ပိုးဟပ်တွေ ... ။
Vol. 9 Ch. 98
ဤတစ်ကြိမ်တွင် အဖိုးကြီးလီက မထိန်းနိုင်တော့ဘဲ၊
“ မင်းက မာနကြီးတယ် ... ဒါဆို ဒီနေ့ကိစ္စတွေကို မင်းဘယ်လို ဖြေရှင်းမလဲ ဆိုတာ ... ငါကြည့်မယ်။ ”
-ဟု ပြောကြားလာ၏။ စုရီက ပြုံးသည်။
“ အဘိုးကြီး၊ မင်းက ငါ့ကို ထပ်ခါထပ်ခါရန်စနေတယ် ... မင်းလျှာကို ငါ မဖြတ်ရဲဘူးလို့ တကယ်ထင်နေတာလား။ ”
“ မင်း … ။ ”
အဖိုးကြီးလီက တုန့်ပြန်တော့မည့် အချိန်တွင်၊
“ လျှာဖြတ်ချင်တာလား ... စိတ်ဝင်စားစရာပဲ။ ”
-ဟု ရေရွတ်လျက် ခရမ်းရောင်ဝတ်စုံနှင့် ငှက်မွေးခေါင်းစွပ် ဆင်မြန်းထားသော လူငယ် တစ်ဦး လှမ်းဝင်လာတော့သည်။
၎င်းက အခန်းအတွင်း မြင်ကွင်းကို တစ်ချက်ကြည့်လိုက်ပြီး တစ်စုံတစ်ရာ နားလည် သွားသလို ပြုံး၏။
“ သခင်လေးစုကို စော်ကားဝံ့တဲ့ မျက်မမြင်တွေ ဒီမှာ တကယ်ရှိနေတာပဲ။ ”
သူ့စကားက စွေ့ယွင်နှင့် အဖိုးကြီးလီကို မျက်နှာပျက်ယွင်းသွားစေသည်။ ဤလူငယ်၏ အသွင်အပြင်ကို ကြည့်ရုံဖြင့် အထက်တန်းစား တစ်ဦးဖြစ်မှန်း ပြောနိုင်၏။
ထို့အပြင် ခရမ်းရောင်ဝတ် လူငယ်သည် ကိုးထပ်ရှိ ကန္တာရနန်းတော်အတွင်း၌ ယနေ့ည ဧည့်ခံပွဲတစ်ခု ပြုလုပ်နေသူ ဖြစ်သည်။
“ ဆရာစု၊ ငါတို့ ပြန်တွေ့ကြပြန်ပြီ။ ”
လူငယ်က လူတိုင်းကို လျစ်လျူရှုလျက် စုရီကို နှုတ်ဆက်လိုက်သည်။ ဆဋ္ဌမ မင်းသား ကျိုးကျစ်လီဖြစ်၏။
“ မင်းက ဘယ်လိုလုပ် ဒီရောက်လာတာလဲ။ ”
“ ငါတို့တွေ ကန္တာရနန်းတော်မှာ ပွဲလုပ်နေတာ ... ဒီဘက်မှာ အသံကြားတာနဲ့ လာကြည့်ဖို့ မနေနိုင်တော့ဘူး ... တကယ်ပဲ ဒါက သခင်လေးစု ဖြစ်နေတယ်။ ”
ကျိုးကျစ်လီက စုရီကို အကြောင်းပြချက်ပေးကာ စွေယွင်ထံ လှည့်ကြည့်ပြီး၊
“ မင်းက သူဌေးလား။ ”
-ဟုမေးမြန်းလိုက်သည်။
“ ဟုတ်ကဲ့ ... ။ ”
“ ဒါဆို သူ့လျှာကို အရင်ဖြတ်ပါ ... ပြီးရင်ငါတို့စကားပြောမယ်။ ”
ဤသည်မှာ တောင်းဆိုမှု မဟုတ်ချေ။ အမိန့်ဖြစ်၏။ ၎င်းထံမှ အုပ်စိုးရှင်တစ်ပါး၏ ရောင်ဝါကို မှုန်ဝါးဝါးမြင်နေရသည်။
“ ဟား ဟား ဟား ... စုရီကို ကယ်တင်ချင်နေတာလား။ ”
အဖိုးကြီးလီက လှောင်ပြောင်လိုက်၏။
“ မဟုတ်ဘူး ... သခင်လေးစုလို လူတစ်ယောက်က ဒီလိုအသေးအဖွဲအတွက် ငါ့အကူအညီကို ဘယ်လိုလုပ် လိုမှာလဲ။ ”
