ကြီးမားသော ပြစ်မှု။
Vol. 9 Ch. 100
ကြီးမားသော ခြံဝင်းတစ်ခုအတွင်း ကျောက်ဆောင်အတုနှင့် မဏ္ဍပ်ကြီးအနားတွင် တံတားငယ်ကို ဖြတ်လျက် စီးဆင်းနေခဲ့သော စမ်းရေသံများ တသွင်သွင်ကြားနေရ၏။
ထိုတံတားပေါ်တွင် ကျားနက်ခေါင်းဆောင် လုချွမ်က နှိမ့်ချလွန်းသော အသွင်အပြင်မျိုးဖြင့် အဖိုးကြီးတစ်ယောက် ရှေ့တွင်ရပ်နေသည်။
၎င်းအဖိုးကြီးအမည်မှာ ဝူတန်ဟွာဖြစ်ပြီး တိမ်မြစ်စီရင်စု အမှောင်လောက၏ အကြီးအကဲ ဖြစ်ချေ၏။
အနောက်တောင်ဘက်ရှိ ဂိုဏ်းများ အားလုံးမှ သူ့ကိုအကြီးအကဲအဖြစ် အရိုအသေ ပေးရသည်။ သာမန်မျိုးနွယ်စုများ အပေါ်ပင် ဩဇာသက်ရောက်၏။
“ ဘယ်သူလဲ ဆိုတာ မင်းသိပြီလား။ ”
ဝူတန်ဟွာက စက္ကူပန်းများကို ကတ်ကြေးဖြင့် ဖြတ်တောက်ပုံဖော်နေလျက်မှ မေးသည်။
“ တိမ်မြစ်ဓားစံအိမ်ရဲ့ စွန့်ပစ်ခံတပည့် ဖန်ရှောင်ဖုန်းရဲ့ သူငယ်ချင်းလို့ သံသယဖြစ်မိ ပါတယ်။ ”
လုချွမ်မှ ပြန်ဖြေ၏။
“ ဟမ့် ... ကောင်လေးတစ်ယောက်လား။ ”
ဝူတန်ဟွာက အံ့အားသင့်သွားပြီး နှာခေါင်းကို ပွတ်သပ်လိုက်လေသည်။ လုချွမ်မှ အံကြိတ်လျက် ကျောက်စိမ်းသေတ္တာတစ်လုံး ထုတ်ယူလိုက်၏။
“ အကြီးအကဲ ... ဒါက ဒုတိယတန်း ဝိညာဉ်ရေးဆေးပါ ... ကျားနက်ဂိုဏ်းအတွက် လက်စားချေနိုင်ရင် တစ်နေ့ကို ဆေးလုံး သုံးလုံးတိတိ ပို့ပေးပါ့မယ်။ ”
ကျင့်ကြံသူများအတွက် ဤအဆင့် ဒုတိယတန်း ဝိညာဉ်ရေးဆေး၏ တန်ဖိုးသည် အလွန်အဖိုးတန်နေပြီဖြစ်၏။
ယင်းသည် နှစ်များတစ်လျှောက် ကျားနက်ဂိုဏ်းမှ စုဆောင်းထားသော စည်းစိမ် ဥစ္စာအားလုံးကို ထုတ်ယူခဲ့သော်မှ ဒုတိယတန်း ဝိညာဉ်ဆေး အနည်းငယ်သာ ရရှိနိုင်၏။
ဝူတန်ဟွာက အနည်းငယ် မျက်မှောင်ကြုတ်ကာ၊
“ ကောင်းပြီ ... မင်းငါ့ကို နှစ်ပေါင်းများစွာ အစေခံလာခဲ့တယ် ... ဒီလိုဖြစ်သွားတာငါလည်း ထိုင်ကြည့်နေလို့မရဘူး။ ”
-ဟု ဆိုလျက် ခေါက်ယပ်တောင်တစ်ခု ထုတ်ယူကာ သူ့နာမည်ကို ရေးထိုးပေးလိုက်၏။
