ဘယ်သူက ဒီလိုသတ္တိရှိတာလဲ။
Vol. 9 Ch. 101
ဟွမ်လောရှီနှင့် ချောင်ဝူဟောင်တို့ နှစ်ယောက်စလုံး အံ့အားသင့်သွားပြီးနောက် ရယ်ချင်စိတ်ကို ထိန်းနေရသည်။
ဆရာစုမှ ယွမ်လောယွီ၏ မာနကို ဖြိုချချင်နေပုံရ၏။ ယမ်လောယွီက စကားမဆို တော့ဘဲ ဓားကို ဆွဲထုတ်လိုက်သည်။
“ ချွင် ... ။ ”
သူ့ဓားသည် သုံးပေနှင့် ခုနစ်လက်မ အရှည်ရှိပြီး ဓားသွားသည် သွေးနီရောင်များ တောက်ပနေ၏။
“ သွေးအစွယ်ဆေဘာ။ ”
ဤသည်မှာ ဝိညာဉ်ရေး လက်နက် ဖြစ်သည်။
“ ဓားတွေမှာ မျက်စိမရှိဘူး... မင်းရှုံးနိမ့်တာကို ဝန်ခံဖို့ မမေ့ပါနဲ့။ ”
ယွမ်လောယွီမှ ပြောကြားလိုက်သည်။ စုရီကဝါးတောင်ဝှေး ကောက်ကိုင်လျက် မြေပြင် ပေါ် ညွှန်ပြပြီး၊
“ မင်းငါ့ကို ဒီနေရာကနေ ... တစ်လက်မ ပြန်ဆုတ်အောင် လုပ်နိုင်ရင် ငါအရှုံးပေးမယ်။ ”
-ဟု ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်၏။
“ ဟမ့် ... အနီရောင် သံချပ်ကာ တပ်ရင်းမှာတောင် ငါ့ကိုယ်ငါ ဒုတိယနေရာ ယူရင် ဘယ်သူမှ ပထမနေရာမယူရဲဘူး။ ”
စကားဆုံးသည်နှင့် စစ်နတ်ဘုရားကဲ့သို့ မြေပြင်ကိုနင်းကာ တဟုန်ထိုး ပြေးဝင်တော့၏။ သူ့လက်ထဲရှိ ဓားက သွေးနီရောင် အလင်းတန်း တစ်ခုကဲ့သို့ လေထဲ ပျံတက်လာသည်။ ဦးတည်ရာသည် စုရီ၏ လည်မျိုထံ ဖြစ်၏။
“ ဒုတိယသခင်လေးက တကယ့်ကို အရည်အချင်းရှိတာပဲ ဒီအဖိုးကြီးတောင် အနိုင် မယူနိုင်မှာတော့မှာ ကြောက်မိတယ်။”
ချောင်ဝူဟောင်က မှတ်ချက်ပေး၏။ ဒုတိယသခင်ငယ်သည် အနီရောင် သံချပ်ကာ တပ်ရင်းဆီသို့ ဝင်ရောက်ခဲ့သည်မှာ သုံးနှစ်တိုင်ခဲ့ပြီ ဖြစ်သည်။
ကျင့်ကြံမှုအရ ချီသန့်စင်ခြင်း ကနဦး အဆင့်၌သာ ရှိသော်လည်း သိပ်သည်းသော သတ်ဖြတ်ခြင်းရောင်ဝါ ရရှိထား၏။
“ ချွင် ... ။ ”
ထိုစဉ် စုရီက မရဏအစွယ်ကို ဆွဲထုတ်လိုက်သည်။ လူတိုင်း မျက်စိရှေ့တွင် အလင်းတစ်ချက် လက်သွားပြီး ဓားဖျားက ယွမ်လောရှီ လည်မျိုထံ ထောက်မိသွား၏။
ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားလေသည်။ ချောင်ဝူဟောင် ကဲ့သို့ အစွမ်းထက်သော တစ်စုံတစ်ယောက် ပင်လျှင် စုရီဓားကို မမြင်နိုင်ခဲ့ချေ။
“ ငါသာဆိုရင် ဒီဓားကို လွတ်မြောက်နိုင်မှာ မဟုတ်ဘူး ... ။ ”