စွေယွင်မှ မျက်နှာ ပြောင်းလဲသွားပြီး၊
“ သခင်ငယ် ... စိတ်အေးအေးထားပါ၊ ငါတို့ပြောစရာရှိရင် ... ။ ”
“ သူ့လျှာကို အရင်ဖြတ်ပါ။ ”
ကျိုးကျစ်လီက စွေ့ယွင်ကို စကားအပြောမခံဘဲ လှည့်ကာ အမိန့်ပေးလိုက် တော့သည်။
“ ဟမ့် ... မောက်မာလိုက်တာ။ ”
“ ကျွီ ... ။ ”
အဖိုးကြီးလီမှ လှုပ်ရှားရန်ပြင်စဉ် လူအချို့ဝင်ရောက်လာသဖြင့် ကိုယ်ရှိန်သပ် လိုက်ရသည်။
ဤသည်မှာ ချီသန့်စင်ခြင်း နှောင်းပိုင်း ကျွမ်းကျင်သူများဖြစ်သည့် ကျိုးကျစ်လီ၏ ကိုယ်ရံတော်များ ပေပင်။
၎င်းတို့အနောက်တွင် ပိန်ပိန်ပါးပါးနှင့် မျက်နှာရှုံ့တွနေသော အဘိုးအိုတစ်ဦး လိုက်ပါ လာသည်။ ၎င်းသူ့ရောင်ဝါသည် သမုဒ္ဒရာကဲ့သို့ နက်ရှိုင်းချေ၏။
သူ ဝင်လာသည်နှင့်တပြိုင်နက် လေးလံသောဖိအားတစ်ခု ချက်ချင်း ခံစားလိုက် ရသည်။ လူတိုင်း အသက်ရှူ ကြပ်ကုန်၏။
“ မဟာ သခင် ... ။ ”
ထိုအဖိုးအိုကို မြင်ချိန်တွင် စွေ့ယွင်တစ်ယောက် ဆိုးရွားသော ကြိုတင် သတိပေးချက်တစ်ခု ဝင်ရောက်လာသည်။
အဖိုးကြီးလီ မျက်နှာပေါ်ရှိ အမူအရာမှာ ရုတ်တရက်ပြောင်းသွားပြီး ဒေါသများရုတ်ချည်း ပျောက်ကွယ်ကုန်၏။
ထိုအချိန်တွင် ချန်ကျင်းလုံနှင့် အခြားသူများပင် တစ်ခုခု မှားယွင်းနေကြောင်း သဘောပေါက်လာတော့သည်။
ခရမ်းရောင်ဝတ် လူငယ်သည် အလွန်မွန်မြတ်ပြီး ထူးကဲကြောင်း သံသယ ဖြစ်စရာ မရှိချေ။ သို့တိုင် စုရီကို လေးစား နေခဲ့၏။
ဟွမ်ချမ့်ကျွယ်က ပိန်ပိန်ပါးပါးနှင့် အဘိုးအိုကိုမြင်သောအခါ သူ့မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားပြီး၊
“ အစ်ကိုစု၊ ဒါက သင်္ဘောဆိပ်မှာ တွေ့တဲ့ တံငါသည်အဖိုးကြီး မဟုတ်လား ... တကယ်ပဲ မဟာသခင်ကိုး။ ”
-ဟု အော်ဟစ်လိုက်တော့သည်။
ထိုစဉ်က စုရီတစ်ယောက် ပေါ့ပေါ့ပါးပါး လက်ညှိုးထိုးပြခဲ့သဖြင့် ယုံကြည်ခြင်း သိပ်မရှိ ခဲ့ချေ။
“ သခင်လေးစု .... ။ ”
ကျန်းသော်နှင့် အဖွဲ့က စုရီကို နှုတ်ဆက် လာသည်။ မဟာသခင် အဖိုးအိုသည်လည်း လှမ်းတက်လာပြီး၊
“ ငါက မုကျန်းတန်ပါ ... တွေ့ရတာ ဝမ်းသာပါတယ်။ ”
-ဟု နှုတ်ဆက်လာ၏။
ဤမြင်ကွင်းများသည် လူတိုင်း၏ အသိစိတ်များကို ဗလာကျင်းသွားစေသည်။ စွေ့ယွင်က မျက်နှာပျက်ယွင်းလျက်၊