“ ဒါကိုယူသွား ... ငါဝူတန်ဟွာက အသက်ကြီးနေပြီ ... ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ အခွင့်အရေး ရှိတယ်လို့ ပြောလိုက်။ ”
လုချွမ်မှ အဆင်မပြေသော အသွင်ဖြင့် ယပ်တောင်ကို လက်ခံယူလိုက်သည်။ ရန်သူကို သတ်ရန် လိုလားသော်လည်း ဤမြေခွေးကြီးမှာ အမြတ်ထုတ်ရန် ကြိုးစားနေ၏။
“ သူ့အတွက် ကောင်းတဲ့အရာကို သိရင် ငါ့အိမ်ကိုလာပြီး တောင်းပန်တဲ့အခါ ... မင်းရဲ့ ဆုံးရှုံးမှုအတွက် ညှိနှိုင်းပေးမယ်။ ”
ဝူတန်ဟွာက ပြောကြားလိုက်တော့သည်။
***
စိတ်ဝိညာဉ်အေးချမ်းခြင်းစံအိမ်။
လမ်းမထက်၌ မြင်းခွာသံများ ပဲ့တင်ထပ်လာပြီး လူတစ်ခု ခြံဝသို့ရောက် ရှိလာ၏။
ဤသည်မှာ ဟွမ်လောရှီနှင့် ချောင်ဝူဟောင်တို့ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ရက်က စုရီသတင်းကို စုံစမ်းကာ ယနေ့ ရောက်ရှိလာခြင်းဖြစ်၏။
“ ဒေါက် ဒေါက် ဒေါက် ... ။ ”
ယွမ်လောရှီက ခန္ဓာကိုယ် သပ်ရပ်အောင် ပြန်လည်ပြင်ဆင်လျက် ခြံတံခါးကို ခေါက်လိုက် တော့၏။ များမကြာခင် ခြံတံခါးပွင့်လာပြီး နုပျိုလှပသော မျက်နှာအသွင် ပေါ်လွင်သည်။
“ အစ်မ ... ဘယ်သူ့ကို ရှာနေတာလဲ။ ”
ရှောင်ရန်မှ စိတ်ရှုပ်ထွေးစွာ မေးလိုက်၏။
“ ရှောင်ရန် ... သူတို့က အစ်ကိုစုရဲ့ သူငယ်ချင်းတွေပဲ ... ဝင်ခွင့်ပြုလိုက်ပါ။ ”
ရုတ်တရက် စံအိမ်အတွင်းမှ ဟွမ်ချမ့်ကျွယ်အသံ ထွက်ပေါ်လာခဲ့သည်။ ရှောင်ရန်မှ ခေါင်းညိတ်လျက်၊
“ ဒါဆို နှစ်ယောက်ပဲ ဝင်ခဲ့။ ”
-ဟု ဆိုလျက် တံခါးပြန်ပိတ် လိုက်တော့၏။
နွမ်းဖတ်နေသော်လည်း သွက်လက်ပြီး ချောမောလှပသော ရှောင်ရန်အသွင်ကြောင့် ယွမ်လောရှီက သဘောကျသွားသည်။
“ အစ်မကြီး၊ မင်းငါ့ကို ဘာလို့ ဒီလောက် ကြည့်နေတာလဲ။ ”
ရှောင်ရန်ခမျာ စိတ်မသက်မသာ ဖြစ်လာတော့၏။
“ မင်းက ချစ်စရာကောင်းတယ်။ ”
ယွမ်လောရှီက ပြုံးပြီး လျှောက်လှမ်း သွားကာ သူမလက်ကောက်ဝတ်မှ အစိမ်းရောင် ကျောက်စိမ်းလက်ကောက်တစ်ကွင်းကို ချွတ်ပေးလိုက်သည်။