ချောင်ဝူဟောင် တစ်ယောက် အေးစက်သောချွေးများဖြင့် ညည်းတွားလိုက် တော့သည်။
သန်မာသူတစ်ယောက်အတွက် ဤဓားမည်မျှ ကြောက်စရာကောင်းသည်ကို မြင်နိုင်ခဲ့၏။
ဟွမ်ချမ့်ကျွယ်၊ ဖန်ရှောင်ဖုန်းနှင့် ယွမ်လောရှီအတွက်မူ မမြင်နိုင်သဖြင့် ထူးထွေ ကြောက်လန့်ခြင်း မရှိချေ။
ယွမ်လောယွီက အံ့အားသင့်သွားကာ နဖူးတွင် ချွေးအေးများ သီးထွက်လာခဲ့သည်။ တစ်ဖက်လူ၏ ဓားဖျားသည် သူ့လည်ချောင်းမှ တစ်လက်မမျှ အကွာတွင်ရပ်နေ၏။
သို့တိုင် ထက်ရှသော ဓားရောင်ဝါက အရေပြားကို စပ်ဖျင်းဖျင်း ဖြစ်လာစေခဲ့သည်။
“ မင်းဓားကို ဆွဲပြီးတာနဲ့ ... အာရုံမများသင့်ဘူး ဓားသမားဘဝက အသက် တရှိုက်စာနဲ့တင် သေစေနိုင်တယ် ... ထပ်စမ်းကြည့်ပါဦး။ ”
“ မှန်တယ် ... ငါ့ဓားက လူသတ်ဓားပဲ ... ဒါကြောင့်မို့ မင်းကို သတ်မိမှာ ကြောက်သွားပြီး တွန့်ဆုတ်နေမိတယ်။ ”
ယွမ်လောယွီက အေးစက်စွာ ပြောကြားလိုက်၏။ ကျင့်ကြံမှုအရ စုရီထက် သာလွန်နေသဖြင့် အနည်းငယ် ခွန်အားအကုန် ထုတ်ဖော်ရန် တွန့်ဆုတ်နေမိခြင်း ဖြစ်သည်။
ထို့နောက် ငြိမ်သက်စေလိုက်ပြီး အာရုံထွေပြားသော အတွေးများကို ဖယ်ကာ တစ်လှမ်း လှမ်းတက်လိုက်သည်။
လေးနက်မှုနှင့် သတ်ဖြတ်ခြင်းရောင်ဝါများ ပိုမိုအားကောင်းလာခဲ့သည်ကို လူတိုင်း သတိ ပြုမိ လိုက်ကြ၏။
“ ရွှပ် ... ။ ”
ရှည်လျားသော သွေးနီရောင် အလင်းတန်းများ တောက်လောင်နေသည့် ဓားတစ်လက် လေခွင်းလာသည်။
ဤလှုပ်ရှားမှုသည် ပြီးပြည့်စုံကာ ရင်သပ်ရှုမောဖွယ် ကောင်းချေပြီ။ သို့တိုင် မည်သည့်အရပ်မှ ပေါ်လာမှန်း မသိသော ဓားတစ်လက်က သူ့လည်မျိုထံ ညွှန်ပြလာပြန်၏။
“ ဒါပဲလား။ ”
နောက်တစ်ကြိမ် တုန်လှုပ်သွားပြီး အံ့သြမှုများ ဖြစ်ပေါ်လာသည်။ ဤတစ်ကြိမ်၌ ချီသန့်စင်ခြင်း ခွန်အားကို အပြည့်အဝ အသုံးချခဲ့၏။
ယင်းသည် အဆင့်(၆) ဝိညာဉ်သားရဲ တစ်ကောင်ကိုပင် သတ်နိုင်လေသည်။ သို့သော် သွေးသန့်စင်ခြင်းမှ တစ်စုံတစ်ယောက် ရှေ့၌ ကူကယ်ရာမဲ့နေခဲ့၏။
ကြောက်စရာ အကောင်းဆုံးမှာ အချိန်တိုင်း ဤဓားသည် ပုံမှန်မဟုတ်သည့် လမ်းကြောင်းမှ လည်မျိုထံ ညွှန်ပြနေခြင်းဖြစ်သည်။
“ ဒီဓားက တော်တော် စိတ်ဝင်စားဖို့ ကောင်းပေမယ့် စိတ်ခွန်အား နည်းနည်းတော့ အားနည်း နေသေးတယ် ... စစ်မှန်တဲ့ ဓားရေးတစ်ရပ်ဆိုတာ ...