“ စီရင်စုသခင်မု ဒီကိုရောက်နေတာ မသိခဲ့လို့ လူကိုယ်တိုင် မနှုတ်ဆက်နိုင်ခဲ့တာ တောင်းပန်ပါတယ်။ ”
-ဟု ချက်ချင်း တောင်းပန်လေသည်။
သူမ၏ ခြေဖျားလက်ဖျားများ အေးစက်နေခဲ့ပြီး မျက်နှာတစ်ပြင်လုံး သွေးမရှိ တော့ချေ။
မုကျန်းတန်သည် ဒုတိယအဆင့် မဟာသခင်ဖြစ်သည်။ မဟာကျိုး၌ ထိုအဆင့်မှာ အထက်တန်းစားမည်၏။
“ မင်းစကား ထပ်မပြောခင် ... သူ့လျှာကို အရင်ဖြတ်သင့်ပြီလို့ မထင်ဘူးလား။ ”
မုကျန်းတန်မှ အကြုံပြုလိုက်သည်။ စွေ့ယွင်ခမျာ တုန်လှုပ်လျက် ထိုင်ခုံပေါ်တွင် သက်တောင့်သက်သာ ထိုင်နေသော စုရီထံ ခိုးကြည့်လိုက်မိ၏။
အဆုံးတွင် အသက်ပြင်းပြင်းရှူကာ၊
“ အဖိုးကြီးလီ ... ငါတို့ ဒီကိုလာတုန်းက သတိပေးခဲ့တာ မှတ်မိလား ... မင်းကိုယ်တိုင် ဘာလို့ မလုပ်ရတာလဲ။ ”
“ ငါ ... ။ ”
အဆုံးတွင် အံကြိတ်လျက် လျှာကို ကိုက်ဖြတ်လိုက်ရသည်။ နှုတ်ခမ်းမှ သွေးများ စီးကျလာပြီး နာကျင်မှုကြောင့် မျက်နှာရှုံ့တွ သွားတော့၏။
ထို့နောက် တုန်ရီနေသောလက်ဖြင့် ကိုက်ဖြတ်ထားသော လျှာကို ထုတ်ယူပြသ လိုက်သည်။
ဤမြင်ကွင်းသည် ချန်ကျင်းလုံကို အလွန်ထိတ်လန့်သွားစေ၏။ အဖိုးကြီးလီသည် စွေ့ယွင်၏ အယုံကြည်ရဆုံး လက်အောက် ငယ်သားဖြစ်ပြီး ချီသန့်စင်ခြင်း ကျွမ်းကျင်သူဖြစ်သည်။
အဆင့်အတန်းအရ တိမ်မြစ်စီရင်စု မြို့တော်အတွင်းရှိ ပထမတန်းစား မျိုးနွယ်စု ခေါင်းဆောင်များနှင့် တူညီ၏။
“ သခင်စု ... ငါတို့ ဒါကိုဘယ်လို ကိုင်တွယ်သင့်လဲ။ ”
ကျိုးကျစ်လီက ပြုံးပြီး မေးသည်။ စုရီမှ ပျင်းရိစွာဖြင့် သူ့လက်ကို ဝှေ့ယမ်းပြလိုက်သည်။ ထိုအမူအရာကြောင့် ကျိုးကျစ်လီက ခေါင်းညိတ်ပြကာ၊
“ စံအိမ်သခင် ... သူ့ဒဏ်ရာကို ကုသဖို့ ထွက်သွားပါစေ မင်းကတော့ ဒီမှာနေခဲ့ပြီး ငါနဲ့ ကိစ္စအချို့ ဆွေးနွေးရအောင်။ ”
“ နားလည်ပါပြီ သခင်လေး။ ”
သို့မှသာ စွေ့ယွင်တစ်ယောက် သက်ပြင်းချနိုင်ပြီး အဖိုးကြီးလီကို ထွက်သွားရန် အချက်ပြလိုက်ရသည်။
တစ်ဖက်တွင် စိတ်ဝင်စားစရာ မရှိတော့သဖြင့် စုရီက မတ်တပ် ထရပ်ကာ၊
“ ဒီနေ့ကိစ္စကို မင်းပဲ ဖြေရှင်းလိုက်ပါ ... ။ ”
-ဟုဆိုလျက် ထွက်ခွာရန် ပြင်၏။