“ ငါ့ကို အစ်မလို့ ခေါ်တဲ့အတွက် ... မင်းကိုနှမျောမနေတော့ဘူး ဒီကျောက်စိမ်း လက်ကောက်က လက်ဆောင်ပဲ။ ”
ယွမ်လောရှီက ရှောင်ရန်ကို ငြင်းဆန်ခွင့်မပြုဘဲ လက်ထဲ အတင်းထိုးထည့် လိုက်လေသည်။
“ ဒါက အရမ်းလှတယ် တော်တော် တန်ဖိုးရှိမှာပဲ။ ”
ရှောင်ရန်က မှတ်ချက်ပေးလိုက်၏။ ချောင်ဝူဟောင်မှ ထိုမြင်ကွင်းကို ပြုံးလျက် ကြည့်နေလိုက်သည်။
၎င်းတန်ဖိုးသည် ရွှေစ တစ်ထောင် တန်ချေပြီ။ မိန်းကလေးယွမ် ပျော်ရွှင်နေသ၍ အဆင်ပြေ၏။
အဋ္ဌဂံပုံသဏ္ဌာန်ရှိသော မဏ္ဍပ်ငယ် တစ်ခုအောက်တွင် ကျောမှီကုလားထိုင်ပေါ်၌ စုရီက မျက်စိမှိတ်ကာ အိပ်ပျော်နေသည်။
သူ့ဘေးရှိ စားပွဲပေါ်တွင် လက်ဖက်ရည်၊ သစ်သီးဝလံများ၊ အဆာပြေမုန့်နှင့် အခြားသော ပစ္စည်းအချို့ ရှိနေ၏။
“ ဒီအချိန်မှာ ... အစ်ကိုစုက သူ့စိတ်ဝိညာဉ်ကို သန့်စင်နေကြပဲ ... အားလုံး ခဏစောင့်ပါ ... မကြာတော့ပါဘူး နာရီဝက်နေရင် နိုးလာလိမ့်မယ်။ ”
ဟွမ်ချမ့်ကျွယ်က ပြုံးလျက် ရှင်းပြ၏။ ယွမ်လောရှီနှင် ချောင်ဝူဟောင်က အချင်းချင်း ပြန်ကြည့်ကာ နှုတ်ဆိတ်သွားသည်။
အိပ်ခြင်းဖြင့် ကျင့်ကြံခြင်း မည်နိုင်သည်လော။ ဤသည်မှာ မည်သို့သော နည်းစနစ်မည်သနည်း။
အိပ်ပျော်နေသူသည် ဆရာစုသာ မဟုတ်သော် ယုံနိုင်စရာ နည်းလမ်းမရှိချေ။ ထိုစဉ် စုရီက မျက်လုံးများဖွင့်ကာ၊
“ မိန်းကလေးယွမ် ... မင်းဒီတစ်ခါတော့ ခြံဝင်းတံခါးကနေ ဝင်လာတာ မဟုတ်လား။ ”
-ဟု မေးမြန်းလိုက်သည်။
“ ဟမ့် ... ။ ”
ယွမ်လောရှီက ရှက်ရွံ့သွားသည်။ ဦးလေးဟောင်မှ ပြုံးလျက် ရှေ့လှမ်းတက်ပြီး သေတ္တာတစ်လုံး ပေးအပ်လိုက်၏။
“ ဆရာစု ... ဒါက ငါ့ယွမ်မိသားစုရဲ့ မိုင်းတွင်းကနေ ရလာတဲ့သတ္တု၊ အစိမ်းရောင် ရေခဲသံပါ ... သတ္တုကောင်းတစ်မျိုး ဖြစ်ပြီး ဓားသွန်းလုပ်ဖို့ သင့်လျော်ပါတယ်။ ”
