသွားခဲ့သည်။

အင်ပါယာရှားသည် အမြင့်ဆုံး နေရာ၌ ထိုင်နေပြီး အရေးကြီးဆုံး ထိုင်ခုံနေရာ၌ ဖြစ်သည်။ သူသည် လူအုပ်ကြီးကို ဝေ့ဝဲကြည့်ရင်း ပြုံးကာ ပြောလိုက်၏။

“မင်းတို့အားလုံး ချန်ယဲ့မြို့မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ကို သိထားကြမှာ သေချာပါတယ်။ ရှင်းယွန်နဲ့ ရီဖူရှင်းက မြို့ကို သိမ်းယူခဲ့ပြီး သွေးနဂါးဘုံမှာ အခြေစိုက်စခန်း တည်ထောင်ခဲ့တယ်။ အခု ချန်ယဲ့မြို့က သွေးနဂါးဘုံရဲ့ အားအကောင်းဆုံး မြို့တွေထဲက တစ်မြို့ ဖြစ်လာခဲ့ပြီ။ ရှင်းယွန်၊ ရီဖူရှင်းနဲ့ ယူချင်းတို့ကလည်း သွေးနဂါးဘုံရဲ့ ကျင့်ကြံခြင်း မြင့်မြတ်နယ်မြေဖြစ်တဲ့ ဒေသနန်းတော်မှာ ဝင်ရောက် ကျင့်ကြံနေကြတယ်။ ဒါက တကယ့်ကို အောင်ပွဲခံသင့်တာပေါ့”

ကျိထန်နန်းတော် သခင်က အပြုံးနှင့်အတူ သူ၏ ခွက်ကို မြှောက်လိုက်သည်။

“ရီဖူရှင်းက မဟာဗိုက်ချုပ်တစ်ပါး ဖြစ်လာဖို့ အတော်လေးကြာမယ်လို့ ကျုပ်တို့ ထင်ခဲ့ကြတာ။ ဒီလောက်မြန်မြန် ဖြစ်လာမယ်လို့ မမျှော်လင့်မိခဲ့ဘူး။ ဂုဏ်ပြုဖို့အတွက် တကယ့်ကို အကြောင်းရင်း ခိုင်လုံပါတယ် အရှင်မင်းကြီး”

“တကယ့်ကို ဂုဏ်ပြုစရာပါပဲ”

အင်ပါယာရှားက ခေါင်းညိတ်လိုက်သည်။

တန်ခိုးရှင်များ အားလုံးသည် သူတို့၏ ခွက်ကို မြှောက်ကာ အင်ပါယာကို ဂုဏ်ပြုလိုက်ကြ၏။ ဘုရင်မင်းမြတ်နှင့် အတူသောက်ခွင့်ရရန်မှာ အလွန်ရခဲသည့် အခွင့်အရေး ဖြစ်ပြီး ထိုအရာအားလုံးမှာ ရီဖူရှင်းကို ကျေးဇူးတင်သင့်လေသည်။

သူတို့သည် အင်ပါယာကို ဗိုလ်ချုပ် ရှာတွေ့သည့်အတွက် ဂုဏ်ပြုနေကြသော်လည်း အမှန်တွင်တော့ ဘုရင်မင်းမြတ်က ဗိုလ်ချုပ်ဟု ပြောသော်လည်း သားမက်အဖြစ် ဆက်ဆံနေကြောင်း သူတို့ အားလုံး သိကြပေသည်။

ရီဖူရှင်းက သွေးနဂါးဘုံ၌ လွှမ်းမိုးနိုင်ခဲ့သည့် အခြေအနေကို သူတို့ အားလုံး ကြားသိခဲ့ကြပြီး ဖြစ်သည်။ သူတို့ အားလုံးက ပြန်လည်မွေးဖွားခြင်း အဆင့်များ ဖြစ်ကြသော်လည်း ရီဖူရှင်းအား အထင်ကြီး လေးစားမိကြလေသည်။

ရီဖူရှင်းသည် အမှန်တကယ်ပင် လူတစ်သန်းမှာ တစ်ယောက် ပေါ်ထွန်းနိုင်သည့် ပါရမီရှင် ပီသလှပေသည်။ သူသည် အင်ပါယာရှားဘုံ၌တွင်ပင် ပြိုင်ဘက်ကင်းခြင်း မဟုတ်တော့ဘဲ ကြည့်ရသည်မှာ သွေးနဂါးဘုံ၌လည်း သူ၏ အောင်မြင်မှုများနှင့် ယှဉ်နိုင်သူ မည်သူမှ မရှိဟု ထင်ရပေသည်။

အနည်းဆုံးတော့ ရွယ်တူ လူငယ်များထဲ၌ ယှဉ်ပြိုင်နိုင်သူ မည်သူမှ မရှိချေ။

***

All Chapters