မုကျန်းတန်တစ်ယောက် မျက်လုံးများ မှေးစင်းသွားလေသည်။ ဆဋ္ဌမမင်းသားအပေါ် အမိန့်ပေးဝံ့သည်လော။ သို့သော် ကျိုးကျစ်လီမှ လိုလိုလားလား ခေါင်းညိတ်နေသဖြင့် စကားမဆိုမိတော့ချေ။
စုရီက ဘီးတပ်ကုလားထိုင်ကို တွန်းလျက်အခန်းတံခါးဝ ရောက်သောအခါ သတိရသွားပြီး၊
“ မိန်းကလေးစွေ့ယွင်ကို အပြစ်မတင်နဲ့ သူက ထက်မြက်တဲ့ မိန်းကလေးတစ်ယောက်ပဲ။ ”
-ဟု မှာကြားလိုက်သည်။
ထို့နောက်တွင် တောင်မြစ်နန်းတော်၌ ထိတ်လန့်ဖွယ် တိတ်ဆိတ်မှုတစ်ခုသာ ကြီးစိုး ကျန်ရစ်ခဲ့တော့၏။
ကျိုးကျစ်လီက ထိုင်ခုံတစ်လုံးတွင် ဝင်ထိုင်လိုက်ကာ စိတ်ပျက်လက်ပျက် ဖြစ်သွား လေသည်။
“ ဒီမှာ ဘာဖြစ်သွားတာလဲ ... ရှင်းရှင်းနဲ့လိုရင်ကိုပြောပါ ... အဓိပ္ပါယ်မရှိတာကို ငါ မကြိုက်ဘူး။ ”
“ ဟုတ်ကဲ့ပါ သခင်ငယ် ... ။ ”
စွေ့ယွင်က ဖြစ်စဉ်ကို ပြောပြလိုက်၏။ သူ့စကားနားထောင်ပြီးနောက် ကျိုးကျစ်လီမှ သက်ပြင်းချကာ၊
“ ရှောင်မိသားစုရဲ့ ... ဘယ်လိုများ ထက်မြက်တဲ့အဖိုးကြီးက သခင်လေးစုကို မြင်နိုင်ခဲ့တာလဲ။ ”
-ဟုညည်းတွားတော့သည်။
“ ရှောင်တျန်းချွယ်လို့ ပြောပါတယ်။ ”
“ ဒါဆို ... အကြီးအကဲရှောင်ပေါ့ ... အကြီးအကဲရှောင်လို ဉာဏ်ပညာကြီးမားတဲ့ လူတစ်ယောက်သာ ... ဒီလိုထက်မြက်တဲ့ မျက်လုံးမျိုးရှိနိုင်မှာ သေချာတယ်။ ”
ဘေးမှနားထောင်နေသော မုကျန်းတန်သည်လည်း အံ့သြသွားတော့၏။ ဤပုဂ္ဂိုလ်သည် တစ်ချိန်က လန်လင် သူရဲကောင်း တစ်ယောက် ဖြစ်သည်။
“ ကောင်းပြီ ... ငါမင်းကို ခွင့်လွှတ် ပေးလိုက်မယ် ... ဒါပေမယ့် ဒီနေ့ကိစ္စကိုတော့ ငါတို့ကောင်းကောင်း ဖြေရှင်းဖို့လိုတယ် ... အနည်းဆုံးတော့ စုရီက ဒီမှာမရှိခဲ့ဘူး ... မင်းဘယ်လိုထင်လဲ။ ”
စွေ့ယွင်က လျင်မြန်စွာ ခေါင်းညိတ်လျက်၊
“ မှန်ပါတယ် ... သခင်လေးစုရီ ဒီညတောင်မြစ်နန်းတော်ကို မလာခဲ့ပါဘူး။ ”
-ဟု ချက်ချင်း ပြောကြားလိုက်ရသည်။
“ ဟုတ်ပြီ ... စီရင်စုသခင်မု ဒီကိစ္စမှာ ငါပါဝင်ဖို့မသင့်ဘူး မင်းရော ဘယ်လိုထင်လဲ။ ”
ကျိုးကျစ်လီက မုကျန်းတန်ကို လှည့်မေးသည်။ အဖိုးကြီးမုက ပြုံးရယ်လျက်၊
“ ဒါက ကိစ္စသေးသေးလေးပါ ... တိမ်မြစ်စီရင်စုသခင်က သူ့ကလေးတွေကို ဘယ်လို ပြုမူနေထိုင်ရမလဲ သင်ပေးဖို့ ...