စုသည် သင်္ဘောပေါ်တွင် ရှားပါးသော ဝိညာဉ်ရေးသတ္တုများကို ရရှိနိုင်မည့်ဆိုင်များ မေးမြန်းခဲ့ဖူးသဖြင့် မှတ်သားထားခဲ့ကာ လက်ဆောင်ပေးခြင်း ဖြစ်သည်။
“ ဒါ ... ဒါက အပြာရောင်စစ်လှံကို သွန်းလုပ်နိုင်တဲ့ အဓိကပါဝင်သတ္တု အမျိုးအစား မဟုတ်လား။၊ ”
ဟွမ်ချမ့်ကျွယ်မှ မျက်လုံးပြူးသွား၏။ စစ်ပွဲလှံပြာသည် မဟာကျိုး၌ အလွန်ထက်ရှပြီး သတ်ဖြတ်နိုင်စွမ်း အပြည့်ရှိသည့် ဝိညာဉ် လက်နက်ပေပင်။
အလွန်ကျော်ကြားသော အနီရောင် ချပ်ဝတ်စစ်တပ်၌ပင် အရေအတွက်(၁၀)လက် မျှသာ ပိုင်ဆိုင်ထား၏။
၎င်းကို သန့်စင်ရန် အသုံးပြုသော အဓိကပါဝင်စ္စည်းဖြစ်သည့် ဤရေခဲသံစိမ်းမှာ အလွန်ရှားပါးသောကြောင့် ပေပင်။
“ သခင်လေးဟောင်က အမြင်ထက်ရှ လွန်းပါတယ် ငါ့တို့ မိန်းကလေးယွမ်က ဆရာစု ဘယ်လောက်လိုမယ်ဆိုတာ မသိတော့ ဆယ်ကီလိုဂရမ်ပဲ ယူလာခဲ့မိတယ်။ ”
“ ဆယ်ကီလို ... ။ ”
( ဘာလဲ ... ရေခဲသံစိမ်း ဆယ်ကီလိုဂရမ်ကို ဒီအတိုင်းပေးနေတာလား မင်းတို့ယွမ်မိသားစုက မချမ်းသာဘူး မပြောနဲ့။ )
ဟွမ်ချမ့်ကျွယ်မှ စိတ်အတွင်း ညည်းတွားလျက် အာမေဋိတ်သံ ပြုလိုက်မိ၏။ ယွမ်မိသားစုချမ်းသာမှန်း သိထားသော်လည်း ဤမျှအထိ မထင်မိချေ။
စုရီက ခေါင်းညိတ်လိုက်သည်။ ဤချောင်ဝူဟောင်သည် ပွင့်လင်းရိုးသားပြီး စေ့စေ့စပ်စပ်ရှိသူဖြစ်၏။
“ ဆရာစု ... နောက်လရဲ့ တတိယမြောက်နေ့မှာ ... မင်းကို အိမ်လည် ခေါ်ချင်ပါတယ်။ ”
ယွမ်လောရှီက ပြုံးလျက် အကြောင်းအရာကို တိုက်ရိုက်ပြောလိုက်သည်။
“ ဘာအတွက်လဲ။ ”
“ ငါ့အဖေရဲ့ အသက်လေးဆယ်ပြည့် မွေးနေ့ပါ။ ”
ယွမ်လောရှီသည် သူ့အဖေအတွက် မွေးနေ့လက်ဆောင်ပေးရန် တစ္ဆေမိခင်တောင် ထံသို့ လာခဲ့မှန်း စုရီသတိရလာ၏။
“ ဆရာစု ... မိသားစုခေါင်းဆောင် မွေးနေ့ပွဲမှာ ကျွမ်းကျင်သူတွေ အများကြီး တတ်ရောက်ပြီး တာအိုဆွေးနွေးပွဲသဖွယ် ကျင်းပမှာပါ။ ”
ချောင်ဝူဟောင်မှ ဝင်ရောက်ရှင်းပြ လိုက်သည်။
“ အချိန်ရရင် လာခဲ့မယ်။ ”