... မင်းရဲ့စိတ်ဝိညာဉ်ကို ဓားနဲ့ ... ပေါင်းစပ်လိုက်တာပါပဲ ဓားနဲ့လူတစ်သားတည်း ဖြစ်နေရမယ် ... ကံမကောင်းစွာနဲ့ပဲ မင်းဒါကို မလုပ်နိုင်သေးဘူး။ ”
စုရီက သူ့ဓားကို ဖယ်လိုက်ပြီးနောက် တည်ငြိမ်စွာ မှတ်ချက်ပေး၏။ ယွမ်လောယွီ ခမျာ စိတ်ပျက်သွားသည်။
ပထမအကြိမ် ရှုံးနိမ့်ခဲ့လျှင်ပင် ဆင်ခြေအနည်းငယ် ထုတ်နိုင်၏။ ထိုးနှက်ချက် ကြီးမားလွန်းသဖြင့် အချိန်အတော်ကြာအောင် သတိပြန် မရနိုင်သေးချေ။
“ အစ်ကိုကြီး အဆင်ပြေရဲ့လား။ ”
ယွမ်လောရှီက သွေးအစွယ်ဆေဘာ ကောက်ယူပေးလိုက်ပြီး သူမအစ်ကိုကို စိုးရိမ်စွာ မော့ကြည့်မိ၏။
“ မင်းမျက်လုံးထဲမှာ ငါက လူပြက်တစ်ယောက်လို့ ထင်နေတာ မဟုတ်မလား။ ”
ယွမ်လောယွီက စိတ်ပျက်စွာဖြင့် ညည်းတွားပြီး ဆေဘာကို လက်ခံယူလိုက်၏။ တစ်ဖက်လူသည် သူနှင့်သက်တူရွယ်မျှသာ ဖြစ်သည်။
“ ဒုတိယအစ်ကို ... ဒီလိုမပြောပါနဲ့ ဆရာစုကို ရှုံးနိမ့်ရတာ ရှက်စရာ မဟုတ်ပါဘူး။ ”
“ မှန်တယ် ... ဒုတိယသခင်လေး ... ဆရာစုက မဟာသခင်တစ်ပါးကိုတောင် သတ်ဖို့ ပြဿနာမရှိပါဘူး။ ”
ချောင်ဝူဟောင်က ဝင်ရောက် ဖျောင်းဖျလိုက်၏။ ထိုစကားက ယွမ်လောယွီကို အဆုံးစွန်ထိ ခေါင်းငုံ့ကျသွားစေသည်။
“ သခင်လေးစု ... ဒီရှုံးနိမ့်မှုကို ငါလက်ခံပါတယ် ... မင်းကို စော်ကားမိတဲ့ အတွက်လည်း တောင်းပန်ပါတယ်။ ”
စုရီ လက်ကာပြလိုက်ပြီး၊
“ အစ်ကိုတစ်ယောက်ရဲ့ သောကကို ငါနားလည်တယ် တောင်းပန်စရာ မလိုဘူး။ ”
-ဟု တုန့်ပြန်လိုက်တော့၏။
“ ဟမ့် ... ဖန်ရှောင်ဖုန်း မင်းလိုလူက အထက်တန်းစားအရပ်ကို ရွေ့ပြောင်းလိုက်ရုံနဲ့ ငါတို့လက်ကနေ လွတ်မယ်ထင်နေလားကွ ... ဟေ။ ”
“ တံခါးဖွင့်စမ်း အညစ်အကြေးကောင်။ ”
ကျယ်လောင်လွန်းပြီး ဒေါသသံ အပြည့်ပါရှိသော အော်ဟစ်သံများနှင့်အတူ လူအချို့ ခြံတံခါးကို လာခေါက်သည်။
ဟွမ်ချမ့်ကျွယ်က မျက်မှောင်ကြုတ်လျက် ခြံတံခါးဖွင့်ကြည့်လိုက်၏။ လမ်းပေါ်၌ လူတစ်စု ရပ်နေသည်ကို မြင်လိုက်ရသည်။
ခေါင်းဆောင်သည် အဖြူရောင် အင်္ကျီနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်၏။ ၎င်းနောက်တွင် အနက်ဝတ်လူအချို့ လိုက်ပါလာသည်။
“ ဘယ်သူ့ကို ရှာနေတာလဲ။ ”