... မေ့နေပုံရတယ် ... သူ့ကိုယ်စား သင်ခန်းစာတစ်ခု ... ငါသင်ပေးလိုက်တယ် မကျေနပ်ရင် ငါ့ဆီလာပါစေ။ ”
-ဟု တုန့်ပြန်ပြောကြားလာ၏။ ကျိုးကျစ်လီက ခေါင်းညိတ်လိုက်သည်။
“ စံအိမ်သခင် မင်းမြင်တယ် ... ကြားတယ်မဟုတ်လား ... ဒီည မုကျန်းတန်က လူနှစ်ယောက်ကို သတ်ခဲ့တယ်။ ”
စီရင်စုသခင်မုပင် အမိန့်ကို နာခံနေသည်ဖြစ်ရာ စွေ့ယွင်တစ်ယောက် ငြင်းဝံ့စရာ အကြောင်းမရှိချေ။ အကြိမ်ကြိမ် ခေါင်းညိတ်ပြလိုက်မိ၏။
“ တိမ်မြစ်မြို့တော်မှာ ပိုးဟပ်တွေ အရမ်းများတယ် ဒါက မြို့တော်အတွက် စိတ်မကောင်းစရာပါပဲ။ ”
ကျိုးကျစ်လီက ချန်ကျင်းလုံနှင့် အဖွဲ့ထံ လှည့်ကြည်ကာ ညည်းတွားလိုက်သည်။
“ သခင်လေး ... စိတ်မပူပါနဲ့ ... သူတို့အားလုံးကို ဒီအဖိုးကြီး သတ်လိုက်ပါ့မယ် ဒီညအကြောင်းကို သိတဲ့သူ နည်းလေလေ ပိုကောင်းလေပါပဲ။ ”
ကျန်းသော်က အကြံပြုလိုက်သည်။ ချန်ကျင်းလုံခမျာ ဒူးများတဆတ်ဆတ်တုန်လာ တော့၏။ မည်သို့သော ပုဂ္ဂိုလ်ကို သူအပြစ် ပြုမိမှန်း နားမလည်နိုင်တော့ချေ။
“ ဒါက အဆင်မပြေဘူး ... သူတို့က မဟာကျိုးပြည်သူတွေပဲ သေထိုက်တဲ့အပြစ်မျိုး ကျူးလွန်တာမဟုတ်သေးဘူး။ ”
“ ဒါဆို သူတို့ရဲ့ နောက်ခံတွေကို မှတ်တမ်းယူပြီး ပြန်လွှတ်လိုက်မယ် သတင်းသာ ပေါက်ကြားခဲ့ရင် သူတို့ရဲ့ မျိုးနွယ်စုတွေကို ရှင်းပစ်ပါ့မယ်။ ”
“ ကောင်းပြီ လက်ရှိကနေ ... မျိုးရိုး ခုနစ်ဆက်တိုင်အောင် မှတ်တမ်းယူပါ အစေခံပါ မကျန်စေနဲ့။ ”
“ ဟုတ်ကဲ့ ... ။ ”
ထို့နောက် ကျိုးကျစ်လီက မုကျန်းတန်နှင့်အတူ ပြန်လည် ထွက်ခွာသွား တော့သည်။
ဤသည်မှာ ပိုးဟပ်များသာဖြစ်၏။ ထင်သလောက် ကြီးမားသော ပြဿနာမျိုး မဟုတ်ချေ။ ပျင်းစရာပေပင်။
***