စုရီက စိတ်ဝင်စားခြင်း မရှိချေ။ ဤအဆင့်ဆွေးနွေးပွဲသည် မထိုက်တန်ဟု မြင်၏။
“ ဟမ့် ... လူကြီးလူကောင်းယောင် ဆောင်နေတဲ့ မြေခွေးငယ် ... ။ ”
ရုတ်တရက် အေးစက်သော နှာခေါင်းရှုံ့သံနှင့်အတူ လူငယ်တစ်ယောက် ခြံစည်းရိုးပေါ်မှ ခုန်ဝင်လာတော့သည်။
အနီရောင် စစ်ဝတ်စုံဖြင့် အလွန်အရပ်ရှည်သော လူငယ်တစ်ဦးဖြစ်၏။ အသွင်အပြင်အရ ယွမ်လောရှီနှင့် များစွာ တူညီသည်။
“ အစ်ကို ... ။ ”
ဤသည်မှာ ယွမ်လောရှီ ဒုတိယအစ်ကို ယွမ်လောယွီ ဖြစ်သည်။ သင်္ဘောကျင်း၌ စုရီမှ တစ်ကြိမ်မြင်ဖူး၏။
အနီရောင်စစ်တပ်တွင် ကျော်ကြားသော စစ်သည်တော်တစ်ဦးပေပင်။ အခင်းအကျင်းအရ ယွမ်လောရှီတို့နောက်မှ ပုန်းကွယ်လိုက်ပါ လာသည်ကို ပြောနိုင်သည်။
“ ဆရာစုက ... ရှီကို အများကြီး ကူညီပေးခဲ့တယ် ဒီကိုလာလည်တာ ဘာဖြစ်လဲ ဒုတိယအစ်ကို ပြန်ထွက်သွားပါ။ ”
ယွမ်လောရှီက သူမအစ်ကိုကို ကြောက်ရွံ့ခြင်းမရှိဘဲ ပြန်လည်မောင်းထုတ် တော့၏။ ယွမ်လောယွီအသွင်မှာ ချက်ချင်း အေးခဲသွားပြီး၊
“ စိတ်ဝင်စားစရာပဲ ... သူ့ရဲ့ ချစ်သမီးလေးက ရေခဲသံစိမ်း ဆယ်ကီလိုဂရမ် ယူသွားပြီး လူပြက်တစ်ယောက်ကို ပေးနေတာ ငါတို့အဖေသိရင် ဘာဆက်လုပ်မလဲ။ ”
-ဟု ညည်းတွားလိုက်သည်။ ထို့နောက် ချောင်ဝူဟောင်ထံ လှည့်ကြည့်ကာ၊
“ အကြီးအကဲဟောင် ... ငါတို့ရဲ့ ရှီက ငယ်ရွယ်ပြီး ကမ္ဘာကြီးအကြောင်း နားမလည် သေးဘူးဆိုတာ မင်းသိသင့်တယ် ... ။ ”
-ဟု အပြစ်တင်တော့၏။
ချောင်ဝူဟောင်က ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်သည်။ ဒုတိယ သခင်ငယ်မှ နားလည်မှု လွဲနေချေပြီ။
ထို့ကြောင့် မည်သို့ရှင်းပြရမည်ကို စဉ်းစားနေခဲ့စဉ် ယွမ်လောယွီ အကြည့်များက စုရီထံ ရောက်ရှိသွားပြန်သည်။
“ စုရီဆိုတဲ့ မင်း ... အဲဒီနေ့က မြို့ပြင် သင်္ဘောကျင်းမှာ ငါတို့တွေ့ခဲ့ဖူးတယ် တိမ်မြစ် စီရင်စုမြို့တော်မှာ ပြဿနာကြုံရင် ...