“ ရှောင်ဖုန်း ... ငါတို့က အကြီးအကဲဝူရဲ့ အမိန့်အရလာတာ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါ့ကျားနက်ဂိုဏ်းရဲ့ ညီအစ်ကိုတွေကို သတ်ခဲ့တဲ့ လူသတ်သမား ဘယ်မှာလဲ။ ”
ဟွမ်ချမ့်ကျွယ်ကို လျစ်လျူရှုလျက် ခေါင်းဆောင်အမျိုးသားက ခြံထဲလှမ်းဝင်ကာ ဘီးတပ်ကုလားထိုင်ပေါ်ရှိ ဖုန်ရှောင်ဖုန်းထံ တိုက်ရိုက်စကားပြောတော့သည်။
“ အကြီးအကဲဝူက ဘယ်သူလဲ။ ”
ဟွမ်ချမ့်ကျွယ်မှ အံ့ဩသွား၏။
“ မြို့အနောက်တောင်ပိုင်း ဒေသက ကြွက်တစ်ကောင်ပဲ ... သူတို့လို ပိုဟပ်တွေရဲ့ ဘုရင်။ ”
ချောင်ဝူဟောင်မှ ရှင်းပြလိုက်သည်။
“ မင်းသိပြီဆိုတော့ ... ဘယ်မှာလဲ လူသတ်သမား ... ဒီမှာ အကြီးအကဲဝူက သူ့ကို တောင်းပန်ဖို့ ခေါ်ခိုင်းလိုက်တယ်။ ”
“ ဖြန်း ... ။ ”
ခေါင်းဆောင်လူရွယ်က ဂုဏ်ယူစွာဖြင့် ပြောကြားနေစဉ် ယွမ်လောယွီမှ ရုတ်တရက် လှမ်းတက်ကာ ပါးရိုက်ချလိုက်သည်။
“ ချွင် ... ။ ”
လိုက်ပါလာသော ကျားနက်ဂိုဏ်း၏ အဖွဲ့ဝင်များက ထိတ်လန့် တုန်လှုပ်သွားပြီး ၎င်းတို့၏ လက်နက်များကို ဆွဲထုတ်လိုက်ကြ၏။
ထိုညက လူသတ်သမားသည် မည်မျှ ရက်စက်၍ ကြောက်စရာကောင်းသည်ကို သူတို့ ကြားသိထားသည်။
ယွမ်လောယွီက ပြုတ်ကျလာသော ယပ်တောင်ကို နင်းချေပြီး၊
“ ကြွက်အိုကြီး တစ်ကောင်ကများ ... ငါ့ရှေ့မှာဝံကြွားရဲသလား ... ဒီယပ်တောင်ကို ယူပြီး ... ဆယ်ငါးမိနစ်အတွင်း ငါ့ရှေ့မှာ ဒူးထောက်ဖို့ ဝူတန်ဟွာကို ပြောလိုက်။ ”
-ဟု အမိန့်ပေးလိုက်၏။
စုရီက ကြိမ်ကုလားထိုင်ပေါ် လှဲချလိုက်ပြီးနောက် အိပ်ပျော်သွားတော့သည်။ တစ်ခါတစ်ရံတွင် မတ်တပ်ရပ်ခြင်းသည်ပင် သူ့အတွက်များစွာ ပင်ပန်းချေပြီ။
တစ်ဖက်တွင် ပါးရိုက်ခံလိုက်ရသော အမျိုးသားက ခေါက်ယပ်တောင်ကို ကိုင်လျက် ချက်ချင်း ထွက်ပြေးတော့သည်။ လုချွမ်ထံ ပြန်ရောက်သောအခါ၊
“ ဂိုဏ်းခေါင်းဆောင် ... သူတို့က ဆရာဝူကိုတောင် လျစ်လျူရှုပြီး ယပ်တောင်ကို နင်းချေဖျက်ဆီးပစ်လိုက်ပြီ ... ။ ”
-ဟု ပြန်လည် ပြောကြားလိုက်၏။
သူ့စကားအပေါ် လုချွမ်တစ်ယောက် ဒေါသမထွက်ဘဲ ပြုံးနေခဲ့သဖြင့် လူလတ်ပိုင်း အရွယ် အမျိုးသားခမျာ မှင်သပ်သွားသည်။
“ ခေါင်းဆောင် ... ။ ”