... ငါ့မိသားစု နာမည်ပြောဖို့လည်း ခွင့်ပြုခဲ့တယ် ဒါပေမယ့် အခုလို ကလေးမလေး တစ်ယောက်ထံ ချည်းကပ်နေတာတော့ အဆင်မပြေဘူး။ ”
စုရီမျက်လုံးများ အေးစက်သွား၏။
“ ဒုတိယအစ်ကို ... မင်းထင်နေတာတွေ မဟုတ်ဘူး ... အိမ်ပြန်ပါ ငါရှင်းပြပါ့မယ်။ ”
“ ဟမ့် ... စုရီဆိုတဲ့မင်း ... ဘာလို့ ပါးစပ်ပိတ်နေတာလဲ ... ယောကျ်ားဆိုရင် ငါ့ကို ရှင်းပြပါ။ ”
“ ကောင်းပြီ ... မင်းဓားဆွဲပြီး ငါ့ဆီလာခဲ့။ ”
စုရီကထရပ်ကာ ပြောကြားလိုက်သဖြင့် ယွမ်လောရှီနှင့် ချောင်ဝူဟောင်ခမျာ ထိတ်လန့် သွားတော့၏။
တစ္ဆေမိခင်တောင်တန်း၌ ယင်ခြောက်ပါး အလောင်းကောင်ကို ဆရာစု သတ်ပစ်ခဲ့ဖူးသည့် မြင်ကွင်းက ချက်ချင်းပြန်ပေါ်လာသည်။
“ ဆရာစု ... တောင်းပန်ပါတယ် ဒေါသမထွက်ပါနဲ့ ဒါက နားလည်မှုလွဲနေတာပါ ဓားဆွဲစရာ မလိုပါဘူး ... ငါတို့ ပြန်လိုက် ပါဦးမယ် ဒုတိယသခင်လေး ပြန်ရအောင်။ ”
ချောင်ဝူဟောင် ချက်ချင်းတောင်းပန်၏။ စုရီမှ ပြုံးသည်။ ဤမျှ အသေးအဖွဲ့ ကိစ္စငယ်ဖြင့် ဒေါသထွက်ရအောင် မထိုက်တန်သေးချေ။
“ အရမ်းကောင်းတယ် ... မင်းက ယောက်ျားတစ်ယောက်ဖြစ်ပြီး မင်းကိုယ်တိုင် ဖြေရှင်းနည်းကို မင်းသိတယ် ... စိတ်ချပါ
... ငါ့မိသားစုနောက်ခံနဲ့ မင်းကို အနိုင်မကျင့်ဘူး ... ငါ့ညီမနဲ့ ဝေးဝေးမှာနေဖို့ပဲ လိုတယ် ... ဒီကတိ ပေးလိုက်ရင် ရေခဲသံစိမ်း ဆယ်ကီလိုကို လက်ဆောင်လို့ မှတ်ယူလိုက် ... ဒီနေ့ ငါမလာခဲ့သလို လှည့်ပြန်သွားမယ်။ ”
ထိုစကားကြောင့် ဟွမ်ချမ့်ကျွယ်မှ သက်ပြင်းချလိုက်သည်။ ညီမအပေါ် ကာကွယ် လိုသည်မှာ အပြစ်မရှိသော်လည်း ပြိုင်ဘက် ရွေးချယ်မိသူသည် အစ်ကိုစု ဖြစ်နေ၏။
“ မင်းမှားနေပြီ ... မင်းကို ဓားဆွဲခိုင်းနေတာ ဒီကိစ္စကြောင့် မဟုတ်ဘူး။ ”
စုရီက လက်ကာပြလိုက်သည်။ ယွန်လောယွီတစ်ယောက် ရှုပ်ထွေးလာပြီး၊
“ ဒါဆို ဘာအတွက်လဲ။ ”
-ဟု ပြန်လည်မေးမြန်းလိုက်၏။
စုရီက ခြံဝင်းတံခါးကို ညွှန်ပြလျက်၊
“ ငါအိမ်မှာ ခြံတံခါးရှိတယ် ... မင်း တံခါးမခေါက်ဘဲ ခြံစည်းရိုးကို ကျော်တက်ပြီး ဝင်တယ် ဒီအပြုအမူက သူခိုးတစ်ယောက်ရဲ့ အပြုအမူပဲ ... ဒီအတွက် မင်းကို ငါခွင့်လွှတ် နိုင်မယ်လို့ ထင်နေတာလား။ ”
-ဟု ပြောကြားလိုက်တော့၏။
ဟွမ်ချမ့်ကျွယ်မှ ရယ်ချင်စိတ်ကို မထိန်းနိုင်တော့သဖြင့် မျက်နှာလွှဲလိုက်ရသည်။ ယွမ်လောယွီသည်သာ ကယောင်ကတမ်းဖြင့် ခြံစည်းရိုးထံ ပြန်လှည့်ကြည့်လိုက်မိ၏။
( ဟမ့် ... ခြံစည်းရိုးကျော်တက်မိလို့ ဓားဆွဲခိုင်းတာလား ... မင်းဘယ်လိုကောင်လဲ ငါ့ကို သူခိုးတစ်ယောက်လို ရိုက်ချင်နေတာလား ဘယ်လိုဟာသလဲ။ )
***