“ ဟား ဟား ဟား ... ။ ”
အဆုံးတွင် မထိန်းနိုင်တော့ဘဲ အော်ဟစ် ရယ်မောလိုက်တော့သည်။ လူလတ်ပိုင်းအရွယ် အမျိုးသားက ခေါင်းကုပ်မိ၏။
“ မင်းကို ဒီယပ်တောင်နဲ့အတူ ... ငါဘာလို့ လွှတ်လိုက်တာလဲ သိလား။”
“ ယုံကြည် စိတ်ချရလို့ပါ။ ”
“ ထွီ ... မင်းက တကယ့်ကို တုံးအလွန်တဲ့ငတုံးပဲ အရိုက်ခံရတာတောင် နည်းသေးတယ်။ ”
လုချွမ်က သူ့တပည့်ကို ဇာတ်ပိုးအုပ်လိုက်ပြီးနောက် ကောက်ကျစ်စွာ ပြုံးရယ်လိုက်တော့သည်။
“ အဟက် ... အဖိုးကြီး ငါပေးခဲ့တဲ့ ရတနာတွေကို ယူပြီးရင် ... မင်းဒီလိုပဲ ရပ်ကြည့် နေလို့ရမယ် ထင်နေသလား ... ဟမ့်။ ”
( ခေါင်းဆောင် ... မင်းက ငါ့ကို လူယုံလို့ မှတ်ယူထားတာလား ... ဒါမှမဟုတ် မင်းအစား ပါးရိုက်ခံဖို့ လူစားထိုးထားတာလား။ )
တစ်ဖက်တွင် အဖြူရောင် ဝတ်ရုံဝတ်ဖြင့် လူလတ်ပိုင်းအရွယ် အမျိုးသားက နာကျင်စွာ ခေါင်းယမ်းလိုက်၏။
“ ကောင်းပြီ ... ဒီတစ်ကြိမ် မင်းရဲ့ အကျိုးဆောင်မှုအတွက် ဒီညပွဲကို ငါတို့တွေ အတူတူသောက်ပြီး ကြည့်ကြရအောင် လာ ... ၊ မင်းတို့တွေ ယပ်တောင်ကို မြေခွေးအိုကြီးဆီ သွားပေးလိုက်ကြ။ ”
လုချွမ်က ပြုံးလျက် ပါးရိုက်ခံရသော သူ့တပည့်ပခုံးကို ပုတ်လိုက်ကာ ကျန်လူများထံ အမိန့်ပေးလိုက်တော့သည်။
များမကြာခင် စမ်းရေများ စီးဆင်းနေသည့် တံတားပေါ်သို့ အစေခံတစ်ယောက် ပြေးတက် သွား၏။
၎င်းလက်ထဲတွင် ပျက်စီးနေသော ခေါက်ယပ်တောင်ကို ကိုင်လျက်၊
“ အကြီးအကဲဝူ မကောင်းတော့ဘူး ... ကျားနက်ဂိုဏ်းကို ပေးခဲ့တဲ့ ယပ်တောင်ကို တစ်စုံတစ်ယောက်က ဖျက်ဆီးလိုက်ပြီ။ ”
-ဟု သတင်းပို့နေခဲ့သည်။
ဝူတန်ဟွာတစ်ယောက် မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားကာ နှလုံးသားထဲ အပူလှိုင်းအချို့ ဖြတ်ပြေးသွားချေပြီ။
“ ဟမ့် ... ဘယ်သူက ဒီလို သတ္တိရှိတာလဲ။ ”
“ အကြီးအကဲဝူ ... ယွမ်မိသားစုရဲ့ ဒုတိယသခင်လေး ယွမ်လောယွီလို့ ကြားမိ ပါတယ်။ ”
“ ရိုင်းလိုက်တာ ဒီကောင့်ကို ငါက ကြောက်ရမှာလား၊ ဟမ့် ... နေဦး မင်းပြောတာ ဘယ်သူ။ ”
ရုတ်တရက် အော်ဟစ် ကြိမ်းမောင်း နေခဲ့သော ဝူတန်ဟွာတစ်ယောက် ချက်ချင်း မျက်လုံးများ ပြူးကျယ်သွားတော့၏။
***